← Chapters

အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါ

Vol. 44 Ch. 651

အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါ

Vol. 44 Ch. 651

“အား!”

ယဲ့ထျန်းချန်၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ သူ့မျက်နှာက သွေးဆုတ်သွား၏။

သူတို့၏ ထိတွေ့ရိုက်ခတ်မှု တစ်ချီအတွင်းမှာပင် သူတို့ကြား အနိုင်ရသူကို ဆုံးဖြတ်ပြီးသား ဖြစ်သွားလိမ့်မည်ဟု သူတစ်ကယ်ကို ထင်မှတ်မထားပေ။

သူသာ အတွေ့အကြုံမရင့်ကျက်သော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် သူ့နည်းလမ်းများ အလုပ်ဖြစ်နိုင်၏။

သို့သော် ဆူဇီမိုကို လှည့်စားဖို့ စဉ်းစားနေခြင်းမှာ သူက နုံအသောကြောင့်သာ ဖြစ်လေသည်။

ဆူဇီမို၏ တုံ့ပြန်မှုက မယုံကြည်နိုင်အောင် မြန်ဆန်လေသည်။

သူတို့၏ လက်သီးနှစ်ဖက်က ထိတွေ့တွေ့ချင်းမှာပင် တစ်ခုခုလွဲမှားနေတာကို သူသတိထားမိပြီးဖြစ်ပြီး သူ၏ နည်းပရိယာယ်ကို ချက်ချင်းပြောင်းကာ နွားရိုင်းလျှာဆေဘာအကွက်ဖြင့် ယဲ့ထျန်းချန်၏ လက်ကို ဆုတ်ဖြဲပစ်လိုက်၏။

သူတို့နှစ်ယောက်က နီးကပ်လွန်းနေ၏။

ဆူဇီမိုသည် ယဲ့ထျန်းချန်ကို ဒီတိုင်းလွှတ်ပေးလိုက်ဖို့ စိတ်ကူး မရှိပေ။

“သေဖို့ ပြင်ထားရမှာက မင်းပဲ”

ဆူဇီမိုသည် ဟိန်းဟောက်၍ ရှေ့သို့ တက်ကာ သူ၏ လက်ချောင်းများကို ဖြန့်၍ လှမ်းဆွဲလိုက်၏။

ဖန်း.. ဖန်း.. ဖန်း..

ဓါးမြှောင်များကဲ့သို့ အေးစက်စက်အလင်းဖြင့် တောက်ပနေသော ကျောက်စိမ်းဖြူရောင်လက်သည်းများက ပြူထွက်လာပြီး ယဲ့ထျန်းချန်၏ ဦးခေါင်းကို လှမ်းကုတ်ဆွဲလိုက်၏။

ထိုကုတ်ဆွဲချက်သာ ကျဆင်းသွားလျှင် ယဲ့ထျန်းချန်၏ ဦးခေါင်းတွင် သွေးသံရဲရဲအပေါက်ငါးပေါက်က သေချာပေါက် ပေါ်လာပေလိမ့်မည်။

ရုတ်တရက်..

ဆူဇီမို၏ စိတ်ထဲတွင် အန္တရာယ်သတိပေးချက်က ပေါ်လာ၏။

ဆူဇီမိုသည် တုံ့ဆိုင်းခြင်းမရှိ၊ ယဲ့ထျန်းချန်အား သတ်ဖြတ်ခြင်းကို ချက်ချင်းပြတ်သားစွာ လက်လျှော့ကာ နောက်သို့ လျှင်မြန်စွာ ခုန်ဆုတ်လိုက်၏။

သက်တံရောင်ဖန်သားအလင်းက ပစ်ကျလာပြီး သူ့ခန္ဓာကိုယ်ဘေးကနေ ကပ်ထွက်သွား၏။ အဲ့ဒါက အလွန်တရာ ထက်ရှပြီး လေဟာနယ်ကို ပိုင်းဖြတ်သွားလုနီးပါးပင်။

ဆူဇီမိုသာ အနည်းငယ်ကလေး နောက်ကျခဲ့လျှင် ထိုဖန်သားအလင်းက သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်သွားလောက်လေပြီ။

လေထုထဲတွင် ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျတစ်ခုက ဖြန့်ကျက်လာ၏။

ထိုစွမ်းအင်က အမြုတေနယ်မြေ၏ စွမ်းအားးအဆင့်ထက်ကို ကျော်လွန်နေလေပြီ။

ဓမ္မစွမ်းအား..

နိုးထဝိညာဉ်က တိုက်ခိုက်လိုက်ခြင်း...

အဲ့ဒါသည် ယဲ့ထျန်းချန်၏ နောက်ရှိ ချိတ်ပိတ်ထားသူနှစ်ယောက်ထဲမှာ တစ်ယောက်ဖြစ်၏။

ထိုသတင်းအချက်အလက်က ဆူဇီမို၏ စိတ်ထဲမှာ ပေါ်လာပြီး သူက နောက်လှည့်ခြင်းမရှိ ဆက်ပြေးသွား၏။

ယဲ့ထျန်းချန်ကို သူ့လက်ကနေ ကယ်ထုတ်ဖို့ တုံ့ပြန်နိုင်စွမ်းရှိသူများမှာ ချိတ်ပိတ်ထားသူများသာ။

အခြားမည်သူကမျှ အဲ့ဒါကို လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

မှန်လေသည်။

မလှမ်းမကမ်းတွင် မီးခိုးရောင်ဆံပင်နှင့် အဖိုးအိုတစ်ယောက်၏ မျက်လုံးများက မှိန်ကျသွားပြီး ခေါင်းခါလိုက်၏။

“ဒီလူက အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်.. ငါတို့ ပူးပေါင်းအင်အားနဲ့တောင် သူ့ကို ဆွဲမထားနိုင်ဘူး”

ရုတ်တရက် အဖိုးအို၏ နောက်ရှိ လေဟာနယ်က ဆုတ်ပြဲသွားပြီး နက်မှောင်နေသော အက်ကွဲကြောင်းတစ်ခုက တိတ်တဆိတ် ပေါ်လာ၏။ အနိဋ္ဌာရုံဆန်သော လေများက အထဲကနေ တိုက်ခတ်ကာ အရာအားလုံးကို ဝါးမျိုဖို့ ခြိမ်းခြောက်လာလေသည်။

ဓမ္မစွမ်းအား ပေါ်ပေါက်လာခြင်းက လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ထိုအက်ကွဲကြောင်းက စွမ်းအင်ထွက်ပေါ်လာရာ ရင်းမြစ်ကို ရှင်းလင်းပစ်ပြီး တည်ဆောက်မှုပုံသဏ္ဌာန်ကို ပြန်လည်တည်ငြိမ်စေမည် ဖြစ်လေသည်။

အဖိုးအိုက သက်ပြင်းချ၏။

“ဝင်္ကပါကို ဆင့်ခေါ်”

ထိုသို့သူပြောပြီးသည်နှင့် လေဟာနယ်အက်ကွဲကြောင်းက သူ့ခန္ဓာကိုယ်ကို ဆွဲယူဝါးမျိုသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်၏။ သူနှင့် ပတ်သတ်တာ တစ်စွန်းတစ်စတောင် မကျန်ရစ်ခဲ့ပေ။

လေဟာနယ်အက်ကွဲကြောင်းက ဖြည်းဖြည်းချင်း အကြားအလပ်မရှိ ပြန်ပိတ်သွား၏။

ဝင်္ကပါကို ဆင့်ခေါ်ခြင်းလား..

ဆူဇီမိုသည် မျက်ခုံးအနည်းငယ်ပင့်ပြီး ရုတ်တရက် အန္တရာယ်အာရုံတစ်ခုကို သူခံစားမိလိုက်၏။

ယဲ့ထျန်းချန်၏ နောက်ရှိ ချိတ်ပိတ်ထားသူ နောက်တစ်ယောက်က ဘေးပတ်လည်ကို အကဲခတ်၍ လေထဲသို့ ခုန်တက်ပြီး ကြေညာလိုက်၏။

“အားလုံးပဲ.. ဒီကောင်လေးကို သတ်ဖို့ ကျုပ်တို့ကို ကူညီပါဦး”

“ကောင်းပြီလေ”

“ဒီဘဝမှာ ငါမသေခင် ဒီလိုမျိုး ပြန်ဝင်စားမွန်းစတားတစ်ကောင်ကို သတ်နိုင်တော့မှာပါလား”

“ဟဟဟဟားဟား.. ဒီကောင်လေးကိုသာ ငါနဲ့အတူ သေရွာခေါ်သွားနိုင်ရင် ငါ့ဘဝက အလဟဿ မဖြစ်တော့ဘူးပဲ”

ရှေးဟောင်းမြို့တော်၏ မြို့ရိုးလေးဘက်အထက်မှ အသံဗလံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။

မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်မှ မီးခိုးရောင်ဆံပင်များ၊ မုတ်ဆိတ်များနှင့် အဖိုးအိုများက ပေါ်လာကြ၏။ သူတို့သည် သူတို့၏ ဓမ္မစွမ်းအားကို မထုတ်လွှတ်ရသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်တွင်းတွင် ဖိနှိမ်ထားသော တုန်လှုပ်ချောက်ချားစရာအော်ရာတစ်ခုစီက ရှိနေကြ၏။

ချိတ်ပိတ်ထားသူ လေးယောက်!

ပုံမှန်အားဖြင့်ဆို ဂိုဏ်းတစ်ဂိုဏ်းက ရှေးဟောင်းတိုက်ပွဲမြေသို့ သူတို့၏ ပြိုင်စံရှားနှင့်အတူ ချိတ်ပိတ်ထားသူနှစ်ယောက် ထည့်ပေးလိုက်ခြင်းက လွန်ကျွံနေပြီ ဖြစ်လေသည်။

ပြောရလျှင် ချိတ်ပိတ်ထားသူ တစ်ယောက်မှ ထည့်ပေးလိုက်ခြင်း မရှိသော ထိပ်သီးဂိုဏ်းကြီးအချို့တောင် ရှိ၏။

ဘာလိုပဲဖြစ်ဖြစ် ချိတ်ပိတ်ထားသူများသည် တိုက်ခိုက်ပြီးသည်နှင့် သေရမည်သာဖြစ်၏။

သူတို့၏ ဘဝသက်တမ်းက ကုန်ခါနီးပြီး နှစ်အနည်းငယ်သာ ကျန်ရှိတော့သည်ဆိုလျှင်တောင် မည်သည့်ကျင့်ကြံသူကမှ ရှေးဟောင်းတိုက်ပွဲမြေသို့ အသေခံဖို့ ဝင်ရောက်လိုကြမည် မဟုတ်ပေ။

ယခုအခါမှာတော့ ဖန်သားနန်းတော်က ချိတ်ပိတ်ထားသူ ခြောက်ယောက်တောင် ထည့်ပေးလိုက်၏။

သူတို့က ဆူဇီမိုကို တော်တော်လေး အထင်ကြီးပေးထားသည်မှာ သိသာလေသည်။

ဘယ်လိုပဲပြောပြော.. ဆူဇီမို၏ စစ်ကြေညာခြင်းမှာ ဖန်သားနန်းတော်သည် တစ်ကယ်ပင် ဖိအားအတော်လေး များခဲ့၏။

ဤအချိန်အတောအတွင်း ယဲ့ထျန်းချန်၏ ဒဏ်ရာက ပတ်တီးစည်းပြီးသွားလေပြီ။

သူသည် ဆူဇီမိုကို အငြိုးအတေးကြီးစွာ စိုက်ကြည့်ပြီး မာန်မဲလိုက်၏။

“ဆူဇီမို.. ငါ မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အသားတွေကို တစ်လွှာချင်းခွာပြီး စားပြမယ်.. ငါ မင်းကို သေတဲ့အထိ နှိပ်စက်ပြမယ်ကွ”

“ဟဟဟားဟား”

ဆူဇီမိုက လေထဲမှာရပ်ပြီး ဟားတိုက်ရယ်ချလိုက်၏။

“နောက်ထပ် ချိတ်ပိတ်ထားသူလေးယောက် ရှိတာနဲ့ပဲ မင်းက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတယ်ပေါ့လေ”

“ဟမ့်”

ယဲ့ထျန်းချန်က အရုပ်ဆိုးစွာ သရော်လိုက်၏။

“သိပ်ပြီး ဇောင့်ကြွားမနေနဲ့ကွ.. မင်း ငါတို့ဆီ တိုးဝင်လာမယ်ဆိုတာ ငါတို့သိလို့ သေသေချာချာ ပြင်ဆင်လာပြီးသား.. မင်းကိုယ်မင်း ကြိုတင်ပြင်ဆင်ထားလိုက်တော့”

အရှေ့ဘက်မြို့ရိုးပေါ်ရှိ ချိတ်ပိတ်ထားသူ၏ လက်ချောင်းထိပ်များက ထပ်တလဲလဲ ရွေ့လျား၍ သူ့နဖူးက တောက်ပလာကာ အလင်းတန်းများက ဆက်တိုက်ပေါ်လာပြီး စက်ဝိုင်းပုံစံ စိတ်ဝိညာဉ်လက်နက်တစ်ခုပေါ်သို့ ကျဆင်းသွားလေသည်။

ဝှီး..

ထိုစိတ်ဝိညာဉ်လက်နက်က လည်ပတ်၍ ချက်ချင်းပင် အလင်းတန်းမီးမောင်းတစ်ခုက ထွက်ပေါ်လာပြီး ဆူဇီမိုပေါ်သို့ ထိုးကျလာလေသည်။

“ဟမ့်.. သားရဲထုတ်ဖော်ကြေးမုံလား”

ဆူဇီမို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး သူ့သွေးချီကို ထုတ်ဖော်လိုက်၏။ သူ့ခန္ဓာကိုယ်က တဖျပ်ဖျပ်လက်လာပြီး သားရဲထုတ်ဖော်ကြေးမုံ၏ အလင်းမီးမောင်းကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။

သို့သော် သူ့လှုပ်ရှားမှုနည်းစနစ်များက ဘယ်လိုပင် မြန်ပါစေ အလင်းထက်တော့ ပိုမမြန်နိုင်ပေ။

သားရဲထုတ်ဖော်ကြေးမုံက သားရဲတောကောင်များအပေါ် ထိခိုက်စေခြင်း မရှိပေ။

၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက် အတွင်းအမြုတေ သို့မဟုတ် အမြုတေစိတ်ဝိညာဉ်ကို ချုပ်နှောင်ဖို့သာ။

အတွင်းအမြုတေက ချုပ်နှောင်ခံရလျှင် သားရဲတောကောင်များသည် သူတို့၏ အတွင်းအမြုတေစွမ်းအားကို ဆုံးရှုံးသွားမည်ဖြစ်ပြီး သူတို့၏ အစစ်အမှန်သွင်ပြင်က ထင်ပေါ်လာပေလိမ့်မည်။

ဝှစ်..

အနောက်ဘက်မှ နောက်ထပ်အလင်းမီးမောင်းတစ်ခုက ထိုးကျလာပြန်၏။

ဆူဇီမို၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်သွား၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်၍ သူ၏ လည်ပတ်နေသော အတွင်းအမြုတေထိရောက်ဖို့ ကြိုးစားနေ၏။

သို့သော် သူ၏ လက်ကောက်ဝတ်ပေါ်တွင် ဝှက်ထားသော မင်းဝမ်ပုတီးကုံးက တောက်ပလာပြီး ထိုစွမ်းအင်ကို တားဆီးပေးထား၏။

မင်းဝမ်ပုတီးကုံးသည် အစက မူလဓမ္မလက်နက်တစ်ခု ဖြစ်၏။

ဗုဒ္ဓပုတီးစေ့နှစ်စေ့က ပျောက်ဆုံး၍ အဲ့ဒါက မပြည့်မစုံ ဖြစ်နေသော်လည်း အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သော ဓမ္မစွမ်းအားအချို့ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။

အလင်းမီးမောင်းက ဆူဇီမိုပေါ်တွင် တောက်ပလာသောအခါ သူသည် ခဏမျှ ရပ်တန့်သွားပြီးနောက် သူ့သွေးချီကို အရူးအမူး လှည့်ပတ်လိုက်၏။ သူ့အတွင်းအမြုတေ၏ စွမ်းအားက တလိပ်လိပ်တက်လာပြီး သူ့အမြန်နှုန်းက နောက်တစ်ဆင့်မြင့်တက်ကာ အလင်းမီးမောင်းကနေ ရုန်းထွက်နိုင်သွား၏။

“ဟမ့်”

ချိတ်ပိတ်ထားသူတစ်ယောက်က ညင်သာစွာ အံ့အားတသင့် ရေရွတ်လိုက်၏။

“သားရဲထုတ်ဖော်ကြေးမုံတစ်ချပ် သူ့ကို ထိန်းထားဖို့ မလုံလောက်ဘူးပဲ”

“တော်သေးတာပေါ့.. ငါတို့ ကြိုတင်ပြင်ဆင်လာလို့”

ဝှစ်.. ဝှစ်..

နောက်ထပ်အလင်းမီးမောင်းနှစ်ခုက ထိုးကျလာပြန်၏။

ပြေးစရာ နေရာမရှိတော့ဘဲ ဆူဇီမိုသည် အလင်းမီးမောင်းနှစ်ခုကြောင့် လှုပ်မရတော့ပေ။

ထို့နောက် ချက်ချင်းပင် ပထမအလင်းမီးမောင်းနှစ်ခုကလည်း ဆူဇီမိုအပေါ် ဆင်းသက်လာပြန်၏။

သားရဲထုတ်ဖော်ကြေးမုံလေးချပ်မှ အလင်းမီးမောင်းလေးခုစလုံးက ဆူဇီမိုအပေါ် ထိုးဆင်းနေပြီး သူ့ဘေးပတ်ချာလည်က ထိန်ထိန်လင်းနေ၏။

သူ့အတွင်းအမြုတေက လုံးဝချုပ်နှောင်ခံလိုက်ရပြီး လှည့်ပတ်လို့ မရတော့သည်ကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိနေ၏။

ဘာပဲပြောပြော မင်းဝမ်ပုတီးက ပျက်စီးနေသော ဓမ္မလက်နက်တစ်ခုသာ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ်ကို မကျင့်ကြံရသေးသည့်အတွက် မင်းဝမ်ပုတီး၏ အစစ်အမှန်ခွန်အားကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။ သူအတတ်နိုင်ဆုံးလုပ်နိုင်သည်မှာ ပျက်စီးနေသော ဓမ္မလက်နက်ကိုသုံး၍ သားရဲထုတ်ဖော်ကြေးမုံတစ်ချပ်ကို ခုခံနိုင်ရုံသာ။

ယခု ဖန်သားနန်းတော်က သားရဲထုတ်ဖော်ကြေးမုံ လေးချပ်တောင် ထုတ်သုံးလာမှတော့ မင်းဝမ်ပုတီးလည်း ဘာမှ မလုပ်နိုင်တော့ပေ။

“အရပ်လေးမျက်နှာသားရဲဖိနှိမ်ခြင်းဝင်္ကပါ!”

ချိတ်ပိတ်ထားသူလေးယောက်က တင်းမာခက်ထန်သော အမူအယာဖြင့် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

ရုတ်တရက်.. သားရဲထုတ်ဖော်ကြေးမုံလေးချပ်မှ ထွက်လာသော အလင်းမီးမောင်းများပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များ၊ မန္တန်စာများက ပေါ်လာပြီး ဝင်းလက်တောက်ပလာ၏။

ဆူဇီမိုအပေါ်ရှိ ဖိအားက ပိုမိုသိပ်သည်းပြင်းထန်လာပြီး သူသည် ခပ်ထိုင်းထိုင်း ညည်းညူလိုက်ရ၏။

ချိတ်ပိတ်ထားသူလေးယောက်၏ လက်ထဲမှာ သားရဲထုတ်ဖော်ကြေးမုံလေးချပ်က ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။

ထိုဝင်္ကပါက ဆူဇီမိုအပေါ်သို့ ဧရာမတောင်ကြီးတစ်လုံးလို လှုပ်မရအောင် ချုပ်ထားကာ ဖိအားများကို အဆက်မပြတ် ပို့လွှတ်ပြီး သူ့ကို နေရာကနေ မရွေ့နိုင်အောင် ချုပ်နှောင်ထားလေသည်။

သူ့ခန္ဓာကိုယ်တွင်းရှိ အရိုးများနှင့် အရွတ်များက တဆတ်ဆတ်တုန်ခါလာပြီး ဖျိုးဖျိုး ဖျောက်ဖျောက် ကြိတ်သံများ ထွက်နေလေသည်။

သူသည် ဦးညွှတ်ဖို့ကို ငြင်းဆန်၍ အံကိုကြိတ်ထားပြီး သူ့မျက်လုံးများက ကြမ်းကြုတ်ခက်ထန်မှုဖြင့် တောက်ပနေ၏။ သူ့မျိုးဆက်သွေးကို အစွမ်းကုန် လှည့်ပတ်ပြီး သူ့ကျောထက်က ဖိအားကို တွန်းလှန်ထားရ၍ သူ့လည်ပင်းပေါ်တွင် သွေးကြောစိမ်းများတောင် ထောင်ထလာ၏။

မြို့ရိုးလေးခုအထက်မှ လေဟာနယ်အက်ကွဲကြောင်းတစ်ခုစီက ပေါ်လာ၏။

ချိတ်ပိတ်ထားသူလေးယောက်က ဆက်တိုက် ဝါးမျိုခံလိုက်ရလေသည်။

သို့သော်လည်း ဝင်္ကပါက အသက်ဝင်သွားပြီးဖြစ်ကာ အခြေအနေက သတ်မှတ်ပြီးသွားလေပြီ။ ချိတ်ပိတ်ထားသူများက သေသွားတာတောင် ဆူဇီမိုက မလွတ်မြောက်နိုင်တော့ပေ။

All Chapters