မှောင်မိုက်၍ လေထန်သောည
Vol. 44 Ch. 648
ရှေးဟောင်းမြို့တော်တွင် ကျန်ရှိနေသော အဆောက်အဦများကို ဧရာမကျောက်တုံးကြီးများသက်သက်နီးပါးဖြင့် ပြုလုပ်ထားပြီး သက်တမ်းအိုမင်းရင့်ရော်မှု လက္ခဏာများဖြင့် ပြည့်နှက်နေ၏။
သူတို့ထဲမှ အချို့က စံအိမ်များဖြစ်ပြီး အခြားနေရာများကတော့ ကျဉ်းကျဉ်းကျုတ်ကျုတ်ကျောက်တုံးတဲများနှင့် အခန်းများ ဖြစ်လေသည်။ မြို့တော်၏ အချို့အစိတ်အပိုင်းများတွင်တော့ အလွန်ကြီးမားသည့် နန်းတော်အချို့က ပြန့်ကျဲတည်ရှိနေပြီး အတိတ်ကာလက သူတို့၏ ဂုဏ်ကျက်သရေထွန်းတောက်ခဲ့မှုကို မြင်နိုင်သေးလေသည်။
တစ်ကယ်ဆို ရှေးဟောင်းမြို့တော်မှာ နောက်ပိုင်းမှ တည်ဆောက်ထားသော အဆောက်အဦသစ်အတော်များများလည်း ရှိလေသည်။
အချိန်က ညနေစောင်းနေပြီဖြစ်သော်လည်း ကျယ်ပြန့်သော လမ်းများပေါ်မှာ ကျင့်ကြံသူများစွာ ရှိနေပြီး စည်းကားသိုက်မြိုက်နေ၏။
ပေနှစ်ထောင်၊ သုံးထောင်လောက် လျှောက်ပြီးတိုင်း လမ်း၏ တစ်ဖက်တစ်ချက်စီမှာ လမ်းလျှောက်နေကြသော ဖန်သားနန်းတော်ကျင့်ကြံသူများကို တွေ့နိုင်လေသည်။
မကြာမကြာဆိုသလို လေထဲမှာ ကင်းလှည့်နေကြသော ကျင့်ကြံသူများတောင် ရှိနေ၏။ လုံခြုံရေးက အရမ်းကို တင်းကျပ်လွန်းလေသည်။
“ထူးဆန်းတယ်”
ကျူးယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်၍ ခပ်တိုးတိုး ပြောလိုက်၏။
“ဒီတစ်ခေါက်မှာ ရှေးဟောင်းတိုက်ပွဲမြေကို ဖန်သားနန်းတော်က ဒီလောက်ကျင့်ကြံသူတွေ အများကြီး စေလွှတ်ခဲ့တယ်ဆိုတော့ ကိစ္စတစ်ခုခုတော့ ရှိနေပြီထင်တယ်”
“ကျုပ်ထင်တာတော့.. ဖန်သားနန်းတော်က အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နေရာကောင်းကောင်းတစ်နေရာ ရဖို့ ကြိုးစားနေတာများလား”
“မဖြစ်နိုင်ဘူး”
ကျူးယွဲ့က ခေါင်းခါလိုက်၏။
“ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က လူတစ်ယောက်ချင်းရဲ့ ခွန်အားအပေါ်မှာပဲ တွက်ချက်တာ.. အဲ့ဒါက ကျင့်ကြံသူအရေအတွက်နဲ့ မဆိုင်ဘူး”
ဆူဇီမိုက ရွှေခြင်္သေ့ပေါ်မှာ စီးနင်းရင်း လူတိုင်းဆွေးနွေးနေသည်ကို အရေးသိပ်မစိုက်ဟန်ဖြင့် နားထောင်နေ၏။ သို့သော် မကြာမကြာဆိုသလို သူ့မျက်လုံးများထဲမှာ လှောင်ပြောင်လိုရိပ်က ပေါ်လာတတ်လေသည်။
“တာအိုးရောင်းရင်းရေ.. ကျေးဇူးပြုပြီး ခဏနေပါဦးဗျ”
ကျူးယွဲ့သည် ဘေးကနေ ဖြတ်သွားသော အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ကို လှမ်းတားပြီး လက်နှစ်ဖက်ဆုပ်ကာ မေးလိုက်၏။
“တာအိုရောင်းရင်း ကျုပ်တစ်ခုလောက် မေးပါရစေ.. ဖန်သားနန်းတော်မှာ ဘာတွေ ဖြစ်နေတာလဲဗျာ.. သူတို့က မဟာရန်သူတော်တစ်ယောက်နဲ့ ရင်ဆိုင်နေရသလို ဘာလို့ ကျုပ်ခံစားနေရတာပါလိမ့်”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ကျူးယွဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ပြန်မေးလိုက်၏။
“တာအိုရောင်းရင်းက မြောက်ပိုင်းဒေသက မဟုတ်ဘူးထင်တယ်”
“ကျုပ်က တောင်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်း တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကပါ” ကျူးယွဲ့၏ လေသံထဲတွင် ဝင့်ကြွားမှုအရိပ်အယောင်က ရောစွက်နေ၏။
ဘာပဲပြောပြော ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၌ အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာဂိုဏ်းများနှင့် ထိပ်သီးအဖွဲ့အစည်းကြီးများပြီးလျှင် အဆင့်မြင့် ၁၀၈ ဂိုဏ်းက အကျော်ကြားဆုံး ဖြစ်လေသည်။
တစ်ကယ်လည်း သူ့စကားကို ကြားပြီးနောက် အစိမ်းရောင်ဝတ်ကျင့်ကြံသူက ချက်ချင်းလက်နှစ်ဖက်ကို ဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်၏။
“တာအိုရောင်းရင်း.. မြောက်ပိုင်းဒေသရဲ့ ပြန်ဝင်စားမွန်းစတားက တစ်ဖန်အသက်ပြန်ဝင်ပြီး ပြန်ပေါ်လာတာကို ခင်ဗျား မသိဘူးထင်တယ်”
“ပြန်ဝင်စားမွန်းစတားလား.. ဘယ်ပြန်ဝင်စားမွန်းစတားလဲ”
ကျူးယွဲ့က အလျှင်အမြန် ပြန်မေးလိုက်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း သိချင်စိတ်ဖြင့် အနားတိုးကပ်လာကြ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ပြောလေသည်။
“ဘယ်သူ ရှိရဦးမှာလဲ.. နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားပေါ့ဗျ”
“အာ”
ကျူးယွဲ့၏ မျက်လုံးများထဲတွင် နားလည်သဘောပေါက်မှုက ဝင်ရောက်လာ၏။
နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတား၏ ကောလာဟလအချို့ကို သူသည်လည်း ကြားဖူးထားခဲ့၏။
အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက နတ်ဖီးနစ်ကျွန်း၏ ပြန်ဝင်စားမွန်းစတားသည် ပြိုင်စံရှားများအားလုံးကို အနိုင်ယူပြီး လူသားဧကရာဇ်နန်းတော်အောက်မှာ စိုးမိုးဗိုလ်ကျကာ လူသားဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရယူခဲ့၏။ ထိုမျှသာမကဘဲ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့လေသည်။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဆက်ပြော၏။
“ကျုပ်ကြားတာ.. အဲ့ဒီပြန်ဝင်စားမွန်းစတားက ရှေးဟောင်းတိုက်ပွဲမြေကို မဝင်ရောက်ခင် ဖန်သားနန်းတော်ကို ပြောင်ပြောင်တင်းတင်း စစ်ကြေညာခဲ့တယ်တဲ့.. ပြောကြတာတော့ ရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်လာမယ့် ဖန်သားနန်းတော်က ကျင့်ကြံသူမှန်သမျှကို သူအကုန် သတ်ပစ်မယ်တဲ့”
ထန်ရှစ်ယွင်က မနေနိုင်ဘဲ မေးလိုက်မိ၏။
“ဘာလို့တဲ့လဲ”
“ကျုပ်ကြားမိတာတော့.. ဖန်သားနန်းတော်က မော်တယ်မြို့ ၁၃ မြို့မှာ အစုလိုက်အပြုံလိုက် မျိုးတုန်း သတ်ဖြတ်ပစ်ခဲ့လို့တဲ့.. အဲ့ဒါကြောင့် ပြန်ဝင်စားမွန်းစတားက သူတို့ကို ပြန်သတ်ချင်တာတဲ့” အစိမ်းရောင်ဝတ်ကျင့်ကြံသူက ပြန်ဖြေလိုက်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း မှင်တက်သွားကြ၏။
မော်တယ်များအတွက်နှင့် ဖန်သားနန်းတော်လို ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းကို တစ်ယောက်ယောက်က ရန်စတိုက်ခိုက်ရဲတာကို သူတို့ နားမလည်နိုင်ကြပေ။
“ဘယ်လောက် မိုက်မဲလိုက်လဲ”
ကျူးယွဲ့က အေးစက်စက် ရယ်လိုက်၏။
“ရွှေအမြုတေတစ်ယောက်က ဖန်သားနန်းတော်ကို အာခံချင်တယ်တဲ့.. သူက တစ်ကယ့်ကို ကိုယ့်နေရာကိုယ် မသိတဲ့သူပဲ”
ထန်ရှစ်ယွင်က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
“ကျမ အမြင်မှာတော့ အဲ့လူရဲ့ ဗီဇက မဆိုးလောက်ပါဘူး.. သူက မော်တယ်တွေဘက်ကနေတောင် ရပ်တည်ပေးချင်စိတ် ရှိတယ်ဆိုတော့”
“ဗီဇက မဆိုးဘူးဟုတ်လား”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက လှောင်ရယ်လိုက်၏။
“အဲ့ဒီပြန်ဝင်စားမွန်းစတားက ပြန်ပေါ်လာတဲ့အချိန်မှာ တောကောင်အုပ်ကြီးတစ်အုပ်ကို ဦးဆောင်ပြီးတော့ သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ်ပစ်ခဲ့တယ်တဲ့.. အဲ့ဒီမှာ အလောင်းတွေက တောင်လိုပုံထပ်ပြီး သွေးတွေကလဲ ချောင်းစီးလို့.. ဒါတောင် ခင်ဗျားက ဗီဇမဆိုးဘူးလို့ ပြောချင်တာလား”
“အာ”
ထန်ရှစ်ယွင်၏ အမူအယာက အနည်းငယ် ပြောင်းလဲသွား၏။
သန်းနှင့်ချီသော ကျင့်ကြံသူများ.. အဲ့ဒါက ပေါ့သေးသေး အရေအတွက် မဟုတ်ပေ။
“အဲ့ဒါတင် မဟုတ်သေးဘူး”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ဆက်ပြော၏။
“လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အဲ့ဒီပြန်ဝင်စားမွန်းစတားရဲ့ ဒါန်ထျန်က ပျက်စီးသွားခဲ့တယ်.. အခုဆို သူက တစ်ကယ် သားရဲစစ်စစ်တစ်ကောင် ဖြစ်နေပြီ.. လူသားမျိုးနွယ်မဟုတ်တော့တဲ့သူက ကျင့်ကြံရေးလောကတစ်ခုလုံးရဲ့ ရန်သူပဲ”
အနီးနား၌ ဖန်သားနန်းတော်ကျင့်ကြံသူများ ကင်းလှည့်နေကြသည်ကို သတိထားမိပြီး ကျူးယွဲ့က ကျယ်လောင်စွာ ပြောလိုက်၏။
“အမှန်ပဲ.. ကျုပ်တို့တွေ ကျင့်ကြံရတယ်ဆိုတာလဲ အဲ့လိုနတ်ဆိုးတွေကို နှိမ်နင်းဖို့အတွက်ပဲလေ.. အဲ့ဒီငနဲသားသာ ဒီနေရာမှာ ပေါ်လာရဲရင်တော့.. ကျုပ် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းရဲ့ ကျူးယွဲ့.. အရင်ဆုံး ဝင်တိုက်ခိုက်မယ်”
ကင်းလှည့်နေကြသော ဖန်သားနန်းတော်ကျင့်ကြံသူများသည် ကျူးယွဲ့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီးနောက် အရေးမစိုက်ဟန်ဖြင့် ဆက်လျှောက်သွားကြ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူကလည်း ကျူးယွဲ့ကို လက်နှစ်ဖက်ဆုပ်ပြ၍ နှုတ်ဆက်သွားလေတော့သည်။
သူတို့အုပ်စုက ရှေ့သို့ ဆက်သွားရင်း နားနေစရာ အိမ်လွတ်တစ်လုံးကို ရှာဖွေလိုက်ကြ၏။
“တာအိုရောင်းရင်းဆူ.. ရှင်ကလဲ မြောက်ပိုင်းဒေသကဆိုတော့ ကျင့်ကြံသူပေါင်း သန်းနဲ့ချီပြီး သတ်ဖြတ်ခဲ့တဲ့ နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားအကြောင်းကို ကြားဖူးမှာပေါ့” ထန်ရှစ်ယွင်က ဆူဇီမိုကို လှည့်ပြီး ပြောလိုက်၏။
‘ကျုပ် ကြားဖူးပါတယ်” ဆူဇီမိုက ခေါင်းညိတ်ပြ၏။
ထန်ရှစ်ယွင်က ထိုပြန်ဝင်စားမွန်းစတားကို စိတ်ဝင်စားနေပုံရပြီး မေးလိုက်၏။
“သူက ဘာလို့ အဲ့လောက်များတဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့ရတာလဲ”
“ဟမ့် သူက သားရဲတစ်ကောင်ဖြစ်ပြီး ကျင့်ကြံသူတွေက လူသားတွေ ဖြစ်နေလို့ပေါ့” ကျူးယွဲ့က နှာတစ်ချက်မှုတ်၍ ဝင်ဖြတ်ပြောလိုက်၏။
ထန်ရှစ်ယွင်က မျက်မှောင်ကြုတ်၍ ဝေခွဲမရဟန်ဖြင့် မေးလိုက်၏။
“ဒါဆိုရင် သူက မော်တယ်တွေဘက်ကရော ဘာလို့ ရပ်တည်တာလဲ”
“အဲ့ဒါကတော့....”
ကျူးယွဲ့သည် ဘာဆက်ပြောရမည် မသိတော့ပေ။
ထန်ရှစ်ယွင်က ဆူဇီမိုဘက်သို့ လှည့်ပြီး ထပ်မေးလိုက်ပြန်၏။
“အဲ့ဒီနတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက လူသားတစ်ယောက် ဖြစ်ခဲ့ဖူးပုံပဲနော်.. တာအိုရောင်းရင်းဆူ ရှင် သူ့နာမည်ကိုရော သိလား”
ဆူဇီမိုက ပြုံးစစနှင့် ပြန်ဖြေလိုက်၏။
“ငါထင်တာတော့ သူ့နာမည်က.. ဆူဇီမို ဖြစ်လိမ့်မယ်”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း တောင့်တင်းသွားကြ၏။
ရုတ်တရက် လေထုက ငြိမ်သက်သွားလေသည်။
လေထဲမှာ ထူးဆန်းသည့် ခံစားချက်က ပြည့်လာ၏။
“ခိခိ”
ထန်ရှစ်ယွင်က အရင်ဆုံး စတင်၍ ရယ်မောလိုက်ပြီး ဆူဇီမိုကို ပုခုံးကို သူမ၏ လက်သီးဆုပ်ဖြင့် အသာထုကာ စနောက်လိုက်၏။
“အဲ့ဟာသက ရယ်စရာလဲ မကောင်းဘူးနော်”
“ဘာဖြစ်လို့လဲ” ဆူဇီမိုက အပြုံးနှင့် မေး၏။
ထန်ရှစ်ယွင်က ပြန်ပြောလေသည်။
“နတ်ဖီနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားရဲ့ ဒါန်ထျန်က ပျက်စီးသွားပြီလို့ ဟိုလူပြောခဲ့တာ ရှင်မကြားလိုက်ဘူးလား.. သူ့မှာက စိတ်ဝိညာဉ်စွမ်းအင်မရှိဘူးဆိုမှ ဘယ်လိုလုပ် ရှင်ဖြစ်နိုင်ပါတော့မလဲ”
ထိုစကားကို ကြားမှသာ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း အကြည့်ချင်းဖလှယ်၍ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
စောစောတုန်းက သူတို့ဘေးမှ ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတားများလားဟု သူတို့တစ်ကယ်ပင် တွေးထင်ခဲ့မိကြ၏။
သို့သော် ထန်ရှစ်ယွင်၏ သုံးသပ်ချက်က လူတိုင်း၏ သံသယကို ဖြေဖျောက်ပေးလိုက်လေသည်။
ဆူဇီမိုသည် စိတ်ဝိညာဉ်စွမ်းအင်အား အသုံးပြုခဲ့သည်ကို လူတိုင်း မြင်တွေ့ခဲ့ကြ၏။ သူတို့နှစ်ယောက်က တစ်ယောက်တည်း လုံးဝ မဖြစ်နိုင်တော့ပေ။
ညက မှောင်လာပြီး ကောင်းကင်မှာ ကြယ်များက ချိတ်ဆက်လာကြ၏။
ရုတ်တရက် ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်သည် လျှင်မြန်စွာ လျှောက်လှမ်းလာပြီး ကျူးယွဲ့နှင့် အခြားသူများရှေ့မှာ မတ်တပ်ရပ်၍ လက်သီးဆုပ်နှုတ်ဆက်ကာ ပြောလိုက်၏။
“ကျုပ်တို့ဂိုဏ်းက မြို့လယ်က ပင်မခန်းမကြီးမှာ စားသောက်ပွဲတစ်ခု ကျင်းပနေပါတယ်.. တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ကျင့်ကြံသူတွေကိုလဲ ပါဝင်ဆင်နွှဲဖို့ ကျုပ်တို့က ဖိတ်ခေါ်ချင်ပါတယ်”
“ကောင်းပါပြီ”
ကျူးယွဲ့က ကျေနပ်နှစ်ခြိုက်သွားပြီး ချက်ချင်းပင် ဆူဇီမိုဘက်သို့ လှည့်၍ ဂုဏ်ယူဝင့်ကြွားစွာ ရန်စသည့်ဟန်ဖြင့် ကြည့်လိုက်၏။
ဆူဇီမိုက ထူးမခြားနားပုံစံနှင့်ပင် ကောင်းကင်ကို လေးနက်စွာ မော့ကြည့်လိုက်၏။ သူ့နှုတ်ခမ်းပေါ်တွင် ခပ်သဲ့သဲ့လှောင်ပြုံးတစ်ခုက ပေါ်လာပြီး တီးတိုးရေရွတ်လိုက်၏။
“မှောင်မိုက်ပြီး လေထန်တဲ့ ညတစ်ညမှာ သတ်ဖြတ်ရမယ်ဆိုရင်ဖြင့်...”
တစ်ချိန်တည်းမှာပင်..
ရှေးဟောင်းတိုက်ပွဲမြေ၏ အစိတ်အပိုင်းတစ်နေရာ၌ မီးခိုးရောင်ဝတ်ရုံနှင့် အနည်းငယ် ဝဖိုင့်သော ကျင့်ကြံသူတစ်ယောက်က အေးအေးဆေးဆေး လမ်းလျှောက်နေ၏။
သူသည် များစွာသော ကြမ်းကြုတ်တောကောင်များဘေးကနေ ဖြတ်သွားသော်လည်း သူတို့က သူ့ကို မမြင်သည့်အလား မည်သည့်တုံ့ပြန်မှုမှ မရှိကြပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ခေါက်ယပ်တောင်တစ်လက်ကို ကိုင်ထားပြီး သူ့ညာဘက်လက်ချောင်းထိပ်များက တစ်ခုကိုတစ်ခု လျှင်မြန်စွာ လိုက်ထိနေ၏။ သူသည် တစ်ခုခုကို ဗေဒင်တွက်နေသည့်အလား တွက်ချက်၍ သွားလာနေ၏။
ခဏနေပြီးနောက် မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား ရုတ်တရက် ခေါင်းကိုမော့လိုက်၏။
“ဟမ့်”
သူ့အမူအယာက ပြောင်းလဲသွားလေသည်။
ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ကြယ်များက လျှင်မြန်စွာ နေရာရွေ့နေပြီး နက္ခတ်တာရာများက လုံးဝ ရှုပ်ထွေးနောက်ကျိကုန်၏။
“ဟင်း”
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ပင့်သက်ကိုရှိုက်ရင်း သူ့အမူအယာက သုန်မှုန်လာ၏။
“ကောင်းကင်ကို လှုပ်ခတ်ပြီး ကြယ်တွေကိုတောင် ရွေ့သွားစေတယ်ဆိုတော့ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ သတ်ဖြတ်လိုစိတ်လဲ.. ကြီးကြီးမားမားကိစ္စတစ်ခုတော့ ဖြစ်ပျက်တော့မှာပဲ”