အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ
Vol. 44 Ch. 649
ဖန်သားနန်းတော်ကျင့်ကြံသူ၏ ဦးဆောင်မှုဖြင့် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် ရှေးဟောင်းမြို့လယ်သို့ ရောက်လာပြီး ခမ်းနားထည်ဝါသော မဟာခန်းမတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။
ထိုအချိန်တွင် ခန်းမထဲ၌ အမျိုးမျိုးသော ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများစွာက စုဝေးနေကြပြီဖြစ်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းလည်း လူအုပ်ကြီးနှင့် ဝင်ရောလိုက်ကြ၏။
သူတို့ကြားထဲတွင် ကျင့်ကြံသူအတော်များများက ရှေးဦးအဆက်နွယ်တောကောင်များကို စီးနင်းလာကြပြီး သားရဲတောကောင်များစွာ၏ ဟိန်းသံ ဟောက်သံများနှင့်အတူ စည်းကားသိုက်မြိုက်နေ၏။
အချို့ရွှေအမြုတေများဆိုလျှင် ကြမ်းကြုတ်မြွေနဂါးများဆွဲသည့် ရှေးဟောင်းစစ်ရထားများကို စီးနင်းလာကြပြီး ရှေးဟောင်းကြမ်းကြုတ်ငှက်များပေါ်ကနေ မတ်တပ်ရပ်သွားကြသော ကျင့်ကြံသူအချို့တောင် ပါသေး၏။ သူတို့အားလုံးက စီးပိုးခြယ်လှယ်နိုင်ကြလေသည်။
ရွှေခြင်္သေ့ပေါ်မှာ စီးနင်းလာသော ဆူဇီမိုက ထိုအထဲတွင် သိပ်ပြီး ထူးခြားနေတာ မရှိပေ။
“ဖန်သားနန်းတော်ကို ကျုပ်တို့ကို ဘာလို့ ဒီလို စားသောက်ပွဲတစ်ခုနဲ့ ဖိတ်ခေါ်ရတာလဲ”
“ကျုပ်လဲ မသိဘူး.. ဒီစားသောက်ပွဲရဲ့ ရည်ရွယ်ချက်ကိုလဲ ကျုပ်မသိဘူး”
“ကျုပ်ထင်တာတော့ အဲ့ဒါ နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားကြောင့် ဖြစ်လိမ့်မယ်.. သူတို့က ကျုပ်တို့အားလုံးကို အကူအညီတောင်းပြီး အဲ့ဒီမွန်းစတားရဲ့ သတင်းအစအနကို စုံစမ်းချင်လို့ နေမှာပေါ့”
လူအုပ်ကြီးထဲမှ တစ်ယောက်တစ်ပေါက် ဆွေးနွေးသံများဖြင့် ဆူညံနေကြ၏။
နာမည်ဂုဏ်သတင်း အတန်အသင့် ရှိသည့် ကျင့်ကြံသူတိုင်းက မဟာခန်းမထဲမှာ ထိုင်ခုံနေရာ ရကြလေသည်။
တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းလေးများမှ ကျင့်ကြံသူများကတော့ မဟာခန်းမတွင်းသို့ ဝင်ခွင့်မရှိဘဲ အပြင်ဘက်ကနေသာ မတ်တပ်ရပ်ကြည့်ရလေသည်။
ကျူးယွဲ့က ဆူဇီမိုကို ဘေးကနေ တစ်ချက်ကြည့်ပြီး သရော်ပြုံးကာ ခေါင်းမော့လိုက်၏။
“တာအိုရောင်းရင်းဆူ.. ကျုပ်တို့ တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကြောင့်သာ မဟုတ်ရင် ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ဆို အထဲကိုတောင် ဝင်လို့ရမှာ မဟုတ်ဘူး.. သိပြီလား”
“ခန်းမထဲကို ဝင်ရတာကလဲ ကောင်းတဲ့ကိစ္စ ဟုတ်ချင်မှ ဟုတ်မှာပါလေ” ဆူဇီမိုက အရေးမစိုက်ဟန်ဖြင့် မှတ်ချက်ပြုလိုက်၏။
“ဟမ့်”
ကျူးယွဲ့က အေးစက်စွာ သရော်ရယ်လိုက်၏။ သူက ငြင်းခုန်မလို့ လုပ်စဉ်မှာပင် ထန်ရှစ်ယွင်က ဘေးဘက်သို့ လက်ညိုးထိုးပြပြီး ဖြတ်ပြောလိုက်၏။
“မြန်မြန် ကြည့်စမ်း.. ဟိုမှာ တစ်ယောက်ယောက် လာနေပြီ”
မလှမ်းမကမ်းတွင် ကျင့်ကြံသူတစ်အုပ်စုသည် လေထဲကနေ ရောက်ရှိလာကြ၏။
သူတို့၏ ခေါင်းဆောင်က ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံနှင့် လက်နှစ်ဖက်ကို နောက်ပစ်ထားသော အမျိုးသားတစ်ယောက်ဖြစ်၏။ သူက ကြော့ရှင်းသောသွင်ပြင်၊ ထက်ရှသောအကြည့်နှင့် ပြတ်သားသော မျက်ခုံးတို့ကို ပိုင်ဆိုင်ထားပြီး သူ့မျက်လုံးများထဲမှာ သက်တံရောင်ဖန်သားအလင်းက ရောင်ပြန်ဟပ်နေ၏။
“အဲ့ဒါက ဖန်သားနန်းတော်က ယဲ့ထျန်းချန်ပဲ”
“ဪ သူကိုး.. ကျုပ်ကြားတာ လွန်ခဲ့တဲ့ နှစ် ၂၀ က မြောက်ပိုင်းဒေသရဲ့ နံပါတ်တစ်တာအိုသက်ရှိ ရှီးဝူယာ သေဆုံးသွားပြီးတဲ့နောက် သူ့နေရာကို အစားထိုးယူခဲ့တဲ့သူက ယဲ့ထျန်းချန်ပဲတဲ့”
ယဲ့ထျန်းချန်ဟူသော အသံကို ကြားချိန်တွင် ဆူဇီမို၏ အကြည့်က အေးစက်လာ၏။
နတ်ဆိုးမကျိထံမှ သူကြားခဲ့ရသည်မှာ ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည့် ကျင့်ကြံသူများကို ဦးဆောင်ခဲ့သူမှာ တာအိုသက်ရှိရွှမ်ယွီ၏ တပည့်တစ်ယောက်ဖြစ်သော ယဲ့ထျန်းချန်ဖြစ်သည်ဆို၏။
သူ့အကြည့်က ယဲ့ထျန်းချန်ထံသို့ ရွေ့လျားသွားပြီး ဆူဇီမိုက သူ့အကြည့်ကို မှေးကျဉ်းလိုက်၏။
ယဲ့ထျန်းချန်နောက်တွင် မီးခိုးရောင်ဆံပင်များနှင့် အဖိုးအိုနှစ်ယောက်က နီးကပ်စွာ လိုက်ပါလာပြီး သူတို့၏ လှုပ်ရှားဟန်က တောင့်တောင့်ကြီး ဖြစ်နေ၏။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးထံမှ အလွန်တရာအန္တရာယ်များမှုကို ဆူဇီမိုကို ခံစားးမိနေ၏။
သူတို့က ချိတ်ပိတ်ထားသူများပင်။
ထိုအဖိုးအိုနှစ်ယောက်က ချိတ်ပိတ်ထားသော နိုးထဝိညာဉ်အဆင့်များ ဖြစ်ကြသည်မှာ သေချာလေသည်။
ဆူဇီမိုသည် စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
တစ်ကယ်တမ်းပြောရလျှင်.. ဤရှေးဟောင်းတိုက်ပွဲမြေတွင် ချိတ်ပိတ်ထားသူများက နိုးထဝိညာဉ်အဆင့်များ ဖြစ်ကြပြီး ဓမ္မစွမ်းအားကို ထုတ်လွှတ်နိုင်သော်လည်း သူ့အတွက် ခြိမ်းခြောက်နိုင်စွမ်း သိပ်မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဥပစာရှေးဟောင်းတိုက်ပွဲမြေ၏ တည်ဆောက်မှုပုံသဏ္ဌာန်က နိုးထဝိညာဉ်များအတွက် တည်ငြိမ်မှုမရှိဘဲ လက်မခံသောကြောင့် ဖြစ်လေသည်။
သည်နေရာမှာ ချိတ်ပိတ်ထားသူများအတွက် ကန့်သတ်ချုပ်နှောင်ထားမှုများစွာ ရှိလေသည်။
သူတို့သည် နိုးထဝိညာဉ်အဆင့်၏ ခွန်အားကို ထုတ်ဖော်လိုက်သည်နှင့် စွမ်းအင်အတက်အကျတစ်ခုက ဖြစ်ပေါ်လာပြီး လေဟာနယ်စုတ်ပြဲကြောင်းတစ်ခုက ပေါ်လာကာ သူတို့ကို ဝါးမျိုသွားမည် ဖြစ်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ချိတ်ပိတ်ထားသူများမှာ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ကြိမ်သာ ရှိလေသည်။
သူတို့အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ.. တိုက်ခိုက်ပြီးသည်နှင့် ဧကန်မုချ သေရပေလိမ့်မည်။
သူတို့သုံးယောက်၏ နောက်မှာတော့ ရွှေအမြုတေသုံးလေးဆယ်လောက် ပါလာ၏။
နောက်ခဏ၌ ယဲ့ထျန်းချန်နှင့် အခြားသူများသည် ခန်းမ၏ အထင်ကရစင်တစ်ခုပေါ်သို့ ရောက်ရှိလာ၏။ ယဲ့ထျန်းချန်က အောက်ဘက်ရှိ ကျင့်ကြံသူများစွာကို လှည့်ပတ်ငုံ့ကြည့်ပြီးနောက် တွေးတွေးဆဆဟန်ဖြင့် ပြုံးလိုက်၏။
“အားလုံးပဲ”
ယဲ့ထျန်းချန်၏ အသံက မတိုးလွန်း၊ မကျယ်လွန်းသော်လည်း ခန်းမတစ်ခုလုံးသို့ ဟိန်းထွက်သွား၏။
လူအုပ်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်တိတ်ဆိတ်သွားကြ၏။
“ဒီနေ့ စားသောက်ပွဲရဲ့ ရည်ရွယ်ချက်ကို အားလုံးပဲ သိချင်နေကြမယ်လို့ ငါထင်ပါတယ်”
ယဲ့ထျန်းချန်က ဟက်ကနဲတစ်ချက်ရယ်၍ ဆက်ပြော၏။
“တစ်ကယ်တော့ သိပ်ကြီးကြီးမားမားကိစ္စတော့လဲ မဟုတ်ပါဘူး.. ကျုပ်တို့က လူတိုင်းကို ပြပွဲတစ်ခုကို လက်မလွတ်စေချင်ရုံပါပဲ”
အောက်ဘက်ရှိ ကျင့်ကြံသူများသည် ပဟေဠိဆန်သော အမူအယာများ ဖြစ်သွားကြ၏။
ယဲ့ထျန်းချန်က ဖြည်းဖြည်းချင်း ဆက်ပြော၏။
“မြောက်ပိုင်းဒေသမှာ ပြန်ဝင်စားမွန်းစတားတစ်ကောင် ပြန်ပေါ်လာတာကို လူတိုင်း ကြားဖူးကြလောက်မှာပါ.. သူက လူမဆန်စွာနဲ့ သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တဲ့အပြင် ဖန်သားနန်းတော်က ကျင့်ကြံသူတွေကိုပါ သတ်ဖြတ်ချင်သေးတယ်လို့ ကြေညာခဲ့ပါတယ်”
“ကျုပ် သူ့ကို ကြားဖူးတယ်”
“နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားပဲ”
“ငါသိတယ်.. အဲ့လူရဲ့နာမည်က ဆူဇီမိုတဲ့”
“ဟုတ်တယ်.. သူက အစိမ်းရောင်ဝတ်ရုံ ဝတ်ရတာကို နှစ်သက်ပြီးတော့ စာပေသမားတစ်ယောက် ပုံစံမျိုးတဲ့”
လူအုပ်ကြီးထဲမှ အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း၏ အမူအယာက ပြောင်းလဲသွားပြီး သူတို့ဘေးရှိ ဆူဇီမိုကို ဖြည်းဖြည်းချင်း အလိုလို လှည့်ကြည့်လိုက်ကြ၏။
ကျူးယွဲ့သည် ဘေးပတ်လည်မှ အသံများကို ကြားရလေလေ ပို၍ ထိတ်လန့်လာလေလေဖြစ်ပြီး သူ့မျက်လုံးများထဲမှာ မသက်မသာဖြစ်မှုက ပေါ်လာ၏။
ဆူဇီမိုက သူ့ပုခုံးကို ညင်သာစွာပုတ်ပြီး အေးအေးလူလူ ပြောလိုက်၏။
“မကြောက်ပါနဲ့”
ကျူးယွဲ့သည် တသိမ့်သိမ့်တုန်ယင်သွားပြီး ခေါင်းမွေးများ ထောင်ထလာ၏။
ယဲ့ထျန်းချန်၏ အကြည့်က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူအုပ်စုဘက်သို့ ရွေ့သွားပြီး ပြုံးစစနှင့် ပြောလိုက်၏။
“အားလုံးကို အသိပေးပါရစေ.. အခုချိန်မှာ အဲ့ဒီပြန်ဝင်စားမွန်းစတာက ခင်ဗျားတို့ကြားထဲမှာ ရှိနေပါတယ်”
လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် ရင်တလျှပ်လျှပ် ဖြစ်သွားကြပြီး ဆူဇီမိုကို ကြောက်လန့်တကြားကြည့်ကာ လျှင်မြန်စွာ နောက်ဆုတ်၍ သူနှင့် အကွာအဝေးတစ်ခု ခွာလိုက်ကြ၏။
များစွာသော ကျင့်ကြံသူများသည်လည်း ယဲ့ထျန်းချန်၏ အကြည့်နောက်သို့ လိုက်ကြည့်ပြီးနောက် ဆူဇီမိုကို တဖြည်းဖြည်း သတိထားမိသွားကြ၏။
“အဲ့ဒါသူပဲ”
“နတ်ဖီးကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားပဲ”
“သူက တစ်ကယ်ကြီး ရောက်လာတာဟ”
နောက်ခဏ၌ ဆူဇီမိုသည် ခန်းမထဲ၌ အားလုံးနှင့် ပိုင်းခြားကာ ထီးတည်းဖြစ်လာ၏။
ထန်ရှစ်ယွင်သည် အချိန်မီ မတုံ့ပြန်နိုင်သည့်အလား နေရာမှာတင် အမြစ်တွယ် ရပ်နေမိပြီး ဆူဇီမိုကို ငေးငိုင်ကြည့်နေမိ၏။
ထိုကဲ့သို့သော အခြေအနေမှာတောင် ဆူဇီမို၏ အမူအယာက တည်ငြိမ်နေဆဲဖြစ်ပြီး သူမကို လှည့်ကြည့်ကာ ညင်သာစွာ မေးလိုက်ူ၏။
“မင်းက ဘာလို့ ထွက်မသွားသေးတာလဲ”
“ကျမ မသိဘူး”
ထန်ရှစ်ယွင်က တွေဝေရှုပ်ထွေးသော အမူအယာဖြင့် ခေါင်းခါပြလိုက်၏။
“ကျမ သိတာက ရှင်က ကျမအသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ.. ကျမ မလုပ်နိုင်....”
တစ်ဖက်တွင်တော့ ကျူးယွဲ့သည် ဆူဇီမိုနှင့် အကွာအဝေးတစ်ခု ခွာပြီးနောက် ယဲ့ထျန်းချန်ဘက်သို့ လှည့်ကာ လက်သီးနှစ်ဖက်ဆုပ်၍ စိတ်လှုပ်ရှားစွာ ကြေညာလိုက်၏။
“တာအိုရောင်းရင်းယဲ့.. ကျုပ်က တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းကပါ.. ကျုပ် ဒီငနဲနဲ့ လမ်းမှာ အမှတ်မထင် တွေ့ခဲ့ရုံပါ.. သူ့ရဲ့ သရုပ်မှန်ကိုလဲ ကျုပ်မသိခဲ့ပါဘူး”
“အဲ့-အဲ့ဒါ ဟုတ်ပါတယ်.. ကျုပ်တို့လဲ သူ့ကို လုံးဝ မသိပါဘူး”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ အခြားသူများသည်လည်း သူတို့က ဆူဇီမိုနှင့် မပတ်သတ်ကြောင်း အလောတကြီး ဝင်ပြောလိုက်ကြ၏။
“တောကောင်”
“ငါတို့ မျိုးနွယ်က မဟုတ်တဲ့သူတိုင်းကို ငါတို့ သတိထားရလိမ့်မယ်”
“သူ့ကိုသတ်.. သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေအတွက် လက်စားချေရလိမ့်မယ်”
“သတ်.. သတ်.. သတ်”
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာ အားတက်သရော် အော်လိုက်ကြ၏။
လူတိုင်း၏ မျက်လုံးများ နီရဲလာပြီး ဆူဇီမိုကို အရှင်လတ်လတ် ဆွဲဆုတ်ချင်နေကြ၏။
အခြားကျင့်ကြံသူများသာဆိုလျှင် တိုက်ခိုက်ခြင်း မခံရမီမှာပင် စိတ်ဓါတ်က ပြိုလဲသွားလောက်လေပြီ။
ရွှေခြင်္သေ့သည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်သော်လည်း ၎င်းက မြေပြင်မှာ ကြောက်လန့်စွာ ဝပ်တွား၍ မလှုပ်ရှားရဲပေ။
လူတိုင်းထံမှ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ကွက်စီ ထွက်လာသည်နှင့် သူ့ကို အလောင်းတောင် မကျန်စေဘဲ ဖျက်ဆီးပစ်လိုက်နိုင်လေသည်။
သူသည် စိတ်ထဲကနေ ကြိတ်ငိုနေပြီး မျက်ရည်များကတော့ ထွက်မလာပေ။
သို့သော်လည်း ဆူဇီမိုကတော့ တည်ငြိမ်နေဆဲဖြစ်၏။
မမြင်ရသော အနှိုင်းမဲ့အော်ရာတစ်ခုက သူ့ကို လွှမ်းခြုံထား၏။ ပြောရလျှင် သူ၏ အော်ရာက ခန်းမ၏ အတွင်းအပြင်ရှိ ကျင့်ကြံသူများအားလုံးထက် အားမနည်းပေ။
“ဟဟဟားဟား”
ယဲ့ထျန်းချန်က ခေါင်းကိုမော့၍ ရယ်မောပြီး ဆူဇီမိုကို ငုံ့ကြည့်လိုက်၏။
“ဆူဇီမို.. မင်းက မြို့ထဲကိုတောင် ဝင်လာရဲတယ်ဆိုတော့ တော်တော်သတ္တိရှိတာပဲ.. ဒါပေမယ့်လို့ မင်းက ဖန်သားနန်းတော်နဲ့ တိုက်ခိုက်ဖို့ အဆင့်မမီသေးဘူး”
ဆူဇီမိုက အမူအယာမဲ့စွာဖြင့် သူ့ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါက ငါနဲ့ ဖန်သားနန်းတော်ကြားက ရန်ကြွေးပဲ.. မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး.. ဒီကိစ္စမှာ ပါဝင်ပတ်သတ်ဖို့ စိတ်ကူးမရှိတဲ့သူတွေ အခုနေ အမြန်ဆုံး ထွက်သွားကြတော့”
“အဓိပ္ပါယ်မရှိတာကွာ”
ကျူးယွဲ့က ငေါက်ငမ်း၍ ဖြောင့်မတ်စွာ ကြေညာလိုက်၏။
“မင်းက သားရဲတစ်ကောင်ဆိုမှတော့ ကျင့်ကြံရေးလောကတစ်ခုလုံးရဲ့ ဘုံရန်သူပဲ”
ယဲ့ထျန်းချန်က အေးစက်စွာ လှောင်ရယ်၍ အသံမြှင့် ပြောလိုက်၏။
“အားလုံးပဲ.. ဒီနေ့ည စားသောက်ပွဲမှာ ဟင်းပွဲက တစ်မျိုးပဲရှိတယ်... ဒီပြန်ဝင်စားမွန်းစတားရဲ့ အသွေးနဲ့ အသား.. ဒီလူရဲ့ မျိုးဆက်သွေးချီက အရမ်းကြွယ်ဝပြီး သူ့အသားကလဲ အသက်ဓါတ်အဆီအနှစ် မြောက်များစွာ ပါဝင်တဲ့ မဟာအားတိုးဆေးကြီးပဲ.. ဒီလိုမျိုး စားကောင်းသောက်ဖွယ် ရသာမွန်ကို မြည်းစမ်းမလား မမြည်းစမ်းဘူးလားဆိုတာကတော့ မင်းတို့ပေါ်ပဲ မူတည်တယ်နော်”
များစွာသော ကျင့်ကြံသူများသည် အလိုလို နှုတ်ခမ်းသပ်၍ သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာကြ၏။
“ကောင်းတယ်ကွာ.. ကောင်းတယ်”
ဆူဇီမိုက ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“ဒီလိုဆိုမှတော့လဲ.. အစုလိုက်အပြုံလိုက် သေကြမှ ငါ့ကို အပြစ်မတင်ကြနဲ့ပေါ့ကွာ”