← Chapters

သားရဲထုတ်ဖော်ကြေးမုံများကို ဖြိုခွဲခြင်း

Vol. 44 Ch. 658

သားရဲထုတ်ဖော်ကြေးမုံများကို ဖြိုခွဲခြင်း

Vol. 44 Ch. 658

အရှေ့ဘက်မြို့ရိုးပေါ်တွင် သတ်ဖြတ်ခြင်းက ဆက်လက်ဖြစ်ပွားနေဆဲပင်။

မျောက်၏ သွေးနီရောင်မျက်လုံးများက ပြူးကျယ်၍ ညအမှောင်ထဲမှာ မကောင်းဆိုးဝါးမီးအိမ်နီနှစ်လုံးနှင့် တူနေလေသည်။

ထိုမီးအိမ်နှစ်လုံး ဖြတ်သွားသည့်နေရာတိုင်းမှာ သွေးမုန်တိုင်းတစ်ခုက မွှေနှောက်၍ ဝင်ရောက်လာ၏။

ဂျွတ်..

အရိုးကျိုးသံကို ကြားလိုက်ရ၏။

ဖန်သားနန်းတော်ရွှေအမြုတေတစ်ယောက်သည် ကစင်ကလျား အခြေအနေကြား အနားကပ်လာသည်ကို အခွင့်ကောင်းယူ၍ မျောက်၏ ခုံညင်းရိုးကို သူ့လက်သီးဖြင့် တဘုန်းဘုန်း ပစ်ထိုးချလိုက်၏။

ခုံညင်းက အသားစများပေပွ၍ သွေးသံရဲရဲဖြင့် အရိုးများ အရွတ်များက ကြေမွသွားလေသည်။

မျောက်သည် ဒေါသယမ်းမီးပေါက်ကွဲသည့် အခြေအနေကို ဝင်ရောက်၍ နာကျင်မှုကို မခံစားရသော်လည်း သူ့ဘယ်ဘက်ခုံညင်းရှိ ဒဏ်ရာက ပြင်းထန်လွန်းသည့်အတွက် ဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားရ၏။

သူ့လှုပ်ရှားမှုက အနည်းငယ် လေးကန်သွားသည့်အချိန်မှာပင် လေထဲရှိ ဓါးပျံအချို့က မျောက်၏ ကိုယ်ပေါ်သို့ ကျဆင်းလာကြ၏။

ရွှက်.. ရွှက်.. ဖောက်..

သွေးများက ပန်းထွက်လာ၏။

ချက်ချင်းပင် မျောက်၏ ကိုယ်ပေါ်မှာ သွေးသံရဲရဲအပေါက်အချို့က ဖြစ်ပေါ်လာလေသည်။

ဓါးပျံတစ်လက်က သူ့ရင်အုပ်ကို ထိုးဖောက်သွားပြီး သူ့နှလုံးညာဘက်ဘေးကနေ ကပ်ထွက်သွား၏။ နေရာအနည်းငယ် ပြောင်းသွားသည်နှင့် အဲ့ဒါက သူ့အသက်ကို နုတ်ယူသွားနိုင်လေသည်။

မျောက်၏ တစ်ကိုယ်လုံးက ဒဏ်ရာများ ပြည့်နှက်၍ သွေးများဖြင့် စိုရွှဲနေပြီး သည်းထန်စွာ မောဟိုက်နေ၏။

ထွက်သက်တစ်ချက်ရှူထုတ်လိုက်တိုင်း သူ့နှာခေါင်းများနှင့် ပါးစပ်မှ သွေးများက ပန်းထွက်လာတတ်ပြီး တုန်လှုပ်ချောက်ချားစရာမြင်ကွင်း ဖြစ်လေသည်။

တဖြည်းဖြည်းနှင့် မျောက်၏ ခြေလှမ်းများက ရပ်တန့်သွားလေသည်။

သူက တစ်ကယ့်ကို ပင်ပန်းနေလေပြီ။

သူ့မျိုးဆက်သွေးအနက်ပိုင်းထဲကနေ နှိုးဆွထွက်ပေါ်လာသော ဒေါသယမ်းမီးပေါက်ကွဲအားကြောင့်သာ မဟုတ်လျှင် သူက ပြိုလဲကျသွားသည်မှာ ကြာနေလောက်လေပြီ။

မျောက်၏ မျက်လုံးထဲရှိ သွေးရောင်အလင်းကလည်း တဖြည်းဖြည်း ဖျော့တော့သွားလေပြီ။

သူ့ခန္ဓာကိုယ်မှ ဒေါသယမ်းမီးပေါက်ကွဲအားကလည်း အရှိန်ကုန် ပျောက်ကွယ်သွားလေပြီ။

သူ့တစ်ကိုယ်လုံးက တဆစ်ဆစ်နှင့် စူးစူးရှရှ နာကျင်ကိုက်ခဲလာနေ၏။

သူ၏ ကိုယ်ကာယက အားနည်းလာသည့်အပြင် သူ၏ သွေးပမာဏအတော်များများကိုလည်း ဆုံးရှုံးထားရသည့်အတွက် မူးဝေထိုင်းမှိုင်းလာပြီး သူ့အသိစိတ်က ဝေဝါးလာလေသည်။ သူ့အမြင်အာရုံကပါ တဖျပ်ဖျပ် ဖြစ်လာနေ၏။

မျောက်က သူ့ခေါင်းကို ခါရမ်းလိုက်၏။

သူ့ပါးစပ်နှင့် နှာခေါင်းပေါက်မှ သွေးများက စင်ထွက်သွား၏။

သားရဲထုတ်ဖော်ကြေးမုံက ရှေ့မလှမ်းမကမ်းမှာပင်။

သူ့ရှေ့မှာ ဖန်သားနန်းတော်ကျင့်ကြံသူ နှစ်တန်းသာလျှင် ကျန်ရှိတော့၏။

ယခုအချိန်မှာ မျောက်က လုံးဝကို ပင်ပန်းနွမ်းနယ်နေလေပြီ။

သို့သော် သူသည် မကျေမချမ်း ဖြစ်နေ၏။

မျောက်၏ မျက်လုံးများထဲရှိ သွေးရောင်အလင်းက မှိန်ကျသွားသော်လည်း သူ၏ ကြမ်းကြုတ်မှုက လျော့ကျမသွားဘဲ မလှမ်းမကမ်းရှိ သားရဲထုတ်ဖော်ကြေးမုံကို အံကြိတ်ပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။

မျောက်၏ အကြည့်ကို မြင်ရပြီးနောက် တစ်ဖက်တွင်ရှိသော ကျင့်ကြံသူများမှာလည်း ရှေ့သို့ အရမ်းကာရော မတက်ရဲကြတော့ပေ။

ဖန်သားနန်းတော်ကျင့်ကြံသူနှစ်ယောက်က ရှေ့သို့ ထွက်လာပြီး သူတို့ကိုယ်သူတို့ ဣန္ဒြေဆယ်လိုက်ကြ၏။ တစ်ချက်အော်ဟစ်၍ သူတို့၏ ဓါးပျံများကို နောက်တစ်ဖန် ဆင့်ခေါ်ကာ မျောက်၏ ဦးခေါင်းဆီသို့ ပစ်လွှတ်လိုက်ကြ၏။

ဓါးပျံနှစ်လက်က စိတ်ဝိညာဉ်အလင်းငါးခုစီဖြင့် တောက်ပလာကြ၏။

ပကတိစိတ်ဝိညာဉ်လက်နက်နှစ်လက်!

တိုက်ပွဲ၏ အခုအချိန်ထိ ရှင်သန်နေဆဲ ကျင့်ကြံသူများအားလုံးက သက်ဆိုင်ရာဂိုဏ်းနှင့် အဖွဲ့အစည်းများ၏ အသန်မာဆုံး လက်ရွေးစင်များ ဖြစ်ကြလေသည်။ သူတို့၏ လက်နက်များက ယခုကဲ့သို့ အဆင့်မြင့်နေရခြင်းမှာ ဖြစ်သင့်လေသည်။

မျောက်သည် ဝင်ရောက်လာသော ဓါးပျံနှစ်လက်ကို မြင်သောအခါ ရှောင်ချင်မိ၏။ သို့သော် သူ့ခန္ဓာကိုယ်က အတော်ကို လေးကန်နေပြီဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ။

ထိုဓါးပျံနှစ်လက်၏ တိုက်ခိုက်မှုသာ ကျဆင်းလာပါက မျောက်မှာ အသက် ၁၀ သက်ရှိလျှင်တောင် သေချာပေါက် သေရပေလိမ့်မည်။

ရုတ်တရက်..

ဘေးဘက်ကနေ အရိပ်တစ်ခုက လှစ်ကနဲ ဝင်ချလာပြီး ဓါးပျံတစ်လက်ကို ပစ်တိုက်ချလိုက်၏။

နောက်ထပ်ဓါးပျံတစ်လက်ကတော့ ထိုအရိပ်ထဲသို့ စိုက်ဝင်သွားလေသည်။

အရိပ်က မြေပြင်ပေါ်သို့ ချိနဲ့စွာ ဘုန်းကနဲ ပစ်ကျသွားပြီး သူ၏ ဝမ်းဗိုက်မှာ မသတီစရာ အပေါက်တစ်ပေါက် ရှိနေကာ သွေးများက စီးထွက်ကျနေ၏။

အဲ့ဒါက စိတ်ဝိညာဉ်ကျားပင်။

နောက်ဆုံးအခိုက်အတန့်ထိ စိတ်ဝိညာဉ်ကျားသည် မျောက်ကို ကယ်ဖို့အတွက် အမီရောက်ချလာ၏။

အစကတည်းက စိတ်ဝိညာဉ်ကျားသည် ပင်ပန်းနွမ်းနယ်နေခဲ့ပြီးဖြစ်၏။ ယခု သူ့ဝမ်းဗိုက်ကို ဓါးပျံက ထိုးဖောက်သွားသောအခါ ပြန်ထဖို့ ခွန်အားမရှိတော့ဘဲ မှိန်ကျသွားသော မျက်လုံးနှင့်အတူ မြေပြင်ပေါ်မှာ ညည်းတွားကာ လဲနေ၏။

ဆူဇီမို၏ အကြည့်က အေးစက်လာပြီး လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်လိုက်သည့်အတွက် သူ့လက်ဆစ်များက ဖြူလာ၏။

မသိလိုက်မသိဘာသာနှင့်ပင် ထက်ရှသော လက်သည်းများက ပြူထွက်လာပြီး သူ့အသားထဲသို့ စိုက်ဝင်သွားသည်ကိုပင် သူ မသိတော့ပေ။

“ဟား”

ထိုသည်ကို မျောက်က မြင်သောအခါ ပထမ ကြောင်အသွား၏။ ထို့နောက် ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကြီးက တဆတ်ဆတ် တွန့်သွားပြီး ဝေဒနာသည်တစ်ယောက်လို ရှေ့သို့ ဟိန်းဟောက်လိုက်၏။

ရှပ်.. ရှပ်.. ရှပ်..

မျောက်က သူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲပြီး သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို ဖျစ်ညှစ်ထုတ်ကာ ရှေ့ရှိ ဖန်သားနန်းတော်ကျင့်ကြံသူနှစ်တန်းဆီသို့ ခြေသုံးလှမ်းဆက်တိုက်လှမ်းလိုက်၏။

“ဖန်သားနတ်ဘုရားအလင်း”

ဖန်သားနန်းတော်ရွှေအမြုတေတစ်ယောက်က တစ်ချက်အော်ဟစ်၍ ဖန်သားနန်းတော်၏ အမွေအနှစ်အမြုတေနယ်မြေကို မျောက်ဆီသို့ ထုတ်ဖော်လိုက်၏။

ဝေါ..

အမြုတေနယ်မြေစွမ်းအားက တလိပ်လိပ်တက်လာပြီး ဖန်သားနတ်ဘုရားအလင်းက ဝင်းလက်တောက်ပလာ၏။

ဖန်သားနန်းတော်ကျင့်ကြံသူ၏ နောက်တွင် သက်တံအလင်းတန်းများက တစ်ခုပြီးတစ်ခု တောက်ပလာလေသည်။

အနီးနားရှိ သားရဲတောကောင်အချို့ကို သက်တံအလင်းများက လွှမ်းခြုံသွားပြီး သူတို့၏ အသားများက ချက်ချင်းကြည်လင်အေးစက်လာပြီး အသက်ဓါတ်က ပျောက်ကွယ်ကုန်ကြလေသည်။

တစ်ချက်ထိလိုက်ရုံနှင့် သူတို့၏ ခန္ဓာကိုယ်က ရေခဲတုံးများအဖြစ် မြေပြင်ပေါ်သို့ ကြေမွပြန့်ကျဲကျသွားလေသည်။

မျောက်သည် ကြောက်မက်ဖွယ်ရာ အမူအယာရှိနေပြီး ဖန်သားနတ်ဘုရားအလင်းဆီသို့ ရပ်တန့်လိုခြင်းမရှိဘဲ ပြေးဝင်ချသွား၏။ သူက ဖန်သားနန်းတော်ကျင့်ကြံသူကို သူ၏ ကြီးမားသည့် လက်ဝါးကြီးဖြင့် ကုတ်ဆွဲချလိုက်၏။

“ဒီကောင်ကတော့ သေချင်နေတာပဲ”

ထိုလူက လှောင်ရယ်၍ မာန်မဲလိုက်၏။

ဖန်သားနတ်ဘုရားအလင်းနှင့်ဆိုပါက မျောက်၏ လက်က သူ့ထံသို့ ရောက်လာနိုင်စရာ အကြောင်းမရှိပေ။ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်၏ မျိုးဆက်သွေးနှင့် ဆိုလျှင်တောင် ဖန်သားနတ်ဘုရားအလင်းနှင့်တွေ့ပါက ကြေမွသွားပေလိမ့်မည်။

ဖျောက်.. ဖျောက်.. ဖျောက်..

မှန်ပေသည်။

ဖန်သားနတ်ဘုရားအလင်းဆီသို့ ရောက်လာပြီးနောက် မျောက်၏ လက်ကို သက်တံရောင်သလင်းတစ်လွှာက ချက်ချင်း ဖုံးအုပ်သွား၏။ သူ၏ သားမွေးများက ကွာကျသွားပြီး သူ့အသားက ပေါ်လာလေသည်။

နောက်ခဏ၌ ထိုလက်ပေါ်ရှိ အသားများကိုပင် သက်တံသလင်းတစ်လွှာက ထပ်အုပ်သွားပြန်၏။

အမြုတေနယ်မြေ၏ စွမ်းအားက လက်၏ အသား၊ အသွေးနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားသည်နှင့် မျောက်က သူ့လက်ကို ပျက်စီးဆုံးရှုံးရပေတော့မည်။

သို့သော် ဖန်သားနတ်ဘုရားအလင်းက မျောက်၏ လက်ထဲသို့ အပြည့်အဝ မထိုးဖောက်နိုင်ခင်မှာပင် သူ့လက်က ဖန်သားနန်းတော်ကျင့်ကြံသူ၏ လည်ပင်းဆီသို့ ရောက်ရှိသွားပြီဖြစ်၏။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

ဖန်သားနန်းတော်ကျင့်ကြံသူ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

အဲ့ဒါမှာ အကြောင်းပြချက်က တစ်ခုသာလျှင်ရှိ၏။

မျောက်၏ မျိုးဆက်သွေးက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်၏ မျိုးဆက်သွေးထက်ပင် ပိုသန်မာ၍ ပိုကြောက်ဖို့ ကောင်းနေခြင်းပင်။

လောလောဆယ်မှာတော့ သူသည် ဖန်သားနတ်ဘုရားအလင်း၏ ထိုးဖောက်ခြင်းကို တောင့်ခံထားနိုင်သေး၏။

ထိုအချိန်တွင် မျောက်က သူ့ခွန်အားအချို့ကို သူ့လက်ချောင်းများဆီသို့ ပို့လွှတ်လိုက်သည်နှင့် ဖန်သားနန်းတော်ကျင့်ကြံသူကို ချက်ချင်းလက်ငင်း သတ်ဖြတ်နိုင်လေသည်။

သို့သော် မျောက်က ထိုသို့ မလုပ်ပေ။

သူက ထိုလူ၏ လည်ပင်းကို ဆုပ်ကိုင်ပြီး မလှမ်းမကမ်းတွင်ရှိသော သားရဲထုတ်ဖော်ကြေးမုံဆီသို့ ရက်ရက်စက်စက် ချိန်ရွယ်၍ မြှောက်ပစ်ထုတ်လိုက်၏။

မြှောက်ပစ်ထုတ်လိုက်ချိန်မှာ ဖန်သားနန်းတော်ကျင့်ကြံသူ၏ ခေါင်းက ချာချာလည်သွားပြီး သူ့ကိုယ်သူ လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ထားလျက်နှင့်ပင် လူအုပ်ကြီးကို ဖြတ်၍ လွင့်ပျံသွား၏။

အချိန်မီ မရှောင်နိုင်သော ကျင့်ကြံသူအချို့မှာ ဖန်သားနတ်ဘုရားအလင်းနှင့် ထိတွေ့သွားပြီး အေးစက်စက် သလင်းကျောက်များအဖြစ် ကြွေမွထွက်ကုန်၏။

ကျန်ရှိနေသော ကျင့်ကြံသူများမှာလည်း ထိုလူကို ခုခံဖို့ မည်သူ့မှ ရွှေအမြုတေနယ်မြေများကို မထုတ်ဖော်နိုင်ကြပေ။

ဘုန်း...

ထိုလူသည် သားရဲထုတ်ဖော်ကြေးမုံပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။

ခွမ်း..

သားရဲထုတ်ဖော်ကြေးမုံက မြို့ရိုးပေါ်ကနေ လိမ့်ဆင်းကျသွားလေတော့သည်။

အစတုန်းက မြို့ရိုးလေးခုထက်ကနေ အလင်းမီးမောင်းလေးခု ထိုးထား၏။

သို့သော် ယခုအခါမှာတော့ အလင်းမီးမောင်းတစ်ခုက လျော့သွားလေပြီ။

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားကလည်း တစ်စိတ်တစ်ပိုင်း လျော့ကျသွား၏။

သိုသော် အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါက လုံးဝ ပျက်ပြယ်မသွားသေးပေ။

အနည်းဆုံး သားရဲထုတ်ဖော်ကြေးမုံသုံးချပ်ကို ဖယ်ရှားနိုင်မှသာ သူက ရုန်းထွက်နိုင်ပေလိမ့်မည်။

သားရဲထုတ်ဖော်ကြေးမုံက လိမ့်ကျသွားသည်ကို မြင်သောအခါ မြို့ရိုးပေါ်တွင် မျောက်က သက်ပြင်းချလိုက်၏။ သူ့မျက်လုံးများက မှိန်ကျသွားပြီး ဆက်လက် မတောင့်ခံနိုင်တော့ပေ။

ဘုန်းကနဲဆို မျောက်၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက မြို့ရိုးပေါ်သို့ ချိနဲ့စွာ ပစ်လဲကျသွားပြီး သွေးစက်များက စင်ထွက်၍ ဖုန်များက ထောင်းထောင်းထသွား၏။

မျောက်၏ ခေါင်းက စောင်းငဲ့ကျလျက်နှင့်ပင် မြို့လယ်ရှိ ဆူဇီမိုကို လှမ်းငေးကြည့်ပြီး သူ့နှုတ်ခမ်းများကို အတတ်နိုင်ဆုံးကြိုးစားလှုပ်ရှား၍ ပြုံးပြလိုက်၏။ အဲ့ဒါက ကန်းလန်ရိုးမမှာတုန်းက သူလုပ်ပြခဲ့သလိုပင်။

ဆူဇီမို၏ မျက်ဝန်းများက စိုစွတ်လာ၏။

လေထဲတွင် အကြီးအကဲရှိုက တလျှပ်လျှပ်ဖြစ်လာသော သူ့နှလုံးကို တည်ငြိမ်အောင် ကြိုးစားနေ၏။

သားရဲထုတ်ဖော်ကြေးမုံတစ်ချပ် ပြုတ်ကျသွားခြင်းက လက်ရှိအခြေအနေအပေါ် ရိုက်ခတ်မှု သိပ်မများပေ။

ဒါ့အပြင် သားရဲဘုရင်နှစ်ပါးက ခြေကုန်လက်ပန်းကျသွားပြီဖြစ်ပြီး သူတို့ကို အချိန်မရွေး သတ်လို့ ရနေလေပြီ။ ကျန်ရှိနေသော သားရဲတောကောင်များက ခြိမ်းခြောက်နိုင်စွမ်း သိပ်မမြင့်မားပေ။

“အားလုံးပဲ.. ကျုပ်အမိန့်ကို နာခံကြ.. အရှေ့ဘက်မြို့ရိုးကို လက်လွှတ်ပြီး ကျန်တဲ့မြို့ရိုးသုံးခုကို အစွမ်းကုန် စောင့်ကြပ်ကြမယ်ဟေ့.. သားရဲထုတ်ဖော်ကြေးမုံသုံးချပ်ကို ကာကွယ်ကြ”

အကြီးအကဲရှို၏ စကား မဆုံးသေးခင်မှာပင် တောင်ဘက်မြို့ရိုးပေါ်တွင် တစ်စုံတစ်ရာက ဖြစ်ပျက်လာလေသည်။

All Chapters