ဒေါသယမ်းမီးပေါက်ကွဲခြင်း
Vol. 44 Ch. 657
အကြီးအကဲရှို၏ တုံ့ပြန်မှုက မြန်ဆန်ပြီး မြို့ရိုးဘက်ရှိ ကျင့်ကြံသူများဘက်သို့ ချာကနဲလှည့်ကာ အော်ပြောလိုက်၏။
“သားရဲထုတ်ဖော်ကြေးမုံတွေကို အစွမ်းကုန် ကာကွယ်ကြ.. အဲ့နားကို တောကောင်တွေ တစ်ကောင်မှ အရောက်မခံကြနဲ့”
ဖန်သားနန်းတော်ကျင့်ကြံသူများသည် အမိန့်ကို နာခံလိုက်ကြပြီး သားရဲထုတ်ဖော်ကြေးမုံများဆီသို့ သုတ်ခြေတင်ပြေးသွားလိုက်ကြ၏။
ထိုကဲ့သို့ ရုတ်တရက် ရွေ့လျားမှုများက လူအုပ်ကြီးထဲမှာ ကသောင်းကနင်း ဖြစ်သွားစေလေသည်။
အမှတ်တမဲ့နှင့်ပင် မြို့ရိုးပေါ်ရှိ ခံစစ်မှာ ဟာကွက်တစ်ခုက ပေါ်လာ၏။
ဘုန်း..
နက်မှောင်သော သားမွေးများဖြင့် ပြည့်နေသော ကြီးမားတုတ်ခိုင်သည့်လက်ကြီးတစ်ဖက်က အောက်ကနေ ရောက်ရှိလာပြီး မြို့ရိုးကို ပြင်းထန်စွာ ရိုက်ပုတ်ချလိုက်၏။
အော်ရာတစ်ခုက ပေါက်ကွဲထွက်လာလေသည်။
အချိန်မီမရှောင်လိုက်နိုင်သော ကျင့်ကြံသူလေးယောက်သည် ဧရာမလက်ဝါးကြီး၏ ရိုက်ချက်ဖြင့် အသားပျော့ဖတ်များ ဖြစ်သွားကြပြီး မြို့ရိုးက သွေးများဖြင့် စွန်းထင်းသွား၏။
ချက်ချင်းပင် နက်မှောင်နေသော ပုံရိပ်ကြီးက သူ၏ ကြီးမားသည့် လက်ကြီးဖြင့် တွဲခို၍ မြို့ရိုးပေါ်သို့ ရောက်ရှိလာလေသည်။
အဲ့ဒါက သားမွေးရှည်များဖြင့် ပြည့်နေသော မျောက်တစ်ကောင် ဖြစ်လေသည်။ ၎င်းက သွေးနီရောင်မျက်လုံးများဖြင့် ကျင့်ကြံသူများဘက်သို့ သူ့အစွယ်များကို ဖြဲပြလိုက်၏။ ၎င်းက သူ့ရင်ဘတ်ကိုသူ လက်သီးဖြင့် ရူးသွပ်စွာ တဘုန်းဘုန်း ထုလိုက်၏။
အဲ့ဒါကသည် နတ်ဘုရားသက်ရှိတစ်မျိုးက ကောင်းကင်ဗုံကို တုန်လှုပ်ဖွယ်ရာအော်ရာဖြင့် တီးခတ်နေသလိုပင်။
ထိုအသံကို ကြားသောအခါ မြို့ရိုးအောက်ရှိ သားရဲတောကောင်များသည် ပိုမို၍ စိတ်လှုပ်ရှားတက်ကြွလာကြပြီး မျောက်နှင့်အတူ မြို့ရိုးပေါ်သို့ အသည်းအသန် ဆက်တိုက် ပြေးဝင်လာကြ၏။
“ဝေါင်း!”
အလွန်တရာ ကျယ်လောင်သည့် ကျားဟိန်းသံကလည်း ထွက်ပေါ်လာ၏။
မျောက်က မြို့ရိုး၏ ခံစစ်ကို ချိုးဖျက်လိုက်ပြီးနောက် စိတ်ဝိညာဉ်ကျားပေါ်ရှိ ဖိအားကလည်း သိသိသာသာ လျော့ကျသွားကာ သူသည်လည်း မြို့ရိုးပေါ်သို့ ရောက်ရှိလာခဲ့လေသည်။ ၎င်းက လူအုပ်ကြီးထဲသို့ ပြေးဝင်ချသွားပြီး သူ၏ ထက်ရှသော လက်သည်းများဖြင့် ကုတ်ဆွဲ၍ ကြောက်မက်ဖွယ်ရာ သွားစွယ်များကို ဖြဲပြလိုက်၏။
လူအုပ်ကြီးက ဗရမ်းဗတာ ဖြစ်ကုန်ကြလေသည်။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာနိုင်သော ကျင့်ကြံသူများသည် သူတို့၏ သက်ဆိုင်ရာဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းများ၏ လက်ရွေးစင်များ ဖြစ်ကြ၏။ သို့သော် သားရဲတောကောင်များမှာလည်း ထို့အတူပင်။
ထိုအကွာအဝေး၌ ကျင့်ကြံသူအများစုသည် သားရဲတောကောင်များ၏ ပြိုင်ဘက် မဟုတ်နိုင်ပေ။
မျောက်သည် လူအုပ်ကြီးထဲသို့ လက်ဗလာဖြင့် ပြေးဝင်သွားသော်လည်း သူ့လမ်းကြောင်းတွင် မည်သူမှ ရပ်မနေနိုင်ပေ။ သူ့လမ်းကြောင်းမှာ ရှိသမျှ လူတိုင်း၏ သူ၏ လွှမ်းမိုးစီးပိုးခြင်းကို ခံကြရ၏။
မျောက်ရော စိတ်ဝိညာဉ်ကျားရောက ဒဏ်ရာများဖြင့် ပြည့်နှက်နေကြ၏။
သို့သော် သူတို့သည် နာကျင်မှုကို မခံစားရသည့်အလား ရှေ့သို့ ရူးသွပ်စွာ ချီတက်နေကြ၏။
ဆူဇီမိုသည် ရှေးဟောင်းမြို့တော်၏ အလယ်ကနေ တည်တံ့စွာနှင့် တိတ်တဆိတ် စောင့်ကြည့်နေ၏။ သို့သော် သူခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူ့ရင်တွင်း၌ ခံစားချက်များ မြင့်တက်လာနေသည်မှာ သိသာလေသည်။
“ဟိုမှာဟေ့.. ငါသူ့ကို တွေ့ပြီ!”
စိတ်ဝိညာဉ်ကျားက သွေးလမ်းထွင်းဖောက်၍ မြို့လယ်ခေါင်ရှိ ဆူဇီမိုကို မြင်တွေ့သွား၏။
သူ၏ ခေါင်းနှင့် အမြီးကို တွန့်ခါ၍ စိတ်ဝိညာဉ်ကျားသည် ဆူဇီမိုထံသို့ ချက်ချင်းပြေးချသွားပြီး ကယ်တင်ချင်မိ၏။
အကြီးအကဲရှိုက နှုတ်ခမ်းကို ကွေးလိုက်၏။
ဤသားရဲတောကောင်များက ပြေးဝင်ချလာမှာကို သူ မစိုးရိမ်ပေ။
သားရဲတောကောင်များက အရေအတွက် ဘယ်လောက်ပင် များပါစေ.. အရပ်လေးမျက်နှာသားရဲချုပ်နှောင်ဝင်္ကပါစက်ကွင်းအတွင်း ဝင်ရောက်မိသည်နှင့် သေချာပေါက် သေရပေလိမ့်မည်။
“မသွားနဲ့!”
မျောက်က အလေးအနက် လှမ်းအော်ပြောလိုက်၏။
စိတ်ဝိညာဉ်ကျားသည် တွေဝေရှုပ်ထွေးသော အမူအယာဖြင့် သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။
သူလှည့်ကြည့်သောအခါ မျောက်က လူများထူထပ်စွာဖြင့် ကာကွယ်နေသည့် သားရဲထုတ်ဖော်ကြေးမုံကို တလက်လက်တောက်နေသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သည့်အရင်စောစောက မြို့ထဲရှိ တစ်စုံတစ်ယောက်သည် သားရဲထုတ်ဖော်ကြေးမုံကို ကာကွယ်ဖို့ အော်ဟစ်အမိန့်ပေးနေတာကို သူကြားခဲ့ရ၏။
ဒါ့အပြင် သားရဲထုတ်ဖော်ကြေးမုံများမှ ဖြာထွက်နေသော အလင်းမီးမောင်းများကြောင့် ဆူဇီမိုက နေရာမှာပင် မလှုပ်နိုင်ဘဲ ရပ်နေရသည်ဆိုတာကို မျောက်က ရှင်းလင်းစွာ ပြောနိုင်လေသည်။
ထိုသားရဲထုတ်ဖော်ကြေးမုံလေးချပ်က အဓိက သော့ချက် ဖြစ်ရပေမည်။
“ခေါင်းဆောင်.. အဲ့ဒါက တော်တော်တော့ ခက်လိမ့်မယ်နော်”
မျောက်က သူ့ကို လုပ်စေချင်သည့်အရာကို စိတ်ဝိညာဉ်ကျားက ပြောနိုင်သည့်အတွက် သူ့နှုတ်ခမ်းကို ကွေးညွှတ်၍ တတွတ်တွတ်ရွတ်လိုက်၏။
ဖန်းသားနန်းတော်မှ ကျင့်ကြံသူတစ်ထောင်ကျော်က မြို့ရိုးခံစစ်ကို လုံးဝလက်လွှတ်လိုက်ပြီဖြစ်ပြီး သားရဲထုတ်ဖော်ကြေးမုံပတ်လည်မှာ စုဝေးနေကြ၏။
သူတို့က သားရဲထုတ်ဖော်ကြေးမုံကို ဖယ်ရှားချင်လျှင် အရင်ဆုံး ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ခံစစ်ကို ဖြတ်ကျော်ရပေလိမ့်မည်။
ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ကိုယ်ကာယက အလွန်တရာ သန်မာပြီး သားရဲတောကောင်များးကို လက်ဗလာဖြင့် ယှဉ်နိုင်စွမ်း ရှိလေသည်။
မြို့ရိုးက အလွန်တရာ ရှည်လျားသည့်အတွက် အဲ့ဒါကို ကာကွယ်ဖို့အတွက်ဆိုလျှင် သူတို့၏ အင်အားကို ခွဲဝေဖြန့်ကျက်ထားရပြီး ခံစစ်မှာ အားနည်းသည့်နေရာများ ပေါ်လာမည်မှာ မလွဲဧကန်ပင်။
သို့သော်လည်း သားရဲထုတ်ဖော်ကြေးမုံတစ်ချပ်ကို ကာကွယ်ဖို့ကတော့ အတော်လေး ရိုးရှင်းလေသည်။
ဖန်သားနန်းတော်ကျင့်ကြံသူများအားလုံးကို ဖြတ်ကျော်ဖို့အတွက်က မဖြစ်နိုင်ပေ။
“သတ်!”
မျောက်သည် သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီကို ထုတ်ဖော်၍ ကျယ်လောင်စွာ ဟိန်းဟောက်ကာ ရှေ့သို့ ညွှန်လိုက်၏။ သူက တုံ့ဆိုင်းခြင်းမရှိ ခြေလှမ်းကျဲကြီးများဖြင့် သားရဲထုတ်ဖော်ကြေးမုံဆီသို့ ပြေးချသွားလေသည်။
ဖန်သားနန်းတော်တစ်ခုလုံးက သူ့ရှေ့မှာ ပိတ်ရပ်နေကြလျှင်တောင် မျောက်က ပြေးဝင်မည်သာ ဖြစ်လေသည်။
“သတ်.. သတ်.. သတ်”
ဖန်သားနန်းတော်ကျင့်ကြံသူများစွာက မာန်သွင်းဟိန်းဟောက်၍ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
ဓါးပျံများက လေထဲမှာ ယှက်ဖြာသွားလေသည်။
အဲ့ဒါတွေကို လျစ်လျူရှုရင်း မျောက်၏ အရှိန်က လုံးဝ လျော့ကျမသွားဘဲ သေစေနိုင်လောက်သည့်နေရာများကိုသာ ရှောင်ရှား၍ သူ၏ ဧရာမလက်ဖဝါးနှစ်ဖက်ကို လွှဲရမ်းကာ ရက်ရက်စက်စက် ပစ်ရိုက်ချလိုက်၏။
ဖောက်..ဖောက်.. ဖောက်..
ချက်ချင်းဆိုသလို မျောက်၏ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာက ပေါ်ပေါက်လာလေသည်။
ဒဏ်ရာတစ်ခုကဆို အလွန်နက်၍ သူ၏ အရိုးဖြူဖြူများတောင် ပေါ်နေ၏။
သို့သော်လည်း မျောက်သည် မျက်မှောင်သာကြုတ်၍ သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုက ပိုမိုအားကောင်းလာ၏။ သူ့လက်ဖဝါးနှစ်ဖက်ကို ခွန်အားသုံး၍ လွှဲရိုက်လိုက်သောအခါ ဖန်သားနန်းတော်ကျင့်ကြံသူအချို့က လွင့်ပျံထွက်သွားကြ၏။
ဖျောက်.. ဖျောက်.. ဖျောင်း..
လေထဲမှာ လွင့်ပျံနေသော ဖန်သားနန်းတော်ကျင့်ကြံသူများထံမှ အရိုးကျိုးပဲ့သံများက ထွက်ပေါ်လာ၏။
မျောက်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကို ဖန်သားနန်းတော်ကျင့်ကြံသူများ၏ ကိုယ်ကာယကတောင် ခံနိုင်ရည် မရှိပေ။
သူ၏ နည်းလမ်းများက ကြမ်းကြုတ်ရက်စက်လွန်း၏။
လမ်းတစ်လျှောက်တွင် မျောက်သည် သူ့ကိုယ်သူ လုံးဝ ဂရုမစိုက်၊ သူ့အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေ၏။
သူက ဒဏ်ရာပြင်းထန်စွာ ရသွားလျှင်တောင် ဖန်သားနန်းတော်ကျင့်ကြံသူများနှင့် အဆုံးထိ တိုက်ခိုက်နေဦးမည်ဖြစ်၏။
ဖန်သားနန်းတော်ကျင့်ကြံသူများသည် သူတို့ဂိုဏ်း၏ လက်ရွေးစင်များဖြစ်ပြီး မရေမတွက်နိုင်သော သေရေးရှင်ရေးအခြေအနေများကို ကျော်ဖြတ်ခဲ့ဖူးသော်လည်း ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသည့် တောကောင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
မျောက်၏ မျက်လုံးများက သွေးနီရောင်ဖြင့် စွန်းထင်းလာပြီဖြစ်၏။
ညကောင်းကင်ယံ၏ အောက်တွင် သူ၏ သွေးနီရောင်မျက်လုံးများက ထင်ရှားနေ၏။
အဲ့ဒါက ကောင်းကင်ထက်မှ ကြယ်များထက်ပင် ပို၍ တောက်ပနေ၏။
မည်သူကမှ သူ့အကြည့်နှင့် ရင်မဆိုင်ရဲပေ။
သွေးသံရဲရဲအကြည့်က မွေးဖွားလာလေပြီ။
မျောက်၏ မျိုးဆက်သွေးအနက်ပိုင်းထဲရှိ စွမ်းအားတစ်မျိုးက တိတ်တဆိတ် နိုးထလာပြီဖြစ်၏။
ဒေါသယမ်းမီးပေါက်ကွဲခြင်း...
အဲ့ဒါက မျှော်လင့်ချက်မျောက်ဝံမျိုးနွယ်၏ တစ်မူထူးခြားသည့် စွမ်းအားတစ်မျိုး ဖြစ်လေသည်။
“ဟား”
မျောက်သည် သူ့ခေါင်းကိုမော့၍ မာန်ဖီဟိန်းဟောက်လိုက်ပြီး ဒေါသယမ်းမီးပေါက်ကွဲခြင်းအဆင့်သို့ အပြည့်အဝ ဝင်ရောက်သွားလေသည်။
သူ့ဆီမှာ စဉ်းစားဆင်ခြင်တာတွေ၊ ယုတ္တိကျကျ တွေးခေါ်တာတွေ မရှိတော့ပေ။
သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ... သတ်ဖြတ်ဖို့ပင်။
ဒေါသယမ်းမီးပေါက်ကွဲခြင်း၏ တစ်ကယ့်ကြောက်စရာကောင်းသည့်အချက်မှာ မျောက်၏ ခွန်အားနှင့် အမြန်နှုန်းက နောက်တစ်ဆင့်သို့ တိုးမြင့်သွားပြီး နာကျင်မှုကို လုံးဝ မခံစားရတော့ခြင်းပင်။
သူ့ကို အလွန်တရာ ပြင်းထန်သည့် ဒဏ်ရာရရှိအောင် လုပ်နိုင်မှသာလျှင် သူ၏ သတ်ဖြတ်ခြင်းစက်တစ်လုံးလို လှုပ်ရှားနေခြင်းကို ရပ်တန့်နိုင်ပေလိမ့်မည်။
ပြောရမည်ဆို သူက စိတ်ဝိညာဉ်ကျားကိုပင် မမှတ်မိနိုင်တော့ပေ။
သူ့လမ်းကြောင်းမှာရှိသည့် အရာမှန်သမျှကို သတ်ဖြတ်ရမည်.. သတ်.. သတ်.. သတ်။
မျောက်သည် သူ၏ တုတ်ခိုင်သော လက်နှစ်ဖက်ကို လွှဲရမ်း၍ ကောင်းကင်ထောက်တိုင်တစ်ခုလို လူအုပ်ကြီးထဲသို့ ပြေးဝင်သွား၏။ သူ့ရှေ့မှာရှိသည် ကျင့်ကြံသူများကို ပစ်တိုက်ချလိုက်ပြီး အရိုးကျိုးသံများနှင့် အရွတ်ပြတ်သံများက ထွက်ပေါ်လာလေသည်။
သူ၏ ကြီးမားသည့် လက်သီးကလည်း နက်မှောင်နေသော ချိတ်စည်းတစ်ခုလို ဆင်းသက်လာလေသည်။
တစ်ချက် ပစ်ထိုးလိုက်တိုင်း မြို့ရိုးက တစ်ကြိမ် တုန်ခါသွား၏။
စိတ်ဝိညာဉ်ကျားကလည်း သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ထပ်ကြပ်မကွာ လိုက်ပါလာ၏။
သူ့လက်သည်းများပေါ်ရှိ လျှပ်စစ်ဓါတ်က ဖျော့တော့လာပြီဖြစ်ပြီး တဖြည်းဖြည်း အားနည်းလာလေသည်။
တစ်ကယ်ဆို စိတ်ဝိညာဉ်လက်နက်များကြောင့် သူ့လက်သည်းများပေါ်မှာ ပြတ်ရှရာများ ရှိနေပြီး အချိန်မရွေး ကျိုးပဲ့သွားနိုင်ကာ အရင်ကလို မထက်ရှနိုင်တော့ပေ။
သို့သော်လည်း သူက တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစား၍ သတ်ဖြတ်နေဆဲဖြစ်၏။
သူ့လက်သည်းများ မရှိတော့လျှင်တောင် သူ့အစွယ်များကိုသုံး၍ ကိုက်ဖြတ်နေဦးမည် ဖြစ်၏။
သူ့သွားစွယ်များ ကြေမွသွားလျှင်တောင် သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို သုံးပြီး ပစ်တိုက်ချနေဦးမည်ဖြစ်၏။
“ရူးသွပ်သွားပြီ”
“ဒီတောကောင်နှစ်ကောင်က ရူးသွားပြီ”
ကျင့်ကြံသူများသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်လာကြ၏။
ရှေးဟောင်းမြို့ရိုးပေါ်ရှိ ကျင့်ကြံသူအများစုသည် တစ်ကောင်ပြီးတစ်ကောင် တက်လာနေသော သားရဲတောကောင်များနှင့် တိုက်ခိုက်နေရ၏။
သို့သော်လည်း အကြီးအကဲရှိုအပါအဝင် မည်သူကမှ.. သားရဲတောကောင်များသည် သူတို့၏ အသက်ကို လုံးဝ ပဓာနမထားဘဲ ဤမျှ အတိုင်းအတာအထိ ရူးသွပ်စွာ အသည်းအသန် တိုက်ခိုက်ကြခြင်းကို မမြင်တွေ့ဖူးကြပေ။
ရှေးဟောင်းမြို့တော်၏ တောင်ဘက်မြို့ရိုးပေါ်တွင်.. ဆံပင်အဝါရောင်နှင့် ဗလတောင့်တောင့်လူတစ်ယောက်သည် အစက မြို့ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံရွယ်နေ၏။
သို့သော် ဖြစ်ပျက်လာသည်ကို သူမြင်သောအခါ.. သူ့ရင်ထဲမှာ နက်ရှိုင်းသည့် ပဲ့တင်ထပ်တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ့လက်သီးကို အလိုလို တင်းကျပ်စွာ ဆုပ်လိုက်မိ၏။
သူ၏ သွေးများက ဆူပွက်လာသည်ဟု ခံစားလာရလေသည်။
ပြောရလျှင် သူသည် ရှေ့သို့ ပြေးဝင်ချသွားပြီး မျောက်နှင့် စိတ်ဝိညာဉ်ကျားကို ကူညီပေးချင်စိတ် တဖွားဖွား ပေါ်လာ၏။
သို့သော်လည်း သူက အလျှင်အမြန် စိတ်ကို တည်ငြိမ်စေ၍ သူ့ကိုယ်သူ သတိပေးလိုက်၏။
‘အရမ်းကာရော မလုပ်နဲ့.. အရမ်းကာရော မလုပ်လိုက်နဲ့’
တစ်ဖက်မှာတော့ မီးတောက်နီရောင်မြေခွေးလေးတစ်ကောင်က ထောင့်တစ်ထောင့်မှာ ပုန်းလျှိုး၍ ဖြစ်ပျက်သမျှကို အထိတ်တလန့်ဖြင့် စောင့်ကြည့်နေ၏။
မကြာမကြာဆိုသလို သူမ၏ အကြည့်က ဖန်သားနန်းတော်ကျင့်ကြံသူ သုံးလေးဆယ် စောင့်ကြပ်နေသော သားရဲထုတ်ဖော်ကြေးမုံပေါ်သို့ ရောက်ရောက်သွားတတ်၏။
မြေခွေးလေးက အခွင့်အရေးတစ်ခု ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။
သူမ၏ ပစ်မှတ်က တောင်ဘက်မြို့ရိုးပေါ်ရှိ သားရဲထုတ်ဖော်ကြေးမုံပင် ဖြစ်လေသည်။
အဲ့ဒီမှာ စောင့်ကြပ်နေသော ဖန်သားနန်းတော်ကျင့်ကြံသူက သုံးလေးဆယ်သာ ရှိသော်လည်း မြေခွေးလေးအတွက် သူတို့ကို ဖြတ်ကျော်ပြီး သားရဲထုတ်ဖော်ကြေးမုံဆီ အရောက်လှမ်းနိုင်ဖို့က ကောင်းကင်ဘုံကို တက်ဖို့ထက်ပင် ပိုခက်နေသေး၏။
သူမသည် အရင်က လူသားများနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။
ထိုအချိန်၌ သူမ၏ နှလုံးသားက အကြောက်တရားဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း သူမက ရှေ့သို့ ထွက်ရမည်ဆိုတာ သူမကိုယ်သူမ သိထားလေသည်။