ကျိုးသွားသောလက်
Vol. 44 Ch. 650
“အစုလိုက်အပြုံလိုက် သတ်ဖြတ်မယ်လား”
ကျူးယွဲ့သည် လမ်းတစ်လျှောက်လုံး ဆူဇီမိုအပေါ် အမြင်မကြည်လာခဲ့ခြင်းဖြစ်၏။ ယခုအခါ သူသည် တုံ့ဆိုင်းခြင်းမရှိ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီး အော်ဟစ်လိုက်၏။
“မင်းကများ ငါ့ကိုပဲ အရင်ဖြတ်ကျော်ကြည့်လိုက်ဦး”
“တောင်ပိုင်းတူနှစ်ကိုယ်ကြယ်ဝင်္ကပါ”
ဝုန်း..
ကောင်းကင်တွင် အစက ကြယ်များက အစက်အပြောက်များအဖြစ် ရှိနေ၏။
ရုတ်တရက် ကြယ်ခြောက်စင်းက ကျိန်းစပ်သော ရောင်ခြည်များဖြင့် ဝင်းလက်တောက်ပလာပြီး ဆူဇီမိုကို လွှမ်းခြုံလာ၏။
ကျူးယွဲ့၏ ပတ်လည်မှ ကြောက်စရာကောင်းသည့် အော်ရာများက ဆက်တိုက် ထွက်ပေါ်လာလေသည်။ အဲ့ဒါက သူ၏ အမြုတေနယ်မြေစွမ်းအားပင် ဖြစ်လေသည်။
“ကဲ မင်းဘာသာ လွတ်အောင်ပြေးတော့”
ဆူဇီမိုက ရွှေခြင်္သေ့ကိုပုတ်၍ အေးစက်စက်အကြည့်နှင့်အတူ ခုန်ဆင်းလိုက်၏။ ဖျတ်ကနဲဆို သူက နေရာကနေ ပျောက်ကွယ်သွားလေသည်။
ရွှစ်..
နောက်ခဏ၌ သူသည် ကျူးယွဲ့၏ ရှေ့သို့ ရောက်လာ၏။
ရွှစ်..
အရမ်းမြန်လွန်း၏။
ကျင့်ကြံသူအများစုမှာ အချိန်မီ မတုံ့ပြန်နိုင်ကြပေ။
“ဥုံ!”
ဆူဇီမိုသည် သူ့ပါးစပ်ကို ဖွင့်၍ ဂါထာမန္တန်ကို ထုတ်ဖော်လိုက်၏။
ဖောင်း.. ဖောင်း.. ဖောင်း..
ကျူးယွဲ့၏ ဘေးတွင် ရပ်နေကြသော တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်ကုန်၏။ မည်သူ့မှ ချမ်းသာရာမရဘဲ အကုန်သေကုန်ကြလေသည်။
ဂါထာမန္တန်တစ်သံဖြင့် သူတို့သည် အလောင်းတောင် မကျန်ခဲ့ဘဲ ပေါက်ကွဲထွက်ကုန်ကြ၏။
ကျူးယွဲ့သည်လည်း တုန်လှုပ်သွားလေသည်။
မန္တန်တစ်သံဖြင့် သူ့ရွှေအမြုတေနယ်မြေကလည်း လှုပ်ခါလာလေပြီ။
တောင်ပိုင်းတူနှစ်ကိုယ်ကြယ်ခြောက်စင်းက တဖျပ်ဖျပ်ခတ်၍ ပျက်ပြယ်တော့မည့်လက္ခဏာ ပြလာ၏။
“သန်မာလိုက်တာ”
ကျူးယွဲ့သည် အံ့အားသင့်သွား၏။
တစ်ကယ်ဆို သူ့ရွှေအမြုတေနယ်မြေ၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ထိုမန္တန်အသံတစ်သံက သူ့ကိုပါ သေသည့်တိုင် ပေါက်ကွဲထွက်သွားစေနိုင်၏။
ထိုအခါ သူ၏ အဆုံးသတ်က သူ့ဘေးမှ သူ့ဂိုဏ်သားအဖော်များနှင့် သိပ်ပြီးကွာခြားမှာ မဟုတ်ပေ။
သူ့အတွေး မဆုံးသေးခင်မှာပင် ကျူးယွဲ့၏ မျက်လုံးများက ဝါးကနဲဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။
ဆူဇီမို၏ ပုံရိပ်က လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။
သူသည် ဒုန်းစိုင်းပြေးဝင်လာသော နတ်မြင်းတစ်ကောင်လို ဒူးနှစ်ဖက်ကို ရှေ့သို့ထုတ်၍ တလိပ်လိပ်တက်လာသော သွေးချီပေါက်ကွဲအားနှင့်အတူ ပစ်တိုက်ချလိုက်၏။
သူ့အော်ရာက ကြောက်ခမန်းလိလိ ဖြစ်လာ၏။
ဘုန်း..
ချက်ချင်းဆိုသလိုပင် ကျူးယွဲ့၏ ခန္ဓာကိုယ်က လွင့်စင်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အမြုတေနယ်မြေ၏ စွမ်းအားကလည်း လုံးလုံးလျားလျား ပျက်ပြယ်သွားလေသည်။ ကောင်းကင်ထက်မှ တောင်ပိုင်းတူနှစ်ကိုယ်ကြယ်ခြောက်စင်းက လုံးဝ မှိန်ကျသွား၏။
လေထဲမှာပင် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ပြတ်ထွက်သွားပြီး လေထုက သွေးများဖြင့် စွန်းထင်းသွားလေသည်။
“အား..!”
လူအုပ်ကြီးထဲမှာ ကြောက်လန့်တကြား အာမေဋိတ်သံများက ထွက်ပေါ်လာ၏။
ဤရှေးဟောင်းမြို့တော်ရှိ ကျင့်ကြံသူအများစုသည် ဆူဇီမို၏ ဂုဏ်သတင်းကို ကြားဖူးထားခဲ့ကြ၏။ သို့သော် သူ၏ တိုက်ခိုက်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးသူကား သိပ်မရှိပေ။
အဲ့ဒါထက် သူ့တိုက်ခိုက်တာကို မြင်တွေ့ခဲ့ဖူးသည့် လူအများစုက သေဆုံးသွားခဲ့ကြလေပြီ။
ယခုအခါ ဆူဇီမိုသည် ရွှေအမြုတေနယ်မြေတစ်ခုကို သူ့ခန္ဓာကိုယ်သက်သက်ဖြင့် လွှမ်းမိုးခြယ်လှယ်စွာ ဖျက်ဆီးပစ်လိုက်သည်ကို လူတိုင်း မြင်တွေ့ရသောအခါ သူတို့အပေါ် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်က အတော်လေး ကြီးမားသွားလေသည်။
လူတစ်ယောက်ရဲ့ မျိုးဆက်သွေးစွမ်းအားနဲ့ ခန္ဓာကိုယ်က ဘယ်လိုကြောင့် ဒီလောက်အဆင့်ထိ ရှိနေနိုင်ရတာလဲ..
ကျူးယွဲ့သည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ဝင်ခဲ့ဖူးသော တစ်စုံတစ်ယောက်ဖြစ်၏။
သူသည် အဆင့်က အောက်နားမှာ ကပ်နေသည်ဆိုသော်လည်း သူက ပြိုင်စံရှားတစ်ယောက်သာ ဖြစ်လေသည်။
သူက သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ထားတာတောင် တစ်ချီပင် ခံလိမ့်မည်မဟုတ်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
ဆူဇီမိုသည် လွန်ခဲ့သည့် နှစ် ၂၀ ကလည်း သန်မာခဲ့၏။
သို့သော် ထိုအချိန်တုန်းက သူ၏ မျိုးဆက်သွေးနှင့် ခန္ဓာကိုယ်စွမ်းအားက ဤအဆင့်ထိ မရောက်သေးပေ။
နှစ် ၂၀ ကြာပြီးနောက် သူ၏ တစ်ကယ့်အစစ်အမှန် တိုက်ခိုက်ရည်ခွန်အားကို မျက်မြင်တွေ့ဖူးသူက တစ်ယောက်မှ မရှိသေးပေ။
ယဲ့ထျန်းချန်တို့အုပ်စုသည် ဘေးကနေ စောင့်ကြည့်နေရင်း သူတို့၏ သူငယ်အိမ်က တင်းကျပ်သွားသော်လည်း သူတို့သည် ဣန္ဒြေရနေဆဲဖြစ်၏။ ထို့အစား သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုရိပ်က ပေါ်လာ၏။
သေချာတာကတော့ ဖန်သားနန်းတော်သည် သည်တစ်ခေါက် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်မလာခင်က တော်တော်လေးအားစိုက်၍ ပြင်ဆင်လာခဲ့၏။
ဖန်သားနန်းတော်၏ မျှော်မှန်းတွက်ဆမှုထက်ကျော်လွန်၍ ဖြစ်ပျက်လာတာ မရှိနိုင်ပေ။
ရွှစ်.. ရွှစ်.. ရွှစ်..
မရေမတွက်နိုင်သော ဓါးပျံများက လေထုကို ဖြတ်သန်းလာ၏။
စိတ်ဝိညာဉ်တိုက်ကွက်များစွာကလည်း ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားလေသည်။
ဆူဇီမိုသည် ခန်းမ၏ အမြင့်တစ်နေရာတွင် ရပ်နေသော ယဲ့ထျန်းချန်ကို စိုက်ကြည့်ပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာ၏။ သူ့ခန္ဓာကိုယ်မှ သွေးချီများက လျှံတက်လာပြီး တုန်လှုပ်ချောက်ချားစရာ ဆူနာမီအသံက မြည်ဟည်းလာလေသည်။
ဘုန်း..
သူ့ခြေဖျားများဖြင့် ကန်ကျောက်၍ ဆူဇီမိုသည် ချက်ချင်း ပျောက်ကွယ်သွားပြန်၏။
မူလသူရပ်ခဲ့ရာ ကျောက်တမံသလင်းတွင် ပင့်ကူအိမ်အက်ကွဲကြောင်းများက ပေါ်လာပြီး အပြင်ဘက်သို့ ဖြန့်ကျက်ထွက်သွား၏။
ပုံရိပ်တစ်ခုက လူသားလက်နက်တစ်ခုအသွင် ရပ်တန့်လို့ မရနိုင်သော စွမ်းပကားဖြင့် လူအုပ်ထဲသို့ ရိပ်ကနဲ ပစ်ဝင်သွားပြီး များစွာသော ကျင့်ကြံသူများကို လွင့်ပျံထွက်စေကုန်လေသည်။
ဓါးပျံအများစုနှင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကလည်း လွဲချော်ကုန်၏။
ဓါးပျံအချို့က ချဉ်းကပ်လာသောအခါ ဆူဇီမိုသည် လက်ကို ဆန့်ထုတ်၍ လေဟာနယ်ထဲမှာ ရူးသွပ်စွာ ဖမ်းဆွဲလိုက်၏။ သူသည် ဝင်ရောက်လာသော ဓါးပျံအများစုကို သူ့လက်ဖဝါးထဲမှာ ဖမ်းဆုပ်မိသွား၏။
“ပျက်စီးစမ်း”
သူသည် အော်ဟစ်ရင်း သူ့လက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
ဖျောင်း.. ဖျောင်း.. ဖျောင်..
သူ့လက်ဖဝါးထဲရှိ ဓါးပျံများက သူ့လက်ချည်းသက်သက်ဖြင့် ကျိုးပဲ့ကုန်လေသည်။
ထိုဓါးပျံအများစုက ထိပ်တန်းအဆင့်ဓါးပျံများ ဖြစ်ကြ၏။
ထိပ်တန်းအဆင့်ဓါးပျံတစ်လက်၏ ထက်ရှမှုက ဆူဇီမို၏ အသားကို ထိခိုက်စေနိုင်ခြင်း မရှိတော့ပေ။
“သတ်”
ဆူဇီမိုသည် များစွာသော စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ရင်ဆိုင်ရချိန်တွင် သူ့ပါးစပ်ကိုဖွင့်၍ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်၏။
မိုးကြိုးစွမ်းအားနှင့်အတူ တွဲဖက်၍ အလွန်တရာ ကျယ်လောင်သော ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာလေသည်။
ခန်းမတစ်ခုလုံးက လှုပ်ခါသွား၏။
လူတိုင်း၏ မျက်စိရှေ့မှာပင် မြောက်များလှစွာသော စိတ်ဝိညာဉ်တိုက်ကွက်များသည် ဆူဇီမို၏ ခန္ဓာကိုယ်နှင့် မထိတွေ့နိုင်ခင်မှာပင် စိတ်ဝိညာဉ်အလင်းစက်များအဖြစ် ပြန့်ကျဲထွက်၍ ပျက်ပြယ်ကုန်ကြလေသည်။
လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြ၏။
နတ်ဖီးနစ်ကျွန်းမှ ပြန်ဝင်စားမွန်းစတားနှင့် ပတ်သတ်၍ မရေမတွက်နိုင်သော ကောလာဟလများ ရှိခဲ့၏။ သို့သော် အဲ့ဒါကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရခြင်း မရှိဘဲ မည်သူမှ တူညီသော တုန်လှုပ်ချောက်ချားမှုကို ခံစားမိကြလိမ့်မည် မဟုတ်ပေ။
ယခုအချိန်ထိတိုင် ရှေးဟောင်းမြို့တော်ထဲရှိ ကျင့်ကြံသူတစ်ယောက်မှ နားမလည်သေးသောအချက်ရှိ၏။
တစ်ကယ့် အစစ်အမှန် သတ်ဖြတ်ခြင်းက ယခုမှ စတင်မှာပင်။
သူတို့ယနေ့ မြင်တွေ့ထားသည်မှာ သမိုင်းတစ်လျှောက်အသန်မာဆုံးပြန်ဝင်စားမွန်းစတား၏ ရေခဲတောင်ထိပ်ဖျားလေးမျှသာ ရှိသေးလေသည်။
ဆူဇီမိုသည် လေထဲမှာ ကူးလူးယှက်ဖြာနေပြီး မည်သူ့မှ သူ့ကို ဖမ်းမမိနိုင်ကြပေ။
ဆူဇီမိုသည် အဆင့်သတ်မှတ်ချက်ဝင်သော ရွှေအမြုတေနယ်မြေကိုပင် လက်ဗလာဖြင့် ဖျက်ဆီးပစ်နိုင်မှတော့ သာမန်ကျင့်ကြံသူများ၏ ရွှေအမြုတေနယ်မြေများက သူ့လမ်းကြောင်းကို လုံးဝ မရပ်တန့်နိုင်ပေ။
သူသည် ယဲ့ထျန်းချန်နှင့် ပိုပိုနီးလာ၏။
“စီနီယာအစ်ကိုယဲ့.. ကျုပ်တို့ ဝင်္ကပါကို အသက်သွင်းရတော့မလား”
ယဲ့ထျန်းချန်နောက်ရှိ ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်က တီးတိုးမေးလိုက်၏။
“မလိုဘူး”
ယဲ့ထျန်းချန်သည် သူ့လက်နှစ်ဖက်ကို သူ့ဝတ်ရုံထဲမှာ ဝှက်ထားရင်း သရော်ပြုံးကာ အေးအေးလူလူ ပြောလိုက်၏။
“သူတို့ပြောတဲ့ ဒီပြန်ဝင်စားမွန်းစတားက ဘယ်လောက်ထိ သန်မာလဲဆိုတာ ငါစမ်းကြည့်ချင်သေးတယ်”
“စီနီယာအစ်ကိုယဲ့.. ဒီလိုကိစ္စမျိုးကို ကိုယ်တိုင်အရဲစွန့်ကြည့်စရာ မလိုပါဘူး.. ဟုတ်-ဟုတ်တယ်မလား”
ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။
“ကိုယ်တိုင်အရဲ့စွန့်ကြည့်တယ် ဟုတ်လား”
ယဲ့ထျန်းချန်က အေးစက်စက် နှာတစ်ချက်မှုတ်ပြီး ပြောလိုက်၏။
“အရင်ထဲက အနီးကပ်တိုက်ခိုက်ရည်မှာ ငါက ရှီးဝူယာထက် အားမနည်းခဲ့ဘူးကွ.. အဲ့ဒါကို ဘာလို့ အရဲ့စွန့်တာလို့ ပြောရတာလဲ”
“နောက်ပြီး ဖန်သားနန်းတော်က ခန္ဓာမီးဆေးနည်းစနစ်မှာ နာမည်အကျော်ကြားဆုံးပဲ.. ငါက ဘာလို့ တောကောင်တစ်ကောင်ကို ကြောက်နေရမှာလဲ”
“သတိထားပါ.. စီနီယာအစ်ကိုယဲ့”
ယဲ့ထျန်းချန်၏ အမူအယာက အေးစက်လာပြီး ရောက်ရှိလာပြီဖြစ်သော ဆူဇီမိုထံသို့ ပြေးဝင်ချသွား၏။
“ဆူဇီမို.. ငါ့လက်သီးကိုလဲ မြည်းကြည့်လိုက်ဦး”
ရှေ့သို့ တက်သွားရင်း ယဲ့ထျန်းချန်၏ သွေးချီက တလိပ်လိပ်မြင့်တက်လာပြီး သူ့ဆံပင်များက ရူးသွပ်စွာကခုန်ကာ ဆူဇီမို၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ပစ်ထိုးချလိုက်၏။
သူသည် ထိုးချက်နှက်ကို ထုတ်ဖော်လိုက်သော်လည်း သူ့လက်က အင်္ကျီလက်စထဲမှာသာ ရှိနေပြီး ထွက်ပေါ်လာခြင်းမရှိဘဲ လက်သီးဆုပ်ထားသော ပုံသဏ္ဌာန်ကိုသာ ပြထားလေသည်။
(ဝတ်ရုံပွပွကို ဝတ်ထားပြီး အင်္ကျီလက်က လက်တံထက် ရှည်၍ လက်ကို ဖုံးအုပ်ထားခြင်း ဖြစ်သည်)
ဆူဇီမိုက သူ့အကြည့်ကို ကျဉ်းမြောင်း၍ နောက်လည်းမဆုတ်၊ ရှောင်လည်းမရှောင်ဘဲ သူ့လက်သီးဖြင့် ပြန်လှန်ထိုးလိုက်၏။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးရှိ သီယင်းကလွဲလျှင်.. အဆင့်တူချင်း၌ အနီးကပ်တိုက်ခိုက်ရည်မှာ သူနှင့်ယှဉ်နိုင်သော အခြားမည်သည့်ကျင့်ကြံသူကိုမှ သူ မကြုံတွေ့ခဲ့ရဘူးပေ။
ဆူဇီမိုက ထိပ်တိုက်ရင်ဆိုင်၊ ပြန်လှန်ထိုးနှက်ဖို့ ဆုံးဖြတ်လိုက်သည်ကို တွေ့သောအခါ ယဲ့ထျန်းချန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ထိန်းချုပ်လို့ မရအောင် တောက်ပလာ၏။
ဘုန်း..
လက်သီးနှစ်လုံးက ထိတွေ့သွား၏။
ယဲ့ထျန်းချန်၏ အင်္ကျီလက်စက ချက်ချင်းစုတ်ပြဲသွားပြီး လိပ်ပြာများကဲ့သို့ အပိုင်းပိုင်းပြတ်တောက် လွင့်ပျံသွား၏။
ယဲ့ထျန်းချန်၏ လက်သီးပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုက ဝင်းလက်တောက်ပလာ၏။
သူသည် လက်အိတ်တစ်ခုကို စွပ်ထားခြင်း ဖြစ်ပြီး အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။
အဲ့ဒါက သူ၏ သတ်ဖြတ်ကွက်ပင်။
ထို့ကြောင့် ဆူဇီမိုသည် လက်သီးချင်းဆိုတာထက် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုနှင့် ရင်ဆိုင်ထိတွေ့လိုက်ရခြင်း ဖြစ်၏။
သူတို့၏ လက်သီးများက ထိတွေ့သွားပြီဖြစ်ပြီး အခုနေ သူက ရှောင်ချင်လျှင်တောင် နောက်ကျသွားလေပြီ။
ဆူဇီမို၏ လက်ခုံပေါ်တွင် အပေါ့စားဒဏ်ရာတစ်ခုက ပေါ်လာ၏။
“ဟဟ.. ဆူဇီမို သေဖို့သာ ပြင်ထားလိုက်တော့”
ယဲ့ထျန်းချန်က ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။
သူ့ရယ်သံမစဲသေးခင်မှာပင် သူ့နှလုံးထဲမှာ နင့်ကနဲ ဖြစ်သွား၏။
ဆူဇီမို၏ မျက်လုံးများထဲတွင် ကြောက်လန့်မှု နည်းနည်းလေးမှ ရှိမနေပေ။ ထိုမျက်လုံးများက ရေကဲ့သို့ တည်ငြိမ်နေ၏။
“မဖြစ်နိုင်တာ”
သူ့အတွေးမဆုံးသေးခင်မှာပင် ယဲ့ထျန်းချန်၏ အကြည့်က ရွေ့လျားသွား၏။
ဆူဇီမိုသည် လက်သီးက သူ့လက်သီးနှင့် ထိတွေ့မိရုံရှိစဉ်မှာပင် ပျော့ပြောင်းသွားပြီး ဘေးသို့ တိမ်းစောင်းလိုက်၏။ သူ့လက်က အနာကွန်ဒါကဲ့သို့ ပြင်းထန်သည့်အဟုန်ဖြင့် ရှေ့သို့ ရစ်ပတ်လာ၏။
ရစ်ပတ်.. ထိတွေ့.. ဆွဲ..
ရှီး..
လေထဲမှာ သွေးမြူတစ်ခုက ပေါ်လာ၏။
ထိုသို့နှင့်ပင် ယဲ့ထျန်းချန်၏ လက်က ဆူဇီမို၏ လက်ချက်ဖြင့် စုတ်ပြဲသွားကြလေသည်။