လွတ်မြောက်သွားခြင်း
Vol. 44 Ch. 660
ရှေးဟောင်းမြို့တော်၏ အလယ်မှ တုန်လှုပ်ချောက်ချားစရာ အော်ရာက ဖြာထွက်လာပြီး နေရာတိုင်းသို့ စိမ့်ဝင်ပျံ့နှံ့ကာ ကျင့်ကြံသူတိုင်းအပေါ်သို့ လွှမ်းခြုံလာလေသည်။
အရှေ့ဘက်မြို့ရိုးတွင် များစွာသော ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကျားနှင့် မျောက်ကို သတ်ဖြတ်ရန်အတွက် တက်လာကြတော့မည်ဖြစ်၏။ သို့သော်လည်း ရုတ်တရက် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။
တောင်ဘက်မြို့ရိုးပေါ်တွင် မိန်းမပျိုလေးအဖြစ် ပြောင်းလဲထားသော မြေခွေးလေးက အနည်းငယ် မောဟိုက်နေ၏။
ရွှေခြင်္သေ့၏ ကြီးမားသည့် ကိုယ်ကြီးက မြို့ရိုးထောင့်ကနေ ပြုတ်ကျပြီး ရှုံ့တွ၍ သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
သူက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်ပင် ဖြစ်သော်လည်း ဖန်သားနန်းတော်မှ ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုကို မခံနိုင်ဘဲ တစ်ခဏအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့၏။
သို့သော် ထိုကျင့်ကြံသူများက သူ့နောက်သို့ ဆက်လိုက်မလာပေ။
ရှေးဟောင်းမြို့တော်ရှိ ကျင့်ကြံသူတိုင်းသည် အရိုးထိတိုင် ချမ်းစိမ့်လာပြီး အလိုလို လှည့်ကြည့်လိုက်ကြ၏။
သားရဲထုတ်ဖော်ကြေးမုံနှစ်ချပ် ပြိုလဲကျပြီးနောက် ဘာဖြစ်လာမလဲ မည်သူမှ မသိကြပေ။
ကျင့်ကြံသူတိုင်း သိချင်နေကြသည်မှာ ကျန်ရှိနေသော သားရဲထုတ်ဖော်ကြေးမုံနှစ်ချပ်က အရပ်လေးမျက်နှာသားရဲနှိမ်နင်းဝင်္ကပါကို ထောက်ပံ့ပြီး ပြန်ဝင်စားမွန်းစတားကို ဆက်လက်ထိန်းချုပ်ထားနိုင်ဦးမည်လား ဆိုတာကိုပင်။
လေထဲရှိ ချိတ်ပိတ်ထားသူ.. အကြီးအကဲရှိုပင်လျှင် ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွား၏။
ထိုအခိုက်၌ အချိန်က အေးခဲသွားသည်ဟု ထင်ရလေသည်။
အသက်တစ်ရှိုက်..
အသက်နှစ်ရှိုက်..
ဆူဇီမိုသည် သူရှိနေရာမှာပင် မလှုပ်မယှက် ငြိမ်သက်နေဆဲဖြစ်၏။
သားရဲထုတ်ဖော်ကြေးမုံနှစ်ချက်က လျော့ကျသွားသော်လည်း ဝင်္ကပါပေါ်ရှိ အင်းကွက်များနှင့် ကျမ်းစာများက ရှိနေဆဲဖြစ်ပြီး ဆူဇီမို၏ ခေါင်းပေါ်ကနေ ခိုင်မာစွာ ဖိနှိမ်ထားဆဲဖြစ်၏။
အကြီးအကဲရှိုသည် အရင်ဆုံး သတိဝင်လာပြီး အော်ပြောလိုက်၏။
“အားလုံးပဲ.. ဘာမှ မကြောက်ကြနဲ့.. ဝင်္ကပါက အသက်ဝင်နေတုန်းပဲ.. အဲ့တောကောင်က မလွတ်မြောက်နိုင်ဘူး.. မင်းတို့အားလုံး အနောက်ဘက်နဲ့ မြောက်ဘက်မြို့ရိုးပေါ်က သားရဲထုတ်ဖော်ကြေးမုံတွေကိုသာ သွာပြီး စောင့်ကြပ်ကြ”
‘အဲ့ဒီသားရဲထုတ်ဖော်ကြေးမုံနှစ်ချပ်က ဘာမှ ဖြစ်လို့ မရဘူးနော်”
အကြီးအကဲရှိုသည် ပြောနေရင်းနှင့် အနောက်ဘက်မြို့ရိုးဆီသို့ ပြေးထွက်လိုက်၏။
“ဟီးဟီးဟီး.. ဟားဟား”
ရုတ်တရက်.. ဆူဇီမိုသည် ရှေးဟောင်းမြို့တော်၏ ဝင်္ကပါအလယ်ကနေ စိတ်မချမ်းမြေ့ဖွယ်ရာ ရယ်ချလိုက်၏။
အကြီးအကဲရှိုပြောတာ မမှားပေ။
သားရဲထုတ်ဖော်ကြေးမုံနှစ်ချပ်က ပြိုကျသွားတာတောင် ဆူဇီမိုသည် ရုန်းထွက်လို့ မရနိုင်သေးပေ။
သို့သော်လည်း ဝင်္ကပါ၏ ဖိအားကတော့ သိသိသာသာ လျော့ကျသွားလေပြီ။
ခွန်အားလျော့ကျသွားသော ဝင်္ကပါနှင့်အတူ ဆူဇီမို၏ ကိုယ်တွင်းမှ နောက်ထပ်စွမ်းအားတစ်မျိုးက ချိတ်စည်းပွင့်လာလေသည်။
ဆူဇီမိုသည် ခေါင်းကိုလှည့်ကာ အကြီးအကဲရှိုဘက်သို့ အေးစက်စွာဖြင့် စိုက်ကြည့်လိုက်၏။
လေထဲရှိ အကြီးအကဲရှိုသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
တစ်ယောက်ယောက်က သူ့ကို နောက်ကနေ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်ကို သူခံစားမိ၏။ အဲ့ဒါက ထိုးဖောက်လာသော အလင်းတန်းတစ်ခုလိုပင်။
ထို့နောက် ချက်ချင်းပင် သူ့နှလုံး၏ အနက်ပိုင်းထဲမှ အလွန်တရာ အားကောင်းသော အန္တရာယ်အငွေ့အသက် ရုန်းကြွလာသည်ကို ခံစားလိုက်ရ၏။
အဲ့ဒါက အရမ်းကို မအီမသာဖြစ်စေသော ခံစားချက်ပင်။
အကြီးအကဲရှိုသည် လှည့်ကြည့်လိုက်၏။
ချက်ချင်းပင် သူသည် မနှိုင်းယှဉ်သာအောင် ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား သူ့မျက်လုံးများက ထိတ်လန့်ချောက်ချားမှုဖြင့် ပြူးကျယ်သွား၏။
ရှေးဟောင်းမြို့တော်၏ အလယ်ရှိ.. ဆူဇီမို၏ ညာဘက်မျက်လုံးထဲကနေ အဖြူရောင်အလင်းတန်းတစ်ခုက ကန်ထွက်လာပြီး သိပ်သည်းစုဖွဲ့ကာ အရမ်းကို တောက်ပဝင်းထိန်နေ၏။
“စက္ခုနည်းစနစ်လား”
အကြီးအကဲရှိုသည် ငေးငိုင်နေရာကနေ အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။
ဆူဇီမို၏ ညာဘက်မျက်လုံးကနေ ရုန်းကန်ထွက်လာသော တဖျတ်ဖျတ်တလက်လက်အလင်းက ခြစ်ခြစ်တောက်ပူပြင်းသော နေတစ်စင်းအလား ကမ္ဘာတစ်ခုလုံးကို လင်းထိန်သွားစေ၏။
မီးပဒေသာမျက်လုံး!
သားရဲထုတ်ဖော်ကြေးမုံနှစ်ချပ် လျော့ကျသွားပြီးနောက် ဆူဇီမိုကိုယ်တွင်းမှ ပထမဆုံး လွတ်မြောက်လာသည့် စွမ်းအားမှာ မီးပဒေသာမျက်လုံး ဖြစ်လေသည်။
မီးပဒေသာမျက်လုံးကို ရရှိဖို့ ခြစ်ခြစ်တောက်ပူသော နေမင်းကို ငေးကြည့်ပြီး ကျင့်ကြံခဲ့ရ၏။
တစ်ကယ်ဆို အဲ့ဒါက အတွင်းအမြုတေ၏ စွမ်းအားကိုပင် ကျော်လွန်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအဆင့်နီးပါးသို့ ရောက်ရှိနေလေပြီ။
တစ်နည်းအားဖြင့် မီးပဒေသာမျက်လုံး၏ စွမ်းအားကို ဓမ္မစွမ်းအားအမျိုးအစားဟုပင် ခေါ်လို့ ရလေသည်။
ဝုန်း..
မနှိုင်းယှဉ်သာအောင် တောက်ပသော အလင်းက လေဟာနယ်ကို ဖြိုခွင်း၍ ရှေးဟောင်းမြို့တော်၏ တစ်ဝက်နီးပါးထိ ဖြတ်သန်းလာပြီး အဲ့ဒါက အကြီးအကဲရှို၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားလေသည်။
ကမ္ဘာလောကက ငြိမ်သက်နေဆဲဟု ထင်ရ၏။
ချက်ချင်းပင် ထိုအလင်းတန်းကြောင့် ရှေးဟောင်းမြို့တော်ထဲရှိ အမှောင်ထုက ဖယ်ရှားတွန်းထုတ်ခြင်း ခံလိုက်ရ၏။
အကြီးအကဲရှို၏ ဝမ်းဗိုက်တွင် ကြီးမားသည့် ဟောင်းလောင်းပေါက်ကြီးတစ်ခုက ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ပြတ်ထွက်လုနီးပါးပင်။
ပြောရလျှင် ထိုဒဏ်ရာ၏ ဘေးပတ်လည်မှာ မည်သည့်သွေးအစအနမှ ရှိမနေပေ။ မီးပဒေသာမျက်လုံး၏ စွမ်းအားက အကုန်လုံးကို ပြာအဖြစ် တိုက်စားသွားပြီး အဲ့ဒါက အရမ်းကို ကြောက်ဖို့ကောင်းလေသည်။
အကြီးအကဲရှို၏ အသက်ဓါတ်က သူ့ခန္ဓာကိုယ်ကနေ ဖယ်ခွာလာလေပြီ။
မီးပဒေသာမျက်လုံးက သူ့ကိုယ်တွင်းအင်္ဂါများမှ အသက်ဓါတ်များကို မခြွင်းမချန် လောင်ကျွမ်းသွားစေ၏။
တစ်ကယ်ဆို အချိန်မှာ သူ့ခန္ဓာကိုယ်က အလောင်းကောင် ဖြစ်နေလေပြီ။
သူသည် လေထဲကနေ ချက်ချင်းပြုတ်ကျမလာရသေးသည့် အကြောင်းအရင်းမှာ သူ့အမြုတေစိတ်ဝိညာဉ်၏ တည်ရှိမှုကြောင့်ပင်။
ကံဆိုးစွာနှင့် သူသည် ဘဝသက်တမ်းကုန်ခါနီးအရွယ်သို့ ရောက်နေကာ သူ၏ အမြုတေစိတ်ဝိညာဉ်က အလွန်တရာ အားနည်းနေ၏။ သူ့ခန္ဓာကိုယ်ထဲကနေ ရုန်းထွက်နိုင်ခဲ့လျှင်တောင် အဲ့ဒါက အသက်သုံးရှိုက်စာထက် ပိုခံလိမ့်မည် မဟုတ်ပေ။
ရှေးဟောင်းမြို့တော်ကို လွှမ်းခြုံထားသော သတ်ဖြတ်လိုစိတ်တစ်ခုတည်းကတောင် သူ၏ အလွန်တရာ နုနယ်သော အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်လေသည်။
အကြီးအကဲရှို၏ မျက်လုံးက မှေးမှိန်သွားပြီး သူ့မှာ မည်သည့်မျှော်လင့်ချက်မှ မကျန်ရှိတော့ပေ။
သူက သေဖို့ သေချာသွားပြီး နောင်တရစရာလည်း မရှိတော့ပေ။
သူတစ်ကယ်တမ်း စိုးရိမ်မိသည်မှာ သားရဲနှိမ်နင်းဝင်္ကပါက ဤပြန်ဝင်စားမွန်းစတားကို ဆက်လက်ထိန်းထားနိုင်ပါ့မလားဆိုတာကိုပင်။
စက္ခုနည်းစနစ်၏ တစ်ကယ့်ပစ်မှတ်က သူ မဟုတ်.. သူ့နောက်က အနောက်ဘက်မြို့ရိုးပေါ်ရှိ သားရဲထုတ်ဖော်ကြေးမုံကို ဖြစ်လေသည်။
အလင်းတန်းက သူ့ဝမ်းဗိုက်ကို ထိုးဖောက်သွားပြီးနောက် အနောက်ဘက်မြို့ရိုးကို သွားရောက်ထိခတ်၏။
သားရဲထုတ်ဖော်ကြေးမုံရှေ့တွင် စောင့်ကြပ်နေကြသော ကျင့်ကြံသူငါးယောက်ကို အလင်းတန်းက ချက်ချင်းထိုးဖောက်သွားလေသည်။
သူတို့ထဲမှတစ်ယောက်၏ ခန္ဓာကိုယ်က တစ်ပိုင်းတိတိ ပြတ်ကျသွား၏။
နောက်တစ်ယောက်၏ ခေါင်းက ထက်ခြမ်းပဲ့ထွက်သွားလေသည်။
ဝုန်း..
နောက်ဆုံးမှာတော့ မီးပဒေသာမျက်လုံးမှလာသော အလင်းတန်းသည် သားရဲထုတ်ဖော်ကြေးမုံပေါ်သို့ ကျဆင်းသွားပြီး ၎င်းကို မြေပြင်ပေါ်သို့ လန်ကျသွားစေလေသည်။
ဆူဇီမို၏ ကိုယ်ပေါ်မှ နောက်ထပ်အလင်းမီးမောင်းတစ်ခုက ပျောက်ကွယ်သွားလေပြီ။
ညအမှောင်က တစ်ဖန် ပြန်လည် ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာပင် လူတိုင်း၏ စိတ်ထဲ၌ နက်မှောင်နေသော မြူခိုးတစ်လွှာက သိုင်းခြုံလာ၏။
သားရဲနှိမ်နင်းဝင်္ကပါက ရှိနေသေးသော်လည်း ဝင်္ကပါအင်းကွက်များနှင့် ကျမ်းစာများက သိသိသာသာ မှိန်ကျသွားလေပြီ။
“ဖန်သားနန်းတော်က ကျင့်ကြံသူတွေအကုန်လုံး.. နားထောင်ကြ.. ဒီနေရာကနေ မြန်မြန်ထွက်.. မင်းတို့တတ်နိုင်သမျှ အဝေးဆုံးကို ပြေးကြတော့!”
အကြီးအကဲရှိုသည် သူ၏ နောက်ဆုံးခွန်အားတစ်မျှင်ဖြင့် ကြိုးစား၍ အော်ဟစ်လိုက်၏။
ထို့နောက်ချက်ချင်းပင် အကြီးအကဲရှို၏ နဖူးက တောက်ပသွားပြီး လေထဲမှာ လက်မအရွယ်လောက် အနက်ရောင်တောင်ထွတ်တစ်ခုက ပေါ်လာ၏။
ဓမ္မစွမ်းအားအတက်အကျက ဖြစ်လာ၏။
အနက်ရောင်တောင်ထွတ်က လေထဲမှာ လျှင်မြန်စွာ ပြန့်ကားလာပြီး ကြီးမားသည့်အရိပ်တစ်ခုနှင့်အတူ ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ပိကျလာလေသည်။
အဲ့ဒါက အကြီးအကဲရှို သူနောက်ဆုံး လုပ်ပေးနိုင်သော အရာပင်။
အဲ့ဒါက ဆူဇီမိုကို သတ်ဖြတ်နိုင်လျှင်တော့ အကောင်းဆုံးပေါ့။
မဟုတ်လည်း ဖန်သားနန်းတော်မှ ကျန်ရှိနေသော ကျင့်ကြံသူများ ထွက်ပြေးဖို့ အချိန်တစ်ခု ရသွားလျှင်တောင် သူ့သေရတာက အလကားလုံးလုံး မဖြစ်တော့ပေ။
“အားးး”
မျောက်နှင့် စိတ်ဝိညာဉ်ကျားက မြို့တော်ကို တိုက်ခိုက်လာသည်ကို သိလိုက်ရချိန်ကတည်းက ဆူဇီမို၏ ဒေါသမီးက တောင်လောင်နေပြီဖြစ်၏။
ယခု သားရဲထုတ်ဖော်ကြေးမုံသုံးချပ်က ကွာကျသွားသောအခါ သူ့ပေါ်မှ ဖိအားက သိသိသာသာ လျော့နည်းသွားပြီး သူ့ခေါင်းကိုမော့ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
နောက်ဆုံးကျန်ရှိနေသော သားရဲထုတ်ဖော်ကြေးမုံက သူ၏ အတွင်းအမြုတေကို ဆက်လက်ဖိနှိမ်ထားနိုင်ခြင်း မရှိတော့ပေ။
ဆူဇီမို၏ မျက်လုံးများက ဝင်းလက်တောက်ပ၍ မင်ကဲ့သို့ နက်မှောင်ကာ သူ့ဆံပင်များက ကခုန်လာ၏။
သူ့အတွင်းအမြုတေက ရူးသွပ်စွာ လည်ပတ်၍ သူ့ခန္ဓာကိုယ်တွင်းရှိ သွေးချီများက ရုန်းကြွလာပြီး သွေးနီရောင်သားရဲချီက သူ့ကို လွှမ်းခြုံလာလေသည်။ သူ့ခန္ဓာကိုယ်က အလွန်တရာ လျှင်မြန်စွာ ပြန့်ကားလာနေ၏။
ဖျောက်...
ဖန်း.. ဖန်း.. ဘန်း..
ဆူဇီမို၏ အရိုးများနှင့် အရွတ်များမှ အသံဗလံများက ထွက်ပေါ်၍ သူ့အသားများက ကျယ်ပြန့်လာနေ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် အစက ခုနှစ်ပေလောက်ရှည်သော သူ့အရပ်သည် ပေတစ်ရာကျော်ထိ မြင်မားလာ၏။ သူသည် လွန်မင်းသော ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ ရှေးကျသော မိစ္ဆာနတ်ဆိုးတစ်ကောင်လို ဖြစ်လာ၏။
မြို့ထဲရှိ များစွာသော ကျင့်ကြံသူများသည် လိပ်ပြာလွင့်လောက်အောင် ကြောက်လန့်ကုန်ကြပြီဖြစ်၏။
သူတို့၏ ရှေ့မှောက်မှာပင် ကြီးမားသည့် ထိုသတ္တဝါကြီးက မြို့ရိုးများထက်ပင် ပို၍ မြင့်မားသွားပြီဖြစ်၏။
ဖြစ်ပျက်လာသော အရာက အရမ်းကို တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလေသည်။