← Chapters

ဓားပြမိစ္ဆာ၊ လေအေးနှင့် လူသတ်ဆရာ

Vol. 13 Ch. 181

ဓားပြမိစ္ဆာ၊ လေအေးနှင့် လူသတ်ဆရာ

Vol. 13 Ch. 181

အရိပ် ဌာနချုပ်ကို ဖြိုဖျက်ပြီးသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။

ကျန်းလျှိုယွဲ့က သူမ၏ လျှို့ဝှက်မြေအောက်ခန်းတွင် ပြန်လည်ကုသရန် အချိန်အတော်ယူခဲ့ရသည်။

သူမက ခန့်မှန်းချက်အချို့ကိုပါ ပြုလုပ်ခဲ့သည်။

ဤတစ်ခေါက် ကပ်ဘေးကြောင့် သူမက သူမ၏ နှစ်ပေါင်း ခြောက်ရာမျှ ကျင့်ကြံမှုကို ဆုံးရှုံးသွားခဲ့ရ၏။

သူမ၏ ရွှံ့စေး ကိုယ်ပွားကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်လျှင်ပင် ကိုယ်ပွားထဲမှ စွမ်းအားကို ပြန်သိမ်းနိုင်သရွေ့ သူမက သူမ၏ ကျင့်ကြံခြင်း နယ်ပယ်ကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုပါရှန်းကြောင်ကြီးက သူမကို ထိုသို့ပြုလုပ်ရန် အခွင့်အရေး အနည်းငယ်ပင် မပေးခဲ့ဘဲ ချက်ချင်း ဖောက်ခွဲပစ်ခဲ့သည်။

ကြောင်များ၏ လက်ချက်ဖြင့် သူမ၏ ဌာနချုပ်မှာ ပြိုကျပျက်စီးသွားရပြီး သူမ၏ ညီမမှာလည်း ထပ်မံ ဖမ်းဆီးခံခဲ့ရ၏။

ထို့အပြင် သူမ၏ လက်ထောက် မော့လီ ကိုပါ ဖမ်းမိသွားခဲ့သည်။

ယခင်က လုပ်ကြံရေး နယ်ပယ်တွင် ကမ္ဘာကို တုန်လှုပ်ချောက်ခြား စေခဲ့သော အရိပ်အဖွဲ့၏ ဌာနချုပ်မှာ ယခုအခါတွင် မရှိတော့ပေ။

ထို့ကြောင့် ကျန်းလျှိုယွဲ့က အနည်းငယ် စိတ်ဓာတ်ကျချင်သလိုပင် ဖြစ်သွားသည်။

အရိပ်အဖွဲ့၏ အင်အား ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် နိုင်ငံတကာ အဆင့် ထိပ်တန်း လုပ်ကြံသူ စာရင်းတွင် ပါဝင်သော လူသတ်သမားများက သူမအား ခြေရာခံရန် တတ်နိုင်သလောက် လုပ်ဆောင်နေကြသည်ကို သူမ ကောင်းကောင်း သိနေခဲ့သည်။

၎င်းတို့မှာ မိုးသည်းညရဲ့ ကျောက်ကပ်မုဆိုး(အဆင့်၁၀)၊ အေးခဲလက်(အဆင့်၉)၊ အသားပေါင်း ကျူးကျော်သူ(အဆင့်၈)၊ တစ်လက်မ မီးခိုးရောင်(အဆင့်ရ)တို့ ဖြစ်ကြသည်။

ထိုသူအားလုံးက သူမကို သတ်ပစ်ရန် ခွန်အား ရှိကြပြီး သူမ၏ အဆင့်ကို အစားထိုး လက်လွှဲယူနိုင်သည့် အစွမ်းသတ္တိမျိုး ရှိကြ၏။

သူမအနေဖြင့် ဤကမ္ဘာမြေကြီးပေါ်တွင် ဘာဆက်လုပ်သင့်ပါသနည်း။

သူမ မျက်လုံးများက ရုတ်တရက် မည်းမှောင်သွားသည်။

ကျန်းလျှိုယွဲ့က အဆိုးဆုံး အခြေအနေ အတွက် အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ သော်လည်း ထိုနေ့က ဤကဲ့သို့ မြန်မြန်ဆန်ဆန် ရုတ်တရက် ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သို့သော် မည်သို့ပင် အခြေအနေ ဆိုးရွားစေကာမူ အနည်းဆုံးတော့ သူမက သူမ၏ ခန္ဓာကိုယ် အစစ်အမှန်ကို ကာကွယ်နိုင်ခဲ့သည်။

အကယ်၍ ၎င်းကသာ သူမ၏ ရွှံ့စေးကိုယ်ပွား မဟုတ်ခဲ့လျှင် သူမက ကစားပွဲများကို အလှည့်အပြောင်း လုပ်နိုင်သည့် သူမ၏ နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည် ဖြစ်၏။

ဌာနချုပ်တွင် ကျောက်သေတ္တာကို တံဆိပ်ခတ်ထားခဲ့သူမှာ သူမ ကိုယ်တိုင် ဖြစ်သည်။

ကျောက်သရဲ မျက်နှာဖုံးသည် အမြွှာ မှော်ရတနာ ဖြစ်ကြောင်း သူမ သိသည်။

ထို့ကြောင့် သူမက ထိုကျောက်သရဲ မျက်နှာဖုံးကို ထုတ်ယူလိုက်သည့် အခိုက်တွင် မျက်နှာဖုံးနှစ်ခုကြားရှိ လှုံ့ဆော် ချိတ်ဆက်မှုကို ဖြတ်တောက်ရန် ကျောက်သေတ္တာကို စည်းခတ်ထားခဲ့သည်။

သူမတွင် ကစားပွဲကို အလှည့်အပြောင်းလုပ်ရန် အခွင့်အလမ်း ရှိနေသေးကြောင်း သူမ ကောင်းကောင်း သိသည်။

ဆိုရလျှင် သူမ၏ နောက်ဆုံးဝှက်ဖဲမှာ ကျောက်သရဲ မျက်နှာဖုံး ဖြစ်သည် မဟုတ်ပါလား။

သူမ အသက်ရှင်နေသရွေ့..

..........................

Grade 1 အခန်းသုံးတွင် ရှေးဟောင်း စာအုပ်ကြီးဟု အမည်ပြောင်ရထားသည့် ဆရာဝမ်က သူ့သမိုင်း အတန်းကို ဆက်လက် သင်ကြားနေသည်။

သူက နိုင်ငံတကာအဆင့် ထိပ်တန်းလူသတ်သမား ဆယ်ဦးအကြောင်းကို ရှင်းပြခဲ့ရာ ဆက်လက်ရှင်းပြရန် သုံးဦးသာ ကျန်ရှိတော့သည်။

ဆရာဝမ်က ပုံပြင်ပြောသူ၏ ဟန်ပန်အပြည့်အစုံဖြင့် စကားကို ဆက်ပြောလိုက်သည်။

"အဆင့်သတ်မှတ် စာရင်းမှာပါတဲ့ အဆင့်၁၀ ကနေ အဆင့်၄ အထိ ရှိတဲ့ လူသတ်သမားတွေ အကြောင်းကိုတော့ ရှင်းပြခဲ့ပြီးပြီ.. အခုထပ်ပြောမှာက နောက်ဆုံးကျန်ရှိတဲ့ ကမ္ဘာပေါ်က ထိပ်တန်း လူသတ်သမား သုံးဦး အကြောင်းပဲ"

ထိုစကားကို ပြောသည့်အခိုက်တွင် သူ့အမူအရာက အတော်လေး တည်ငြိမ်နေသည်။

"ငါသိသလောက် ပြောရရင် ကမ္ဘာပေါ်မှာ ထိပ်တန်းလူသတ်သမား အယောက် တစ်ရာ စာရင်းကို ထုတ်ပြန်လိုက်ကတည်းက စပြီး အဆင့် သတ်မှတ်ချက်တွေက အကြမ်းဖျင်းအားဖြင့် အကြိမ်ပေါင်း သုံးထောင်ခြောက်ရာလောက်ကို ပြောင်းလဲနေခဲ့တယ်.. ဒါပေမယ့် မပြောင်းလဲခဲ့တဲ့ နေရာကထိပ်ဆုံး သုံးနေရာပဲ ရှိတယ်.. ဒီသုံးယောက်က သူတို့ရဲ့ အဆင့်ကို အပိုင်စားယူထားတယ်လို့တောင် ပြောလို့ရတယ်.. တစ်ချိန်တုန်းကဆို သူတို့ကို လူသိရှင်ကြား စိန်ခေါ်တဲ့ လူသတ်သမားတွေက ပြတ်လတ်မှုမရှိခဲ့ဘူး.. သူတို့က တစ်နှစ်အတွင်း စိန်ခေါ်မှုပေါင်း သုံးရာကျော်ကို ရင်ဆိုင်ခဲ့ရပေမဲ့ စိန်ခေါ်သူတွေအားလုံးကပဲ အသတ်ခံခဲ့ရတယ်.. ယေဘုယျပြောရရင် သူတို့ကို စိန်ခေါ်တဲ့ လူတိုင်းက သေခြင်းတရားနဲ့ တွေ့သွားကြတာချည်းပဲ"

လူတိုင်း "............."

"အဲဒီအချိန်ကစပြီး အဆင့်စာရင်းမှာ ဖြစ်ပျက်နေတဲ့ ဆက်တိုက် အုံကြွမှုတွေကို လျှော့ချဖို့အတွက် လူသတ်သမားတွေက သူတို့အထက်မှာ ရှိနေတဲ့သူတွေကိုသာ စိန်ခေါ်ခွင့်ရှိတယ်လို့ သဘောတူစာချုပ်မှာ လက်မှတ် ရေးထိုးခဲ့ကြတယ်.. ပြောရရင် အဆင့်ကျော်ပြီး စိန်ခေါ်တာကို တားမြစ်လိုက်တယ်ပေါ့.. ဒါကြောင့် တတိယ လူသတ်သမားကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီသူတွေက အခုအချိန်မှာ အကြီးအကဲရွှေနဲ့ အကြီးအကဲငွေ တို့ပဲ ရှိတယ်"

"မေးခွင့်ပြုပါ ဆရာ.. အဲဒီအကြီးအကဲတွေက တတိယလူသတ်သမားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့သေးလား"

တစ်စုံတစ်ယောက်က လက်ထောင်၍ မေးခွန်းထုတ်လိုက်သည်။

"ကြိုးစားခဲ့တာပေါ့"

ဆရာဝမ်က ခေါင်းညိတ်လိုက်သည်။

"ငါသိသလောက်တော့ တတိယလူသတ်သမားကို အကြီးအကဲနှစ်ယောက်က အကြိမ်နှစ်ဆယ်ကျော်လောက် လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ဘူး.. တတိယလူသတ်သမားရဲ့ ကုဒ်နာမည်က ဓားပြမိစ္ဆာလို့ခေါ်တယ်.. သူက ခိုးဝှက်တဲ့နေရာမှာ ကမ္ဘာကျော်တယ်.. ကောလဟာလ အရတော့ သူ့ကို စိန်ခေါ်တဲ့ သူတွေရဲ့ မှော်ရတနာတွေ အားလုံးက ပျောက်ဆုံးသွားလေ့ ရှိတယ်"

"............"

"လူသတ်သမားစာရင်း မထွက်ခင်မှာ အသားပေါင်းကျူးကျော်သူက ဓားပြမိစ္ဆာကို တစ်ကြိမ် စိန်ခေါ်ခဲ့ဖူးတယ်.. ရလဒ်ကတော့ စိန်ခေါ်တဲ့နေ့မှာ သူ့ရဲ့ သွေးပေနေတဲ့ အသားတွေ ခိုးယူခံလိုက်ရတာပဲ.. နောက်ဆုံးမှာတော့ ဓားပြမိစ္ဆာကို ရန်မစရဲတော့ဘဲ ထွက်ပြေးခဲ့ရတယ်"

"............."

"အေးခဲလက်က သူ့ရဲ့ ပန်စီနည်းဗျူဟာ အတိုင်း ဓားပြမိစ္ဆာကို လုပ်ကြံဖို့ ရည်ရွယ်ထားပေမယ့်လည်း နောက်ဆုံးမှာတော့ သူ့ရဲ့ အတွင်းခံ ဘောင်းဘီတွေပဲ လုယူခံလိုက်ရတယ်.. နောက်ဆုံးတော့ သူက မြေပြင်ကနေ ကုန်းထပြီး အောက်ပိုင်းဗလာနဲ့ တစ်ချိုးတည်း ထွက်ပြေးခဲ့ရတယ်.."

"ကံအဆိုးဆုံးသူကတော့ တစ်လက်မမီးခိုးရောင်ပဲ.. ဓားပြမိစ္ဆာကို စိန်ခေါ်ပြီး နောက်နေ့ မနက် နိုးလာတဲ့အခါမှာ သူ့ဆံပင်တွေ အကုန်လုံး ကျွတ်နေတာကို တွေ့လိုက်ရတယ်.. ဓားပြမိစ္ဆာက ဆံပင်ကျွတ်စေတဲ့ လိမ်းဆီကို သူ့ခေါင်းအနှံ့ လိမ်းပေးလိုက်တာလေ"

"..............."

"ဒီလောက်ဆို အကြီးအကဲရွှေ နဲ့ အကြီးအကဲငွေ ဘာလို့ မအောင်မြင်လဲဆိုတာ လူတိုင်း ခန့်မှန်းနိုင်ပြီလို့ ထင်ပါတယ်"

ဆရာဝမ်က အချက်အလက်နှင့်တကွ သေချာ ရှင်းပြလိုက်သည်။

"သူတို့က ဓားပြမိစ္ဆာကို အဆိပ်ခတ်လိုက်တိုင်း သူတို့ရဲ့ အဆိပ်တွေ ပျောက်ကွယ်နေတာကို အမြဲတွေ့ရတယ်..အစပိုင်းမှာဆိုရင် သူတို့က သူတို့ကိုယ်သူတို့ သတိမေ့ရောဂါ ရှိနေတယ်လို့တောင် တွေးခဲ့ကြတဲ့အထိပဲ"

"............"

ရှေးဟောင်းစာအုပ်ကြီးက အမှန်တကယ် ရှေးဟောင်းစာအုပ်ကြီးပင်။

၎င်းက နိုင်ငံတကာအဆင့် လူသတ်သမား စာရင်းတွင် ပါဝင်သည့် ကြောက်မက်ဖွယ် ထိပ်တန်း လူသတ်သမားများ၏ အတင်းအဖျင်းတွေကို စေ့စေ့စပ်စပ် သုံးသပ်ပြခဲ့သည်။

ထိုအချိန်တွင် စာသင်ခန်းတွင်းရှိ လေထုက လုံးလုံးလျားလျား တောက်လောင်နေပြီ ဖြစ်သည်။

ဆရာဝမ်က နာရီကိုကြည့်လိုက်ရာ အချိန်အနည်းငယ် ကျန်နေသေးသည်ကို တွေ့လိုက်ရပြီး နောက်ဆုံးကျန်ရှိသည့် လူသတ်သမားနှစ်ဦး အကြောင်းကို ပြောဆိုရန် ပြင်ဆင်ခဲ့သည်။

ဆရာဝမ်က အတင်းအဖျင်း ပြောခြင်းကို နှစ်သက်ပြီး အရှိန်ရနေသဖြင့် မရပ်တန့်ချင်ခဲ့ပေ။

"ဒီစာရင်းမှာ ဒုတိယအဆင့်ရှိတဲ့ လူသတ်သမားကို လေအေးလို့ခေါ်တယ်.. သူ့ရဲ့ အစွမ်းကို နိုင်ငံတကာ လူသတ်သမား စာရင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြတယ်.. ငါသိသလောက်တော့ ဒီလူသတ်သမားက ဟွာရှို့နိုင်ငံကနေ လေ့ကျင့်ပေးထားတဲ့ အထူးစစ်သားတစ်ဦး ဖြစ်တယ်.. သူကနိုင်ငံတော်ကို မကောင်းကြံတဲ့ အဖျက်သမားတွေကို လုပ်ကြံလေ့ရှိတယ်.. နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ခိုးယူတဲ့ နိုင်ငံခြား သူလျှိုတွေရဲ့ ရန်ကို တားဆီး ကာကွယ်ပေးပြီး ငါတို့နိုင်ငံကို အန္တရာယ်ကနေ အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တယ်.. သူက အရိပ်တစ်ခုလို သွားလာလေ့ရှိတယ်.. တစ်ချိန်က တာဝန်တစ်ခု အတွက် အနောက်နိုင်ငံတွေက စေလွှတ်တဲ့ ကြေးစားစစ်သည်တွေနဲ့ လေအေးက ရင်ဆိုင်ခဲ့ရတယ်.. ဒီတိုက်ပွဲမှာ လေအေးက လက်တစ်ဖက်တည်းနဲ့ တိုက်ခိုက်ခဲ့ပေမဲ့ ဒဏ်ရာတစ်ချက်မှ မရရှိဘဲ အားလုံးကို သတ်ပစ်နိုင်ခဲ့တယ်"

ထိုစကားကို ပြောရင်း ဆရာဝမ်က စိတ်ထဲတွင် ကူကယ်ရာမဲ့စွာဖြင့် လေးလေးနက်နက် ခံစားခဲ့ရသည်။

"အချိန်အများစုမှာ.. စာရင်းထဲက လူသတ်သမားတွေက ငါတို့ကို အေးစက်ကြောက်ရွံ့စေတဲ့ ခံစားမှုကို ပေးစွမ်းပေမဲ့ ဒီစာရင်းထဲမှာ ငါတို့ရဲ့ လေးစားမှုကို ခံထိုက်တဲ့ သူရဲကောင်း တချို့လည်း ရှိပါတယ်.. လေအေးက အဲဒီထဲက တစ်ယောက်ပါပဲ"

"သူတို့ထဲက တစ်ယောက်ဆိုတော့ တခြားတစ်ယောက် ထပ်ရှိသေးလို့လား"

တစ်စုံတစ်ယောက်က ဆရာဝမ်၏ စကားထဲမှ ဆိုလိုရင်းကို သတိပြုမိခဲ့သည်။

"ရှိတာပေါ့"

ဆရာဝမ်က ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလူက အခု ငါပြောပြမဲ့ နောက်ထပ် လူသတ်သမားလည်းဖြစ်တယ်.. သူက အဆင့်သတ်မှတ်ချက် စာရင်းကို ဖန်တီးပြီးကတည်းက ပထမနေရာမှာပဲ အမြဲရှိခဲ့တဲ့ ဒဏ္ဍာရီဆန်ဆန် လူသတ်သမားပဲ... သူကတော့ တာအိုလူသတ်သမား လို့အမည်ရထားတဲ့ လူသတ်ဆရာပဲ"

လူသတ်ဆရာ..

ဤနာမည်ကို ကြားလိုက်ရလျှင် ဝမ်လင်းက စိတ်ဝင်တစား ဖြစ်သွားသည်။

သူက ဤလူ၏ နာမည်ကို ထပ်ပြီး ကြားရပြန်သည်။

မော့အင်မော်တယ် ရဲတိုက်ကနေ ဘက်ပြောင်းလာသော တတိယ သူတော်စင်က ဝမ်လင်းကို လူသတ်ဆရာ အဖြစ် ယခင်က အထင်လွဲခဲ့ဖူးသည်။

All Chapters