ကွာဖီနှင့်အလုပ်လုပ်ခြင်း
Vol. 13 Ch. 182
အချိန်က ဇွန်လ ၈ ရက်နေ့.. နံနက် ဆယ်နာရီခန့်သာ ရှိသေးသည်။
ဆရာဝမ် စာသင်နေတုန်း အချိန်တွင် အခြားတစ်နေရာရှိ ကျန်းလျှိုယွဲ့က သူမ၏ ရွှံ့စေး ကိုယ်ပွား ပျက်စီးခြင်းမှ ဖြစ်ပေါ်လာသော ဒဏ်ရာများကို သုံးရက်ကြာ ကုသခဲ့ရသည်။
ထို့နောက် ကျန်းလျှိုယွဲ့က သူမ စီစဉ်ထားသည်ထက် စောပြီး အပြင်သို့ ထွက်လာခဲ့သည်။
မြေအောက်ခန်းမှ ထွက်လာသောအခါတွင် ပူပြင်းသော နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာ၏။
အဆင့်သတ်မှတ်ချက် စာရင်းမှာပါသည့် လူသတ်သမား အားလုံးက သူမ ကိုရှာနေကြပြီ ဆိုသည်ကို သူမ သိသည်။
ထိုအထဲတွင် သူမက တစ်လက်မမီးခိုးရောင်ကို အထူး သတိထားရမည် ဖြစ်သည်။
သူမကို ဖယ်ရှားပြီးသည်နှင့် စာရင်းတွင် ပါဝင်သော သူမအဆင့် အောက်ရှိ လူသတ်သမား အားလုံးက အဆင့် တစ်ဆင့်စီ တက်သွားလိမ့်မည် မဟုတ်ပါလား။
သို့သော် မရေမတွက်နိုင်အောင် များပြားသော လူများထဲတွင် သူမကို ခြေရာခံဖို့ဆိုသည်မှာ လွယ်တော့ မလွယ်ကူပေ။
သူမ လက်ရှိတွင် အသုံးပြုနေသည့် မြေအောက်ခန်းမှာ ကျင့်ဟွာမြို့၏ မြို့လယ်တွင် ဖြစ်သည်။
ထိုအခန်းက မြေအောက် ကားပါကင် တစ်ခုရှိ အရောင်းဆိုင်မှအတွင်းအကျဆုံး အခန်းလည်း ဖြစ်သည်။
အရောင်းဆိုင်ပိုင်ရှင်နဲ့ သူ့ခယ်မတို့က ပိုက်ဆံတွေ အကုန်လုံးကို ယူပြီး ထွက်ပြေးသွားသည့်အခါ အိမ်ခြံမြေ စီမံခန့်ခွဲမှုလုပ်ငန်းက ထိုနေရာကို ငှားရမလိုက်၏။
ယင်းနောက်ပိုင်းတွင် ကျန်းလျှို့ယွဲ့က ထိုနေရာကို မျက်စိကျခဲ့ပြီး စပေါ်ငွေနှင့် နှစ်ငါးဆယ်စာ အိမ်ငှားခကို တစ်ခါတည်းပေးကာ တိုက်ရိုက် ငှားရမ်းခဲ့သည်။
ဤသည်မှာ ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ဖြစ်သည်။
ကျင့်ကြံသူများက ကျင့်ကြံသည့်နေရာ ရွေးချယ်ရာတွင် အလွန် ဇီဇာကြောင်တတ်ကြပြီး စိတ်ဝိညာဥ်ချီ ပေါများသော ဝိညာဥ်မျက်လုံး ရှိသည့် နေရာများကိုသာ ရွေးချယ်လေ့ ရှိကြသည်။
ဝိညာဉ်မျက်လုံး နေရာဆိုသည်မှာ သဘာဝ စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစည်းရာ နေရာ ဖြစ်ပြီး စိတ်ဝိညာဥ် စုစည်းမှု အစီအရင်နှင့် ညီမျှသည်။
၎င်းက ကျင့်ကြံရာတွင် လိုအပ်သည့် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ဖြည့်စွမ်းပေးနိုင်သောကြောင့် ဘဘာဝအတိုင်းမဟုတ်သည့် ဝိညာဉ်စုစည်းမှု အစီအရင်ထက်ပင် ပိုမို ထိရောက်သည်။
ပို၍ အကဲဆတ်သော ကျင့်ကြံသူများကမူ ဝိညာဥ်မျက်လုံးနေရာ အပြင် ကျင့်ကြံသည့် အရပ်မျက်နှာကို အကဲဖြတ်ရန် တာအို ဗေဒင်ဆရာကိုပါ ဖိတ်ခေါ်လေ့ ရှိကြသည်။
အတိုချုပ်ပြောရမည်ဆိုလျှင် တာအို ဗေဒင်ဆရာများက ဖုန်းရွှေ ပညာဖြင့် နေရာကောင်း ရွေးချယ်ပေးခြင်း ဖြစ်သည်။
ကျင့်ကြံသူများက ကျင့်ကြံနေသည့် အချိန်တွင် အနှောင့်အယှက် မဖြစ်စေရန် လိုအပ်သော ကာကွယ်ရေး အစီအမံများကိုပါ ထားရှိလေ့ ရှိသည်။
သို့သော်ကျန်းလျှိုယွဲ့ ရွေးချယ်ခဲ့သည့် စွန့်ပစ်စျေးဆိုင်က ဝိညာဉ်မျက်လုံး မရှိသလို ဖုန်းရွှေ နှင့်လည်း သက်ဆိုင်ခြင်းမရှိပေ။
သူမက ဖြစ်နိုင်လျှင် ယခုထက် ပိုမို စုတ်ပြတ်သော နေရာကိုရှာဖွေချင်သေးသည်။
အရိပ်အဖွဲ့ခေါင်းဆောင် ဖြစ်သည့် သူမက ဤကဲ့သို့ မထင်မရှား နေရာလေးတွင် နေထိုင်မည်ဟု မည်သူမျှ မျှော်လင့်မထားလေ သူမအတွက် ပို၍လုံခြုံလေပင် မဟုတ်ပါလော။
သူမ ယခု လုပ်ရမည့်အရာမှာ အချိန်မဖြုန်းဘဲ သူမ၏ ကျင့်ကြံခြင်း နယ်ပယ်ကို ပြန်ရအောင် လုပ်ရန် ဖြစ်သည်။
.......................
ကျင့်ဟွာမြို့တော် အစွန်အဖျားရှိ ရေဆိုးမြောင်းများ ပေါင်းစုံသောနေရာ၌ မြစ်တစ်ခု စီးဆင်းနေသည်။
မြို့တော်၏ စွန့်ပစ်ရေ အားလုံးက နောက်ဆုံးတွင် ထိုနေရာသို့ ရောက်လာမည် ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်ရန်အတွက် ပြန်လည်အသုံးပြုရေး လုပ်ငန်းစဉ်အရ စစ်ထုတ် သန့်စင်ခြင်းများ ပြုလုပ်သော နေရာလည်း ဖြစ်၏။
ထိုနေရာသို့ ကျန်းလျှိုယွဲ့ ရောက်လာသောအခါ မွန်းတည့်နေပြီဖြစ်သည်။
ယင်းအချိန်တွင် ကျင့်ဟွာမြို့၌ နေရှိန်က ပူလောင်နေသည်။
ပုံမှန်အားဖြင့် မြစ်ထဲမှ မခံမရပ်နိုင်သော အနံ့အသက်ဆိုးကြောင့် လူအနည်းငယ်သာ ဤနေရာသို့ ရောက်လာလေ့ရှိသည်။
"ဒီနေရာပဲ"
သူမက ကျောက်သရဲ မျက်နှာဖုံးကို ကျောက်သေတ္တာမှ ယူထုတ်ပြီးနောက် ၎င်းကို ဤမြစ်အတွင်း စည်းတံဆိပ်ခတ်ရန် ညီမ ဖြစ်သည့် ကျန်းလျှိုယင်းကိုပါ ခေါ်ယူခဲ့သည်။
သူမက မြစ်ရေထဲမှ အနံ့အသက်ကြောင့် လိပ်အသက်ရှူခြင်း စွမ်းရည်ကို အသုံးပြုထားရသည်။
ယခုအခါတွင် သူမက မြစ်ရေကို စိုက်ကြည့်ကာ မတ်တပ်ရပ်နေ၏။
ကျင့်ကြံသူ၏ အာရုံငါးပါးက သာမန်လူထက် အဆပေါင်းများစွာ ပိုမို အားကောင်းသောကြောင့် သူမသာ ပြင်ဆင်မှုမရှိဘဲ လာခဲ့လျှင် အပုပ်နံ့ကြောင့် မူးလဲသွားမည်မှာ သေချာသည်။
သူမက လက်ကို မြှောက်လိုက်ပြီး ဂါထာတချို့ကို ရွတ်ဆိုလိုက်ရာ သူမ၏ လက်ဖျားကနေ ဝိညာဉ်အလင်းတန်း ထွက်ပေါ်လာပြီး ရေဆိုးများ စီးဆင်းနေသည့် မြစ်ထဲသို့ ရောက်ရှိသွားသည်။
တစ်ချိန်က ဤမြစ်ထဲတွင် သူမက မှော်အတားအဆီးများကို ပြုလုပ်ခဲ့ပြီး သူမ ညီမက ကျောက်သရဲ မျက်နှာဖုံးကို စည်းခတ်ခဲ့သည်။
သူမက စိတ်ဝိညာဉ်စွမ်းအင်ကို ရေဆိုးမြစ်ထဲသို့ တွန်းပို့ပြီးနောက်တွင် အစောပိုင်း၌ ငြိမ်သက်နေသော ရေမျက်နှာပြင်က ချက်ချင်းပင် လှိုင်းထန်လာသည်။
မြစ်ရေ၏ လှိုင်းလုံးများ မြင့်တက်လာပြီး နောက်တွင် အလယ်ဗဟို နေရာ၌ သူမ ယခင်က စွန့်ပစ်ထားခဲ့သည့် ရေစိုခံ အိတ်တစ်လုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူမက စွမ်းအားကို အသုံးပြုလိုက်ရာ ထိုအိတ်က ပျံသန်း၍ သူမ ဆီသို့ ချက်ချင်း ရောက်ရှိသွား၏။
သင်္ချိုင်းဓားပြဂိုဏ်း ထံမှ သူမ ရရှိခဲ့သော ဤကျောက်သရဲ မျက်နှာဖုံးကို နှစ်ပေါင်းများစွာ အကြာတွင် ပြန်လည် မြင်တွေ့ခဲ့ရသည်။
ကျောက်သရဲ မျက်နှာဖုံးအကြောင်း ကောလာဟလ များစွာထွက်ပေါ်ခဲ့သော်လည်း ကျန်းလျှိုယွဲ့က အလွန် သတိကြီးသူ တစ်ဦး ဖြစ်သည်။
ဤမျက်နှာဖုံးကို ကျင့်ကြံခြင်း၏ ဖြတ်လမ်းဟု ခေါ်ကြသော်လည်း ၎င်းက သူမကို တစ်ခါမှ သွေးဆောင်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ယခုအချိန်တွင် အခြေအနေကို အလှည့်အပြောင်းလုပ်ရန် သူမတွင် အခြားနည်းလမ်း မရှိတော့ချေ။
ရေစိုခံအိတ်ကို ဖြည်လိုက်သော အခိုက်တွင် သူမ၏ မျက်ခုံးနှစ်ဖက်က တစ်ဆက်တည်း ဖြစ်သွားသည်။
ထိုခဏမှပင် ချက်ချင်းဆိုသလို အနက်ရောင် မီးခိုးတိမ်တွေက အိတ်ထဲက ထွက်လာသည်။
၎င်းက လေထဲတွင် ပျံဝဲကာ ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။
"ဂျူနီယာ၊ မင်းက ငါ့လို အရှင်သခင်ကို တစ်ချိန်က ရေထဲ ပစ်ချခဲ့တယ်.. ဟားဟား နှစ်တွေကြာလာတော့ ငါက မင်းငါ့ကို မေ့နေပြီလို့တောင် ထင်နေခဲ့တာ.. ဒါနဲ့ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘာလို့ ဆုတ်ယုတ်သွားရတာလဲ.. ကြည့်ရတာ မင်းဘဝက အတော်လေး အဖြစ်ဆိုးနေပြီ ထင်ပါရဲ့"
"မိစ္ဆာအင်ပါယာ အရှင်.. ကျမ အခု လမ်းဆုံးကို ရောက်နေပြီ"
ကျန်းလျှိုယွဲ့က တိုးတိုးလေး ပြောလိုက်သည်။
သူမ၏ မျက်လုံးတွေက နက်မှောင်နေ၏။
"ဒီလိုဖြစ်မယ်မှန်းသိရင် ငါနဲ့ စောစောကတည်းက ပူးပေါင်းသင့်တယ်.. ဒီဆုံးဖြတ်ချက်ကို အရင်ကချခဲ့မယ် ဆိုရင် သေချာတာက မင်းရဲ့ အခုလက်ရှိ အနေအထားလို စုတ်ပြတ်နေမှာမဟုတ်ဘူး"
မီးခိုးငွေ့ထဲမှ ကျောက်သရဲ မျက်နှာဖုံးက မရပ်မနား ရယ်မောနေခဲ့သည်။
"ဒါဆို မင်းစဉ်းစားပြီးပြီလား.. ငါနဲ့ ပူးပေါင်းဖို့ ဆိုတာ ဘာကိုဆိုလိုမှန်း မင်းသိတယ် မဟုတ်လား"
ကျန်းလျှိုယွဲ့ "တစ်ချိန်တုန်းက အရှင်ကွာဖီက မိစ္ဆာထိန်းချုပ်လှိုင်းကို တန်ပြန်နိုင်မဲ့ နည်းလမ်းကို ရှာဖွေရင်း အဆုံးသတ်မှာ မျက်နှာဖုံးထဲ ကိုယ့်ဘာသာကိုယ် ချိပ်ပိတ်မိခဲ့တယ်.. အရှင်ကွာဖီ ပြောတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက ပြင်ပအင်အားတွေကို ဆွဲဆောင်ပြီး ရှင်ပြန်ထမြောက်လိုတဲ့ ဆန္ဒထက် ဘာမှမပိုဘူးလို့ ကျမ ထင်တယ်"
မိစ္ဆာအင်ပါယာကွာဖီ "လခွမ်း.. မင်းဘယ်လိုသိတာလဲ"
ကျောက်သရဲ မျက်နှာဖုံးက ချက်ချင်းပင် နီရဲသွားသည်။
ဒါက တကယ်ကို သူ့အတွက် ရှက်စရာကောင်းလွန်းသည် မဟုတ်လော။
ကျန်းလျှိုယွဲ့ "အရှင်ကွာဖီရဲ့ လုပ်ရပ်တွေကို ကျမ တို့ရဲ့ သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားပြီးပါပြီ...အဲဒါတွေက နှစ်စဉ်ကျင်းပတဲ့ စာမေးပွဲတွေမှာ မေးလေ့ရှိတဲ့ မသင်မနေရ စာတွေတောင် ဖြစ်နေခဲ့ပြီ"
မိစ္ဆာအင်ပါယာကွာဖီ "............"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျှိုယွဲ့က သူမ၏ မျက်ဝန်းများဖြင့် မျက်နှာဖုံးကို မော့ကြည့်လိုက်သည်။
"ကျမ နားမလည်တာ တစ်ခုပဲရှိတယ်.. ကျင့်ကြံခြင်း နယ်ပယ်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ လူတွေက ကျောက်သရဲ မျက်နှာဖုံးကို ရယူဖို့ကြိုးစားခဲ့ကြတယ်.. ဘာလို့ စီနီယာက သူတို့နဲ့ လက်တွဲဖို့ မကြိုးစားရတာလဲ"
"ဟားဟား.. ငါက ငါနဲ့လိုက်ဖက်တဲ့သူနဲ့ပဲ အလုပ်လုပ်ချင်တာလေ.. ငါစည်းတံဆိပ် ခတ်ခံခဲ့ရတဲ့ နှစ်ရာပေါင်း များစွာမှာ မင်းက ငါ့ကို ပထမဆုံး ရှာတွေ့တဲ့လူပဲ.. ကံမကောင်းစွာပဲ မင်းက ငါ့စကားကို နားမထောင်ဘဲ အနံ့ဆိုးဝါးတဲ့ မြစ်ထဲမှာတစ်ခါတည်း ငါ့ကို စည်းတံဆိပ် ခတ်ထားလိုက်တယ်"
မိစ္ဆာအင်ပါယာ ကွာဖီက အနည်းငယ် ရယ်မောလိုက်သည်။
"မင်းကို အလုပ်နှစ်ခု ပြီးမြောက်အောင် ငါကူညီပေးနိုင်တယ်.. ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်.. မင်းရဲ့ဝိညာဉ်ကို ကျောက်သရဲ မျက်နှာဖုံးမှာ ချုပ်နှောင်ထားပြီး အချိန်ကာလတစ်ခုအထိ မင်းရဲ့ခန္ဓာကိုယ်ကို အသုံးပြုဖို့ ခွင့်ပြုရမယ်"
"စိတ်ဝိညာဉ်လဲလှယ်ဖို့လား"
ကျန်းလျှိုယွဲ့က မျက်ခုံးပင့်လိုက်သည်။
"ဒါက အခုလောလောဆယ်မှာ ငါစဉ်းစားနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ"
ကျောက်သရဲမျက်နှာဖုံး ထဲမှ မိစ္ဆာအင်ပါယာ ကွာဖီက ပြောသည်။
"မင်းငါ့ကိုကူညီရင် ကိစ္စအားလုံး ပြီးသွားတဲ့အခါ မင်းကို ငါပစ်ထားမှာ မဟုတ်ဘူးဆိုတာ စိတ်ချယုံကြည်နိုင်ပါတယ်.. ငါ့အတွက် သင့်တော်တဲ့ ခန္ဓာကိုယ် တစ်ခုကို ရှာပြီးတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို မင်းလက်ထဲ ငါပြန်အပ်ပါ့မယ်"
"ဒီဂျုနီယာက မိစ္ဆာ အင်ပါယာအရှင်ကို ယုံကြည်ပါတယ်ရှင်"
ကျန်းလျှိုယွဲ့က မချိပြုံး ပြုံးလိုက်သည်။
သူမ အနေဖြင့် အရာအားလုံး ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်၏။
ဤမျှလောက်သော အပေးအယူက ဘာအရေးနည်း။
"တစ်ချိန်က မိစ္ဆာ အင်ပါယာအရှင်ရဲ့ ဂုဏ်ကျက်သရေရှိတဲ့ ဂုဏ်ပုဒ်ကြောင့် မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြာကြာနေမှာ မဟုတ်ဘူးလို့ ကျမ ယုံကြည်ပါတယ်.. ဒါပေမယ့် အခုခေတ်မှာတော့ မိန်းမဝတ်စုံကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ထားတဲ့ အမျိုးသား အသိုက်အဝန်း တစ်ခု ရှိနေခဲ့ပါပြီ.."
"အမ်.. အဲဒါက ဘယ်လိုမျိုးလဲ"
မိစ္ဆာအင်ပါယာ ကွာဖီက ပြင်ပကမ္ဘာနှင့် အဆက်အသွယ် မရှိသည်မှာ ကြာပြီဖြစ်၍ ဤအချက်အလက်ကြောင့် အနည်းငယ် ကြောင်အ သွားခဲ့သည်။
ကျန်းလျှိုယွဲ့ "သူတို့က အမျိုးသမီး အဝတ်အစား ၀တ်ဆင်ရတာကို နှစ်သက်တဲ့ အမျိုးသားတစ်စုပါ.. ဒီလိုဝတ်လို့ သူတို့က လူအများရဲ့ အထင်ကြီး လေးစားမှုကိုတောင် ခံရပါတယ်"
မိစ္ဆာအင်ပါယာကွာဖီ "............."
သူ မျက်နှာဖုံးထဲ ပိတ်မိနေတာ နှစ်ပေါင်းတစ်ထောင်ကျော် ရှိသွားခဲ့ပြီ။
ကမ္ဘာကြီး၏ ယဥ်ကျေးမှုက တကယ်ပဲ ကြောက်စရာ ကောင်းလောက်အောင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့ပြီလော။