← Chapters

ပန်းပွင့်ပုံပါတဲ့ ဘောင်းဘီတို တစ်ထည်ပေးပါ

Vol. 13 Ch. 183

ပန်းပွင့်ပုံပါတဲ့ ဘောင်းဘီတို တစ်ထည်ပေးပါ

Vol. 13 Ch. 183

"မင်းငါနဲ့ အလုပ်တွဲလုပ်ဖို့ သဘောတူရင် မင်းငါ့ကို တစ်ခုခုတောင်းဆိုလို့ရတယ်.. ငါအရှင်သခင် ကိုယ်တိုင် မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်.."

ကျောက်သရဲမျက်နှာဖုံး၏ အသံက မီးခိုးငွေ့ အတွင်းမှ ထွက်ပေါ်လာသည်။

ကျန်းလျှိုယွဲ့က မျက်ခုံးပင့်လိုက်သည်။

သူမက မိစ္ဆာအင်ပါယာ ကွာဖီကို ယုံကြည်သည်ဟု ပြောခဲ့သော်လည်း ဤ"ပူးပေါင်းဆောင်ရွက်မှု" နှင့် ပတ်သက်၍မူ သံသယရှိနေဆဲ ဖြစ်သည်။

အနှစ်တစ်ထောင်ကျော် ချိတ်ပိတ်ခံခဲ့ရပြီးနောက်တွင် မျက်နှာဖုံးထဲမှ မိစ္ဆာ အင်ပါယာကွာဖီမှာ ယုံစား၍မရသူ တစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်၏။

သို့သော် ယခုအချိန်တွင် ကျန်းလျှိုယွဲ့ အတွက် ကွာဖီကို ယုံကြည်ရန်မှ တပါး အခြား ရွေးချယ်စရာမရှိပေ။

ထို့အပြင် သူမက ဤအခွင့်အရေးကို အသုံးချ၍ ဤမိစ္ဆာအင်ပါယာနှင့် ပတ်သက်သော အမှန်တရားကို စုံစမ်းနိုင်သည်။

နောက်ဆုံးတွင် မိစ္ဆာအင်ပါယာကွာဖီမှာ တစ်ချိန်က ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သည့် နာမည်ဆိုးနှင့် ကျော်ကြားသော မွန်းစတားတစ်ကောင် ဖြစ်သည် မဟုတ်ပါလား။

၎င်းကို ဖျက်ဆီးဖို့ ဟွာရှို့နိုင်ငံအနေဖြင့် အင်အားကုန် အသုံးပြုခဲ့ရသည်။

"တကယ်လုပ်နိုင်လို့လား"

ကျန်းလျှိုယွဲ့က မီးခိုးငွေ့များကို စက္ကန့် အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် တိုးတိုးလေး မေးလိုက်သည်။

"ဟက်.. လုပ်နိုင်တာပေါ့"

မိစ္ဆာအင်ပါယာ ကွာဖီက ရယ်လိုက်သည်။

"ငါအရှင်သခင် မလုပ်နိုင်တာ ဘာမှမရှိဘူး"

"ဒါဆို ကျမရဲ့ ကျင့်ကြံခြင်း နယ်ပယ်ကို အရင်လို ပြန်ကောင်းအောင် ကူညီပေးနိုင်မလား.. တစ်စုံတစ်ယောက်က ကျမရဲ့ အနှစ် ၆၀၀ ကျင့်ကြံမှုကို တိုက်ရိုက် ဆုံးရှုံးစေခဲ့တဲ့ အပြင် ကျမရဲ့ ရွှံ့စေးကိုယ်ပွားကိုပါ ဖျက်ဆီးပစ်ခဲ့တယ်"

စကားပြောရင်း ကျန်းလျှိုယွဲ့၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။

"ခန္ဓာကိုယ်အတွင်းက အကြောင်းတရားတွေကြောင့် ကျင့်ကြံမှု နယ်ပယ် မဆုံးရှုံးသရွေ့ မင်းရဲ့ နယ်ပယ်ကို ပြန်လည် ရနိုင်ပါတယ်.. ခန္ဓာကိုယ် သွေးလေဖောက်ပြန်မှုကြောင့် ကျင့်ကြံမှုနယ်ပယ် ဆုံးရှုံးရင်တော့ ငါအရှင်လည်း ဘာမှ မတတ်နိုင်ဘူး..

မင်းရဲ့ အခြေအနေက ပြင်ပ ပယောဂကြောင့် ဖြစ်တာမို့ မင်းကို ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခု ငါ့ဆီမှာ ရှိပါတယ်.. ဒါပေမဲ့ နောက်ထပ် တစ်ကြိမ် အနှစ် ၆၀၀ ကျင့်ကြံမှုကို ပြန်လည်ရရှိဖို့ အနည်းဆုံး အချိန်တစ်နှစ်တော့ ယူရလိမ့်မယ်"

"တစ်နှစ်လား"

ကျန်းလျှိုယွဲ့ တုန်လှုပ်သွားသည်။

တစ်နှစ်လောက် အချိန်ပေးရုံဖြင့် အနှစ် ၆၀၀ ကျင့်ကြံမှုကို ပြန်လည်ရရှိမည်ဆိုလျှင် ပုံမှန် လိုအပ်သည့် အချိန်ကာလထက် သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။

"ဒီပြန်လည်ထူထောင်ရေး နည်းလမ်းကို ကျင့်ဖို့ တိတ်ဆိတ်တဲ့နေရာကို သွားဖို့ မလိုအပ်ဘူး.. မင်းစိတ်ရှိသ၍ အချိန်မရွေး ကျင့်ကြံနိုင်တယ်.. ငါအရှင်သခင်ကိုယ်တိုင် မင်းကို ဒီနည်းလမ်း လက်ဆင့်ကမ်းပေးမယ်.. ငါ့စကားကိုမယုံရင် တစ်လလောက် စမ်းသပ်ကျင့်ကြံလို့ရပါတယ်.. ကဲ ဒုတိယအချက်အနေနဲ့ မင်းဘာတောင်းဆိုစရာ ရှိသေးလဲ

ကျန်းလျှိုယွဲ့က အနက်ရောင် မီးခိုးငွေ့ အတွင်းမှ လျှို့ဝှက် ဆန်းကြယ်သော ရယ်မောသံကို ကြားလိုက်ရသည်။

"အရှင်နဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်ကတည်းက ကျမမှာ နောက်ပြန်လှည့်ဖို့ အခွင့်အရေး မရှိတာ အရှင်ကွာဖီ ခန့်မှန်းနိုင်မှာပါ.. အရှင်ရဲ့ ပြန်လည်ထူထောင်ရေး နည်းလမ်းကို ကျမလေ့လာပြီး ချက်ချင်း ကျင့်ကြံပါ့မယ်.. အရှင်က ဒီကာလအတွင်းမှာ ကျမကို ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ဒုတိယ တောင်းဆိုစရာက ကျမ လက်စားချေချင်တယ်"

"တကယ်တော့ ငါကိုယ်တိုင်က လောလောဆယ် မျက်နှာဖုံးထဲမှာပဲ ရှိနေတဲ့ အတွက် မင်း အချိန်ကုန် သက်သာတာက ငါတို့နှစ်ယောက်စလုံး အတွက် အကျိုးရှိပါတယ်.. ဒါနဲ့ မင်းရဲ့ လက်စားချေမဲ့ အစီအစဉ်က ဘယ်လိုလဲ"

မိစ္ဆာအင်ပါယာ ကွာဖီက မေးလိုက်သည်။

"သခင်ကွာဖီက အရင်ဆုံး လူတချို့ကို စည်းရုံးပေးမယ်လို့ ကျမ မျှော်လင့်ပါတယ်"

ကျန်းလျှိုယွဲ့က အနက်ရောင်မီးခိုးငွေ့များ ဆီသို့ လက်သီးဆုပ် ဂါရဝပြုရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"လက်ရှိ လူသတ်သမား စာရင်းမှာ ကျမကို သတ်ဖို့ ရှာနေတဲ့သူတွေရှိတယ်.. သူတို့က အဆင့်၁၀မှာရှိတဲ့ မိုးသည်းညရဲ့ ကျောက်ကပ်မုဆိုး၊ အဆင့်၉မှာရှိတဲ့ အေးခဲလက်၊ အဆင့်၈မှာရှိတဲ့ အသားပေါင်း ကျူးကျော်သူ၊ အဆင့်ရမှာ ရှိတဲ့ တစ်လက်မ မီးခိုးရောင်တို့ပဲ.. အရှင်က တခြားတစ်ယောက်ရဲ့ လက်ချက်နဲ့ ကျမ သေတာကိုတော့ မမြင်ချင်ဘူးလို့ ထင်ပါတယ်"

အနက်ရောင် မီးခိုးငွေ့ထဲမှ မိစ္ဆာအင်ပါယာ ကွာဖီက ရယ်မောလိုက်သည်။

"လက်ရှိ ကျင့်ကြံခြင်းကမ္ဘာမှာ လူသတ်သမားစာရင်းကို အမှန်တကယ် ထုတ်ပြန်ထားမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး... ဒါပေမယ့် အဆင့်စာရင်းထဲမှာ ပါဝင်တဲ့ မင်းအထက်မှာ ရှိတဲ့သူတွေကိုရော ဘာလို့ အကူအညီ မတောင်းဆိုတာလဲ"

ကျန်းလျှိုယွဲ့ "ဒီလူတွေက သဲလွန်စချန်လေ့မရှိဘဲ လေလွင့်နေတဲ့သူတွေပဲ.. ဒါကြောင့် သူတို့ ဘယ်မှာနေလဲ လောလောဆယ် ကျမ မသိဘူး.. ဒါပေမယ့် ကျမ အဆင့်အောက်က ဒီလူလေးယောက်ကတော့ ကျမကို ရှာတွေ့ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ကျမ လောင်းကြေးထပ် ပြောရဲတယ်.. ကျမကို ရှင်းပစ်လိုက်တာနဲ့ သူတို့က အဆင့်သတ်မှတ်ချက်မှာ တစ်ဆင့်စီ တက်သွားနိုင်တယ်လေ"

မိစ္ဆာအင်ပါယာကွာဖီ "ဒီလောက်လေးက စာမဖွဲ့ပါဘူး.. ဟားဟား.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း ခေါင်းစားစရာ မလိုပါဘူး"

"လူတချို့ကို စည်းရုံးပြီး အလုပ်တွေ လုပ်ခိုင်းဖို့နဲ့ ပတ်သက်ပြီး အရှင့်မှာ ယုံကြည်ချက်ရှိလား"

ကျန်းလျှိုယွဲ့က မေးလိုက်သည်။

"သူတို့က ဂျူနီယာလေးတွေပါ.. ငါ ဟွာရှို့နိုင်ငံကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ဆယ်ယောက်နဲ့ စကားစမြည် ပြောတုန်းကဆိုရင် ဒီကောင်တွေက နို့တောင် ပြတ်ဦးမှာ မဟုတ်ဘူး.. မင်း သူတို့ကို ဆွဲခေါ်လာဖို့ပဲလိုတယ်.. ကျန်တာ ငါ့တာဝန်သာ ထားလိုက်"

မိစ္ဆာအင်ပါယာကွာဖီက အေးစက်စက် ရယ်မောလိုက်သည်။

"ဒါဆို အရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်"

ကျန်းလျှိုယွဲ့က လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အစီအစဉ်ပဲလေ.. ဘာလို့ ကျေးဇူးတင်နေတာလဲ"

ထိုစကားကို ပြောပြီးနောက် ကျောက်သရဲမျက်နှာဖုံးကို ဝန်းရံထားသည့် အနက်ရောင် မီးခိုးငွေ့များက ရုတ်တရက် ပေါင်းစည်းသွားပြီး မျက်နှာဖုံးက ကျန်းလျှိုယွဲ့၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။

"ကျမ လက်စားချေချင်တဲ့ နေရာတစ်ခု ရှိသေးတယ်"

"မင်းက ဘယ်အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို လက်စားချေချင်လို့လဲ"

"အဖွဲ့အစည်း မဟုတ်ပါဘူး.. ကျောင်းတစ်ကျောင်းပါ"

ကျန်းလျှိုယွဲ့က ကျောက်သရဲမျက်နှာဖုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"ဒီကျောင်းက လူတွေကို ကျမ တစ်ယောက်မကျန် သေစေချင်တယ်.."

....................

ယနေ့ သမိုင်း အတန်းချိန်ကနေ လူတိုင်းက များစွာ သင်ယူခဲ့ရသည်။

ဆရာဝမ်၏ ထိပ်တန်း လူသတ်သမား ဆယ်ဦး အပေါ် နားလည်မှုမှာ သူတို့ စိတ်ကူးယဉ်နိုင်သည်ထက်ပင် ကျော်လွန်ပြီး တစ်ချိန်က အမျိုးသား ထောက်လှမ်းရေး အေဂျင်စီတစ်ခုတွင် ဆရာဝမ် အလုပ်လုပ်ခဲ့ဖူးသလားဟုပင် မတွေးတောဘဲ မနေနိုင်အောင် ဖြစ်စေသည်။

ဆရာဝမ်က လူသတ်ဆရာ အကြောင်းကို အတင်းအဖျင်း ပြောသောအခါတွင် အတော်လေး အသေးစိတ်သိသည်ဟုပင် ဆိုနိုင်သည်။

ဆရာဝမ်က လူသတ်ဆရာ နှစ်သက်သည့် အတွင်းခံအရောင်ကိုပင် ပြောပြခဲ့၏။

စာသင်ခန်းအတွင်းရှိ ကျောင်းသားများက ဆရာဝမ်၏ စကားတွင် မုသားများ ပြည့်နှက်နေသည်ဟု ထင်ခဲ့ကြသော်လည်း ဆရာဝမ်ကို နားလည်သည့်သူ အနေဖြင့် ဝမ်လင်းက ဆရာဝမ် ပြောသမျှ အမှန်တရားဟု ယုံကြည်ခဲ့သည်။

လူသတ်ဆရာက နိုင်ငံတကာအဆင့် လူသတ်သမားများ စာရင်းတွင် နံပါတ်တစ် လူသတ်သမား ဖြစ်သည်။

ထိုလူက တစ်ချိန်က ကျင့်ကြံခြင်း လောကကို ကိုင်လှုပ်နိုင်ခဲ့သော တည်ရှိမှု တစ်ခု ဖြစ်၏

သို့သော် ဆရာဝမ်က လူသတ်ဆရာ အကြောင်းကို အတင်းအဖျင်း ပြောသောအခါတွင် အသေရေဖျက်သည့် ပုံစံမျိုး မပြောခဲ့ပေ။

လူတိုင်း၏ အမြင်တွင် လူသတ်ဆရာမှာ ရက်စက်ကြမ်းကြုတ်သော လူသတ်သမား ဖြစ်သည်။

သို့သော် ဆရာဝမ်၏ ပါးစပ်ထဲတွင်မူ လူသတ်ဆရာက တရားမျှတမှုကို လက်ကိုင်ထားပြီး လူဆိုးများကို အပြစ်ပေးသည့် လူသတ်သမား ဖြစ်နေခဲ့သည်။

ထို့အပြင် လူသတ်ဆရာတွင် ထူးခြားသော အကျင့်စရိုက် တစ်ခု ရှိသည်။

ယင်းမှာ ပန်းပွင့်ပုံပါသည့် ပန်းရောင် အတွင်းခံများကို ၀တ်ဆင်ခြင်း ဖြစ်၏။

ယခုဆိုလျှင် ဝမ်လင်းက အမှန်တရားက ဘာဆိုသည်ကို နားမလည်နိုင်တော့ပေ။

ဆရာဝမ်ကို သူတစ်ချိန်က လူသတ်ဆရာဟု သံသယရှိခဲ့ဖူးသော်လည်း ဤအတိုင်းဆို မဖြစ်နိုင်တော့ပေ။

အကြောင်းရင်းမှာ မည်သူကမှ ကိုယ့်လျှို့ဝှက်ချက်ကို လူအများရှေ့တွင် ထုတ်ဖော်ပြသမည် မဟုတ်သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းက ဆရာဝမ်၏ အမှတ်သညာနှင့်ပတ်သက်ပြီး သံသယများ ပျောက်ကွယ်သွားပြန်သည်။

..................

ကျောင်းဆင်းပြီးသည့်အချိန် ညနေပိုင်းတွင် ညဘက် ကင်းလှည့်နေသော လုံခြုံရေး အစောင့်များမှလွဲ၍ အိမ်စာမလုပ်ခဲ့သည့် ကျောင်းသားများကို သွန်သင်နေသည့် ဆရာများသာ ကျောင်းတွင် ကျန်ခဲ့ကြသည်။

ဤနေ့တွင် မျှော်လင့်မထားသည့် သူတစ်ယောက်က ကျောင်းသို့ရောက်လာသည်။

ဆရာဝမ်က ကျောင်းအဆောက်အဦး၏ ခေါင်းမိုးထိပ်ကနေကောင်းကင်ကို မော့ကြည့်သော အချိန်၌ မှောင်စပျိုးနေပြီ ဖြစ်သည်။

ဤအချိန်က ဆရာဝမ် အနေဖြင့် ကျောင်းမှ ပြန်သင့်နေပြီ ဖြစ်သည်။

သူက အချိန်ဇယားကို အမြဲဂရုစိုက်တတ်ပြီး အလုပ်ချိန်အသွားအပြန် တိကျသောသူမျိုး ဖြစ်၏။

ဆရာဝမ်က ပုံမှန်အားဖြင့် တစ်စက္ကန့်ပင် အချိန် မဖြုန်းတတ်ချေ။

သို့သော် ယနေ့တွင် သူက အဆောက်အဦး ခေါင်မိုးပေါ်သို့ ပထမဆုံးအကြိမ် တက်သွားခဲ့၏။

ရုတ်တရက် သူ့နောက်မှာ အနက်ရောင် အရိပ်တစ်ခု ပေါ်လာသည်။

ဤအနက်ရောင်အရိပ်က အလင်းတန်းတစ်ခု ကဲ့သို့ အေးစက်စက် ဓားတစ်ချောင်းကို လက်ထဲတွင် ကိုင်ဆောင်ထား၏။

ထိုလူရိပ်က ဆရာဝမ်၏ ဦးခေါင်းနောက်ဘက်သို့ ဓားဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ဓား၏ လျှပ်စီးကဲ့သို့ အရှိန်အဟုန်က ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းနေ၏။

သို့သော် ဆရာဝမ်၏ မျက်နှာက အလွန်ပင် တည်ငြိမ်နေသည်။

သူက နောက်သို့ လှည့်မကြည့်ဘဲ ကိုယ်ကိုအနည်းငယ် ယိမ်းလိုက်ပြီး လက်ချောင်းများဖြင့် ဓားကို တိုက်ရိုက် ဖမ်းညှပ်ကာ အားအနည်းငယ် ထည့်လိုက်သည်နှင့် ဓါးက အက်ကွဲသွားခဲ့သည်။

ထို့နောက် ဆရာဝမ်က အနောက်သို့ လှည့်၍ လက်ခုပ်တီးလိုက်သည်။

"မင်းရဲ့တိကျမှုက သိသိသာသာ တိုးတက်လာပြီ... ဒါပေမယ့် မင်းရဲ့ ခွန်အားက အားနည်းနေသေးတယ်"

အမှောင်ထဲမှာ ရပ်နေသည့်လူက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဆရာက အရင်ကထက်တောင် အစွမ်းထက်လာတာပဲ"

ဆရာဝမ်က ထိုလူကို စူးစိုက်၍ ကြည့်လိုက်သည်။

"မကြာခင်မှာ ကိစ္စကြီး တစ်ခုခု ဖြစ်လာတော့မယ်လို့ ငါ့စိတ်ထဲမှာ ခံစားနေရတယ်"

"လုပ်ကြံရေးနယ်ပယ်က မကြာသေးခင်ကစပြီး မငြိမ်မသက်ဖြစ်လာခဲ့တယ် ဆရာ.. လူတော်တော်များများက အရိပ်အဖွဲ့ခေါင်းဆောင်ကို ရှာနေကြတယ်"

အမှောင်ထဲမှ လူက ပြန်ဖြေခဲ့သည်။

ဆရာဝမ်၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ငါ့ကျောင်းသားတွေ အန္တရာယ်ရှိနိုင်တာမို့ မင်းနဲ့ မင်းရဲ့ စီနီယာအစ်ကိုက အဲဒီလူတွေကို စောင့်ကြည့်ပေးဖို့ မျှော်လင့်ပါတယ်.. ငါ့ကျောင်းသားတွေကို အန္တရာယ်ပေးဖို့ ကြိုးစားတာတွေ့ရင် အမြန်ဆုံး ရှင်းပစ်လိုက်ပါ"

"ဟုတ်ကဲ့ ဆရာ"

အမှောင်ထဲမှလူက ခေါင်းညိတ်ပြသော်လည်း သူ့အသွင်အပြင်က အနည်းငယ် ရှက်ရွံ့နေပုံရသည်။

"ဒါပေမယ့် ဆရာ.. အစ်ကိုအကြီးဆုံးက ဘယ်နေရာမှာမဆို ရှိနိုင်တယ် ဆိုပေမဲ့ သူ့ကို ရှာမတွေ့မှာ ကျနော် စိုးရိမ်မိတယ်.. ရှာတွေ့ရင်တောင်မှ သူက ကျနော့် စကားကို နားထောင်မထောင် မသေချာဘူး"

ထိုလူ၏ စကားဆုံးသည်နှင့် ဆရာဝမ်၏လက်၌ ဝိညာဉ်အလင်းရောင်နှင့်အတူ ပစ္စည်းတစ်ခု ပေါ်လာသည်။

ဆရာဝမ်က ထိုပစ္စည်းကို ပစ်ပေးလိုက်သည်။

အမှောင်ထဲမှလူက ချက်ချင်း လန့်သွားသည်။

"ဒါက.."

ဆရာဝမ် "ဒါက မင်းအစ်ကိုကြီးရဲ့ ပန်းကွက်ပုံပါတဲ့ ပန်းရောင်အောက်ခံဘောင်းဘီပဲ.. သူငါ့ကို စိန်ခေါ်တုန်းက ငါယူထားလိုက်တာ"

အမှောင်ထဲကလူ "..........."

ဆရာဝမ် "အဲဒါကို မင်းရဲ့ အဝတ်လှမ်းတဲ့ကြိုးပေါ်မှာ ချိတ်ဆွဲထားလိုက်.. သူချက်ချင်း ပေါ်လာလိမ့်မယ်"

အမှောင်ထဲကလူ ".............."

All Chapters