← Chapters

ဖန်သားနန်းတော်၏ သတင်း

Vol. 44 Ch. 646

ဖန်သားနန်းတော်၏ သတင်း

Vol. 44 Ch. 646

ဆူဇီမိုသည် ရွှေခြင်္သေ့၏ ကျောပေါ်သို့ ပြန်တက်၍ ထွက်ခွာဖို့ ပြင်လိုက်၏။

ထန်ရှစ်ယွင်သည် သူမ၏ ချယ်ရီနှုတ်ခမ်းလေးကိုကိုက်၊ သတ္တိလေးကို ဖျစ်ညှစ်ထုတ်ကာ လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ.. ကောင်းကင်က မှောင်လာတော့မယ်ဆိုတော့ ကျမတို့ နားနေစရာနေရာတစ်ခု ရှာရတော့မယ်.. နားလည်မှုလွဲတဲ့ကိစ္စကလဲ ဖြေရှင်းပြီးသွားပြီဆိုတော့ ကျမတို့ အတူသွားကြမလား.. ကျမတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့”

ရှေးဟောင်းတိုက်ပွဲမြေတွင်.. ညသည် မရေမတွက်နိုင်သော သားရဲတောကောင်များနှင့် ဗီဇကွဲသက်ရှိမျိုးစိတ်များ၏ အိမ်ဖြစ်လေသည်။

ဤနေရာကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ဖွင့်လှစ်၏။ သစ်ပင်ပေါင်းစုံက ပေါက်ရောက်၍ တောတွင်းသတ္တဝါများစွာကလည်း အိပ်မောကျနေရာကနေ နိုးထလာကြပြီဖြစ်၏။

ကျင့်ကြံသူအများစုအတွက်တော့ ရှေးဟောင်းတိုက်ပွဲမြေတွင် ညဘက်ခရီးသွားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနှင့် သိပ်မကွာခြားပေ။

သို့သော် ဆူဇီမိုကတော့ အဲ့ဒါကို ကြောက်မနေပေ။

သူက ငြင်းပယ်မည့်ဆဲဆဲမှာပင် ထန်ရှစ်ယွင်က ထပ်ပြောလိုက်၏။

“ဒီနားတစ်ဝိုက်မှာ ကျင့်ကြံသူအတော်များများ နားနေလေ့ရှိတဲ့ ရှေးဟောင်းမြို့တော်တစ်ခုကို ကျမသိထားတာရှိတယ်.. ဒီကနေ ခြေလျင်သွားရင်တောင် တစ်နေ့လောက်ပဲ ကြာလိမ့်မယ်”

ရှေးဟောင်းတိုက်ပွဲမြေတွင် ရှေးဟောင်းခေတ်က ချန်ထားရစ်ခဲ့သော ရှေးဟောင်းမြို့တော်များစွာ ရှိပြီး ကြမ်းကြုတ်တောကောင်များ၏ ရန်ကို ခုခံကာကွယ်ရန် အသုံးပြုနိုင်လေသည်။

စွမ်းအားကြီးသောဂိုဏ်းများ သို့မဟုတ် အဖွဲ့အစည်းများက ရှေးဟောင်းမြို့တော်ကို စောင့်ကြပ်ထားမည်ဆိုလျှင် သူတို့သည် တောကောင်အုပ်များ အတင်းဝင်ရောက်လာမည့်ရန်ကို ခုခံကာကွယ်ပေးနိုင်လေသည်။

ထန်ရှစ်ယွင်က ဆက်ပြော၏။

“နောက်ပြီး ကျမကြားတာ ဒီနှစ်တွေထဲ ဖန်သားနန်းတော်ကလဲ အဲ့မြို့မှာပဲ စခန်းချကြတယ်တဲ့”

ထိုသည်ကို ကြားသောအခါ ဆူဇီမိုက စိတ်လှုပ်ရှားသွားသည့်အလား မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

အဲ့ဒါကို သတိထားမိသောအခါ ထန်ရှစ်ယွင်က အားတက်သွားပြီး အလောတကြီး ထပ်ပြောလိုက်၏။

“ဖန်သားနန်းတော်က အင်မော်တယ်ဂိုဏ်းတွေထဲက တစ်ဂိုဏ်းလေ.. ကျင့်ကြံရေးလောကမှာတော့ အသန်မာဆုံးခန္ဓာမီးဆေးထိပ်သီးဂိုဏ်းကြီးပဲ.. သူတို့ရဲ့ အမွေခံတပည့်တွေက ကြမ်းကြုတ်တောကောင်တွေကိုတောင် လက်ချည်းသက်သက် ယှဉ်လုံးနိုင်တယ်.. အဲ့လိုထိပ်သီးဂိုဏ်းကြီးက မြို့ကို စောင့်ရှောက်နေမှတော့ အဲ့ဒီမှာ ဘာအန္တရာယ်မှ မရှိမှာ သေချာတယ်”

အစကတော့ ဆူဇီမိုသည် ရှေးဟောင်းမြို့တော်ကို လုံးဝ စိတ်မဝင်စားပေ။

သို့သော် ဖန်သားနန်းတော်ဟူသော အသံကို ကြားချိန်မှာတော့ သူ့စိတ်က ပြောင်းလဲသွားလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူသည် ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့အတွက် ဖန်သားနန်းတော်က သွေးနှင့် ပြန်ပေးဆပ်ရမည်ဟု ကြေညာခဲ့၏။

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ.. မင်းကိုပဲ လမ်းပြပေးဖို့ ဒုက္ခပေးရတော့မှာပဲ”

“အာ ရပါတယ်.. ကိစ္စမရှိပါဘူး”

ထန်ရှစ်ယွင်က ပီတိဝေဖြာ၍ ပြန်ဖြေလိုက်၏။

တစ်ဖက်မှာတော့ ကျူးယွဲ့သည် မောဟိုက်နေရာမှ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီဖြစ်၏။

သူသည် အစကတည်းက ဒဏ်ရာရရှိခဲ့ခြင်း မဟုတ်၍ ခဏတဖြုတ် နားပြီးနောက် ပြန်လည်သက်သာသွားလေသည်။

သို့သော် ဆူဇီမိုနှင့် ထန်ရှစ်ယွင်ကြားက အပြန်အလှန် စကားပြောဆိုမှုများကို နားထောင်ရင်း သူ့အမူအယာက သုန်မှုန်လာ၏။

သူသည် ခေါင်းကိုငုံ့၍ သူ့မျက်နှာကို သူ့ဆံပင်ရှည်များဖြင့် ကွယ်ထား၏။ သူ့မျက်လုံးများက အေးစက်စွာ တောက်ပနေပြီး အတွေးတစ်ခုက သူ့စိတ်ထဲမှာ တဖွားဖွား ပေါ်နေလေသည်။

ယခုအချိန် သူ့မှာ ရွေးချယ်စရာနှစ်ခု ရှိ၏။

ပထမတစ်ခုက လောလောဆယ် ဖြစ်ပျက်ခဲ့သမျှကို သည်းခံပြီး ဤလူအကြောင်း ပို၍ နားလည်အောင်လုပ်ကာ နောက်ထပ် အခွင့်အရေးတစ်ခုကို ရှာဖွေဖို့ပင်။

ဒုတိယတစ်ခုကတော့ ဤလူကို သူ့အနားသို့ ကပ်ခွင့်မပေးဘဲ သူ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ကာ ခွန်အားကုန်ထုတ်၍ တိုက်ခိုက်ဖို့ပင်။

အတန်ကြာ တုံ့ဆိုင်းပြီးနောက် ကျူးယွဲ့သည် မတိုက်ခိုက်ဖို့ ရွေးချယ်လိုက်၏။

ဆူဇီမိုမှာ အခြားဘာဝှက်ဖဲတွေ ကျန်ရှိနေသေးလဲဆိုတာ သူမပြောတတ်ပေ။

သူအခုနေ တိုက်ခိုက်လို့ ထိုလူက နောက်ထပ် ဝှက်ဖဲတွေကို ထုတ်ပြလာလျှင် သူမျက်နှာပျက်ရရုံတင် မဟုတ်တော့ဘဲ သူ့အသက်ကိုပါ ဆုံးရှုံးသွားရနိုင်လေသည်။

ဆူဇီမို၏ အကြည့်က သာမန်ကာလျှံကာပုံစံနှင့် ကျူးယွဲ့ထံသို့ မကြာမကြာ ရောက်သွားတတ်၏။

ကျူးယွဲ့သည် အဲ့ဒါကို လုံးဝ မသိဘဲ သေမင်းတံခါးကနေ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့၏။

သူကတော့ သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားနိုင်သည်ဟု ထင်နေ၏။ သို့သော် ဆူဇီမို၏ အာရုံခံသတိစိတ်က အရမ်းကို ကြောက်စရာကောင်းပြီး သူ့ရင်ထဲမှာ ဖြစ်ပေါ်လာသော ရန်လိုစိတ်တစ်ခုချင်းကို အာရုံခံမိနေသည်ဆိုတာကို သူ မသိခဲ့ပေ။

သူက မူမမှန်တာ တစ်ခုခု လှုပ်ရှားခဲ့ပါက အခုလောက်ဆို သေနေလောက်လေပြီ။

ကောင်းကင်က ညိုမည်း၍ ညက ဆင်းသက်လာလေပြီ။

“သွားမယ်ဟေ့.. ငါတို့ ဒီညနားဖို့ နေရာ ရှာရဦးမယ်”

ဆူဇီမိုသည် သူ့အောက်ရှိ ရွှေခြင်္သေ့ကို ပုတ်လိုက်၏။

“နားဖို့ နေရာတစ်ခု ရှာပေးဦး”

“ရတယ်”

ရွှေခြင်္သေ့က အသက်မပါသလို ပြန်ဖြေလိုက်၏။

မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်အနေနှင့် ရှေးဟောင်းတိုက်ပွဲမြေတွင် ဘယ်လိုနေရာက လုံခြုံတတ်သလဲဆိုတာ သူကောင်းကောင်းသိလေသည်။

ဒါ့အပြင် သူသည် ဆူဇီမို၏ အစီးအနင်းအဖြစ် နှိမ်နင်းခံခဲ့ရသည့်အတွက် ရှက်ရွံ့နေ၏။ လမ်းကြောင်းကို သူ့ဘာသာ ရွေးချယ်ခွင့်ရလျှင် အခြားသော တောကောင်များကို သူရှောင်ကွင်းနိုင်ပေမည်။

ထို့ကြောင့် ရွှေခြင်္သေ့သည် ဆူဇီမိုကို သယ်ပိုးပြီး ရှေ့ကနေ လျှောက်သွား၏။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ အခြားသူများသည်လည်း သူ့နောက်ကနေ လိုက်လာကြလေသည်။

သိပ်မကြာမီ သူတို့သည် တောင်ထွတ်တစ်ခုခြေသို့ ရောက်ရှိလာပြီး လိုဏ်ဂူတစ်ခုကို ရှာတွေ့သွား၏။

ရွှေခြင်္သေ့က လှိုဏ်ဂူဝင်ပေါက်ဝမှာ ရပ်ပြီး သူ၏ အေးစက်စက်မျက်လုံးများဖြင့် ပြူးကြည့်လိုက်၏။ သူ့နားရွက်ကိုလှုပ်၊ နှာခေါင်းကိုရှုံ့ကာ လိုဏ်ဂူတွင်း၌ အခြားသက်ရှိများ ရှိနေမလား စစ်ဆေးကြည့်နေ၏။

“ဝင်သွားလိုက်.. အထဲမှာ ဘာမှ မရှိဘူး”

တစ်ခုခုကို သူထောက်လှမ်းလို့ မရသေးခင်မှာပင် ဆူဇီမိုက သူ့ခေါင်းကို ပုတ်လိုက်၏။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားသော ဆူဇီမိုသည် အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့ခံအာရုံတို့မှာ ရွှေခြင်္သေ့ထက် ပိုထက်ရှလေသည်။

ရွှေခြင်္သေ့သည် သိပ်မယုံရဲဘဲ စိုးရိမ်ပူပန်စွာ ဝင်ရောက်လိုက်၏။ အထဲမှာ လှည့်ပတ်ကြည့်ပြီးနောက် တစ်ကယ်ပင် ဘာမှ မရှိသည်ကို သူတွေ့လိုက်ရ၏။

လိုဏ်ဂူထဲတွင် အချိုးအကွေ့များစွာ ရှိ၏။ သို့သော် အဲ့ဒါကို ရှေ့နောက် ထွက်ပေါက်နှစ်ခုဖြင့် ချိတ်ဆက်ထားလေသည်။

အဲ့ဒါက သူတို့အတွက် ပိုအဆင်ပြေ၏။ တစ်ကယ်လို့ သူတို့သည် ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ကြုံတွေ့ရလျှင် နောက်ထပ်ထွက်ပေါက်တစ်ခု ရှိနေသေးလေသည်။

ဆူဇီမိုက ပြောလိုက်၏။

“မင်းတို့တွေ ဒီနေရာက ဝင်ပေါက်ဝနားမှာ နားနေကြ.. တောင်နောက်ဘက်က အပေါက်ကို ငါကြည့်ထားလိုက်မယ်.. အရုဏ်တက်တာနဲ့ ဒီနေကနေ ငါတို့ ထွက်ကြတာပေါ့”

“ကောင်းပါပြီရှင့်”

ထန်ရှစ်ယွင်က ခေါင်းညိတ်လိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် ထန်ရှစ်ယွင်သည် ဆူဇီမိုကို ထောင့်တစ်နေရာသို့ ဆွဲခေါ်ကာ အနီးနားရှိ ရွှေခြင်္သေ့ကို မျက်စပစ်ပြရင်း တီးတိုးပြောလိုက်၏။

“တာအိုရောင်းရင်းဆူ.. အဲ့ရွှေခြင်္သေ့ကို ရှင် သွေးသစ္စာမကျိန်ခိုင်းထားဘူးလား.. အဲ့ဒါက အရမ်း ပေါ့ပေါ့တန်တန်လုပ်ရာ မကျဘူးလား”

ဆူဇီမိုက ပြုံးရုံသာပြုံး၍ ပြန်ရှင်းပြမနေပေ။

ဆူဇီမို၏ ဂရုမထားသည့်ပုံကို မြင်သောအခါ ထန်ရှစ်ယွင်က ထပ်သတိပေးလိုက်၏။

“ဘာပဲပြောပြော အဲ့ဒါက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ပဲ.. သူက လောလောဆယ် ရှင့်ဆီမှာ အညံ့ခံထားပေမယ့်လို့ အရိုင်းဆန်တာက သူ့ပင်ကိုသဘာဝပဲ.. ရှင်အိပ်မယ်ဆို သူနဲ့ ဝေးဝေးနေသင့်တယ်.. မဟုတ်ရင် သူက သစ္စာဖောက်ပြီး ရှင့်ကို သတ်သွားလိမ့်မယ်”

“အင်း သိပြီ”

ထန်ရှစ်ယွင်က စေတနာကောင်းနှင့် ပြောနေသည်ဆိုတာကို ဆူဇီမို သိသည့်အတွက် သူမ မရှက်ရအောင် သူက ခေါင်းညိတ်နားထောင်ပေးလိုက်၏။

အဲ့ဒီနောက် သူသည် ရွှေခြင်္သေ့နှင့်အတူ ထွက်သွား၍ အချိုးအကွေ့များစွာ သွားပြီးနောက် နောက်ဘက်အပေါက်သို့ ရောက်ရှိလာ၏။

ညက မှောင်လာလေပြီ။

လိုဏ်ဂူအပြင်ဘက်တွင် ကြမ်းကြုတ်တောကောင်များက ဟိန်းဟောက်သံများကို နေရာတိုင်းမှာ ကြားနေရ၏။

မကြာမကြာဆိုသလို စူးစူးဝါးဝါး ငှက်အော်သံများကိုလည်း ကြားရပြန်၏။

ရွှေခြင်္သေ့သည် အိပ်မောကျ၍ သွားရည်များပင် စီးကျလာ၏။

ဆူဇီမိုသည် သူ့လက်ကိုသူ ခေါင်းအုံး၍ မျက်လုံးကိုမှိတ်ကာ တူညီသော ကိုယ်နေဟန်ထားဖြင့် မလှုပ်မယှက် ရှိနေ၏။ လေးနာရီ ကြာသွားခဲ့ပြီး သူက အိပ်မောကျနေသည့်အတိုင်းပင်။

ရုတ်တရက်..

ရွှေခြင်္သေ့သည် မည်သည့်အသံမှ မထွက်ဘဲ တိတ်တဆိတ်လှည့်၍ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

ထိုမျက်လုံးများက ငိုက်မျဉ်းခြင်း တစ်စုံတစ်ရာ မရှိဘဲ တောက်ပနေ၏။

သူက တစ်ချိန်လုံး အိပ်မနေခဲ့ပေ။

သူတို့သည် နောက်တစ်နေ့တွင် ကျင့်ကြံသူများစွာ စုဝေးရာ ရှေးဟောင်းမြို့တော်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ထိုအချိန်ကျလျှင် သူ့မှာ ထွက်ပြေးဖို့ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဒီညကသာ သူ့အတွက် နောက်ဆုံး အခွင့်အရေး ဖြစ်လေသည်။

ရွှေခြင်္သေ့သည် မလှမ်းမကမ်းတွင် အိပ်မောကျနေသော ဆူဇီမိုကို စိုက်ကြည့်ကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စိတ်ထဲကနေ ညည်းတွားရေရွတ်ိလိုက်၏။

“ထားလိုက်ပါတော့.. မင်းက ငါ့ကို အတင်းအကျပ် သွေးသစ္စာမကျိန်ခိုင်းခဲ့တဲ့အတွက် မင်းအသက်ကိုလဲ ဒီည ငါချမ်းသာပေးလိုက်မယ်”

ရွှေခြင်္သေ့က ဖြည်းဖြည်းချင်းထကာ ခြေဖျားထောက်၍ အပေါက်ဝဘက်သို့ သွားလိုက်၏။

သူမထွက်နိုင်ခင်မှာပင် လိုဏ်ဂူထဲမှ အသံတစ်သံက ထွက်ပေါ်လာ၏။

“မင်းက ဘယ်သွားမလို့လဲ”

ရွှေခြင်္သေ့သည် လန့်ဖျပ်၍ ထခုန်လိုက်မိ၏။ သူသည် နောက်သို့ လုံးဝ ပြန်လှည့်မကြည့်ရဲဘဲ တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။

“အပြင်ကို သေး-သေးသွားပေါက်မလို့”

ခွင့်ပြုပေးလိုက်သည့်အလား သူ့နောက်မှာ ဘာသံမှ ထပ်ထွက်မလာတော့ပေ။

ရွှေခြင်္သေ့သည် စိတ်သက်သာရာ ရသွားပြီး အကောင်းဆုံးကြိုးစား၍ ဣန္ဒြေဆယ်ကာ အပေါက်ဝအပြင်ဘက်သို့ တည်ငြိမ်စွာ လျှောက်လှမ်းထွက်လိုက်၏။ သူသည် ကျောက်ဆောင်တစ်ခုဘေးနားသို့ ရောက်လာပြီး အပေါ့စွန့်နေသည့်ဟန်ဖြင့် မတ်တပ်ရပ်ကာ လိုဏ်ဂူဘက်သို့ လှမ်းကြည့်လိုက်၏။

အထဲမှာ မှောင်မည်းတိတ်ဆိတ်၍ မည်သည့်လှုပ်ရှားမှုကိုမှ မမြင်ရပေ။

ဟမ့်.. ငါက သေးသွားပေါက်မယ်လို့ မင်းက တစ်ကယ်ကြီး ယုံနေတယ်ပေါ့လေ

ရွှေခြင်္သေ့က လှောင်ရယ်၍ စိတ်ထဲကနေ ရေရွတ်လိုက်၏။

“ဘာပဲပြောပြော နောက်ဆုံးမှာ ဉာဏ်ကောင်းတဲ့သူက ငါပဲ.. ဖြစ်ပျက်သမျှကို မင်းနားလည်သွားတဲ့ချိန်ဆို ငါက ရှိတော့မှာ မဟုတ်ဘူး”

သူသည် ထွက်ခွာသွားတော့မည်ဟု လှည့်လိုက်ပြီးနောက် အပေါ်သို့ အလိုလို မော့ကြည့်လိုက်မိ၏။

မလှမ်းမကမ်းရှိ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်တွင်.. အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က သစ်ကိုင်းတစ်ကိုင်းပေါ်မှာထိုင်၍ ခြေနှစ်ဖက်ကို ပေါ့ပါးစွာ လွှဲရမ်းရင်း ပြုံးစစနှင့် သူ့ကို ငုံ့ကြည့်နေ၏။

“လခွမ်းပဲ သေစမ်းကွာ.. မင်းမေဂျီးဒေါ်ပဲ”

ရွှေခြင်္သေ့သည် ထိတ်လန့်တုန်လှုပ်၍ ဖင်ထိုင်လျက် ပစ်ကျသွားပြီး သူသင်ယူခဲ့ဖူးသော ဆဲရေတိုင်းထွာသည့် လူသားဘာသာ စကားလုံးအချို့ကို ရေရွတ်လိုက်မိလေသည်။

All Chapters