← Chapters

သူ့ရဲ့ တစ်ဟုန်ထိုး သတ်ဖြတ်လိုစိတ်က ကောင်းကင်ကိုတောင် သက်ရောက်သည်

Vol. 44 Ch. 652

သူ့ရဲ့ တစ်ဟုန်ထိုး သတ်ဖြတ်လိုစိတ်က ကောင်းကင်ကိုတောင် သက်ရောက်သည်

Vol. 44 Ch. 652

ထိုမြင်ကွင်းက ရှေးဟောင်းမြို့တော်ရှိ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားစေလေသည်။

ဆူဇီမိုကိုသတ်ဖို့ အခွင့်အရေးတစ်ခုနှင့် ချိတ်ပိတ်ထားသူလေးယောက်၏ အသက်ကို အလဲအထပ် ပြုလုပ်ခဲ့ရ၏။ ထိုကုန်ကျစရိတ်က အရမ်းကို များလွန်းသည်ဟု ထင်ရလေသည်။

သို့သော်လည်း မှားယွင်းမှုတစ်စုံတစ်ရာ မရှိစေရန် သေချာစိတ်ချရဖို့ အဲ့ဒါကသာ တစ်ခုတည်းသော နည်းလမ်းဟု ပြောရပေမည်။

အဘယ်ကြောင့်ဆိုသော် ဖန်သားနန်းတော်၏ ချိတ်ပိတ်ထားသူခြောက်ယောက် ပူးပေါင်းတိုက်ခိုက်လျှင်တောင် ဆူဇီမိုကို သတ်ဖြတ်နိုင်ဖို့ မသေချာသောကြောင့် ဖြစ်လေသည်။

ယခု မြို့ရိုးပေါ်ရှိ သားရဲထုတ်ဖော်ကြေးမုံများကို အရပ်လေးမျက်နှာကနေ ဓမ္မစွမ်းအားဖြင့် အသက်သွင်း၍ သားရဲများကို အထူးတလည်ပစ်မှတ်ထားသော ဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့၏။ ထိုသို့ဖြင့် ဆူဇီမိုသည် နေရာမှာတင် အမြစ်တွယ်၍ မလှုပ်မယှက် ရပ်နေရတော့၏။

ဤစွမ်းအားက ရွှေအမြုတေအဆင့်၏ ခွန်အားထက် ကျော်လွန်နေလေပြီ။

မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ရာ ရောက်လာလျှင်တောင် သူတို့အားလုံးသည် အသားပျော့ဖတ်ဖြစ်သည့်အထိ ဖိချေခံရပေလိမ့်မည်။

တစ်နည်းအားဖြင့် ပြောရလျှင် လွန်ခဲ့သည့် နှစ် ၂၀ က ဆူဇီမို ဖြစ်ပါက သူသည်လည်း အသက်ဆယ်ရှိုက်စာထက် ပိုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဟဟဟားဟား”

ယဲ့ထျန်းချန်၏ လက်က စုတ်ပြတ်သွားပြီးနောက် သူသည် သွေးပမာဏ အတော်များများကို ဆုံးရှုံးခဲ့ရကာ သူ့မျက်နှာက ဖြူဆုတ်နေ၏။ သို့သော် ယခုအခါ သူသည် ခေါင်းကိုမော့၍ ရူးသွပ်စွာ ရယ်မောကာ အံကိုတင်းတင်းကြိတ်လိုက်၏။

“ဆူဇီမို.. မင်း ဘာလို့ ထပ်ပြီး ဇောင်းမကြွရတော့တာလဲ.. မင်းဟာမင်း သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဆိုတော့ရော ဘာဖြစ်လဲ.. နောက်ဆုံးတော့လဲ ဖန်သားနန်းတော်ရဲ့ အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါအောက်မှာ သေရတာပဲမှတ်လား”

ဆူဇီမို၏ အမူအယာက သုန်မှုန်သွားပြီး ဆိတ်ဆိတ်သာနေ၏။

ဝေါ..

သူ့မျိုးဆက်သွေးကို နောက်ဆုံးအကန့်အသတ်ထိ လှည့်ပတ်လိုက်သည့်အတွက် ခပ်ထိုင်းထိုင်း ဆူနာမီအသံက မြည်ဟည်းလာ၏။

နေရာတိုင်းမှာ ဦးခေါင်းများက စတင်၍ ပေါ်ထွက်လာကြ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများက ဆူဇီမိုကို အလယ်မှာထားပြီး တစ်လွှာပြီးတစ်လွှာ ဝိုင်းပတ်လာကြသည့်အတွက် လူသားလှိုင်းတစ်ခုက ပေါ်ပေါက်လာလေသည်။

သမိုင်းထဲက အသန်မာဆုံးပြန်ဝင်စားမွန်းစတား၏ သေဆုံးမည့်အခိုက်အတန့်ကို ကျင့်ကြံသူအားလုံးက မျက်မြင်ကိုယ်တွေ့ချင်ကြလေသည်။

လူအုပ်ကြီး၏ အပြင်ဘက်တွင် ဆံပင်အဝါရောင်အမျိုးသားတစ်ယောက်က ဘေးတစ်နေရာမှာ မတ်တပ်ရပ်ပြီး ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ ငေးမျှော်ကြည့်နေ၏။ နေရာမှာတင် မလှုပ်မယှက် အမြစ်တွယ်ရပ်နေသော အစိမ်းရောင်ဝတ်လူကို ကြည့်ပြီး သူက နှုတ်ခမ်းဆူကာ ရေရွတ်လိုက်၏။

“မျိုးဆက်တစ်ခုလုံးရဲ့ အသန်မာဆုံး ပြန်ဝင်စားမွန်းစတားက ဒီလို အုပ်စုလိုက်ဝိုင်းပြီး အကောက်ကြံတိုက်ခိုက်လို့ သတ်ဖြတ်ခံရမှာ နှမြောဖို့ ကောင်းလိုက်တာ”

“မင်းက ငါ့ကို ဖိနှိမ်ပြီး မင်းရဲ့ အစီးအနင်းအဖြစ် အတင်းအကျပ် လုပ်ခိုင်းခဲ့ပေမယ့်လို့ မင်းက သိပ်ကြာကြာနေရတော့မှာ မဟုတ်တဲ့အတွက် ငါတို့ကြားက ရန်ငြိုးရန်စက ကြေပါပြီကွာ”

ဆံပင်ဝါနှင့် ဗလတောင့်တောင့်လူက လူသားသွင်ပြင်ယူထားသော ရွှေခြင်္သေ့ပင် ဖြစ်လေသည်။

ရွှေခြင်္သေ့သည် သက်ပြင်းချ၍ မြို့ထဲမှ ထွက်ပြေးလွတ်မြောက်ဖို့အတွက် လှည့်ထွက်လိုက်၏။

မလှမ်းမကမ်းတွင် မြေခွေးနီနီလေးက မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ချပြီး ၎င်း၏ ကြီးမားသည့် အမွေးပွပွအမြီးကို ယိမ်းနွဲ့နေ၏။ ၎င်း၏ သေးငယ်သော လက်ဖဝါးလေးများကို တင်းကျပ်အောင် ဆုပ်ထားပြီး ၎င်း၏ မျက်နှာအမူအယာက အထိတ်တလန့်ဖြင့် တောင့်တင်းနေ၏။

၎င်း၏ မျက်လုံးများက မဟူရာကျောက်မျက်တုံးများနှင့် ဆင်တူပြီး လူအုပ်ကြီး၏ အလယ်ရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို စိုစွတ်သော မျက်ရည်စတစ်ချို့နှင့် ပုတ်ခတ်၍ ကြည့်နေ၏။

ခဏနေပြီးနောက် မြေခွေးလေးက သူမ၏ခေါင်းကိုမော့၍ နှာတစ်ချက်ရှုံ့လိုက်၏။ သူမ၏မျက်လုံးထဲမှ မျက်ရည်စများကို သုတ်ပစ်ပြီး မြို့ရိုးပေါ်တွင် မားမားမတ်မတ်ထောင်ထားသော သားရဲထုတ်ဖော်ကြေးမုံကို ငေးကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲမှာ ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုက ဝင်ရောက်နေရာယူလာလေသည်။

ဝှစ်..

အမှောင်ထုထဲမှာ အနီရောင်အလင်းတစ်ခုက ဝုန်းကနဲ ထကြွလာပြီးနောက် မြေခွေးလေးက ပျောက်ကွယ်သွားလေသည်။

လူအုပ်ကြီးထဲတွင်..

ထန်ရှစ်ယွင်သည် သူမ၏ ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသလို ငေးငိုင်နေပြီး များပြားလှစွာသော ကျင့်ကြံသူများက သူမကို ဖိကြိတ်တွန်းထိုး၍ ရှေ့သို့ တက်သွားကြ၏။

ပြီးခဲ့သည့်နှစ်ရက်အတွင်း သူမ ကြုံတွေ့ခဲ့ရသည့် ပြောင်းလဲမှုများက များလွန်းလှလေသည်။

တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ရာ စေလွှတ်ခဲ့သော်လည်း ယခုအခါ သူမတစ်ယောက်တည်းသာလျှင် ကျန်ရှိလေတော့သည်။

သူမ၏ ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားသူ ကျင့်ကြံသူကလည်း သားရဲတစ်ကောင်၏ အကျိုးသက်ရောက်မှုမျိုးရှိပြီး လူတိုင်း၏ ဖယ်ကြဉ်စက်ဆုပ်ရွံရှာခြင်းကို ခံနေရ၏။

သူမသည် ရှေ့တွင်ရှိသော ကွင်းကြီးကို စိုက်ကြည့်လိုက်၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ထောင်သောင်းချီသော လူများ၏ အလယ်မှာ သနားစရာ၊ ဝမ်းနည်းစရာ၊ ခါးသက်စွာနှင့် ရုန်းကန်နေရပြီး ထောင်ချောက်မိသော တောကောင်တစ်ကောင်လို သူ့အစွယ်များကို ဆုံးရှုံးသွားလေပြီ။

တစ်ကယ်ဆို ထန်ရှစ်ယွင်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ချင်၏။

သူက သားရဲတစ်ကောင်ဆိုလျှင်တောင် သူမ၏ ဘဝကို ကယ်တင်ပေးခဲ့သည့်အတွက် သူမက အော်ဟစ်ချင်လေသည်။

သို့သော်လည်း အဲ့ဒါက ဘာလုပ်နိုင်မှာလဲ..

သူမက အခြေအနေကို ဘယ်လိုမှ ပြောင်းနိုင်လိမ့်မည် မဟုတ်ပေ။

အစိမ်းရောင်ဝတ်ကျင့်ကြံသူကလည်း သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ပြောရလျှင် သူ မသေခင်မှာပင် စဉ်းစားကြည့်လို့တောင် မရနိုင်သည့် အရှက်ခွဲစော်ကားမှုများကိုပါ သူက အံကြိတ်ခံရဖို့ ရှိလေသည်။

သူမ၏ ဘေးပတ်လည်ရှိ ကျင့်ကြံသူများအားလုံးသည် စိတ်လှုပ်ရှား တက်ကြွလာကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

“သူ့ကိုသတ်”

“သူ့သွေးကိုသောက်ပြီး သူ့အသားကို စားကြမယ်ဟေ့”

ထိုကျင့်ကြံသူများအားလုံး၏ မျက်လုံးများထဲမှာ ကြောက်စရာအကြည့်က ပေါ်လာပြီး သူတို့သည် ဆူဇီမိုကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေကြ၏။

“အဲ့ဒါတွေ အားလုံးက ငါ့အမှားကြောင့်ပဲ”

“ငါသာ ကြံဖန်ပြီး တိုက်တွန်းမနှိုးဆော်ခဲ့ရင် သူက ဒီနေရာကို လိုက်လာခဲ့မှာ မဟုတ်သလို ဖန်သားနန်းတော်နဲ့လဲ ရင်ဆိုင်ရမှာ မဟုတ်ဘူး”

ထန်ရှစ်ယွင်၏ အမူအယာက နာကျင်နေ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင်...

သူမနှင့် ဆူဇီမိုက လေထဲမှာ အကြည့်ချင်း ဆုံသွားကြ၏။

ချက်ချင်းပင် ထန်ရှစ်ယွင်၏ မျက်နှာပေါ်မှာ မျက်ရည်များက စီးကျလာပြီး သူမ၏ ခေါင်းကို သွင်သွင်ခါကာ တတွတ်တွတ်ပြောနေ၏။

“ကျမ တောင်းပန်ပါတယ်.. ကျမ တစ်ကယ် စိတ်မကောင်းပါဘူး....”

သို့သော်လည်း သူမ၏ အသံက လူအုပ်ကြီး၏ အုန်းအုန်းကျက်ကျက်အသံများကြားထဲတွင် နစ်မြှုပ်ပျောက်ကွယ်သွားလေသည်။

ထိုစဉ်မှာပင် ထန်ရှစ်ယွင်သည် အပြုံးတစ်ခုကို မြင်လိုက်ရ၏။

ထိုကဲ့သို့သော အခြေအနေမှာတောင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက သူမကို နှစ်သိမ့်နေသည့်အလား ပြုံးပြနေ၏။

သူမသည် မျက်ရည်စများနှင့် အော်ငိုလိုက်မိ၏။

. . .

ဆူဇီမိုက သူ့အကြည့်ကို ပြန်ရုတ်သွား၏။

ဤကိစ္စမှာ ထန်ရှစ်ယွင်ကို အပြစ်တင်လို့ မရပေ။

သူမကြောင့် မဟုတ်လျှင်တောင် သူက ဒီနေရာကို သေချာပေါက် လာမည်ပင်။

သူက ဖန်သားနန်းတော်ကို သွေးနှင့်ပေးဆပ်ရမည်ဟု ကြေညာထားခဲ့သောကြောင့် ဖြစ်လေသည်။

လူအုပ်ကြီးက ချဲ၍ လမ်းကြောင်းတစ်ခုကို ဖော်ပေးလိုက်၏။ ယဲ့ထျန်းချန်သည် သူ၏ ကျိုးနေသော ဘယ်ဘက်လက်ကို လက်ဖြင့်ဆုပ်ကိုင်ပြီး အေးစက်စက်အမူအယာနှင့်အတူ လျှောက်လှမ်းလာလေသည်။

ဆူဇီမိုရှေ့ ဆယ်ပေအကွာတွင် ယဲ့ထျန်းချန်က အခိုင်အမာ ရပ်လိုက်၏။ သူ့မျက်လုံးများက လှောင်ပြောင်လိုရိပ်၊ အငြိုးအတေးစိတ်တို့ဖြင့် အေးစက်စွာ စိုက်ကြည့်နေ၏။

ဆူဇီမိုက နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

ပုံမှန်အခြေအနေမှာဆို ဤအကွာအဝေး၌ အသက်တစ်ရှိုက်စာအတွင်း ယဲ့ထျန်းချန်ကို သတ်ဖြတ်ဖို့ သူ့မှာ နည်းလမ်းပေါင်းတစ်ရာလောက် ရှိလေသည်။

သို့သော်လည်း ယခုအချိန်မှာ သူသည် အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါ၏ ဖိနှိမ်ခြင်းကို ခံနေရပြီး သူ့လက်တစ်ဖက်ကိုပင် မလို့ မရနိုင်ပေ။

ယဲ့ထျန်းချန်သည် သူ့လက်ဝါးကို လေထဲသို့ မြှောက်ပြီး အောက်သို့ ဖိချပြလိုက်၏။

လူအုပ်ကြီးက တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

ဆူဇီမိုကို စိုက်ကြည့်ပြီး သူက ဟက်ကနဲ ရယ်လိုက်၏။

“တောကောင်.. မင်းရဲ့ ရွှေအမြုတေက ပျက်စီးနေပြီ.. မင်းရဲ့ အတွင်းအမြုတေကလဲ အခု ချုပ်နှောင်ခံထားရပြီ.. အခုဆို မင်းက အခုတ်ခံရဖို့ စောင့်ဆိုင်းနေရတဲ့ စဉ်းတီတုံးပေါ်က ငါးတစ်ကောင်လို ဖြစ်နေပြီပေါ့လေ”

“မင်းက ငါ့လက်ကို ချိုးခဲ့တယ်ဆိုတော့.. မင်းရဲ့ခြေတွေလက်တွေကို ငါပြန်ချိုးပြမယ်”

ယဲ့ထျန်းချန်က သူ့သိုလှောင်အိတ်ထဲကို ပုတ်လိုက်သောအခါ ဆေဘာတစ်လက်က သူ့လက်ထဲသို့ ရောက်လာ၏။

သူက စိတ်ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။

ဆေဘာက တုန်ခါသွားပြီး စိတ်ဝိညာဉ်အင်းကွက်ငါးခုဖြင့် တောက်ပလာလေသည်။

ပကတိစိတ်ဝိညာဉ်လက်နက်..

ယဲ့ထျန်းချန်သည် ဆေဘာကို တရွတ်ဆွဲ၍ အေးအေးလူလူပုံစံဖြင့် အလောတကြီး မရှိဘဲ ဆူဇီမိုကို ကြည့်လိုက်၏။

သူသည် ဤခံစားချက်ကို သဘောတွေ့နေ၏။

ယဲ့ထျန်းချန်သည် ဆူဇီမိုကို ချိန်ဆကြည့်၍ လှည့်ပတ်လျှောက်လိုက်၏။ သူသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို လက်ဟန်ခြေဟန်ဖြင့် ချိန်ဆ၍ အတွေးနက်နေပုံဖြင့် ဟန်ဆောင်လိုက်၏။

“အမ်း.. ငါ ဘယ်နားကနေ စရင် ကောင်းမလဲ.. ဆိုတော့...”

“တာအိုရောင်းရင်းယဲ့.. အရင်ဆုံး သူ့သွေးကို အားလုံးနဲ့ မျှဝေကြရင်ရော ဘယ်လိုလဲ”

“ဟုတ်တယ်ဗျိုး.. ဒီပြန်ဝင်စားမွန်းစတားရဲ့ သွေးက တော်တော် အရသာရှိမယ့်ပုံပဲ”

များစွာသော ကျင့်ကြံသူများသည် အော်ဟစ်လိုက်ကြ၏။

“ကောင်းပြီလေ.. အဲ့ဒါဆိုလဲ အဲ့လိုပဲ စလိုက်ကြတာပေါ့”

ယဲ့ထျန်းချန်၏ စိတ်ခံစားချက်က ကောင်းမွန်သော အခြေအနေမှာ ရှိနေ၏။

ထိုစဉ်မှာပင် ဆူဇီမိုက သူ့ခေါင်းကို လှည့်၍ သူ့ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ သူ့အပေါ်သက်ရောက်နေသော ဖိအားက ပြင်းထန်လွန်းသောကြောင့် သူ့လည်ပင်းမှ တဖျောက်ဖျောက် အရိုးမြည်သံများက ထွက်ပေါ်လာ၏။

ဆူဇီမိုက ညိုမည်းနေသော အမူအယာဖြင့် သူ၏ သွားဖြူဖြူများ ပေါ်သည့်အထိ သရော်တော်တော်ပြုံး၍ အေးစက်စွာ ပြောလိုက်၏။

“မင်းတို့အားလုံးကို ငါနောက်ဆုံး အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. ဒါက ငါနဲ့ ဖန်သားနန်းတော်ကြားက ရန်ငြိုးရန်စပဲ.. မဆိုင်တဲ့သူတွေ အခုနေ ထွက်သွားကြတော့”

“ဘယ်လိုတောင်လဲဟ.. လခွမ်းပဲ.. ဒီသားရဲက သေခါနီးဆဲဆဲတောင် ဇောင်းကြွချင်နေသေးတယ်”

“တော်တော်ထက်တဲ့လျှာပဲ”

“သူ့ပါးစပ်က အဲ့လိုမျိုး ထပ်မထွက်ရဲအောင် ငါတို့တစ်ယောက်တစ်ချက်လောက် သူ့ပါးစပ်ကို ပိတ်ရိုက်သင့်တယ်နော်”

များစွာသော ကျင့်ကြံသူများသည် လှောင်ပြောင်ရယ်မောလိုက်ကြ၏။

“ဟီဟီးဟီးဟီး....”

ဆူဇီမိုက သူ့ခေါင်းကို ငုံ့ထားပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်မောကာ သူ့မျက်လုံးများထဲမှာ သတ်ဖြတ်လိုစိတ်က စုဖွဲ့သိပ်သည်းအားကောင်းလာလေသည်။ ထိုသတ်ဖြတ်လိုစိတ်က အစိုင်အခဲဖွဲ့လုနီးပါး ဖြစ်လာပြီး အပြင်ဘက်သို့ လျှံထွက်လာ၏။

ကောင်းကင်ထက်တွင် ကြယ်များက ကသောင်းကနင်း ဖြစ်ကုန်ပြီး မှိတ်တုတ်မှိတ်တုတ် ဆက်တိုက်ဖြစ်လာကြ၏။

သူ၏ သတ်ဖြတ်လိုစိတ်က ကြီးမားလွန်းလို့ ကောင်းကင်ကိုပင် သက်ရောက်စေခဲ့လေပြီ။

လူအုပ်ကြီး၏ အပြင်ဘက်တွင် ဖန်သားနန်းတော်မှ တစ်ဦးတည်းကျန်ရှိနေသော ချိတ်ပိတ်ထားသူက လေထဲမှာ မတ်တပ်ရပ်နေ၏။ သူသည် တစ်ခုခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

နက္ခတ္တဗေဒနှင့် ပတ်သတ်၍ သူဘာမှ မသိသော်လည်း ကြယ်တာရာများ ကသောင်းကနင်း ဖြစ်လာခြင်းက နတ်ဆိုးနမိတ်ဖြစ်ပြီး တစ်ခုခုကြီးမားတာ သို့မဟုတ် ဆိုးဆိုးဝါးဝါး တစ်စုံတစ်ရာက ဖြစ်ပျက်တော့မည်ဆိုတာ သူနားလည်လိုက်လေသည်။

All Chapters