ကွာဖီရဲ့ ကြက်ကင်ညစာ
Vol. 13 Ch. 184
ဇွန်လ ၉ ရက်နေ့တွင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်၌ အိမ်ထိန်း အဖြစ် တရားဝင် လုပ်ကိုင်နေသော စုန့်ချင်းရှုမှာဟော်သွန်း မျိုးစေ့များ အညှောက်ပေါက်လာသည်ကို တွေ့ရှိခဲ့သည်။
ပျိုးပင်မျှသာ ဖြစ်နေပါစေ ဤဝိညာဉ်မြေဆီလွှာတွင် ဆယ်ဆပို၍ ကြီးထွားနိုင်သည် သို့မဟုတ် ထိုထက်ပင် ပို၍ လျင်မြန်စွာ ကြီးထွားနိုင်၏။
ဤဝိညာဥ်မြေဆီလွှာကို ဗုံးပစ်စီနီယာ အင်မော်တယ်က ကိုယ်တိုင် သုတေသနပြုပြီး တီထွင်ခဲ့သည်။
အခြားနေရာမှ မြေဆီလွှာများနှင့် နှိုင်းယှဉ်လျှင် သူ၏ဝိညာဥ်မြေဆီလွှာမှာ ဝိညာဉ်အပင်များ အတွက် အဆတစ်ရာ ပိုမိုအာဟာရ ပြည့်ဝသည်။
ဤသည်မှာ ဟောသွန်းမျိုးစေ့မပြောနှင့် ဘရိုကိုလီကိုပင် ပြန်ရှင်စေသည့် ဝိညာဥ်မြေဆီလွှာ ဖြစ်၏။
ဗုံးပစ် စီနီယာ အင်မော်တယ် အနေဖြင့် သူ၏ ဝိညာဉ်မြေဆီလွှာက သူ့ သုတေသန၏ အထွတ်အထိပ် အခြေအနေကို ကိုယ်စားပြုကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။
ဤသည်မှာ အနာဂတ် မျိုးစပ် စိတ်ဝိညာဉ်မြက်၏ ဖခင်ဖြစ်လာရန် ကြိုးစားနေသည့် သူ့အတွက် အရေးကြီးသော ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
ဤဟော်သွန်းသစ်ပင် အပင်ပေါက်လာလျှင် ဘာဆက်ဖြစ်မည်မှန်း မည်သူမှ မသိကြပေ။
နွီဝါးဆိုသည့် ကောင်မလေးက သူဌေးထန်ကို ပေးထားသည့်ကတိစကားကို ဆက်လက် ထိန်းထားပါမည်လော။
အဆုံးသတ်တွင် ပြဿနာကို ဖန်တီးတဲ့သူမှာ ထိုမိန်းကလေး နွီဝါးပင် ဖြစ်၏။
လက်တလော ရရှိထားသည့် သဲလွန်စ အားလုံးကို ခြုံငုံ၍ သုံးသပ်ရလျှင် ဤမိန်းကလေးမှာ ၎င်းတို့၏ အောင်မြင်မှုအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
သေချာသည်မှာ တခြား ကျောက်သရဲမျက်နှာဖုံးက အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့ လက်ထဲတွင် ရှိနေလိမ့်မည်ဟု ဗုံးပစ် စီနီယာ အင်မော်တယ်က ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
တကယ်တမ်းတွင် ကိစ္စတွေက ပို၍ပင် ရှုပ်ထွေးလာသည်။
ဤသည်မှာ ကျောက်သရဲမျက်နှာဖုံးကို စည်းတံဆိပ် ခတ်လိုက်ရုံမျှဖြင့် မရိုးရှင်းတော့ချေ။
အဘယ်ကြောင့်ဆိုသော် ကွာဖီစစ်တပ်၏ ခေါင်းဆောင် ဖြစ်သော မိစ္ဆာ အင်ပါယာ ကွာဖီက ကျန်းလျှိုယွဲ့ နှင့် စာချုပ်ချုပ်ပြီးနောက် ကျင့်ကြံခြင်း လောကသို့ ပြန်လာတော့မည် ဖြစ်သောကြောင့်ပင်။
................
လွန်ခဲ့သည့်နှစ်ရက်အတွင်း ဝမ်လင်း၏စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို နှစ်ကြိမ်တိုင်တိုင် ထင်ထင်ရှားရှား မြင်ခဲ့ရသည်။
သို့သော် မြင်ကွင်းက တိုတောင်းလွန်းလှသည်။
ယင်းမှာ နံရံကို မှီ၍ သွေးအိုင်ထဲတွင် ထိုင်နေသည့် အမျိုးသားတစ်ဦး၏ ပုံရိပ် ဖြစ်သည်။
ထိုသူ၏ အဝတ်ဖြူများက သွေးများဖြင့် စိုစွတ်နေ၏။
ထိုသူက ခေါင်းကို ငုံ့ထားကာ အသက်ကို ခပ်ပြင်းပြင်းရှူရင်း မျက်လုံးကို မှိတ်ထားလိုက်သည်။
ဤသည်မှာ ဝမ်လင်း၏ မျက်ခွံ လှုပ်ရမ်းခြင်းထက် ပိုမိုတိကျသော ကောင်းကင်မျက်လုံး၏ အမြင့်ဆုံး ခန့်မှန်းစွမ်းရည် ဖြစ်သည်။
ဝမ်လင်း၏ မျက်ခွံနှင့်မျက်လုံးတို့က သတိပေးစနစ် အဖြစ် ကိုယ်စီလုပ်ဆောင်ကြ၏။
ခြားနားချက်မှာ မျက်ခွံလှုပ်ခတ်ခြင်းက သူ့ကို ဦးတည်လာသည့် ဖြစ်ရပ်တစ်ခုကြောင့် သူမည်ကဲ့သို့ ထိခိုက်ခံရနိုင်သည်ကို ကြိုတင် အသိပေးခြင်းမျိုး ဖြစ်သည်။
တစ်ဖက်တွင်လည်း ကောင်းကင်မျက်လုံးမှ သူ့အား ပြသသော အရိပ်အယောင်မှာ သူ့ပတ်ဝန်းကျင်ရှိ လူများကို ဦးတည်နေသည်။
ကောင်းကင်မျက်လုံး၏ အမြင်အာရုံ နိမိတ်များမှာ များသောအားဖြင့် သူ့စိတ်ထဲတွင် သုံးကြိမ်အထိ ပေါ်လာပြီးမှသာ ပုံရိပ်များ ပို၍ ကြည်လင်လာတတ်သည်။
ယခုအခါ မြင်ကွင်းက နှစ်ကြိမ်ခန့် ရှိလာပြီ ဖြစ်၏။
ဝမ်လင်းက ထိုလူ၏ ပတ်ဝန်းကျင်နှင့် နေရာတိုင်းရှိ သွေးများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူက ထိုလူ၏ မျက်နှာကို အမှန်တကယ် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် နောက်တစ်ကြိမ် စောင့်ရဦးမည် ဖြစ်သည်။
အိပ်ခန်းပြတင်းပေါက်မှ လေနုအေးက ဝမ်လင်း၏ ဆံပင်များကို ယိမ်းခနဲ လှုပ်ခတ်သွားစေသည်။
သူက မိုးကောင်းကင်ကို လှမ်းကြည့်လိုက်ရာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ဤအချိန်တွင် တစ်ခုခု ဖြစ်နေပြီမှန်း သူကောင်းစွာသိသည်။
.......................
ကျန်းလျှိုယွဲ့က မိစ္ဆာအင်ပါယာကွာဖီနှင့် စာချုပ်ချုပ်ဆိုပြီးနောက် မြေအောက်ထပ်ရှိ ကုန်စုံဆိုင်ခန်း အဟောင်းတွင် စတင် ကျင့်ကြံရန် ရွေးချယ်ခဲ့သည်။
မိစ္ဆာ အင်ပါယာကွာဖီထံမှ တစ်ညတာ သင်ကြားပြီးနောက် ကျန်းလျှိုယွဲ့က ပြန်လည်ထူထောင်ရေး နည်းစနစ်နှင့် ပတ်သက်၍ အနည်းနှင့်အများ သိရှိ နားလည်သွားခဲ့သည်။
၎င်းကို စတင် ကျင့်ကြံလိုက်သည်နှင့် စကြာဝဠာ၏ စွမ်းအား လျှပ်စီးကြောင်းကို ကွဲကွဲပြားပြား သိနိုင်မည် ဖြစ်သည်။
ဤအရာက မှော်အတတ်ပညာ တစ်ခုဖြစ်ကြောင်း သူမ ပိုမိုနားလည် သဘောပေါက်ခဲ့၏။
ထိုနည်းစနစ်က ဤကမ္ဘာမှ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက်ဆွဲငင်ကာ ကျင့်ကြံခြင်း နယ်ပယ် ပြန်လည် ကောင်းမွန်လာရန် အရှိန်မြှင့်လုပ်ဆောင်သော နည်းစနစ်ဖြစ်သည်။
သို့သော် ၎င်း၏ အားနည်းချက်မှာ လူသား၏ သက်တမ်းကို တိုတောင်းစေ၏။
ထို့ကြောင့် တားမြစ်ထားသော နည်းစနစ် ဆိုလည်းမမှားပေ။
ကျင့်ကြံခြင်း တစ်နှစ်အတွက် အသက်တစ်နှစ်..
ကျန်းလျှိုယွဲ့က ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသည်။
၎င်းက တားမြစ်ထားသော နည်းစနစ်တစ်ခု ဖြစ်သော်လည်း မမျှော်လင့်ဘဲ စကြဝဠာ၏ ဝိညာဉ်စွမ်းအင် ထိန်းသိမ်းမှု ဥပဒေသကို စည်းမဖောက်ဘဲ လိုက်နာဆဲဟု ဆိုရမည်။
စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူ၏ သက်တမ်းမှာ အနှစ် နှစ်ထောင် ရှိသည်။
ဤပြန်လည်ထူထောင်ရေး နည်းစနစ်ဖြင့် သူမ၏ ယခင်နယ်ပယ်ကို ပြန်လည်ရရှိပြီးလျှင် သူမ၏သက်တမ်းက နှစ်ခြောက်ရာ လျော့ကျသွားမည် ဖြစ်သည်။
သို့သော် သူမတွင် အခြားရွေးချယ်စရာ မရှိဟု သူမ ကောင်းစွာသိသည်။
ပြန်လည်ထူထောင်ရေးနည်းစနစ်ကို နှစ်ကြိမ်မျှ ကျင့်ကြံပြီးနောက်တွင် ယခင်ကထက် ပိုမိုကျွမ်းကျင်လာပြီဟု သူမ ခံစားခဲ့ရသည်။
သူမဘေးတွင် မိစ္ဆာ အင်ပါယာကွာဖီရှိနေသည်။
၎င်းက ကျန်းလျှိုယွဲ့၏ လက်ပတ်နာရီပေါ်မှ ဆော့ဝဲလ်များကို ကလိနေခဲ့သည်။
များသောအားဖြင့် "ရှေးလူကြီးများ"မှာ အသစ်အသစ်သော နည်းပညာများကို သင်ယူရန် နှေးကွေးသောကြောင့် ကွာဖီကို အသုံးပြုနည်း သင်ပေးရန် အချိန်အတော် ယူခဲ့ရသည်။
ကွာဖီက ကျောက်သရဲမျက်နှာဖုံးတွင် ပိတ်မိနေသောကြောင့် နာရီတွင်အသုံးပြုထားသည့် ခေတ်မီနည်းပညာများကို နားအလည်ပေ။
လောလောဆယ်တွင် သူက စကားပြောရန်အတွက် အနက်ရောင်မီးခိုးတိမ်များကိုသာ ထုတ်လွှတ်ထားနိုင်သည်။
သို့သော် နာရီ၏ အသံလုပ်ဆောင်ချက်က သူ့အတွက် အလွန်အသုံးဝင်နေခဲ့၏။
လက်ပတ်နာရီဆီမှ မရပ်မနား ထွက်ပေါ်နေသော အသံမှတစ်ဆင့် ကွာဖီက မျက်မှောက်ခေတ် ဟွာရှို့နိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ အကြောင်းကို လေ့လာသိရှိခဲ့သည်။
"လခွမ်း.. အခုခေတ်မှာ အင်မော်တယ် ဓားတစ်ချောင်းတောင်မှ လိုင်စင်နံပါတ်လိုတယ်တဲ့လား.. ငါအရှင်သခင် ကမ္ဘာကို အုပ်စိုးပြီးတာနဲ့ ဒီမကောင်းတဲ့ စည်းမျဥ်းတွေကို ချက်ချင်း ဖယ်ရှားပစ်မယ်"
"အိုး ဒီလေးဘီးတပ်စက်က မိုက်လှချည်လား.. ငါအရှင်သခင် ဘယ်တော့ မောင်းရမှာလဲ"
နံဘေးရှိ ကျန်းလျှိုယွဲ့က လုံးဝကို ဆွံ့အနေမိသည်။
ဤမိစ္ဆာအင်ပါယာက ဟွာရှို့နိုင်ငံကို ခြွင်းချက်မရှိ သိမ်းယူနိုင်မည်ဟု အစောပိုင်းက သူမ တွေးမိခဲ့၏။
သို့သော် ပြန်တွေးကြည့်လျှင် ဤမိစ္ဆာအင်ပါယာမှာ သနားစရာကောင်းသည့် လူတစ်ယောက်ဟု သူမ ခံစားခဲ့ရသည်။
အဆုံးသတ်တွင် နှစ်တစ်ထောင်ကြာ ပိတ်မိနေသော ကွာဖီမှာ လူသားကမ္ဘာ၏ အဆင့်မြင့်နည်းပညာကို ပထမဆုံး အကြိမ်အဖြစ် ကြုံတွေ့ခဲ့ရခြင်းသာ ဖြစ်၏။
ကျန်းလျှိုယွဲ့က စိတ်ထဲတွင် သက်ပြင်းချနေချိန်တွင် ကုန်စုံဆိုင်တံခါးကို လာခေါက်သည့် ထူးဆန်းသော လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"ဟယ်လို.. ဒီမှာ တစ်ယောက်ယောက် ရှိပါသလား.. လူကြီးမင်းတို့ မှာယူထားတဲ့ အစားအစာတွေ ရောက်ပါပြီ"
"အစားအသောက် မှာထားတာလား"
ကျန်းလျှို့ယွဲ့၏ မျက်နှာပေါ်တွင် ဇဝေဇဝါ အမူအရာမျိုး ဖြစ်သွားသည်။
အနက်ရောင်မီးခိုးထဲမှ မိစ္ဆာအင်ပါယာကွာဖီက ရယ်မောလိုက်သည်။
"အဲဒါကို မှာထားတာက ငါ့အရှင်သခင် ကိုယ်တိုင်ပဲ.. မင်းရဲ့နာရီမှာ အစားအစာ မှာယူလို့ရတဲ့ App တစ်ခုကို ငါတွေ့လိုက်တယ်.. အဲဒီထဲမှာ စားစရာတွေ အများကြီးရှိတယ်လေ"
ကျန်းလျှိုယွဲ့ "အရှင့်ရဲ့ လက်ရှိအဆင့်မှာ အစာစားဖို့ လုံးဝ မလိုအပ်ဘူးလို့ ကျမက ထင်နေခဲ့တာ.."
မိစ္ဆာအင်ပါယာကွာဖီ "ကျင့်ကြံသူတွေက အစာမစားဘဲ ရက်အတော်ကြာ ရှင်သန်နိုင်ပေမဲ့ အစာကောင်းကို တွေ့ရင် စားချင်ကြတာက ပုံမှန်ပါပဲ.. ကျင့်ကြံသူတွေ အစာမစားဘူးဆိုတဲ့ အယူအဆက တကယ်တော့ ရှေးခေတ် ကျင့်ကြံခြင်း ဂိုဏ်းတွေက သူတို့ရဲ့ တပည့်တွေ ငတ်မွတ်မှု ဒဏ်ကနေ ခံနိုင်ရည်ရှိအောင် တမင် လှည့်စားခဲ့တဲ့ အယူအဆပါ"
ကျန်းလျှိုယွဲ့ ".........."
မိစ္ဆာအင်ပါယာကွာဖီ "ဒါ့အပြင် မင်းက ဒဏ်ရာရထားတာလေ.. မင်းရဲ့ခွန်အားကို ဖြည့်တင်းဖို့ အာဟာရ ရှိမှရမှာပေါ့.. ဒါမှ မင်းဒဏ်ရာတွေ မြန်မြန် ပြန်ကောင်းလာလိမ့်မယ်"
ကျန်းလျှိုယွဲ့ "ဒါပေမယ့် အခုချိန်က ကျမအတွက် အန္တရာယ်များသလားလို့ပါ"
မိစ္ဆာအင်ပါယာကွာဖီ "ဘာမှ မင်းစိုးရိမ်နေစရာမလိုဘူး.. တံခါးသာဖွင့်လိုက်.. ငါအရှင်သခင် ကိုယ်တိုင် ကိုင်တွယ်လိုက်မယ်"
ကျန်းလျှိုယွဲ့က တံခါးဆီသို့ သတိအပြည့်ဖြင့် လျှောက်သွားလိုက့သည်။
သူမ တံခါးကို ဖွင့်လိုက်သည်နှင့် လေးထောင့်ပုံး လေးပုံးကို ကိုင်ဆောင်လာသည့် အဖြူရောင်ဝတ် ကောင်လေး တစ်ယောက်က တံခါးဝတွင် ရိုးကျိုးသော အမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။
"မင်္ဂလာပါ.. ကျနော်က လူကြီးမင်း အော်ဒါမှာထားတဲ့အစားအသောက်ကို လာပို့တာပါ.. ဒါက အထူးနာမည်ကြီးနေတဲ့ ကြက်တောင်ပံ နှစ်ရာပါ"
".............."
သူမက ကောင်လေး လာပို့သည့် လေးထောင့်ပုံးလေးများကို ယူဆောင်ပြီးသော အချိန်တွင် အနက်ရောင်မီးခိုးငွေ့များက ကုန်စုံဆိုင်မှ လျင်မြန်စွာ ထွက်သွားသည်ကို သူမ မြင်လိုက်ရသည်။
ထိုလူငယ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ကျောက်သရဲ မျက်နှာဖုံးက လူငယ်၏မျက်နှာကို ဖမ်းကပ်ကာ ဘေးဘက်ရှိချိတ်များဖြင့် အသားကို ထိုးဖောက်လိုက်၏။
နှစ်မိနစ်ခန့် အကြာတွင် မိစ္ဆာအင်ပါယာကွာဖီက လူငယ်၏ ဝိညာဥ်ကို မောင်းထုတ်ကာ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် သူက မျက်နှာဖုံးကို ပြန်ချွတ်လိုက်သောအခါ သူ့စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။
ခန္ဓာကိုယ် ပိုင်ဆိုင်ရခြင်း၏ ခံစားချက်မှာ သူ မမှတ်မိနိုင်လောက်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကံမကောင်းစွာပဲ ဤခန္ဓာကိုယ်တွင် အလွန်ကြီးမားသော ချို့ယွင်းချက်တစ်ခု ရှိနေသည်။
ဤလူငယ်က အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသေးသဖြင့် ကွာဖီက အလွန်ဆုံး နာရီဝက်အတွင်း ကျောက်သရဲ မျက်နှာဖုံးသို့ ပြန်သွားရမည် ဖြစ်သည်။
ဟုတ်ပါသည်.. သူက ဤအရာအားလုံးကို လျစ်လျူရှုခဲ့သည်။
လက်ရှိ ကွာဖီ၏ အာရုံက ကြက်တောင်ပံ ထည့်ထားသည့် ပုံး များ ပေါ်တွင်သာ ရှိနေသည်။
မျက်နှာဖုံးထဲတွင် နှစ်တစ်ထောင်ကြာ ပိတ်မိနေခဲ့သည့် ကွာဖီမှာာ ကျန်းလျှိုယွဲ့၏ လက်ထဲက ကြက်တောင်ပံ ထည့်ထားသည့် ပုံးလေးလုံးကို စိုက်ကြည့်နေ၏။
သူက တံတွေးကို မမျိုချဘဲ မနေနိုင်ခဲ့ချေ။
သူ့လေသံတွင် သူ၏ ခံစားချက်များက ထင်ဟပ်နေသည်။
"ငါအရှင်သခင် အနှစ်တစ်ထောင်ကျော် ချိတ်ပိတ်မိခဲ့ပြီးနောက်မှာ ကြက်တောင်ပံမပြောနဲ့ ကြက်ခြေထောက်တောင် မစားခဲ့ရဘူး.. ဒီတစ်ခါတော့ အသားကို နောက်တစ်ကြိမ် ပြန်စားနိုင်ခဲ့ပြီ"
ကျန်းလျှိုယွဲ့ ".........."