← Chapters

ချက်တင်ခန်းတွင် ပုန်းနေသူသည် သြဇာကြီးမာသူဖြစ်သည်

Vol. 13 Ch. 185

ချက်တင်ခန်းတွင် ပုန်းနေသူသည် သြဇာကြီးမာသူဖြစ်သည်

Vol. 13 Ch. 185

ဇွန်လ ၁၀ ရက်.. စာသင်နှစ်၏ သတ္တမမြောက် အပတ် သောကြာနေ့ ဖြစ်သည်။

ဖိုးဖိုးဝမ်က သူ၏ သင်္ကေတဟု ပြော၍ ရသည့် တရုတ် ဖက်ထုပ်ပြုတ် လုပ်ရန် နံနက်စောစော ထခဲ့သည်။

ကြယ်ပွင့် စားဖိုမှူးတစ်ဦး ဖြစ်စဥ်က ထိုဖက်ထုပ်ပြုတ်မှာ သူ၏ အထူးဟင်းလျာ ဖြစ်သည်။

သူ၏ ဖက်ထုပ်ပြုတ်များမှာ အစားအသောက် လောကကို လွှမ်းမိုးနိုင်ခဲ့သဖြင့် သူက ဖက်ထုပ်ဘုရင်ဘွဲ့ကိုပင် ပေးအပ်ခြင်း ခံခဲ့ရသည်။

အလွန်ကောင်းမွန်သော ဖက်ထုပ်ပြုတ်များတွင် အများအားဖြင့် အထူးအရည်အသွေး သုံးခုပါရှိသည်။

ယင်းမှာ ပါးလွှာသော ဖက်ထုပ်ရွက်၊ အရသာ ကောင်းသော အသား နှင့် အာဟာရပြည့်သော ဟင်းရည်တို့ဖြစ်၏။

ဖိုးဖိုးဝမ်၏ ဖက်ထုပ်ပြုတ်များတွင် အလွန်ထူးခြားသော အရည်အသွေး ရှိသည်။

ထိုဖက်ထုပ်ပြုတ်ကို စားမိသည့်သူများမှာ ၎င်းတို့၏ မိခင်ကိုယ်တိုင် ချက်ပြုတ်ပေးသည့် အရသာကို အလွယ်တကူ သတိရစေသည်။

တစ်ဇွန်းစားမိရုံဖြင့် လူကို မျက်ရည်ယိုဗုံးနှင့် ထိမိသလိုမျိုး အထိန်းအကွပ်မဲ့ မျက်ရည်ကျစေနိုင်သည်။

ထို့ကြောင့် ယနေ့နံနက်တွင် ဖေဖေဝမ်က ဖိုးဖိုးဝမ်၏ အထူးပြုလုပ်ထားသော ဖက်ထုပ်ပြုတ်ကို မစားခင် စားပွဲပေါ်၌ တစ်ရှူးနှစ်ထုပ်ကို ကောင်းစွာ ကြိုတင် ပြင်ဆင်ထားခဲ့သည်။

ဟုတ်ပါသည်.. ဖိုးဖိုးဝမ်၏ ဖက်ထုပ်ပြုတ်ကို စားပြီးလျှင် လူတိုင်းက မျက်ရည်မကျဘဲ နေနိုင်မည် မဟုတ်ပေ။

ထိုအချက်ကို ဝမ်လင်းက ငြင်းဆန်မည်မဟုတ်ချေ။

မျက်ရည်တွေက သူ့ကိုယ်သူ တည်ဆောက်ထားသည့် အေးစက်စက် ပုံရိပ်ကို တကယ်ပဲ ပျက်စီးစေလိမ့်မည်။

ထို့ကြောင့် သူက ဖက်ထုပ်ပြုတ်ကို စားနေစဉ် သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ မျက်ရည်မကျစေရန် သွေးကြောအချို့ကို ပိတ်ခဲ့ရသည်။

ဖိုးဖိုးဝမ်နှင့် ဖေဖေဝမ်တွင် မနက်စာစားချိန်၌ သတင်းကြည့်တတ်သော အလေ့အကျင့် ရှိသည်။

ဖေဖေဝမ်က တီဗွီကိုဖွင့်လိုက်ရာ မနက်ခင်းသတင်း လွှင့်နေသည်ကို တွေ့ခဲ့ရသည်။

သတင်းတင်ဆက်သူ အမျိုးသမီးက သတင်းများကို ပုံမှန်အတိုင်း တင်ဆက်နေခဲ့သည်။

"နောက်တစ်ခုကတော့ ထူးထူးခြားခြား သတင်းတစ်ပုဒ်ပါပဲ.. ယမန်နေ့ကနေ ဒီမနက် ခြောက်နာရီ သုံးဆယ့်ရှစ်မိနစ် အတွင်း မှာ အစားအသောက် ပေးပို့တဲ့ ဝန်ထမ်း သုံးဆယ့်နှစ်ဦးက အကြောင်းရင်း မသိရဘဲ ပျောက်ဆုံးနေပါတယ်.. အခုလို ဆိုးရွားလှတဲ့ အစုလိုက်အပြုံလိုက် ပျောက်ဆုံးမှုက လူထုကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်.. ဒီကိစ္စနဲ့ပတ်သက်ပြီး ကျင့်ကြံခြင်းရဲတွေက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်.. ဆွေးနွေးမှုတွေအရတော့ အစားအသောက် ပေးပို့တဲ့ ဝန်ထမ်းတွေ ပျောက်ဆုံးရတာ အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ သံသယရှိနေကြပါတယ်.. ဒီအဖြစ်အပျက်ကို ဆက်လက်ပြီး စုံစမ်းနေဆဲပါ"

ထိုသတင်းကိုမြင်လျှင် ဖိုးဖိုးဝမ်က သက်ပြင်းချလိုက်သည်။

"ယနေ့ကမ္ဘာကြီးက အရမ်း အန္တရာယ်များတာပဲ.. အစားအသောက်ပို့တဲ့သူတောင် အသက်ဆုံးရှုံးနိုင်ခြေ ရှိနေပြီ"

"အဖေ.. ဒီကိစ္စက အရိပ်အဖွဲ့ခေါင်းဆောင် နဲ့ ပတ်သက်နေတယ်လို့ ထင်လား.. ရဲတွေက သူမနဲ့ ပတ်သက်နေတယ်လို့ သံသယရှိတယ် ပြောနေပေမဲ့ သေချာတဲ့ အထောက်အထားတော့ မတွေ့ရသေးဘူး"

ဖေဖေဝမ်က ဖက်ထုပ်ပြုတ်ကို စားရင်း မျက်ရည်တွေကို သုတ်လိုက်သည်။

"ငါ ပြောပြမယ်.. ဒီကိစ္စမျိုး အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်.. သူတို့ သံသယရှိတဲ့သူသာ ငါ့ရဲ့ ဖက်ထုပ်ပြုတ်ကို မှာထားမိတယ် ဆိုရင် ဒီအမှုကို ဖြေရှင်းပေးဖို့က အထူးအဆန်း ကိစ္စ မဟုတ်တော့ဘူး"

အဘိုးအိုက စားပွဲပေါ်ရှိ ဖက်ထုပ်ပြုတ်ကို ကြည့်ကာ အတိတ်ကို ပြန်ပြောင်းအမှတ်ရသွားပြီး သက်ပြင်းချလိုက်သည်။

"အငြိမ်းစားယူပြီးတော့ အသီးအရွက်ပဲ စိုက်ပျိုးခဲ့တယ်.. ဒါကြောင့် ငါ့ရဲ့ ဟင်းချက်စကေးက အထွတ်အထိပ် အချိန်ကလို မဟုတ်တော့ဘူး.. အရင်တုန်းက လုပ်ခဲ့တဲ့ ဖက်ထုပ်ပြုတ်တွေဆို အနံ့နဲ့တင် လူတွေကို မျက်ရည်ကျစေတယ်"

ဖေဖေဝမ်နှင့် ဖိုးဖိုးဝမ် ".........."

ဖိုးဖိုးဝမ် "အရင်တုန်းကဆို ငါ့ဖက်ထုပ်ပြုတ်တွေကို မျက်ရည်ယိုဗုံး အစားထိုး လျှို့ဝှက်လက်နက် အဖြစ် ရာဇ၀တ်ကောင်တွေဆီ ပို့ဖို့ ရဲတွေက အသုံးပြုခဲ့ကြတယ်.. ရာဇဝတ်ကောင်တွေ မျက်ရည်တွေဝဲပြီး ကန်းလုနီးပါး ဖြစ်နေတဲ့အချိန်မှ ရဲတွေက ဝင်ဖမ်းလိုက်ရုံပဲ"

ဖေဖေဝမ်နှင့်ဝမ်လင်း ".........."

အစားအသောက် ပေးပို့သည့် ဝန်ထမ်းများ၏ အစုလိုက်အပြုံလိုက် ပျောက်ဆုံးမှုမှာ အရိပ်အဖွဲ့၏ ဖြစ်ရပ်ပြီးနောက် ဖြစ်ပွားခဲ့သည့် အဓိကဖြစ်ရပ် ဖြစ်လာသည်။

ရဲတွေ၏ သံသယက အဓိပ္ပါယ်ရှိသည်ဟု ဝမ်လင်း ထင်သည်။

ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ရှုထောင့်မှကြည့်လျှင် ဤဖြစ်ရပ်နှစ်ခုကို ချိတ်ဆက်ရန်မှာ အလွန်လွယ်ကူသည်။

ထို့အပြင် ကျန်းလျှိုယွဲ့က လောလောဆယ်တွင် ဒဏ်ရာရနေကြောင်း ဝမ်လင်း သိထားသည်။

သူက သူမ၏ ရွှံ့စေး ကိုယ်ပွားကို ဖောက်ခွဲပစ်ခဲ့ပြီး သူမ၏ ကျင့်ကြံမှု အနှစ်ခြောက်ရာကို ချက်ချင်း ဆုံးရှုံးစေခဲ့သည်။

ထို့ကြောင့် သူမ၏ ခန္ဓာကိုယ် အစစ်အမှန်မှာ သေချာပေါက် ဒဏ်ရာရနေလိမ့်မည် ဖြစ်သည်။

ယင်းက သူမ၏ ကျင့်ကြံခြင်း နယ်ပယ်ကို ထိခိုက်စေမှာ သေချာ၏။

ဆိုရလျှင် သူမ အနေဖြင့် ပြန်လည်ကုသရန် အချိန်တစ်ခု လိုအပ်လိမ့်မည် ဖြစ်သည်။

ဤကာလအတွင်း အာဟာရဓာတ်က အရေးကြီးသည်။

စစ်မှန်သော ကျင့်ကြံသူ တစ်ယောက်က အစာစားချင်စိတ်ကို စွန့်လွှတ်ကာ ဝိညာဉ်စွမ်းအင်ဖြင့် လိုအပ်သော အာဟာရများကို စုပ်ယူနိုင်သော်လည်း ဒဏ်ရာရရှိနေသူမှာ ထိုသို့ မလုပ်နိုင်ချေ။

ဤသည်က ဒဏ်ရာရနေသည့် ခန္ဓာကိုယ်ကို အမြန်ပြန်ကောင်းလာစေရန် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်။

အနှစ်ချုပ်ပြောရလျှင် ဝမ်လင်းအနေဖြင့် ဤကိစ္စက ရိုးရှင်းသော ကိစ္စမဟုတ်ကြောင်း ခံစားမိခဲ့သည်။

ထိုကိစ္စက အရိပ်အဖွဲ့ခေါင်းဆောင် နှင့် ပတ်သက်မှု အရှိဆုံး ဖြစ်နိုင်သည်ဟု ရဲများ၏ထင်မြင်ချက်ကို သဘောတူခဲ့သည်။

အရိပ်အဖွဲ့၏ ဌာနချုပ် ပျက်စီးသွားသော်လည်း အဆုံးသတ်တွင် ခေါင်းဆောင်မှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

သူမက ဝမ်လင်းကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့သော မှန်းဆမရသည့် အရာတစ်ခုလည်း ဖြစ်သည်။

အရိပ်အဖွဲ့က တစ်ကျော့ပြန် ခေါင်းထောင်စရာ အကြောင်းလုံးဝမရှိဟု လူတချို့က သုံးသပ်ခဲ့သည်။

သို့သော် ဤကိစ္စမှာအရိပ်အဖွဲ့ခေါင်းဆောင်ကို မဖမ်းမိ မချင်းမပြီးဆုံးသေးဟု သူ ခံစားခဲ့ရသည်။

ဤကဲ့သို့ တွေးမိသူမှာ ဝမ်လင်း တစ်ယောက်တည်းတော့ မဟုတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ အမြင်ကလည်း သူနှင့် ထပ်တူကျနေသည်။

သူက လိုင်းပေါ်တက်ပြီး ချက်ဂရုကို ဖွင့်လိုက်ရာ ဤကိစ္စကို ဆွေးနွေးနေသည့် လူအတော်များများကို တွေ့ခဲ့ရသည်။

အရိပ်အဖွဲ့ခေါင်းဆောင် မမိမချင်း ကိစ္စပြီးဆုံးမည် မဟုတ်ကြောင်း လူတိုင်းသိကြသည်။

ကျင့်ကြံခြင်း လောကရှိ ဖြောင့်မတ်ခြင်းတရားကို လက်ကိုင်ထားသော သူတိုင်းက သူမ ပုန်းအောင်းနေသည့်နေရာကို သိရှိရန် စုံစမ်းနေကြသည်။

စိတ်နှလုံး ဖြောင့်မတ်သော သူတော်ကောင်းများ အကြောင်းကို ပြောရလျှင် ဤချက်ဂရုမှ အဖွဲ့ဝင်များမှာ ထိပ်ဆုံးတွင် ရှိသည်ဟု ဆိုရမည်။

ဝမ်လင်း အွန်လိုင်းပေါ် တက်လာသောအခါ ချိုက်လျန်က အဖွဲ့ရှိ အခြားသူများနှင့် ဤပြဿနာကို ဆွေးနွေးနေသည်။

ချိုက်လျန် "ဒီကိစ္စက နည်းနည်းထူးဆန်းတယ်.. နင်တို့ ဘယ်လိုမြင်လဲ"

ဖီလန်ဓားအင်မော်တယ် "ရဲစခန်းမှာ အလုပ်လုပ်နေတဲ့ ငါ့ သူငယ်ချင်း တစ်ယောက် ရှိတယ်...အဲဒီ အစားအသောက် ပို့ဆောင်ရေး သမားတွေ အားလုံးက ဧရိယာတစ်ခု ထဲမှာပဲ ပျောက်ဆုံးသွားတယ်လို့ သူက ပြောတယ်"

ချိုက်လျန် "အဲဒီနေရာနဲ့ပတ်သက်ပြီး တိကျတဲ့ ကိုသြဒိနိတ် ရှိလား"

ဖီလန်ဓားအင်မော်တယ် "ရှိတယ်.. ကိုသြဒီနိတ် အရ ဇိမ်ခံတိုက်ခန်းရဲ့ မြေအောက်ခန်း ကုန်စုံဆိုင်ကနေ အစားအသောက် မှာခဲ့တာပဲ.. ဒါပေမယ့် အဲဒီဆိုင်ကို စွန့်ပစ်ထားတာ ကြာပါပြီ.. အနီးနားက လူတွေတောင် အဲဒီမှာ ဘယ်သူတွေနေလည်း မသိကြဘူး.. မြေအောက်ခန်းမှာ စောင့်ကြည့် ကင်မရာတွေ မရှိတာကြောင့် ပျောက်ဆုံးနေတဲ့ ပို့ဆောင်ရေး သမားတွေနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ ရဲတပ်ဖွဲ့က လတ်တလော အတည်မပြုနိုင်သေးဘူးလို့ ပြောတယ်"

"အဲဒါက လွယ်လွယ်လေးပဲလေ.. သက်သေ အထောက်အထားတွေက စုဆောင်းလို့ရပါတယ်"

ချိုက်လျန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အင်မော်တယ်ထုန်ရာက နာရီဝက်အတွင်း ဝိညာဥ်စုဆောင်းနိုင်တဲ့ အမွှေးတိုင်ကို တီထွင်ခဲ့တယ် မဟုတ်လား.. အကယ်၍ အဲဒီတိုက်ခန်းမှာ အစားအသောက်ပို့တဲ့သူတွေ သေဆုံးခဲ့ရိုးမှန်ရင် အမွှေးတိုင်ကို အသုံးပြုလိုက်တာနဲ့ ဝိညာဥ်တွေက စုဝေးလာလိမ့်မယ်.. အဲဒါဆိုရင် ငါတို့အတွက် သက်သေရသွားပြီ"

ထိုစကားကို ကြားပြီးနောက် အင်မော်တယ် ထုန်ရာက ချက်ချင်း ပြန်မဖြေနိုင်ခဲ့ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်ထုန်ရာကို မန်းရှင်း ကောက်ခေါ်လိုက်သည်။

"ညီနောင်ထုန်ရာ.. မင်းရှိနေလား"

အင်မော်တယ်ထုန်ရာက ချက်ချင်း စာတစ်စောင် ပြန်ပို့လိုက်သည်။

"ငါ့မှာ ဝိညာဥ်စုစည်းတဲ့ အမွှေးတိုင် အများကြီး ရှိပါတယ်..မင်းတို့ အကူအညီလိုအပ်ရင် ငါကိုယ်တိုင် ပါဝင် ကူညီမှရမယ်.. ဘာလို့လည်းဆိုတော့ အဲဒါက အသုံးပြုနေကျ လူမှ ထိန်းချုပ်နိုင်တာလေ.. အခြားတစ်ယောက်ယောက် အသုံးပြုမယ်ဆိုရင် ဝိညာဥ်မစုစည်းနိုင်တဲ့ အပြင် ဝိညာဥ်တွေပါ ပျက်စီးသွားလိမ့်မယ်"

"ကောင်းပြီ.. ဒါဆို ညီနောင်ထုန်ရာက ဝိညာဉ်တွေကို စုဆောင်းဖို့ တာဝန်ယူပေါ့.. ဒါပေမယ့် သက်သေအ ထောက်အထားတွေ ခိုင်လုံတာနဲ့ တရားဥပဒေနဲ့အညီ တရားခံကို ဖမ်းဖို့ တစ်စုံတစ်ယောက်ကို လိုနေသေးတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဒီနေ့ ငါ့မှာ ကိစ္စတစ်ခု ရှိလို့ ညီနောင်ထုန်ရာနဲ့ အဖော်လိုက်နိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် တခြား တစ်ယောက်ယောက်က ညီနောင်ထုန်ရာနဲ့ အတူ သွားဖို့လိုတယ်.. အစားအသောက် ပို့တဲ့ ဝန်ထမ်းအဖြစ် ရုပ်ဖျက်ပြီး သွားနိုင်ရင် အကောင်းဆုံးပဲ.. ဒါမှ အလစ်အငိုက် ဖမ်းနိုင်လိမ့်မယ်"

ခဏအကြာတွင် ချိုက်လျန်က ပထမဆုံး စေတနာ့ ဝန်ထမ်း ဖြစ်လာခဲ့သည်။

"ငါသွားမယ်"

အင်မော်တယ်ထုန်ရာ "မင်းရာသီလာချိန် ပြီးပြီလို့လား"

ချိုက်လျန် "မပြီးသေးဘူး...နည်းနည်း နာကျင်နေတယ် ဆိုပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

လျှပ်စီးဓမ္မရာဂျာ"ဒါဆို ငါသွားလိုက်မယ်"

ချိုက်လျန် "ဓမ္မရာဂျာ ရှင်သွားရင် ပြဿနာရှိလိမ့်မယ်.. ရှင်က လျှပ်စီးစွမ်းအင်ကို သေချာ ထိန်းချုပ်နိုင်တာ မဟုတ်ဘူး.. ကုန်စုံဆိုင် တစ်ခုလုံး လောင်ကျွမ်းသွားမှာ သေချာတယ်.. ရှင့်ရဲ့အစွမ်းက ဖျော်ဖြေပွဲတစ်ခုမှာ ဆိုရင်တော့ ပြီးပြည့်စုံနေတဲ့ မီးရှူးမီးပန်းလို အသုံးဝင်လိမ့်မယ်.. ဒီကုန်စုံဆိုင်မှာ သုံးရင်တော့ အရမ်း ဆိုးဝါးတဲ့ ကိစ္စတွေပဲ ဖြစ်လာလိမ့်မယ်"

လျှပ်စီးဓမ္မရာဂျာ "..........."

ဤအခိုက်အတန့်တွင် ချက်ဂရုက ခေတ္တ တိတ်ဆိတ်သွားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ထပ်ပြောပြန်သည်။

"ဒါဆို လူတစ်ယောက်ကို ငါအကြံပေးမယ်"

စကားဆုံးသည်နှင့် သူက ဝမ်လင်းကို မန်းရှင်း ခေါ်လိုက်သည်။

"ညီနောင်လင်း.. မင်းရှိနေလား"

ထိုစာကြောင်းကို မြင်လျှင် ဝမ်လင်းက ပထမတော့ နှုတ်ဆိတ်သွား၏။

ပြီးနောက် သူက စာချန်ပြ သင်္ကေတဖြင့်(...) ပြန်ဖြေလိုက်သည်။

ဖန်သားပြင်ရှေ့မှ ဗုံးပစ်စီနီယာ အင်မော်တယ်က ကျေနပ်စွာ ပြုံးလိုက်သည်။

"ဟားဟား.. ငါသိပြီ.. ညီနောင်လင်း မင်းက ပုန်းနေတာကိုး"

ဝမ်လင်း "............"

All Chapters