ပြန်ပေါ်လာသော အမြုတေနယ်မြေ
Vol. 44 Ch. 654
ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူ၏ အမူအယာက ပျက်စီးသွား၏။
ယဲ့ထျန်းချန်က ရှီးဝူယာသေဆုံးပြီးနောက်ပိုင်း.. ဖန်သားနန်းတော်မှာ အသက်အငယ်ဆုံး၊ ပါရမီအရှိဆုံးနှင့် အသန်မာဆုံး ရွှေအမြုတေပြိုင်စံရှားတစ်ယောက် ဖြစ်လေသည်။
သူက ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် သေချာပေါက် အဆင့် ၃၀ အတွင်း ဝင်ပေလိမ့်မည်။
သို့သော်လည်း ယဲ့ထျန်းချန်က သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ဖို့ပင် အခွင့်အရေး မရလိုက်ဘဲ ဆူဇီမို၏ စိတ်ဝိညာဉ်အတတ်ဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရလိမ့်မည်ဟု ချိတ်ပိတ်ထားသူက ထင်မထားမိပေ။
သည်တစ်ခေါက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ဖန်သားနန်းတော်က တစ်နေရာမှ ရရှိခြင်းမရှိဘဲ ပြန်ရပေတော့မည်။
“အဲ့ဒီအဇူရာနဂါးကို ဖျက်ဆီးကြစမ်း”
ဖန်သားနန်းတော်ချိတ်ပိတ်ထားသူက ဒေါသူပုန်ထ၍ လေထဲရှိ အဇူရာနဂါးကို လက်ညိုးထိုးပြီး သုန်မှုန်နေသော အမူအယာဖြင့် အော်လိုက်၏။
“အဲ့နဂါးက စိတ်ဝိညာဉ်စွမ်းအင်နဲ့ စုဖွဲ့ထားရုံပဲကို.. မင်းတို့က ဘာတွေ ကြောက်နေကြတာလဲ”
ချိတ်ပိတ်ထားသူ၏ စကားနှင့်အတူ များစွာသော ကျင့်ကြံသူများသည် လျှင်မြန်စွာ တည်ငြိမ်လာကြ၏။
“ဒီပြန်ဝင်စားမွန်းစတားက အမြဲတမ်း ပြိုင်ဘက်ကင်းနေမယ်လို့ ငါမယုံဘူးကွာ”
“အမှန်ပဲ.. ငါတို့ ပူးပေါင်းလိုက်ရအောင်”
“သူ့ကို သတ်ပြီး စီနီယာအစ်ကိုအတွက် လက်စားချေကြတာပေါ့”
လူအုပ်ကြီးသည် စိတ်အားပြန်လည် တက်ကြွလာကြ၏။
များစွာသော ကျင့်ကြံသူများသည် ဓါးပျံများကို မြားမိုးရွာသကဲ့သို့ တဖွဲ့ဖွဲ့ ထုတ်လွှတ်လိုက်ကြ၏။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်တိုက်ကွက်များကလည်း ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားပြီး ကြောက်ခမန်းလိလိစွမ်းပကားနှင့် ကျဆင်းလာကြလေသည်။
“သတ်”
ဆူဇီမိုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
အစစ်အမှန်နဂါးက သူ့စိတ်ဆန္ဒကို နားလည်ပြီး ၎င်း၏ ခေါင်းကိုမော့ကာ လွန်မင်းစွာ ကြမ်းကြုတ်မှုဖြင့် လေထဲသို့ ပျံတက်လိုက်၏။ ၎င်း၏ အစွယ်နှင့် လက်သည်းများကို ထုတ်ဖော်ပြီး လူအုပ်ကြီးထဲသို့ ခုန်အုပ်လိုက်လေသည်။
ဘုန်း.. ဘုန်း.. ဝုန်း..
များစွာသော ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များသည် နဂါး၏ ကိုယ်ထည်နှင့် တိုက်မိပြီး ကြေမွပျက်စီးကာ ပကတိစိတ်ဝိညာဉ်လက်နက်များသာ အကောင်းပကတိ ကျန်နိုင်လေသည်။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များတောင် နဂါးနှင့် ထိတွေ့ပြီးနောက် အက်ကွဲကြောင်းများ ပေါ်လာကာ သူတို့၏ စိတ်ဝိညာဉ်အလင်းက မှိန်ကျ၍ ထိုလက်နက်များက သုံးစားမရအောင် ချုံးချုံးကျသွားလေသည်။
လေထဲတွင် စိတ်ဝိညာဉ်တိုက်ကွက်များက ဆူနာမီကဲ့သို့ တလိပ်လိပ်တက်လာသော်လည်း သူတို့သည် အစစ်အမှန်နဂါး၏ စွမ်းအားကို ခံနိုင်ရည် မရှိကြပေ။
လူအုပ်ကြီးထဲသို့ အစစ်အမှန်နဂါး ပစ်ဝင်သွားပြီးနောက် နောက်ထပ် သွေးမုန်တိုင်းတစ်ခုက ပေါ်လာလေသည်။
၎င်း၏ ထက်ရှသော လက်သည်းများနှင့် အစွယ်များကို မသုံးဘဲနဲ့တောင်.. အစစ်အမှန်နဂါးက ဒီတိုင်း ဝင်ရောက်မွှေနှောက်ခြင်းနှင့်ပင် ထိပ်တန်းအဆင့်လက်နက်များကို ကြေမွသွားစေသည့်အတွက်.. မည်သည့်ကျင့်ကြံသူမှ သူတို့၏ ကိုယ်ကာယဖြင့် ခုခံနိုင်စရာ အကြောင်းမရှိပေ။
ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်က လူသားဧကရာဇ် ဖန်တီးခဲ့သော စိတ်ဝိညာဉ်ပညာရပ်တစ်ခုသာ ဖြစ်သော်လည်း အဲ့ဒါက သာမန်ရွှေအမြုတေများ၏ အမြုတေနယ်မြေများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
ဒါ့အပြင် ထိုစိတ်ဝိညာဉ်ပညာရပ်က ဆူဇီမို၏ လက်ထဲတွင် နောက်ထပ်မြင့်သောတစ်ဆင့်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့သည်မှာ သိသာလေသည်။
အဲ့ဒါက အရင်ကထက် ပို၍ စွမ်းအားကြီးပြီး ကြောက်စရာကောင်းလာလေသည်။
များစွာသော ကျင့်ကြံသူများ ပူးပေါင်းတိုက်ခိုက်တာတောင် အစစ်အမှန်နဂါး၏ သတ်ဖြတ်ခြင်းစွမ်းအားကို ခံနိုင်ရည် မရှိကြပေ။
နောက်ဆုံးမှာတော့ ကျင့်ကြံသူအချို့သည် မည်သို့မှ မတတ်နိုင်တော့ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်ရ၏။
စိတ်ဝိညာဉ်တိုက်ကွက်များထက် ပို၍ ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုက ပေါ်ပေါက်လာလေသည်။
“ကောင်းကင်ထိုးဖောက်ကျောက်တိုင်!”
ကျင့်ကြံသူတစ်ယောက်၏ နောက်မှာ ထူထဲတုတ်ခိုင်သော ကျောက်တိုင်ကြီးတစ်တိုင်က ပေါ်လာပြီး ရှေးကျ၍ ခမ်းနားထည်ဝါသော အော်ရာက ဖြာထွက်လာ၏။ ၎င်း၏ အစစ်အမှန်နဂါး၏ ကိုယ်ပေါ်သို့ ဖိချလာလေသည်။
နဂါးက လှည့်ပင်မကြည့်ဘဲ ၎င်း၏ အမြီးဖြင့် လွှဲရိုက်ချလိုက်၏။
အစစ်အမှန်နဂါး၏ အမြီးကျာပွတ်..
ဘုန်း..
နဂါး၏ အမြီးရိုက်ချက်ဖြင့် ကောင်းကင်ထိုးဖောက်ကျောက်တိုင်ကြီးက ပကတိဖျက်ဆီးခံလိုက်ရလေသည်။
ထိုကျင့်ကြံသူ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သွေးများကို အန်ထုတ်လိုက်ရ၏။ သူ့မျက်လုံးများက မှိန်ကျသွားပြီး လေထဲကနေ ပြုတ်ကျလာလေသည်။
နောက်ထပ်ရွှေအမြုတေတစ်ယောက်သည် သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ကာစမှာပင် အစစ်အမှန်နဂါး၏ ထက်ရှသောလက်သည်းဖြင့် ကုတ်ဆွဲခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ပြတ်ကျသွားလေသည်။
သို့သော်လည်း ရွှေအမြုတေနယ်မြေနှစ်ခုဖြင့် ရင်ဆိုင်ပြီးနောက် အစစ်အမှန်နဂါး၏ ခန္ဓာကိုယ်ပေါ်မှ ဝင်းလက်တောက်ပမှုက အနည်းငယ် မှိန်ကျသွားလေသည်။
“တာအိုရောင်းရင်းတို့.. ပူးပေါင်းတိုက်ခိုက်ရအောင်.. ဒီနတ်ဆိုးနဂါးက သိပ်ကြာကြာ ခံတော့မှာ မဟုတ်ဘူး”
တစ်ယောက်က ထအော်လိုက်၏။
များစွာသော ကျင့်ကြံသူများသည် တက်ကြွလာကြလေသည်။
ဘုန်း.. ဘုန်း.. ဝုန်း..
ထောင်နှင့်ချီသော ရွှေအမြုတေများက သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်ပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၍ ကမ္ဘာဖျက်စွမ်းအားများက အစစ်အမှန်နဂါးဆီသို့ မုန်တိုင်းတစ်ခုလို ဝင်ရောက်လာလေသည်။
ဖျောက်.. ဖျောက်.. ဖျောက်..
အစစ်အမှန်နဂါးက လေထဲမှာ တောင့်ခဲသွားပြီး သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးပေါ်မှာ အက်ကွဲကြောင်းများက ပေါ်လာလေသည်။
ထောင်နှင့်ချီသော ရွှေအမြုတေနယ်မြေများကြားထဲတွင် ဖန်သားနန်းတော်ကျင့်ကြံသူအချို့ ထုတ်လွှတ်လိုက်သော ဖန်သားနတ်ဘုရားအလင်းကဲ့သို့သော သူတို့ဂိုဏ်း၏ ရှေးဟောင်းအမြုတေနယ်မြေများလည်း ပါဝင်လေသည်။
ထိုရွှေအမြုတေနယ်မြေများ၏ ပူးပေါင်းစွမ်းအားက မရေမတွက်နိုင်သော စမ်းချောင်းများကို ကြီးမားသည့် မြစ်ကြီးတစ်ခုအဖြစ် စုပေါင်းလိုက်ခြင်းနှင့်တူပြီး သက်ရှိအားလုံးကို ချေမှုန်းဖျက်ဆီးနိုင်သည့် စွမ်းအားက ထွက်ပေါ်လာလေသည်။ အစစ်အမှန်နဂါးက ချက်ချင်းပင် ကြေမွပျက်စီးသွား၏။
“ဟဟဟားဟား”
“အဲ့ဒါက အစစ်အမှန်နဂါးဆိုတော့ရော ဘာဖြစ်လဲကွာ”
“မင်းဟာမင်း သမိုင်းတစ်လျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဆိုတော့ရော ဘာဖြစ်လဲ.. ကမ္ဘာပေါ်က သူရဲကောင်းတွေအကုန်လုံးကို မင်းတစ်ယောက်ထဲနဲ့ တိုက်ခိုက်လို့ ဘယ်နိုင်ပါ့မလဲကွ”
“သူ့ကို သတ်ကြဟေ့”
များစွာသော ကျင့်ကြံသူများသည် သူတို့၏ ရွှေအမြုတေနယ်မြေများကို စိတ်လှုပ်ရှားစွာ ထုတ်ဖော်၍ ဆူဇီမိုထံသို့ အော်ဟစ်ကာ ချီတက်သွားကြ၏။
သူတို့သည် ဆူဇီမိုကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်နိုင်သည်နှင့်အမျှ ကမ္ဘာတစ်ဝှမ်း ကျော်ကြားသွားပေလိမ့်မည်။
သမိုင်းတစ်လျှောက်အသန်မာဆုံး ပြန်ဝင်စားမွန်းစတားကို ငါ့လက်နဲ့ သတ်ခဲ့ရတယ်ဆိုတဲ့ ခံစားချက်မျိုး...
“မင်းတို့ကိုယ်မင်းတို့များ သူရဲကောင်းလို့ နာမည်တပ်ရဲသေးတယ်ပေါ့လေ”
ဆူဇီမို၏ အမူအယာက ပို၍ အေးစက်လာပြီး အားပါးတရ ရယ်ချလိုက်၏။
ထိုကဲ့သို့သော အခြေအနေမှာတောင် သူ့မျက်လုံးများထဲမှာ ကြောက်လန့်မှုတစ်စုံတစ်ရာ မရှိပေ။ ထို့အစား ထိုမျက်လုံးများက ပိုမိုတောက်ပ၍ ပြင်းထန်ကြမ်းကြုတ်လာ၏။
အတော်မသတ်သော အမြုတေနယ်မြေစွမ်းအားများက တလိပ်လိပ်တက်လာနေ၏။
အဲ့ဒါက မွန်းကျပ်ဖွယ်ရာဖိအားကို သယ်ဆောင်လာလေသည်။
ထိုဖိအားနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏ ဒါန်ထျန်ထဲရှိ ရွှေအမြုတေက ရူးသွပ်စွာ လည်ပတ်လာပြီး သူ့နောက်ဘက်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကြောက်စရာကောင်းလှသည့် အမြုတေနယ်မြေတစ်ခုက ပေါ်ထွက်လာလေသည်။
ဝုန်းကနဲ မြည်သံနှင့်အတူ ကောင်းကင်က ကြေမွသွား၏။
ရေစီးကြောင်းများက ဒလဟော ဝင်လာပြီး ဥက္ကာမိုးများက အတောမသတ် ရွာကျလာ၏။ အဲ့ဒါက ကမ္ဘာပျက်သည့်မြင်ကွင်းပင်။
ဘုန်း..ဘုန်း.. ဝုန်း..
မနှိုင်းယှဉ်သာအောင် ကြီးမားသည့် ရှေးဟောင်းသားရဲတစ်ကောင်က ကြောက်စရာကောင်းသည့်အော်ရာနှင့်အတူ ဆင်းသက်လာပြီး ကောင်းကင်ထောက်တိုင်ကြီးများနှင့်တူသော ခြေလေးချောင်းက ထွက်ပေါ်လာ၏။ ညိုမှောင်နက်ရှိုင်းသည့် ပင်လယ်ပြင်၏ အလယ်မှာ ရပ်ပြီး ၎င်းက မလှုပ်မယှက်နှင့် ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ဖိနှိမ်လိုက်၏။
လျှပ်စီးများက တဖြန်းဖြန်းထနေပြီး ကြီးမားသည့် ထိုသားရဲကြီး၏ အုပ်ခွံက ကျိုးပဲကျလာသော ကောင်းကင်ကို ထမ်းပိုးကာ ကမ္ဘာမြေပေါ်ကနေ အုပ်မိုး၍ သက်ရှိအားလုံးကို ကာကွယ်ပေးနေ၏။
“ဒီအမြုတေနယ်မြေက...”
“အဲ့ဒါ နတ်လိပ်ပဲ”
“အဲ့ဒါ ပျောက်ဆုံးသွားပြီးဖြစ်တဲ့ ကမ္ဘာဦးနတ်လိပ်ကြီးဟ”
လူအုပ်ကြီးထဲမှာ အံ့အားတသင့် အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
နတ်လိပ်ကြီးက ရောက်ရှိလာပြီး ၎င်း၏ ဦးခေါင်းကိုမော့ကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
ချက်ချင်းပင် ကောင်းကင်တစ်ခွင်က ဒေါသလှိုင်းများဖြင့် ပြည့်နှက်သွားလေသည်။
နတ်လိပ်ကြီး၏ ခန္ဓာကိုယ်က ရှေးဟောင်းမြို့တော်ထက်ပင် ပိုကြီးနေသေး၏။
၎င်းက ဆူဇီမိုကို အောက်မှာထား၍ ကာကွယ်ပြီး ဝင်ရောက်လာသော ရွှေအမြုတေနယ်မြေများကို ပိတ်ဆို့ကာကွယ်ပေးထား၏။
ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း.. ဝုန်း.. ဝုန်း..
ကမ္ဘာဦးနတ်လိပ်ကြီးက အခိုင်အမာ ရပ်တည်ပြီး ထောင်နှင့်ချီသော ရွှေအမြုတေနယ်မြေများ၏ ရိုက်ခတ်လာမှုကို ရင်ဆိုင်လိုက်၏။
များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။
ထောင်နှင့်ချီသော ရွှေအမြုတေနယ်မြေများ၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်ပင် ကမ္ဘာဦးနတ်လိပ်ကြီး၏ ခံစစ်ကို မထိုးဖောက်နိုင်ကြပေ။
“ကမ္ဘာဦးနတ်လိပ်က တစ်ကယ်ပဲ သူ့ဂုဏ်သတင်းနဲ့ လိုက်ဖက်အောင်ကို စွမ်းအားကြီးလွန်းတာပဲ”
ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက တီးတိုးရေရွတ်လိုက်၏။
ဒဏ္ဍာရီမှာ ဖော်ပြထားသည်မှာ ကမ္ဘာဦးနတ်လိပ်က သူ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်လျှင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနံပါတ် တစ်ဆယ်အတွင်း ဝင်နိုင်သည်ဟု ဆို၏။
အဲ့ဒါသည် ကမ္ဘာဦးခေတ်က မရေမတွက်နိုင်သော သက်ရှိများကို ကယ်တင်ပေးခဲ့သော နတ်ဘုရားသက်ရှိ ဖြစ်လေသည်။
ရုတ်တရက်.. တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူ၏ အမူအယာက ပြောင်းလဲသွား၏။
“ဆိုးပြီဟ.. ပြောကြတာ အဲ့ကောင်လေးက ကမ္ဘာဦးနတ်လိပ်အပြင် နောက်ထပ်အမြုတေနယ်မြေတစ်ခုကို ကျင့်ကြံထားသေးတယ်တဲ့”
ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက အော်ဟစ်လိုက်၏။
“သတိထားကြဟေ့”
ဘန်း.. ဘုန်း.. ဘုန်း..
သူ့အသံက ဝေးဝေး မရောက်သေးခင်မှာပင် တဝုန်းဝုန်း ပေါက်ကွဲသံများကြားမှာ နစ်မြှုပ်သွားလေသည်။
ဆူဇီမို၏ နောက်မှ နောက်ထပ်အမြုတေနယ်မြေတစ်ခုက ပေါ်ထွက်လာလေသည်။
“ဘာ-ဘာလဲဟ”
“နှစ်ထပ်ကွမ်းအမြုတေနယ်မြေဟ!”
မြေပြင်က ဆက်တိုက်ချိုင့်ဝင်သွားပြီး အဆုံးမဲ့ ချိုင့်ခွက်ကြီးများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။
ခြိမ်းမောင်းဖွယ်ရာအော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။
တောင်တန်းများက တုန်ခါလာပြီး မြေပြင်က မှုန့်မှုန့်ညက်ညက် ကြေကွဲလာ၏။
ခြစ်ခြစ်တောက်အပူလှိုင်းနှင့်အတူ ချော်ရည်များက အတောမသတ် ထွက်ပေါ်လာပြီး ကျယ်ပြန့်သော ကုန်းမြေများပေါ်သို့ ဒလဟော စီးဝင်သွားကာ မြင်မြင်သမျှ အရာအားလုံးကို မီးလောင်ပြာချသွား၏။ မရေမတွက်နိုင်သော သက်ရှိများက ပြာအဖြစ်သို့ ပြောင်းလဲကုန်ကြလေသည်။
လေထဲတွင် အချို့သောကျင့်ကြံသူများ၏ ရွှေအမြုတေနယ်မြေများက တောင့်မခံနိုင်တော့ဘဲ ပျက်ပြယ်ကုန်ကြ၏။
သူတို့ရွှေအမြုတေနယ်မြေများ၏ ကာကွယ်ပေးထားမှု မရှိတော့သည့်အခါ ထိုကျင့်ကြံသူများသည် ထင်းကနဲ ပေါ်လာပြီး လှိုင်းလုံးကြီးများအောက် နစ်မြုပ်ကာ ချက်ချင်းဝါးမျိုခံရပြီး အစအနတောင်မကျန်ဘဲ ပျောက်ကွယ်သွားကြလေသည်။
“အ.. အား.. အားးး”
အချို့သော ကျင့်ကြံသူများက နီရဲနေသော မီးတောက်ချော်ရည်ပူများ၏ ရိုက်ခတ်ဆွဲယူခြင်းကို ခံလိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။
ကျင့်ကြံသူအများစုသည် သူတို့၏ ရွှေအမြုတေများကို အရူးအမူး လှည့်ပတ်၍ သူတို့၏ အမြုတေနယ်မြေများကို စုစည်းထားနိုင်သေးသော်လည်း လူအုပ်ကြီးထဲမှာ ကစင်ကလျားဖြစ်မှုများက သိသိသာသာ ကြီးမားလာနေ၏။
သို့သော်လည်း ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုသည် အခုမှ စတင်ရုံသာ ရှိသေးလေသည်။
ကြောက်စရာကောင်းသည့် အော်ရာနှင့်အတူ ဧရာမသက်ရှိကြီးက မြေပြင်အက်ကွဲကြောင်းထဲကနေ တွားသွား၍ ထိုးတက်လာ၏။ ၎င်းက မြွေဦးခေါင်းနှင့် အနာကွန်ဒါကိုယ်ကို ပိုင်ဆိုင်ထားပြီး အနီစင်းကြောင်းများနှင့် ကြားထားကာ သွေးနီရောင်ကြေးခွံများက မီးတောက်လောင်နေသော သံမဏိပြားများလို တစ်ခုကိုတစ်ခု ထပ်နေကြ၏။
မြွေဦးခေါင်း၊ အနာကွန်ဒါကိုယ်၊ နဂါးကြေးခွံ၊ ဖီးနစ်တောင်ပံတို့နှင့် ဦးချိုမပါ၊ ခြေထောက်မပါ.. အဲ့ဒါက ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးပင် ဖြစ်လေသည်။
အမြုတေနယ်မြေများ၏ ပြန်လည်နိုးထလာခြင်းနှင့်အတူ နတ်ဘုရားသက်ရှိများက ဆင်းသက်လာကြလေပြီ။