မြို့တော်ကို တိုက်ခိုက်ခြင်း
Vol. 44 Ch. 656
ဆူဇီမို၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်မြည်ဟည်း၍ သတ္တုများ၊ ကျောက်သားများကိုပင် ထိုးဖောက်သွား၏။
“ဝေါင်း!”
စိတ်လှုပ်ရှားမှု အနည်းငယ် ရောစွက်နေသော ကျားဟိန်းသံက တစ်ဖန် ထွက်ပေါ်လာ၏။
ဟိန်းဟောက်သံနှစ်သံက လေထဲမှာ စည်းချက်ညီသွားလေသည်။
“ဂါ့ဂါ့.. ဂါးဂါ့...”
ရှေးဟောင်းမြို့တော်၏ အပြင်ဘက်မှ အရိုင်းဆန်သော ရယ်သံတစ်သံက ထွက်ပေါ်လာပြီး သတ္တုချင်းထိခတ်သံကဲ့သို့ စူးစူးရှရှနိုင်နေ၏။
ထိုရယ်သံကို ကြားသောအခါ ခြေတံလက်တံရှည်ရှည်၊ ဂလန်ဂလားအရပ်အမောင်းနှင့် သူ့မစင်နှင့်သူ ပေကျံနေသော ပုံရိပ်တစ်ခုက ဆူဇီမို၏ စိတ်အာရုံထဲမှာ ပေါ်လာပြီး မနေနိုင်ဘဲ ဟက်ကနဲ ရယ်လိုက်မိ၏။
မျောက်!
စိတ်ဝိညာဉ်ကျား!
သူတို့နှစ်ကောင်စလုံးက အသက်ရှင်နေသေးလေသည်။
သူတို့နှစ်ယောက်က ဒီနေရာသို့ ရောက်လာကြ၏။
ဆူဇီမိုသည် ရွှင်ပျသွား၏။
တန်လင်းတောင်ကြားတိုက်ပွဲမှစတင်၍ ဆူဇီမိုသည် သွေးကျီးကန်းနန်းတော်သခင်၏ အမဲလိုက်ခြင်းကို ခံရပြီး သွေးစတေးထွက်ပြေးခြင်းကို သုံးကာ ကီလိုမီတာ ထောင်ပေါင်းများစွာ ပြေလွှားခဲ့ရ၏။ သူ့အခြေအနေက ဘာမှန်းမသိရတော့သည့်အတွက် မျောက်နှင့် စိတ်ဝိညာဉ်ကျားသည် ဆန်းကြယ်တောင်ထွတ်ကနေ ထွက်ခွာသွားခဲ့လေသည်။
ထိုအချိန်မှစ၍ သူသည် သူတို့နှစ်ကောင်အကြောင်းကို ထပ်မကြားခဲ့ရတော့ပေ။
သူတို့နှစ်ယောက်ကို လိုက်ရှာဖို့ စိတ်ကူး ဆူဇီမိုထံမှာ ပေါ်လာခဲ့ဖူး၏။ သို့သော်လည်း မည်သည့်သဲလွန်စမှ မရှိဘဲ ကျယ်ပြောလှသော ဤကမ္ဘာမှာ သားရဲနှစ်ကောင်ကို လိုက်ရှာဖို့က ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက် ပိုခက်လေသည်။
ယခု ဥပစာရှေးဟောင်းတိုက်ပွဲမြေ၌ သူတို့သုံးဦးက ပြန်ဆုံတွေ့ရပြီဆိုတော့...
. . .
အရှေ့ဘက်တွင်..
ဖုန်များက တထောင်းထောင်းထလာ၏။
မရေမတွက်နိုင်သော သားရဲတောကောင်များက အရှိန်အဟုန် ပြင်းထန်စွာ ဒုန်းစိုင်းပြေးဝင်ချလာသည့်အတွက်.. သူတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းပကားဖြင့် မြေပြင်က ပြင်းထန်စွာ တုန်ခါလာ၏။
သားရဲတောကောင်အများစုသည် မြေပြင်ကနေ ပြေးချလာသည့်အတွက် သူတို့၏ ဘေးပတ်လည်မှာ ဖုန်များက တထောင်းထောင်းထနေ၏။
သူတို့၏ ခြေထောက်များက မြေပြင်နှင့် ထိထားပါက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းနှင့် ရှောင်ရှားနိုင်စွမ်း ပိုမြင့်မားလေသည်။
ကြမ်းကြုတ်ငှက်အချို့ကတော့ စူးစူးရှရှအော်မြည်ပြီး လေထဲကနေ ပျံသန်းလာကြ၏။
“ငါတို့ အစွမ်းကုန်သုံးပြီး မြို့တော်ကို ကာကွယ်ရမယ်ဟေ့.. ဆူဇီမိုကို ခဏလွှတ်ထားလိုက်ဦး.. သူက ထွက်ပြေးနိုင်စရာ အကြောင်းမရှိဘူး”
ဖန်သားနန်းတော်မှ ချိတ်ပိတ်ထားသူ အကြီးအကဲရှိုက တည်ငြိမ်စွာဖြင့် ညွှန်ကြားစရာရှိသည်များကို မြန်မြန်ဆန်ဆန် ညွှန်ကြားလိုက်၏။
ဖန်သားနန်းတော်ကျင့်ကြံသူများက ဦးဆောင်၍ ရှေးဟောင်းမြို့တော်ရှိ များစွာသော ကျင့်ကြံသူများက အရှေ့ဘက်မြို့ရိုးပေါ်သို့ အပြေးအလွှား တက်ရောက်လိုက်ကြ၏။
ထိုအချိန်၌ မည်သူမှ နောက်မဆုတ်ရဲကြပေ။
ယခုက ညအခါဖြစ်ပြီး ရှေးဟောင်းမြို့တော်၏ ခံစစ်က ကျိုးပေါက်၍ တောကောင်အုပ်ကြီး ဝင်လာသည်နှင့် လူတိုင်း သေကြရပေလိမ့်မည်။
စိတ်ဝိညာဉ်အလင်းများက ကောင်းကင်တစ်ခွင် ပြည့်နှက်သွား၏။
မရေမတွက်နိုင်သော ဓါးပျံများသည် မြို့ရိုးဆီသို့ ပျံသန်းသွားကြ၏။
စိတ်ဝိညာဉ်တိုက်ကွက်များကလည်း ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားလေသည်။
ဆူဇီမိုသည် ရှေးဟောင်းမြို့တော်၏ အလယ်မှာ ချုပ်နှောင်ခံထားရပြီး အပြင်ဘက်သို့ မမြင်နိုင်သော်လည်း.. အပြင်ဘက်ရှိ အခြေအနေက သွေးသံရဲရဲနှင့် ကောင်းကင်တစ်ဝက်လောက်က နီစွေးနေမည်ဆိုတာ ပြောစရာပင် မလိုပင်။
ထိုတိုက်ပွဲက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲဆိုတာ သိသာလေသည်။
ဆူညံအော်ဟစ်သံများနှင့် သားရဲတောကောင်များ၏ အသံက ထပ်ကာထပ်ကာ ထွက်ပေါ်နေ၏။
မြို့ရိုးက ကျင့်ကြံသူများဖြင့် ပြည့်ကျပ်နေလေသည်။
ရှေးဟောင်းမြို့တော်ရှိ ကျင့်ကြံသူများအတွက်တော့ သူတို့လုပ်ဖို့ လိုသည်မှာ သူတို့၏ နယ်မြေအားသာချက်အပေါ် မှီခို၍ ရှေးဟောင်းမြို့တော်၏ ခုခံရေးစနစ်ကို ထုတ်ဖော်ဖို့ပင်။ သူတို့၏ ဓါးပျံများ၊ စိတ်ဝိညာဉ်လက်နက်များနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို အပေါ်စီးကနေ ထုတ်ဖော်ခြင်းဖြင့် တောကောင်အုပ်ကြီးအပေါ် ကြီးကြီးမားမား ပျက်စီးထိခိုက်အောင် စွမ်းဆောင်နိုင်လေသည်။
မြေပြင်ပေါ်မှာတော့ သားရဲတောကောင်များသည် အပြင်းအထန် ဒဏ်ရာရရှိ၍ တိုးဝင်လာသော တောကောင်အုပ်ကြီးထဲ နစ်မြုပ်သွားတတ်ကြ၏။
သားရဲတောကောင်များက ပိုပို၍ ကျဆုံးလာကြ၏။
သို့သော်လည်း တောကောင်အုပ်ကြီးက နောက်ပြန်ဆုတ်ဖို့ စိတ်ကူးရှိပုံ မရပေ။
အဘယ့်ကြောင့်ဆိုသော် တောကောင်အုပ်ကြီး၏ ရှေ့ဆုံးတွင် ကြောက်စရာကောင်းသည့် အော်ရာများနှင့် သားရဲတောကောင်နှစ်ကောင်က ဦးဆောင်ပြီး သတ်လိုဖြတ်လိုစိတ်ဖြင့် ရှေးဟောင်းမြို့တော်ဆီသို့ မယိမ်းမယိုင် ချီတက်နေသောကြောင့် ဖြစ်လေသည်။
နှစ် ၂၀ ကြာသွားခဲ့၏။
စိတ်ဝိညာဉ်ကျားက ပို၍ သန်မာလာပြီး သူ့အော်ရာက ပို၍ ဆိုးယုတ်ခက်ထန်လာ၏။ သူ့လက်သည်းတစ်ချက် ကုတ်ဆွဲလိုက်တိုင်း လျှပ်စီးတစ်ချက် လက်သွားတတ်ပြီး အဲ့ဒါက အလွန်တရာ တုန်လှုပ်စရာ ကောင်းလေသည်။
စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ဓါးပျံများက ကျဆင်းလာသော်လည်း သူတို့အများစုကို စိတ်ဝိညာဉ်ကျားသည် ကိုယ်ကာယခွန်အားသက်သက်ဖြင့် ရိုက်ပုတ်ထုတ်ပစ်ခဲ့၏။
ဗလာနယ်မိုးကြိုးအတတ်ကို ကျင့်ကြံပြီးနောက် သူက လုံးဝ အသွင်ပြောင်းလာခဲ့လေသည်။
သူ့အစွယ်များနှင့် လက်သည်းများ၏ ထက်ရှမှုက ပကတိစိတ်ဝိညာဉ်လက်နက်များကိုပင် ရိုက်ပုတ်ထုတ်နိုင်လေသည်။
သို့သော် အဲ့ဒီမှာ လေထဲကနေ တဖွဲ့ဖွဲ့ ကျဆင်းလာနေသော စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ဓါးပျံများက များပြားလွန်းပြီး စိတ်ဝိညာဉ်ကျားတောင်မှ အကုန်လုံးကို မရှောင်ရှားနိုင်ဘဲ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့က ဖြစ်ပေါ်လာလေပြီ။
ကံကောင်းစွာနှင့် သေစေနိုင်လောက်သည့်ဒဏ်ရာ တစ်ခုမှ ရှိမနေပေ။
ထို့အစား ထိုဒဏ်ရာများက စိတ်ဝိညာဉ်ကျား၏ ဒေါသကို နှိုးဆွပေးသလိုဖြစ်ပြီး ရူးသွပ်စွာ ဟိန်းဟောက်၍ သူ၏ အရှိန်က ရုန်းကန်ပေါက်ကွဲထွက်လာလေသည်။
တစ်ဖက်မှာတော့ မျောက်သည် သူ၏ ခြေချောင်းများဖြင့် ကန်ကျောက်နေပြီး သူ၏ ပေါ့ပါးဖျတ်လတ်သည့် လှုပ်ရှားမှုနည်းစနစ်ကိုသုံးကာ တဖွားဖွားကျဆင်းလာနေသော ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို လျှင်မြန်စွာ ရှောင်တိမ်းနေ၏။
သူက အသံတိတ်နေသော်လည်း မျောက်၏ မျက်လုံးများထဲရှိ သွေးနီရောင်အလင်းစက်လေးက သိပ်သည်းစုဖွဲ့လာနေ၏။
စိတ်ဝိညာဉ်ကျားနှင့် မျောက်က ရှေ့ကနေ ချီတက်၍ သွေးလမ်းကြောင်းတစ်ခုကို ဖွင့်ထားသောကြောင့်သာ တောကောင်အုပ်ကြီးက နောက်မဆုတ်၊ ချဲမထွက်ဘဲ ရှေးဟောင်းမြို့တော်ဆီသို့ အလျှင်အမြန် ပြေးဝင်လာနေကြခြင်းဖြစ်၏။
အဲ့ဒါက အလောင်းများ၊ သွေးများနှင့် ဖွဲ့စည်းထားသော သွေးလမ်းကြောင်းတစ်ခု ဖြစ်လေသည်။
အကြီးအကဲရှိုက လေထဲမှာ မတ်တပ်ရပ်၍ သိပ်သည်းများပြားသော တောကောင်အုပ်ကြီးကို အေးစက်စက်အမူအယာဖြင့် ငုံ့ကြည့်လိုက်၏။
“ဖင်မှန်းခေါင်းမှန်း မသိတဲ့ တိရစ္ဆာန်ကောင်တွေ.. အကုန် သတ်ကွာ”
သည်တစ်ခေါက်တွင် ဖန်သားနန်းတော်က ရွှေအမြုတေနှစ်ထောင်ကျော်ကို ရှေးဟောင်းတိုက်ပွဲမြေသို့ ပို့လွှတ်ခဲ့၏။ စောစောက တိုက်ပွဲတွင် ရာပေါင်းများစွာ သေဆုံးခဲ့ကြသော်လည်း သူတို့မှာ ဖန်သားနန်းတော်ကျင့်ကြံသူပေါင်း တစ်ထောင်ကျော်ကျန်ရှိနေဆဲဖြစ်၏။
မြို့ထဲရှိ အခြားသော ကျင့်ကြံသူများနှင့် ထပ်ပေါင်းပါက အဲ့ဒီမှာ လူပေါင်း တစ်သောင်းနီးပါးလောက် ရှိနေဆဲဖြစ်၏။ နယ်မြေအားသာချက်ပါ ထပ်ပေါင်းပါက တောကောင်အုပ်သည် ရှေးဟောင်းမြို့တော်၏ ခံစစ်ကို ထိုးဖောက်ဖြတ်ကျော်လာနိုင်စရာ အကြောင်းမရှိပေ။
အရေးမသာသော အခြေအနေနှင့် အနေအထားကြောင့် တောကောင်အုပ်က နောက်ဆုံးမှာ ပြန်ကိုဆုတ်ရပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ.. ရှေးဟောင်းမြိုု့တော်၏ အပြင်ဘက်တွင် ဟိန်းဟောက်သံများက စဲသွားရမည့်အစား ပိုမိုကျယ်လောင်၍ နီးကပ်လာနေ၏။
တိတိပပပြောရလျှင် ထိုအသံများက ရှေးဟောင်းမြို့တော်သို့ ချဉ်းကပ်လာနေပြီဖြစ်၏။
“အမ်”
အကြီးအကဲ့ရှို၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး အရှေ့ဘက်ရှိ တိုက်ပွဲကွင်းပြင်ကို လှမ်းကြည့်လိုက်၏။
ရှေးဟောင်းမြို့တော်၏ အောက်ခြေတွင် အလောင်းများက ပြန့်ကျဲ၍ သွေးများက ချောင်းလိုမြစ်လို စီးနေ၏။
တောကောင်အုပ်က ရှေးဟောင်းမြို့တော်အနားသို့ ချဉ်းကပ်လာနိုင်သော်လည်း မြို့တော်နှင့် ပေသုံးလေးထောင်လောက်တစ်ဝိုက်မှာ အသေကောင်များနှင့် အသားစများက ပြန့်ကျဲပြည့်နှက်နေပြီဖြစ်၏။ အဲ့ဒါက သွေးညှီနံ့တထောင်းထောင်းနှင့် မသတီစရာကောင်းပြီး ငရဲဘုံတစ်ခုလို ဖြစ်နေလေသည်။
တောကောင်အုပ်ကြီးက သူတို့၏ အရေအတွက်ထက်ဝက်ကျော်လောက်ကို ဆုံးရှုံးခဲ့ရလေပြီ။
“တစ်ခုခုတော့ လွဲနေပြီ”
အကြီးအကဲရှိုက မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
“သူတို့ကို ဦးဆောင်လာတဲ့ သားရဲဘုရင်က ရူးနေတာလားဟ.. ဒီလောက်ဆုံးရှုံးမှုများနေတာတောင် သူက မြို့တော်ကို အတင်းတိုက်ခိုက်ချင်နေတုန်းလား”
ပုံမှန်အားဖြင့်ဆို.. တောကောင်အုပ်တစ်ဝက် မသေခင်မှာပင် သားရဲဘုရင်က အခြေအနေကို သတိထားမိပြီး နောက်ဆုတ်ခိုင်းရမည် ဖြစ်လေသည်။ အဲ့ဒါမှသာ သူတို့၏ အင်အားကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး နောက်တစ်ကြိမ်တိုက်ခိုက်ဖို့အတွက် ပိုကောင်းသည့်အခွင့်အရေးကို ပြန်ရှာနိုင်လေသည်။
အခုအခါမှာတော့ ဦးဆောင်ချီတက်လာသော သားရဲဘုရင်နှစ်ပါးက စိတ်လွတ်သွားပုံရပြီး ကျန်ရှိနေသော တောကောင်အုပ်ကို ရှေးဟောင်းမြို့တော်ကို တိုက်ခိုက်ဖို့ အဆက်မပြတ် အမိန့်ပေးနေ၏။
ရှေးဟောင်းမြို့တော်၏ အောက်တွင် အလောင်းများက တောင်လိုပုံထပ်နေပြီဖြစ်၏။
ကျင့်ကြံသူများဘက်မှာဖြစ်စေ၊ ကျန်ရှိနေသော သားရဲတောကောင်များဘက်မှာဖြစ်စေ.. နှစ်ဖက်စလုံးက အပြင်းအထန် တိုက်ခိုက်သတ်ဖြတ်ခံနေရ၏။
သားရဲတောကောင်များက သူတို့အပေါင်းအဖော်များ၏ အလောင်းပုံများပေါ် ဖိနင်းတက်၍ မြို့ရိုးထက်သို့ရောက်အောင် အစွမ်းကုန် ချီတက်နေကြ၏။
မြို့ရိုးပေါ်ရှိ ကျင့်ကြံသူများကလည်း သူတို့၏ ခွန်အားကုန်ကိုထုတ်၍ အစွမ်းရှိသမျှ ခုခံနေကြရ၏။
သားရဲတောကောင်များသာ မြို့ရိုးပေါ်သို့ တက်လာနိုင်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများက သေကြေရပေလိမ့်မည်။
အကြောင်းမှာ ဖန်သားနန်းတော်ကျင့်ကြံသူများကလွဲလျှင် သားရဲတောကောင်များနှင့် အနီးကပ်တိုက်ခိုက်နိုင်သည့်လူက သိပ်များများစားစား မရှိပေ။
သားရဲဘုရင်နှစ်ပါးက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်၏။ သို့သော် သူတို့က မြို့ရိုးထက်သို့ ရူးသွပ်စွာဖြင့် ဆက်လက်ချီတက်နေကြဆဲဖြစ်၏။
သားရဲတောကောင်များက တစ်ကြိမ်လန်ကျသွားတိုင်း သူတို့၏ နေရာသို့ နောက်ထပ်တောကောင်များက အစားဝင်ချီတက်လာနေကြဆဲဖြစ်၏။
မြို့ရိုးပေါ်က ကျင့်ကြံသူများကို မပြောနှင့် အကြီးအကဲရှိုတောင် ချောက်ချားဖွယ်ရာ ထိုမြင်ကွင်းကိုကြည့်ပြီး ရင်တလျှပ်လျှပ် ဖြစ်လာ၏။
“အဲ့ဒီသားရဲတောကောင်တွေက ဘာဖြစ်ချင်နေကြတာလဲ”
အကြီးအကဲရှို စဉ်းစားလို့ မရပေ။ ရှေးဟောင်းမြို့တော်ထဲမှာ သားရဲတောကောင်များက အရူးအမူးတပ်မက်သည် ရတနာတစ်ခုခု ရှိနေသလိုပင်။
“နေပါဦး”
အကြီးအကဲရှို၏ စိတ်အာရုံထဲသို့ အတွေးတစ်ခုက ဖျတ်ကနဲ ဝင်ရောက်လာ၏။
သူသည် မြို့လယ်ရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို အသည်းအသန် လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် အစိမ်းရောင်ဝတ်ကျင်ကြံသူ၏ အမူအယာက အလွန်တည်တံ့၍ ကြောက်စရာကောင်းနေ၏။
သူ့သွင်ပြင်က ကြောက်မက်ဖွယ်ရာကောင်းနေပြီး လည်ပင်းကြောများက ထောင်ထနေ၏။ သူ့မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်က အစိုင်အခဲနီးပါး စုဖွဲ့လာပြီး အပြင်ဘက်သို့ လျှံထွက်လာ၏။
“အဲ့ဒါ သူပဲ”
“အဲ့ဒီသားရဲတောကောင်တွေက သူ့ကို ကယ်ဖို့ ရောက်လာကြတာပဲ”
အကြီးအကဲရှိုသည် သဘောပေါက်သွား၏။
တစ်ချိန်တည်းမှာပင် သူသည် ကြောက်မက်ဖွယ်ရာ စိတ်ဆန္ဒတစ်ခုကို ခံစားမိလိုက်ပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်၍ ခေါင်းနပန်းများ ကြီးလာ၏။
သူတို့၏ မူလတွက်ချက်မှုအရ အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါကြောင့် ဆူဇီမိုက ဘယ်လိုမှ မလွတ်မြောက်နိုင်ပေ။
သို့သော် ယခုအခါ အခြေအနေမှာ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာလေပြီ။
နောက်ဆုံးမှာတော့ အကြီးအကဲရှို၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုက ပေါ်ပေါက်လာ၏။
“အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါက ဘာမှ ဖြစ်လို့ မရဘူး.. ဝင်္ကပါသာ ပျက်စီးသွားလို့ ဆူဇီမို လွတ်မြောက်သွားရင် ဘယ်သူက သူ့ကို တားနိုင်ဦးမှာလဲ.. အဲ့အချိန်မှာပဲ တောကောင်အုပ်ကြီးက မြို့ထဲကို ဝင်ရောက်လာမယ်ဆိုရင်.. အထဲမှာရှိတဲ့ လူတိုင်းက....”