ငါးစာချခြင်း
Vol. 44 Ch. 647
ညနက်ပိုင်းတွင်..
တောကောင်များက ဟိန်းဟောက်၍ ငှက်များက အော်မြည်နေကြ၏။ ရှေးဟောင်းတိုက်ပွဲမြေတွင် အမျိုးမျိုးသော ထိုအသံများက ရောထွေး၍ ပြည့်နှက်နေတတ်လေသည်။
မရေမတွက်နိုင်သော ရှေးဟောင်းသစ်ပင်များနှင့်အတူ ငွားငွားစွင့်စွင့် မြင့်မားသော တောင်ထွတ်တစ်ခု၏ ထိပ်တွင်.. စွမ်းအားကြီးသော ကြမ်းကြုတ်တောကောင်များစွာ နေထိုင်ကြ၏။
သို့သော်လည်း ထူးဆန်းသည့်အချက်မှာ ထိုတောင်ကြောတစ်လျှောက်လုံးက လုံးဝ ငြိမ်သက်တိတ်ဆိတ်နေခြင်းပင်။
သစ်ပင်သစ်ခက်များကြားမှာ တောကောင်မျက်လုံးအစုံများက ပေါ်လာပြီး တောင်ထွတ်ထိပ်သို့ ကြောက်ရွံ့စွာနှင့် ငေးကြည့်နေကြ၏။
တောင်ထွတ်ထိပ်တွင် ပုံရိပ်နှစ်ခုက ရပ်နေကြ၏။
သူတို့ထဲမှ တစ်ယောက်သည် အရပ်ရှည်ရှည်နှင့် လူပုံစံဖြစ်သော်လည်း သူက မည်သည့်အဝတ်အစားကိုမှ ဝတ်မထားဘဲ တစ်ကိုယ်လုံး မျက်နှာပါမကျန် သားမွေးများဖြင့် ဖုံးအုပ်နေ၏။ သူ့လက်နှစ်ဖက်က အလွန်တရာ ရှည်လျားပြီး ဒီတိုင်းတွဲလျားချထားလျှင် သူ့ဒူးခေါင်းအောက်ကို ကျော်လေသည်။
သူက သားရဲတောကောင်ဆိုတာ သိသာလေသည်။
သားမွေးရှည်ရှည်နှင့် ထိုသားရဲတောကောင်က ခက်ထန်သော အမူအယာရှိပြီး တောင်ထွတ်ထိပ်တွင် မတ်တပ်ရပ်ကာ ရှေးဟောင်းမြို့တော်တစ်မြို့ကို သွေးဆာရက်စက်သောမျက်လုံးများဖြင့် ငေးကြည့်နေ၏။
နောက်ထပ်တစ်ဦးကတော့ ခိုင်မာတောင့်တင်းသော ကြွက်သားများနှင့် အလွန်တရာသန်မာသည့်ပုံ ပေါ်လေသည်။ သူ့တစ်ကိုယ်လုံးကို အဝါရောင်နှင့် အနက်ရောင်က စင်းကျားထားပြီး ကျားတစ်ကောင်၏ ဦးခေါင်းနှင့်အတူ သူ့မျက်လုံးများက ကြမ်းကြုတ်တောက်ပနေ၏။
ကျားခေါင်းနှင့် ထိုသားရဲက အမွေးရှည်ရှည်နှင့် သားရဲကို လှည့်ကြည့်ပြီး တိုးတိုး ပြောလိုက်၏။
“ခေါင်းဆောင်.. ဒီရှေးဟောင်းမြို့တော်က အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာတောင် အခုချိန်ထိ ကြံ့ကြံ့ခံနေသေးတယ်.. အဲ့မြို့ကို စောင့်ကြပ်နေကြတဲ့ ကျင့်ကြံသူတွေကလဲ အများကြီးပဲ.. သူတို့ကို လှဲချဖို့ကတော့ တော်တော်ခက်မှာနော်”
“မင်းက ကြောက်လို့လား”
အမွေးရှည်ရှည်နှင့် သားရဲ၏ မျက်လုံးထဲတွင် သွေးရောင်လက်သွားပြီး သူက မေးလိုက်၏။
“မ-မကြောက်ပါဘူး”
ကျားခေါင်းနှင့်သားရဲက ဆတ်ကနဲ တုန်သွားပြီး ခေါင်းခါပြလိုက်၏။
ခဏနေပြီးနောက် ကျားခေါင်းနှင့်သားရဲက နောက်တစ်ဖန် ထပ်မေးလိုက်၏။
“ခေါင်းဆောင်.. ကျုပ်တို့က ဘယ်အချိန် တိုက်ခိုက်ရမှာလဲ”
“နေဦး.. သူ မရောက်သေးဘူး” အမွေးရှည်ရှည်သားရဲက ခေါင်းခါပြလိုက်၏။
“သူက ရောက်မလာဘူးဆိုရင်ရော”
“သူ သေချာပေါက် လာလိမ့်မယ်”
ထိုသို့ပြောပြီးသည်နှင့် အမွေးရှည်ရှည်နှင့် သားရဲက တစ်ဖက်ကိုလှည်ပြီး သူ့ပါးစပ်ကို ဖြဲကာ တောင်အောက်တောအုပ်များဆီသို့ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
ရှေးဟောင်းသစ်ပင်များက ယိမ်းထိုး၍ မရေမတွက်နိုင်သော သားရဲများက ချဲထွက်သွားကြလေသည်။
. . .
မနက်ခင်းတွင်..
ဆူဇီမိုသည် ရွှေခြင်္သေ့ကို စီးနင်း၍ လိုဏ်ဂူဝင်ပေါက်ရှေ့သို့ ရောက်ရှိလာ၏။
ရွှေခြင်္သေ့သည် နုံးချည့်နေပုံရပြီး သူ့မျက်လုံးများမှာ အရင်နေ့ကထက်ပင် ပို၍ ငေးကြောင်နေ၏။
ပြီးခဲ့သည့်ညက ဆူဇီမိုကြောင့် သူသည် သေမတတ် ကြောက်လန့်ခဲ့ရပြီး ည၏ ကျန်ရှိသည့်အပိုင်းကို ကောင်းကောင်းမအိပ်စက်ရဲဘဲ အထိတ်ထိတ်အလန့်လန့်နှင့် နေခဲ့ရ၏။ ယခုမနက်လည်း အစောကြီး ထရသောကြောင့် သူ့မှာ ဘယ်လိုလုပ် စွမ်းအင် ကျန်ရှိပါဦးမည်နည်း။
တစ်ကယ်တော့ သူ့အတွက် အကြီးမားဆုံး ထိုးနှက်ချက်မှာ စိတ်ပိုင်းဆိုင်ရာ ဖြစ်လေသည်။
လက်ရှိသူ့အမြင်အရတော့ စာပေသမားက သနားဂရုဏာသက်၍ သူ့ကို ထွက်ခွာခွင့်ပေးမှသာ သူ့မှာ လွတ်မြောက်နိုင်ဖွယ်ရာ ရှိတော့သည်။
မဟုတ်ပါက သူ၏ လက်ကျန်ဘဝတစ်လျှောက်လုံး ဤစာပေသမား၏ အစီးအနင်းတောကောင်ဘဝနှင့်သာ အရိုးထုတ်ရပေတော့မည်။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည်လည်း မျက်လုံးများရဲ၍ ငိုက်မျဉ်းနေကြ၏။
ဤလိုဏ်ဂူက အတော်လေး လုံခြုံသည်ဆိုသော်လည်း အပြင်ဘက်က လှုပ်ရှားမှုများနှင့် အသံဗလံများကြောင့် မည်သူမှ ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်သာ ကုန်ဆုံးခဲ့ကြရ၏။
ဆူဇီမိုတစ်ယောက်သာလျှင် စွမ်းအင်ပြည့်ဝနေပြီး ကောင်းကောင်းအနားယူခဲ့ရသလိုပင်။
ကျူးယွဲ့က ဘာမှ မပြောဘဲ ဆူဇီမိုကို တစ်ချက်လှမ်းကြည့်လိုက်၏။
ထန်ရှစ်ယွင်က ဆူဇီမိုဘက်သို့ ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
လူတိုင်း သူတို့ကိုယ်သူတို့ ပြင်ဆင်လိုက်ကြပြီး ထန်ရှစ်ယွင်၏ ဦးဆောင်မှုဖြင့် ရှေ့ဟောင်းမြို့တော်ဆီသို့ ဦးတည်လိုက်ကြ၏။
လမ်းတစ်လျှောက်တွင် ထန်ရှစ်ယွင်သည် ဆူဇီမိုဘေးကနေ ကပ်လိုက်၍ အလွန်တရာ သိချင်စိတ် ပြင်းပြနေ၏။
“တာအိုရောင်းရင်းဆူ.. ရှင်က ဘယ်ဒေသက လာခဲ့တာလဲ”
“မြောက်ပိုင်းဒေသ”
“အို ကျမတို့က တောင်ပိုင်းဒေသ.. တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသက ကီလိုမီတာသန်းနဲ့ချီပြီး ခြားနေတာ.. ရှေးဟောင်းတိုက်ပွဲမြေကြောင့်သာ မဟုတ်ရင် ကျမတို့က အခုလို တွေ့ဆုံဖို့ အခွင့်ရှိမှာ မဟုတ်ဘူး.. ဒါက အထုံရေစက်ပါတာလို့ ပြောလို့ရတယ်မလား”
ကျူးယွဲ့က ညိုမည်းနေသော မျက်နှာနှင့် သူတို့နှစ်ယောက်နောက်ကနေ တိတ်တဆိတ် လိုက်ပါလာ၏။
ထန်ရှစ်ယွင်က ပြောလိုက်၏။
“အာ.. ဟုတ်သား.. ဖန်သားနန်းတော်ကလဲ မြောက်ပိုင်းဒေသကပဲလေ.. တာအိုရောင်းရင်းဆူက သူတို့ကို ကြားဖူးမှာပေါ့”
“အင်း.. ကျုပ်တို့ အရင်က ပတ်သတ်ဆက်နွယ်မှုတချို့ ရှိခဲ့ဖူးတယ်” ဆူဇီမိုက ပြန်ဖြေလိုက်၏။
ထိုသည်ကို ကြားသောအခါ ကျူးယွဲ့သည် ရယ်ချင်တာကို ထိန်းလိုက်၏။
“တာအိုရောင်းရင်းဆူ.. ခင်ဗျား ကြွားလုံးထုတ်တဲ့အခါ လျှာတွေဘာတွေ မကိုက်မိဘူးလား.. ဖန်သားနန်းတော်က အင်မော်တယ်ဂိုဏ်းလေ.. ခင်ဗျားနောက်မှာက ဂိုဏ်း၊ အဖွဲ့အစည်း တစ်ခုတောင် မရှိတာ သူတို့နဲ့ ဘယ်လိုလုပ် ပတ်သတ်ဆက်နွယ်နိုင်မှာလဲ”
“အဲ့လိုတော့ ပြောလို့ ဘယ်ရပါ့မလဲ”
သူတို့နှစ်ယောက်ကြား ပဋိပက္ခဖြစ်မည် စိုးသောကြောင့် ထန်ရှစ်ယွင်က အလောတကြီး ဝင်ထိန်းလိုက်၏။
ဆူဇီမိုက ပြန်မဖြေဘဲ ပြုံးနေ၏။
လမ်းတစ်လျှောက်တွင်.. သူတို့သည် မြေပြန့်ပေါ်မှာ လူသေအလောင်းများစွာကို မြင်တွေ့ခဲ့ရ၏။ သူတို့၏ အသားများက ခြောက်တောင်မခြောက်သေးဘဲ ကြောက်စရာကောင်းနေ၏။
ထိုလူသားများသည် ပြီးခဲ့သည့်ညက သေဆုံးခဲ့ကြပုံပင်။
ညမမှောင်ခင် လုံခြုံစိတ်ချရသည့် ခိုနားစရာနေရာတစ်ခုကို မရှာဖွေနိုင်သူ အများစုသည် သေဆုံးခဲ့ကြရလေသည်။
ကျင့်ကြံသူများက သားရဲများကို သတ်ဖြတ်သလို.. သားရဲများကလည်း လူသားများကို ဝါးမျိုစားသုံးကြလေသည်။
အဲ့ဒါသည် ကြမ်းကြုတ်တောကောင်များ ကျင်လည်ကျက်စားရာ ရှေးဟောင်းတိုက်ပွဲမြေ၏ ရက်စက်ကြမ်းတမ်းမှုပင် ဖြစ်၏။
ညနေခင်းရောက်သောအခါ ရှေ့တူရူတွင် ရှေးဟောင်းမြို့တစ်မြို့၏ မြို့ရိုးများကို နောက်ဆုံး မြင်တွေ့လိုက်ရ၏။
လောကဓံကို ကြံ့ကြံ့ခံလာသော မြို့တစ်မြို့က လူတိုင်း၏ မြင်ကွင်းထဲမှာ တဖြည်းဖြည်း ကြီးမားလာလေသည်။
သူတို့ ချဉ်းကပ်လာသောအခါ မြို့ရိုးပေါ်မှာ အေးစက်စက်အမူအယာများ၊ ထက်ရှသောအကြည့်များနှင့် မတ်တပ်ရပ်နေကြသော ကျင့်ကြံသူကို မြင်တွေ့လိုက်ကြရ၏။ သူတို့သည် တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဖြစ်သည်မှာ သိသာလေသည်။
မြို့တံခါးအထက် မြို့ရိုးပေါ်တွင် ‘ဖန်သား’ဟူသော ကြီးမားသည့်စာလုံး ခပ်နှိပ်ထားသည့် သုံးထောင့်ချွန်းအလံတစ်ခုကို လွှင့်ထူထား၏။
ဖန်သားနန်းတော်ကျင့်ကြံသူ သုံးလေးဆယ်လောက်က မြို့တံခါး၏ တစ်ဖက်တစ်ချက်စီမှာ မတ်တပ်ရပ်နေကြ၏။
ဆူဇီမိုတို့အုပ်စု ရောက်ရှိလာချိန်တွင် မြို့တံခါးက ပိတ်တော့မည့်ဆဲဆဲဖြစ်ပြီး ဖန်သားနန်းတော်ကျင့်ကြံသူများက စိတ်မရှည်စွာ လောဆော်နေကြ၏။
မြို့တံခါးစောင့်များထဲမှ တစ်ယောက်က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းအုပ်စုကို စိုက်ကြည့်ပြီး လက်ဝါးတစ်ဖက်ကို ဖြန့်ကာ စိတ်ခံစားချက်မပါဘဲ ပြောလိုက်၏။
“လူတစ်ယောက်ကို ဝိညာဉ်အားဖြည့်သွေးဂျင်စင်း ၂၀”
“ဘယ်လို”
“အဲ့ဒါ ၁၀ခု မဟုတ်ဘူးလား”
“ဘာလို့ နှစ်ဆ ဖြစ်သွားတာလဲ”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် စောဒက တက်လိုက်ကြ၏။
ထန်ရှစ်ယွင်ကလဲ မျက်ခုံးပင့်ပြီး ဆူဇီမိုကို တိုးတိုး ပြောလိုက်၏။
“ပုံမှန်ဆို မြို့ဝင်ကြေးက လူတစ်ယောက်အတွက် ဝိညာဉ်အားဖြည့်သွေးဂျင်းစင်း ၁၀ ခုပဲ.. အခုတော့ ဘာလို့လဲမသိဘူး.. နှစ်ဆ ဖြစ်နေတယ်”
“မင်းတို့က ဘာတွေလာပြီး စောဒက တက်နေကြတာလဲ”
အစောင့်တစ်ယောက်က အေးစက်ခက်ထန်သော အမူအယာဖြင့် ငေါက်လိုက်၏။
“မြို့တံခါးက ပိတ်တော့မယ်.. မင်းတို့မှာ အဲ့လောက်မှ မရှိဘူးဆိုလဲ အပြင်မှာပဲ နေကြပေါ့”
ထိုစကားကို ကြားသောအခါ လူတိုင်း ရင်ထိတ်သွားကြ၏။
အခုလိုအချိန် သူတို့ကို အပြင်ဘက်မှာ နေခိုင်းခြင်းက သေတွင်းထဲသို့ တွန်းပို့လိုက်သလိုပင်။
ကျူးယွဲ့က သူ့အဝတ်အစားကို သေသပ်အောင်ပြုပြင်ပြီး ရှေ့တက်ကာ လေးနက်စွာ ပြောလိုက်၏။
“ကျုပ်က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျူးယွဲ့ပါ.. ခြွင်းချက်လေးများ လုပ်ပေးလို့ ရမလား”
“တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း.. အဆင့်မြင့် ၁၀၈ ဂိုဏ်းထဲက တစ်ဂိုဏ်းလား”
“ကျူးယွဲ့.. ပြီးခဲ့တဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က တစ်ယောက်လား”
အစောင့်နှစ်ယောက်သည် မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“ဟုတ်ပါတယ်”
ကျူးယွဲ့က ဝင့်ကြွားစွာ ဖြေလိုက်၏။
ဖန်သားနန်းတော်ကျင့်ကြံသူနှစ်ယောက်က အကြည့်ချင်းဖလှယ်၍ ခေါင်းညိတ်လိုက်ကြ၏။
“ကောင်းပြီလေ.. မင်းကတော့ ဝိညာဉ်အားဖြည့်သွေးဂျင်စင်း ၁၀ ခုပဲပေး.. ကျန်တဲ့သူတွေကတော့ အခု ၂၀ ပဲ”
ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ဝင်ခဲ့ဖူးသူများက အစစ်အမှန်ပြိုင်စံရှားများ ဖြစ်သည့်အတွက် သူတို့သည် လေးစားသမှုအချို့တော့ ပေးရပေမည်။
အစောင့်နှစ်ယောက်၏ ခိုင်မာသောမျက်နှာထားကို မြင်လိုက်သောအခါ ကျုးယွဲ့က ဘာမှ ထပ်ပြောမနေတော့ဘဲ ခေါင်းညိတ်လိုက်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် ပြီးခဲ့သည့် ရက်အနည်းငယ်က သူတို့ အသက်စွန့်၍ ကြိုးစားပမ်းစား ရှာဖွေခဲ့ရသော ဝိညာဉ်အားဖြည့်သွေးဂျင်စင်းများကို ထုတ်ပေးလိုက်ရ၏။
ဆူဇီမိုမှာ မည်သည့် ဝိညာဉ်အားဖြည့်သွေးဂျင်စင်းမှ ရှိမနေပေ။
ထန်ရှစ်ယွင်က သူ့ထံသို့ အခု ၂၀ ကို အလိုလို ထုတ်ပေးလိုက်၏။
ဆူဇီမိုက ကျေးဇူးတင်ကြောင်း ပြသပြီး သာမန်ကာလျှံကာပုံနှင့်ပင် ပြောလိုက်၏။
“နောက်ကျရင် မင်းကို ငါ ဆယ်ဆ ပြန်ပေးပါ့မယ်”
လူတိုင်းသည် မြို့ထဲသို့ ဝင်ရောက်လိုက်ကြ၏။
လမ်းတစ်လျှောက်တွင် ကျူးယွဲ့က ဘာမှ မပြောခဲ့ရပေ။
ယခု သူသည် သူ၏ ဂုဏ်သိက္ခာအချို့ကို နောက်ဆုံး ပြန်ရလိုက်သောအခါ ဆူဇီမိုကို ရန်စသလိုကြည့်ပြီး သရော်လိုက်၏။
“ဆူဇီမို မင်းပြောတော့ အရင်က ဖန်သားနန်းတော်နဲ့ ပတ်သတ်ဆက်နွယ်မှု ရှိတယ်ဆို.. စောစောက သူတို့က ဘာလို့ မင်းကို နှုတ်မဆက်တာပါလိမ့်”
“ဖန်သားနန်းတော်ရဲ့ရှေ့ရောက်တော့ မင်းဘာလို့ ထပ်မကြွားတော့တာလဲကွ”
ဆူဇီမိုက ဘာမှ ပြန်မပြောပေ။
သူသည် ကျူးယွဲ့ကို အရေးလုပ်ချင်စိတ် မရှိပေ။
သူသည် မြို့ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် ခပ်ဖျော့ဖျော့နှင့် မသိမသာသော သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စကို ခံစားမိပြီးဖြစ်၏။
မျက်လုံးပေါင်းများစွာသည် အမှောင်ထဲကနေ သူ့ကို ဝိုင်းကြည့်နေကြ၏။
စိတ်ဝိညာဉ်ကြိုးကြာများသည် တစ်ခုပြီးတစ်ခု အမှောင်ထုထဲသို့ ပျံသန်းသွားကြ၏။
“ငါးစာကိုတော့ လာဟပ်ပြီပဲ”