← Chapters

ကျားဟိန်းသံ

Vol. 44 Ch. 655

ကျားဟိန်းသံ

Vol. 44 Ch. 655

ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့တောင်ပံများကို ဖြန့်ကျက်၍ ခြစ်ခြစ်တောက်ပူသော အပူလှိုင်းကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်တစ်ခွင်ကို သွေးနီရောင်မျက်လုံးများဖြင့် ထောက်လှမ်းကြည့်ရှုလိုက်၏။

ဤအမြုတေနယ်မြေ၏ အံ့မခန်းစွမ်းအားက ဖြန့်ကျက်လာလေသည်။

ဖျောင်း.. ဖျောင်း.. ဖျောက်..

လေထဲရှိ ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်အချို့သည် ဖိအားဒဏ်ကို ခံနိုင်ရည် မရှိတော့ဘဲ အက်ကွဲကုန်၏။ သူတို့၏ အလင်းများက မှိန်ကျကာ အကျိုးအပဲ့ အစအနများအဖြစ် မြေကြီးပေါ် ပြန့်ကျဲကျကုန်လေသည်။

ကမ္ဘာဦးမိုးပျံမြွေနဂါးထံမှ မျက်စောင်းတစ်ချက်က အချို့သောကျင့်ကြံသူများကို မီးဟုန်းဟုန်းတောက်လောင်၍ ပြာကျစေကုန်၏။

နတ်ဘုရားသက်ရှိတစ်ကောင်၏ စွမ်းပကားက ရပ်တန့်လို့ မရနိုင်ပေ။

ဂလု.. ဂလု..

ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးသည် ချော်ရည်ပူများကို အားပါးတရ ဝါးမျိုချလိုက်ပြီး သူ့အော်ရာက ထိုးတက်၍ ကြောက်မက်ဖွယ် ပိုကောင်းလာ၏။

မြွေနဂါး၏ ကြေးခွံများက ပို၍ တောက်ပလာပြီး ရဲရဲနီလင်းလက်ကာ နီရဲနေအောင် အပူပေးထားသော သံမဏိပြားများလို ဖြစ်လာလေသည်။

ထောင်နှင့်ချီသော ရွှေအမြုတေနယ်မြေများနှင့် ကမြောက်ကခြောက်လူသားများကို ငေးကြည့်ပြီးနောက် ကမ္ဘာမြွေနဂါးက သူ့ခေါင်းကိုမော့၍ ထွက်သက်ကို မှုတ်ထုတ်လိုက်၏။

ဖွီး.. ရွှီး..

ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးက သူ၏ တောင်ပံများနှင့် မီးတောက်များကို ခပ်ထုတ်လိုက်ပြီး သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။ ထို့နောက် သူ၏ နီရဲနေသော ပါးစပ်ထဲမှ ခြစ်ခြစ်တောက် ပူပြင်းသော ချော်ရည်များကို ထွေးထုတ်လိုက်လေသည်။

လေထုက ချက်ချင်းပင် မီးတောက်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

များစွာသော ကျင့်ကြံသူများ၏ ရွှေအမြုတေနယ်မြေများ၏ ပေါင်းစပ်မှုက ကမ္ဘာဦးနတ်လိပ်ကိုသာ ထိန်းထားနိုင်လေသည်။

သို့သော် ကမ္ဘာဦးမြွေနဂါးက ဆင်းသက်လာသောအခါ မျှခြေက ပျက်ပြားသွားလေသည်။

ဖျောက်.. ဖျောက်.. ဖျောင်း..

ကျယ်လောင်သော အသံဗလံများနှင့်အတူ မရေမတွက်နိုင်သော ရွှေအမြုတေနယ်မြေများက ကြေမွပျက်စီးကုန်ပြီး များစွာသော ရွှေအမြုတေများသည် ချော်ရည်စီးကြောင်း၏ တိုက်ရိုက်ဝါးမျိုခြင်းကို ခံရကာ အလောင်းတောင်မကျန်ဘဲ ပြာဖြစ်ကုန်ကြ၏။

“အား.. အ အ.. အား”

သွေးပျက်ချောက်ချားဖွယ်ရာနှင့် စူးစူးဝါးဝါး အော်ဟစ်မြည်ကြွေးသံများက ဆက်တိုက် ထွက်ပေါ်လာကြ၏။

အဲ့ဒီမှာ ရွှေအမြုတေနယ်မြေပေါင်း ထောင်နှင့်ချီရှိသော်လည်း မည်သည့်တစ်ခုကမှ နတ်လိပ်နှင့် မြွေနဂါး.. နတ်ဘုရားသက်ရှိနှစ်မျိုး၏ ရုန်းကန်ပေါက်ကွဲအားကို ခံနိုင်ရည် မရှိကြပေ။

ဖန်သားနတ်ဘုရားအလင်းတောင်မှ အဲ့ဒါကို မခံနိုင်ပေ။

နတ်လိပ်က ဒေါသတကြီး ဟိန်းဟောက်၍ ရေစီးကြောင်းများကို တလိပ်လိပ်စီးဆင်းစေကာ တစ်ဟုန်ထိုး ဒီရေလှိုင်းများကို ဖြစ်ပေါ်စေပြီး သက်ရှိအားလုံးအပေါ် လွှမ်းမိုးခိုင်းလိုက်၏။

ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များတောင်မှ ဒီရေလှိုင်းများ၏ ရိုက်ခတ်မှုနှင့် ချော်ရည်ပူများ၏ လောင်မြိုက်မှုကို ခံနိုင်ရည် မရှိကြပေ။

နှစ် ၂၀ ကြာပြီးနောက် ဆူဇီမို၏ ရွှေအမြုတေက ပြန်ကောင်းလာရုံသာမက.. သူကျင့်ကြံခဲ့ဖူးသော ရွှေအမြုတေနယ်မြေနှစ်ခုကလည်း ကမ္ဘာပေါ်မှာ ကြောက်စရာကောင်းစွာ ပြန်ပေါ်လာခဲ့လေပြီ။

ကျင့်ကြံသူများအားလုံးသည် သွေးပျက်ချောက်ချားကုန်ပြီး အသက်လု ပြေးကြကုန်၏။

ဆူဇီမို၏ နောက်ရှိ ရွှေအမြုတေနယ်မြေနှစ်ခုက လွန်ခဲ့သည့် နှစ် ၂၀ ကနှင့် အတူတူနီးပါးပင် ဖြစ်သော်လည်း အမြုတေနယ်မြေများမှာ ပြောင်းလဲမှုအနည်းငယ် ရှိလာခဲ့သည်ကို မည်သူမှ သတိမထားမိကြပေ။

လွန်ခဲ့သည့်နှစ် ၂၀ က နတ်လိပ်နှင့် မြွေနဂါး အမြုတေနယ်မြေနှစ်ခုသည် မီးနှင့်ရေ၊ အင်မော်တယ်နှင့် မိစ္ဆာတို့လို ညှိနှိုင်းပေါင်းစပ်လို့ မရခဲ့ပေ။

အမြုတေနယ်မြေနှစ်ခုက လုံးဝ ကွဲပြားခြားနားနေခဲ့၏။

သို့သော် ယခုအခါ မီးနှင့်ရေအကြားမှာ မည်သည့် ပဋိပက္ခမှ မရှိတော့သလို၊ အင်မော်တယ်နှင့် မိစ္ဆာအကြားမှာလည်း အချေအတင် ငြင်းဆန်မှုတို့ မရှိကြတော့ဘဲ.. သူတို့၏ အစွန်အစပ်များက ဝေဝါး၍ မီးနှင့်ရေက ရောယှက်လာကြလေသည်။

ကောင်းကင်က ကြေမွသွားပြီး လေဟာနယ်စီးကြောင်းများက နေရာတိုင်းမှာ တိုက်ခတ်၍ ဥက္ကာခဲများက ကြွေကျလာ၏။ နတ်လိပ်က ကမ္ဘာမြေနှင့် မိုးကောင်းကင်ကြားမှာ ရပ်၍ ကြမ်းကြုတ်သော လေဟာနယ်စီးကြောင်းများကို သူ၏ ခြေလက်များနှင့် တည်ငြိမ်စေပြီး ပြိုကျလာသော မိုးကောင်းကင်ကို သူ့ကျောခွံဖြင့် ထမ်းပိုးထားကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

မြေပြင်က ချိုင့်ဝင်ပြီး မီးတောင်များက ပေါက်ကွဲကာ ချော်ရည်ပူများက လျှံထွက်လာ၏။ ကမ္ဘာဦးမိုးပျံမြွေနဂါးက မြေပြင်ကြားကနေ တိုးထွက်လာပြီး ချော်ရည်ပူများကို ဝါးမျိုကာ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်လာ၏။

ကောင်းကင်က ပြိုကျပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်နေ၏။ နတ်ဘုရားသက်ရှိနှစ်မျိုး.. နတ်လိပ်နှင့် မြွေနဂါးက အချိန်မရွေး အတူတကွ ပေါင်းစပ်တော့မည့်ဟန် ပေါက်နေ၏။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နှစ် ၂၀ ကြာ ငြိမ်သက်လာခဲ့ပြီးနောက် ဆူဇီမို၏ အတွင်းကော၊ အပြင်ကောက ပကတိ ပြောင်းလဲခဲ့ပြီး.. အဲ့ဒါက သူ၏ အတွင်းအမြုတေနှင့် ကိုယ်ကာယသာ မကပေ။

သူ၏ ရွှေအမြုတေနယ်မြေများကပါ အသွင်ပြောင်းလာခဲ့လေသည်။

အတိအကျ ပြောရလျှင် ဆူဇီမိုကလွဲပြီး နှစ် ၂၀ အတွင်း သူကျင့်ကြံထားသော ရွှေအမြုတေနယ်မြေအမျိုးအစားကို မည်သူမှ မမြင်ဖူးခဲ့ကြပေ။

“အားလုံးပဲ.. မကြောက်ကြနဲ့”

ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက လေထဲမှာ မတ်တပ်ရပ်၍ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ဒီသောက်ကောင်လေးက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လို့ ရတယ်ဆိုပေမယ့်လဲ ဝင်္ကပါကြောင့် သူက မြေကြီးပေါ်မှာ လုံးဝ လှုပ်လို့ မရဘူးလေ”

“ဟမ့်”

အသည်းအသန် ထွက်ပြေးလာကြသော ကျင့်ကြံသူအချို့သည်လည်း ထိုအချက်ကို သတိထားမိသွားပြီး မလုံမလဲ အမူအယာများ ထွက်ပေါ်လာကြ၏။

“သူက သားရဲလေ အဲ့တော့ သူက အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်စရာ အကြောင်းမရှိဘူး.. အားလုံးပဲ သူ့ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားကြ.. ထိပ်တိုက်ရင်မဆိုင်နဲ့.. သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က ကုန်ခမ်းပြီး သူ့ရွှေအမြုတေနယ်မြေက ပျက်ပြယ်သွားတာနဲ့.. သူက အသတ်ခံရဖို့ စောင့်ဆိုင်းနေရတဲ့ သိုးတစ်ကောင်လို ဖြစ်လာလိမ့်မယ်”

ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူ၏ စကားလုံးများက ကျန်ရစ်နေသေးသော ကျင့်ကြံသူများ၏ မျက်လုံးကို ဝင်းလက်သွားစေ၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်အတတ်နှင့် နဂါးဟိန်းသံကို ထုတ်ဖော်နိုင်ခဲ့သော်လည်း သူသည် မူလနေရာကနေ လုံးဝ ရွေ့လျားနိုင်ခြင်း မရှိပေ။

တိုက်ပွဲမြေကနေ ထွက်ပြေးလွတ်မြောက်လာသော လူတိုင်းသည် ဆူဇီမို၏ ဘေးပတ်လည်မှ နတ်ဘုရားသက်ရှိနှစ်ကောင်နှင့် အကွာအဝေးတစ်ခု ခွာနေလိုက်ကြ၏။

ရွှေအမြုတေနယ်မြေများက သန်မာသော်လည်း သူတို့ကို ကျင့်ကြံထားသော ကျင့်ကြံသူများထံမှ သိပ်ပြီး ဝေးဝေး မခွာနိုင်ကြပေ။

ဆူဇီမို၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းက ဖျတ်ကနဲ ပေါ်လာပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

ချိတ်ပိတ်ထားသူသည် ဘဝနေဝင်ခါနီးလူတစ်ယောက် ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် သူက နိုးထဝိညာဉ်တစ်ယောက်ဖြစ်ပြီး နှစ်တစ်ထောင်နီးပါးလောက် ရှင်သန်နေထိုင်လာခဲ့သူဖြစ်၍ တစ်ကယ်ပင် ထက်ရှသောအမြင် ရှိလေသည်။

ကစင်ကလျား တိုက်ပွဲအခြေအနေမှာပင် သူက ဆူဇီမို၏ အားနည်းချက်ကို ဆန်းစစ်ထုတ်ပြောနိုင်၏။

ချိတ်ပိတ်ထားသူလေးယောက်၏ အသက်များကို စတေး၍ ဖန်တီးထားခဲ့သော ဝင်္ကပါက ဆူဇီမိုကို လွှမ်းခြုံထား၏။

အဲ့ဒါက သူ့အတွက် အထူးတလည် ပစ်မှတ်ထား ခင်းကျင်းထားခြင်းပင်။

သူ့မှာ အတွင်းအမြုတေ ရှိနေသမျှ သူသည် ဝင်္ကပါ၏ ချုပ်နှောင်မှုကနေ ရုန်းထွက်နိုင်မည် မဟုတ်သလို လှုပ်ရှားလို့လည်း ရလိမ့်မည် မဟုတ်ပေ။

လက်ရှိဖိအားက တစ်ချိန်လုံး သက်ရောက်နေမည်ဖြစ်၏။

ထို့ကြောင့်ပင် ဆူဇီမိုသည် တစ်ချိန်လုံး နေရာမှာပင် မလှုပ်မယှက်နှင့် တန်ပြန်တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။

အဲ့ဒါက သူသည် မလှုပ်ရှားချင်သောကြောင့် မဟုတ်ဘဲ လှုပ်လို့ မရသောကြောင့် ဖြစ်လေသည်။

တစ်ကယ်တော့ အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါကို ဖျက်ဆီးပစ်ဖို့က အတော်လေး ရိုးရှင်း၏။

သူလုပ်ရမည်မှာ ဝင်္ကပါမျက်လုံးများကို ရှာဖွေ၍ ဖျက်ဆီးပစ်ဖို့ပင်။

ဤဝင်္ကပါအတွက် ဝင်္ကပါမျက်လုံးများမှာလည်း အခြားမဟုတ်.. မြို့ရိုးလေးခုပေါ်က သားရဲထုတ်ဖော်ကြေးမုံလေးချပ်သာ ဖြစ်လေသည်။

သူသည် သားရဲထုတ်ဖော်ကြေးမုံလေးချပ်စလုံးကို ဖျက်ဆီးပစ်ဖို့ မလိုပေ။ သူတို့ထဲမှ သုံးချပ်ကို ဖယ်ရှားပစ်နိုင်သည်နှင့် ဆူဇီမိုသည် မင်းဝမ်ဆုတောင်ပုတီးမှ ဓမ္မစွမ်းအားကို အသုံးချကာ လွတ်အောင် ရုန်းထွက်နိုင်လေသည်။

သို့သော်.. လုပ်ရမည့်ကိစ္စက အင်မတန်ရိုးရှင်းသော်လည်း လောလောဆယ် ဆူဇီမိုအတွက် အဲ့ဒါကို လုပ်ဖို့က အင်မတန်ခဲယဉ်းနေပြန်လေသည်။

အခုအချိန်မှာ သူက လုံးဝ မလှုပ်ရှားနိုင်သောကြောင့် ဖြစ်လေသည်။

သူသည် မြို့ရိုးပေါ်က သားရဲထုတ်ဖော်ကြေးမုံများဆီသို့ သွားဖို့ကို အသာထား.. သူ့လက်ကိုပင် သူ့သိုလှောင်အိတ်ပေါ်သို့ ရောက်အောင် မရွှေ့နိုင်ပေ။

အဲ့ဒါကို အရမ်းကို ဆိုးရွားသည့် အခြေအနေပင်။

ဆူဇီမိုသည် ဘယ်လိုပြန်ဝင်စားမွန်းစတားပင် ဖြစ်ပါစေ.. သူ့ခွန်အားကို ထုတ်သုံးနိုင်သည့် အချိန်အတိုင်းအတာက အကန့်အသတ် ရှိလေသည်။

ရှေးဟောင်းမြို့တော်ရှိ ကျင့်ကြံသူများက သူကို တိုက်ခိုက်ဖို့ လုံးဝ မလိုအပ်ပေ။ သူတို့အားလုံးလုပ်ရမည်မှာ အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးဖို့ထိ စောင့်နေဖို့ပင်။ ဆူဇီမိုသည် ဝင်္ကပါမှဖိအားကို တောင့်ခံနေရင်းနှင့်ပင် သူ့ခွန်အားက ကုန်ခမ်းသွားပေလိမ့်မည်။

ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက အဓိကကျသော ထိုအချက်ကို သတိထားမိသွားခဲ့၏။

“ဟဲဟဲဟဲ.. ဟီးဟီး”

ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုက ပေါ်လာပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။

“တောကောင်လေး.. ဒီနေရာမှာ မင်းဖိနှိမ်ခံရပြီး သေတာကို ငါစောင့်ကြည့်ရဦးမယ်”

ဆူဇီမိုက ဟက်ကနဲ တစ်ချက်ရယ်ပြီး တောက်လောင်သော အကြည့်နှင့်အတူ အေးစက်စွာ ပြန်ပြောလိုက်၏။

“ခွေးအိုကြီး.. ငါမသေခင် မင်းအသက်ကို ရအောင်ယူပြမယ်”

“ဒါပေါ့.. နောက်ဆုံးအချိန်မှာ ဘယ်သူကျန်ခဲ့မလဲ ကြည့်ရသေးတာပေါ့”

ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူက ခေါင်းညိတ်၍ လှောင်ရယ်လိုက်၏။

“ဝေါင်း!”

ရုတ်တရက် ကမ္ဘာတုန်လောက်သော ကျားဟိန်းသံသည် ရှေးဟောင်းမြို့အပြင်ဘက်ကနေ တုန်လှုပ်ချောက်ချားဖွယ်ရာ ထွက်ပေါ်လာ၏။

ချက်ချင်းပင် လေးရူးများက တိုက်ခတ်လာပြီး သဲမှုန်များက လွင့်ပျံလာလေသည်။

ထိုဟိန်းသံကို ကြားသောအခါ ဆူဇီမိုသည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

“စိတ်ဝိညာဉ်ကျားလား”

သာမန်ကျင့်ကြံသူများ၏ နားထဲတွင်တော့ ထိုကျားဟိန်းသံမှာ အထူးတလည် ဖြစ်နေတာ ဘာမှ မရှိပေ။

သို့သော်လည်း ဆူဇီမိုက သားရဲကျင့်ကြံမှုကို ခံယူထားပြီး ယခင်က စိတ်ဝိညာဉ်ကျားနှင့် အချိန်အတော်ကြာကြာ နေခဲ့ရသည့်အတွက် ကွာဟချက်ကို သူပြောနိုင်လေသည်။

သူသည် တစ်ခါက စိတ်ဝိညာဉ်ကျားအား ဗလာနယ်မိုးကြိုးအတတ်ကို သင်ပေးခဲ့ဖူးလေသည်။

ထို့ကြောင့်ပင် ထိုကျားဟိန်းသံမှာ လျှပ်စစ်ဓါတ်ပါပြီး ကြည်လင်တောက်ပကာ ဟိန်းထွက်နေ၏။

တစ်ကယ်တော့ အသိသာအထင်ရှားဆုံးအပိုင်းမှာ ထိုဟိန်းသံ၏ အဆုံးသတ်နား၌ အနည်းငယ်ညုတုတုနိုင်သော အသံသင်္ကေတတစ်ခု ပါနေ၏။ ၎င်းက အဲ့ဒီအလေ့အကျင့်ကို ဘယ်နေရာကနေ တတ်လာခဲ့သလဲ ဆူဇီမိုလည်း မသိပေ။

ဆန်းကြယ်တောင်ထွတ်မှာတုန်းက စိတ်ဝိညာဉ်ကျားသည် ထိုကဲ့သို့ ညစ်ညမ်းသော အသံကို ပြုလုပ်တိုင်း ဆူဇီမိုသည် ထိုသတ္တဝါကို ပြေးကန်ချင်စိတ် တဖွားဖွားပေါ်လာတတ်၏။

“အကြီးအကဲရှို.. တောကောင်အုပ်တစ်အုပ်က ကျုပ်တို့ကို တိုက်ခိုက်နေပါပြီ”

ဖန်သားနန်းတော်ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်၏။

ဒုန်း.. ဒုန်း.. ဒုန်း..

မြေပြင်က ပြင်းထန်စွာ တုန်ခါလာ၏။

ဆူဇီမိုသည် ရှေးဟောင်းမြို့တော်ထဲမှာ ရှိနေသော်လည်း အရာရာတိုင်းကို ရှင်းလင်းစွာ ခံစားမိနေ၏။

“အားးးးး!”

သူသည် မနေနိုင်တော့ဘဲ ခေါင်းကိုမော့၍ စိတ်ခံစားချက်အပြည့်ဖြင့် လေထဲသို့ ဟစ်ကြွေးလိုက်လေသည်။

All Chapters