← Chapters

အရမ်းချောတဲ့သူကဂေး

Vol. 13 Ch. 186

အရမ်းချောတဲ့သူကဂေး

Vol. 13 Ch. 186

ဗုံးပစ်စီနီယာ အင်မော်တယ်မှာ အဆုံးတွင် ဗုံးပစ်စီနီယာအင်မော်တယ် ဖြစ်သည်ဟုသာ ပြောနိုင်တော့သည်။

ဝမ်လင်း၏ ကျင့်ကြံမှု အသိုင်းအဝိုင်းရှိ ရင်းနှီးသော မိတ်ဆွေ အနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် ဝမ်လင်းတစ်ယောက် ချက်တင်ခန်း၏ နောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျှိုး ရှိနေသည်ကို သူက သိနေခဲ့သည်။

သေချာသည်မှာ ဗုံးပစ်စီနီယာ အင်မော်တယ်မှ လွဲ၍ ဤဖိုရမ်ထဲမှ လူအနည်းငယ်သာ သူ့ကို ယခင်က မြင်ဖူးကြသည်။

ဝမ်လင်း ဆယ်နှစ်သား အရွယ်တွင် ချိုက်လျန်က တစ်ကြိမ်ဆုံတွေ့ဖူးသော်လည်း ဤအဖွဲ့ထဲမှ လင်းကျန်းရန်မှာ သူမနှင့် ဆုံတွေ့ဖူးသည့် ကလေးမှန်း မသိခဲ့ပေ။

အသေအချာ စဥ်းစားပြီးနောက်တွင် ဝမ်လင်းက ဤကိစ္စတွင်ပါဝင်ရန် သဘောတူလိုက်သည်။

ဤအဖြစ်အပျက်နှင့် ပတ်သက်ပြီး ထူးဆန်းသည့် အရာတစ်ခုရှိနေကြောင်း သူခံစားခဲ့ရ၏။

သူ၏ ကောင်းကင်မျက်လုံးက သူ့အား ပြသထားသည့်ပုံမှာ သူ့ကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် နှစ်ပေါင်းခြောက်ရာကျော် ကျင့်ကြံမှု ပျက်စီးသွားသော အရိပ်အဖွဲ့ခေါင်းဆောင်မှာ ပြဿနာဖန်တီးဖို့ နေနေသာသာ သူ့ကိုယ်သူပင် မကယ်တင်နိုင်ဘဲ ကူကယ်ရာ မဲ့နေလောက်သည်။

ပျောက်ဆုံးနေသော အစားအသောက် ပို့ဆောင်ရေးသမားများသာ သူမနှင့် အမှန်တကယ် ဆက်စပ်နေလျှင် နောက်ကွယ်တွင် ပါဝင် ပတ်သက်နေသည့် အရာများကို အတိအကျ ပြောရန်မှာ အလွန်ခက်ခဲမည် ဖြစ်သည်။

.....................

ဇွန်လ ၁၁ ရက် စနေနေ့သည် စာသင်နှစ်၏ သတ္တမမြောက် အပတ် ဖြစ်သည်။

ဝမ်လင်း နှင့် အင်မော်တယ်ထုန်ရာ တို့က အခင်းဖြစ်ပွားသောသံသယနေရာ ဖြစ်သည့် ဇိမ်ခံတိုက်ခန်းနှင့် သိပ်မဝေးသော ပန်းခြံတစ်ခုတွင် တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်။

ဝမ်လင်း ပန်းခြံကို ရောက်လာသောအခါ ပန်းခြံခုံတန်းလျား တစ်ခုရှေ့၌ ခေတ်ဟောင်းဝတ်စုံကို ဝတ်ထားပြီး ဘူးသီးခြောက်အရက်ဘူးကို လွယ်ထားသော ရုပ်ရှည်ချောမောသည့် ပိန်ပါးပါး အမျိုးသား တစ်ဦးကို အဝေးမှ မြင်လိုက်ရသည်။

ဘူးသီးခြောက် အရက်ဘူးကို လွယ်ထားသည့် အင်မော်တယ်ထုန်ရာ၏ သွင်ပြင်မှာ တကယ်ကို ဆွဲဆောင်နိုင်စွမ်း အားကောင်းလွန်းနေသည်။

ပန်းခြံကို ဖြတ်သွားခဲ့သည့် မိန်းကလေး အနည်းငယ်မှာ အင်မော်တယ်ထုန်ရာ ဆီသို့ ချဥ်းကပ်လာကြသည်။

"ဟယ်လို ရှင်နဲ့ ဓာတ်ပုံရိုက်လို့ရမလား"

အင်မော်တယ်ထုန်ရာ နားသို့ ဝမ်လင်း မရောက်ခင် မိန်းကလေး တစ်ယောက်က အင်မော်တယ်ထုန်ရာကို ခွင့်တောင်းလိုက်သည်။

အင်မော်တယ်ထုန်ရာက သူ့ရှေ့မှကောင်မလေးကို သုံးစက္ကန့်လောက် တိတ်တဆိတ် စိုက်ကြည့်ပြီးမှ ခေါင်းညိတ်၍ ခွင့်ပြုလိုက်သည်။

ခွင့်ပြုချက်ရပြီး နောက်တွင် ကောင်မလေးက ဝမ်းသာပီတိဖြစ်ကာ လက်နှစ်ချောင်း ထောင်သည့် ပို့စ်ကို ပေးရင်း သူနှင့်အတူ ဆယ်လ်ဖီများစွာ ရိုက်ခဲ့သည်။

အနီးနားရှိ အခြားမိန်းကလေး အားလုံးမှာ ထိုမိန်းကလေးကို မနာလိုသည့် အမူအရာများဖြင့် ကြည့်နေကြသည်။

ကောင်မလေးက သူမ ဖုန်းထဲက ပုံတွေကို ဂရုတစိုက် ပြန်ကြည့်လိုက်သည်။

သူမ ပိုကြည့်လေလေ ထိုလူက ပိုချောလာလေလေပင်။

အကယ်၍ သူမသာ သူမ၏ WeChat တွင် ဤဓာတ်ပုံများကို တင်ခဲ့မည် ဆိုလျှင် သူမ၏ ပတ်ဝန်းကျင်ရှိ ညီအစ်မများကို အချိန်အတော်ကြာအောင် မနာလို ဖြစ်စေမည်မှာ သေချာသည်။

ဓာတ်ပုံရိုက်ပြီးနောက်တွင် အင်မော်တယ် ထုန်ရာက လူငယ်တစ်ဦး ချဉ်းကပ်လာသည်ကို အဝေးက မြင်ခဲ့ရသည်။

ထိုလူငယ်က အဖြူရောင် ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထား၏။

အင်မော်တယ်ထုန်ရာက ဗုံးပစ်စီနီယာ အင်မော်တယ် ပေးခဲ့တဲ့ ပုံကို ချက်ချင်း ထုတ်လိုက်ပြီး သေသေချာချာ နှိုင်းယှဉ်ကြည့်လိုက်သည်။

ဆံပင်အနက်၊ အရာရာကို ထွင်းဖောက်မြင်နိုင်သည့် မျက်လုံး နဲ့ အေးစက်စက်မျက်နှာ..

ဤသည်မှာ လင်းကျန်းရန်မှန်း သံသယကင်းစေသည့် ဝိသေသများ ဖြစ်သည်။

အခြားမိန်းကလေးများက အားကျမခံ ဓာတ်ပုံရိုက်ရန် အင်မော်တယ်ထုန်ရာ ထံသို့ တိုက်ရိုက် လျှောက်လှမ်းလာစဉ် အင်မော်တယ် ထုန်ရာ တစ်ယောက် ရုတ်ခြည်း ပျာယာခတ် သွားသည်ကို တွေ့လိုက်ရသည်။

မိန်းကလေးအားလုံးက ချက်ချင်းပင် အံ့အားသင့်သွားကြသည်။

"အံ့သြပါ့ဟယ်.. ဒီနေ့ ပန်းခြံမှာ စောစောစီးစီး ချောမောလွန်းတဲ့ ယောက်ျားလေး နှစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတာပဲ.. ဒါက ဘယ်လိုအခြေအနေကြီးလဲ"

ဝမ်လင်းတို့နှစ်ယောက် တစ်ယောက်နှင့် တစ်ယောက် စကားတွေ ပြောဆိုပြီးနောက် ပုခုံးချင်းဆိုင်၍ ထွက်သွားကြသည်ကိုမြင်လျှင် အစောပိုင်းက ဓာတ်ပုံများစွာ ရိုက်ခဲ့သော ကောင်မလေးမှာ အင်မော်တယ် ထုန်ရာ နှင့် ရိုက်ထားသော ဓာတ်ပုံများကို နှမြောသလို စိုက်ကြည့်နေသည်။

ဝမ်လင်း နှင့် အင်မော်တယ် ထုန်ရာတို့ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမက နှလုံးသား၏ နာကျင်ကိုက်ခဲမှုဒဏ်ကို မခုခံနိုင်တော့ဘဲ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"သူက အရမ်းချောတယ်.. အရမ်းချောတဲ့သူတွေက ဂေးဖြစ်နေတာလား"

....................

ဒဏ္ဍာရီလာ လင်းကျန်ရန်ကို နောက်ဆုံးတွင် လူချင်းတွေ့ရပြီးနောက် အင်မော်တယ် ထုန်ရာက တွေးမိခဲ့သည်။

တကယ်တမ်းတွင် ဤတစ်ကြိမ်က ဝမ်လင်းနှင့် တွေ့ဆုံတာ ဒုတိယ အကြိမ် ဖြစ်နိုင်သည်။

လွန်ခဲ့သည့် နှစ်များစွာက ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ တာဝန်တစ်ခု ထမ်းဆောင်နေချိန်တွင် အဝေးကနေ လင်းကျန်ရန်ကို သူမြင်ခဲ့ရသည်။

အမှန်တကယ်တွင် ထိုအချိန်က သူမြင်ခဲ့ရသည်မှာ ဝမ်လင်း၏ ကိုယ်ပွားသာ ဖြစ်သည်။

ထိုအချိန်ကတည်းကပင် လင်းကျန်ရန်က သဘာဝ အတိုင်း ငယ်ရွယ်သော လူငယ် မဟုတ်ကြောင်း သူခံစားခဲ့ရ၏။

ယခုလို အနီးကပ် မြင်နေရချိန်တွင် သူက ထိုအယူအဆကို ပို၍ပင် ယုံကြည်လာခဲ့သည်။

ကျင့်ကြံသူများက ဆေးဖက်ဝင် ရေချိုးခြင်း သို့မဟုတ် ငယ်ရွယ်နုပျိုမှုကို ထိန်းထားနိုင်သော ဆေးဝါးများ သောက်သုံးခြင်းဖြင့် ၎င်းတို့၏ရုပ်သွင်ကို ထိန်းသိမ်းရန် မည်မျှပင် ကြိုးစားပါစေ.. ၎င်းတို့၏ နုပျိုမှုမှာ အသက်အရွယ် ရလာသည်နှင့်အမျှ တဖြည်းဖြည်း ကွယ်ပျောက်သွားလိမ့်မည်သာ ဖြစ်သည်။

တစ်ဖက်တွင်မူ လင်းကျန်းရန်မှာ နိုပျိုမှုကို မယုံနိုင်လောက်အောင် ထိန်းသိမ်းထားနိုင်ဆဲပင်။

ယင်းသို့ နုပျိုအောင် ဤကမ္ဘာမြေကြီးပေါ်တွင် သူဘာတွေများ လုပ်ခဲ့ပါသနည်း။

အင်မော်တယ် ထုန်ရာက မေးစေ့ကို ပွတ်သပ်ကာ ဝမ်လင်းကို အလွန်အမင်း စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

မြို့လယ်ခေါင်ရှိ ဤဇိမ်ခံတိုက်ခန်းမှာ တစ်စတုရန်းမီတာလျှင် ယွမ်နှစ်သောင်း ကုန်ကျသည်။

သပ်ရပ်လှပသော တိုက်ခန်းတစ်ခု အနေဖြင့် တိုက်ခန်း၏ လုံခြုံရေးက အလွန်တင်းကျပ်ပြီး ပြင်ပလူများကို ဝင်ခွင့်မပြုပေ။

အင်မော်တယ်ထုန်ရာ၏ ကျောပေါ်ရှိ ဘူးသီခြောက် အရက်ဘူးက အနည်းငယ် မျက်စိကျဖွယ် ကောင်းသောကြောင့် ပင်မဝင်ပေါက်သို့ ရောက်သည်နှင့် လုံခြုံရေးအစောင့်က တားဆီးလိုက်သည်။

လုံခြုံရေးအစောင့်က သူတို့ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ဆရာ.. ဘယ်သူ့ကိုရှာနေတာလဲ"

"ငါတို့ တယောက်ယောက်ကို ရှာနေတာပါ"

အင်မော်တယ် ထုန်ရာက အမှန်အတိုင်း ဒဲ့တိုး ပြန်ဖြေလိုက်သည်။

လုံခြုံရေးအစောင့်က ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ဆရာ.. တစ်ယောက်ယောက်ကို ရှာမယ်ဆိုရင် ပိုင်ရှင်ကိုယ်တိုင် ကျနော် တို့ကို ဖုန်းဆက် အကြောင်းကြားပြီးမှ ဝင်လို့ရမှာပါ"

"ဒါဆို ပိုင်ရှင် ဆိုရင်တော့ တိုက်ရိုက် ဝင်လို့ရတယ်ပေါ့.. ဟုတ်လား"

အင်မော်တယ်ထုန်ရာက မေးလိုက်သည်။

"ဟုတ်ပါတယ်"

လုံခြုံရေးအစောင့်က ခေါင်းညိတ်လိုက်သည်။

"အိုး.. "

အင်မော်တယ်ထုန်ရာက သူ့ဖုန်းကို ထုတ်လိုက်ပြီး သူ၏ ခပ်သွယ်သွယ် လက်ချောင်းများဖြင့် စခရင်ပေါ်ကို အကြိမ်ပေါင်းများစွာ နှိပ်လိုက်သည်။

သုံးမိနစ်ခန့် အကြာတွင် လုံခြုံရေးအစောင့်ကို ဖုန်းထဲမှအချက်အလက် တချို့ကို ပြလိုက်၏။

၎င်းမှာ အွန်လိုင်းမှ ဝယ်ယူမှုစာရင်း ဖြစ်သည်။

ဤသုံးမိနစ်အတွင်း အင်မော်တယ်ထုန်ရာက တိုက်ခန်းတစ်ခုကို ယွမ်သန်းသုံးဆယ်နဲ့ တိုက်ရိုက် ဝယ်ယူခဲ့သည်။

ဝမ်လင်း ".........."

.........................

လူနှစ်ဦးက တိုက်ခန်း၏ ပင်မဝင်ပေါက်ကို ဖြတ်၍ မြေအောက်ခန်းသို့ ဆင်းသွားခဲ့သည်။

"ချက်ချင်း လုပ်ထားတဲ့ အမွှေးတိုင်တွေက အာနိသင်အကောင်းဆုံးပဲ.. ဒါကြောင့် လိုအပ်တဲ့ ပစ္စည်းတွေအကုန်ယူလာခဲ့တယ်.. အမွှေးတိုင်လုပ်ဖို့ ငါးမိနစ်လောက်တော့ အချိန်ယူရလိမ့်မယ်.. အစားအသောက်ပို့တဲ့ သူတွေသာ တကယ် အသတ်ခံရရင် သူတို့ရဲ့ ဝိညာဉ်တွေကစုဝေးလာမှာပဲ.. အဲဒီအခါကျရင် သူတို့ရဲ့ဝိညာဥ်တွေ မပြန့်ကွဲရအောင် ဘူးသီးခြောက် အရက်ဘူးထဲ သိမ်းထားလိုက်မယ်"

အင်မော်တယ်ထုန်ရာက သူ့အစီအစဥ်ကို ရှင်းပြလိုက်သည်။

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏အကြည့်က နံရံများစွာကို ဖြတ်သန်းကာ သံသယဖြစ်ဖွယ် ရှိနေသော စွန့်ပစ် ကုန်စုံဆိုင်ကို အဝေးကနေ လှမ်းကြည့်လိုက်သည်။

ဆိုင်ထဲတွင် ကျွမ်းကျင်သူ တစ်စုံတစ်ယောက် ရှိနေမှန်း ဝမ်လင်းအနေဖြင့် သေချာသွားခဲ့သည်။

စျေးဆိုင်အပြင်ဘက်တွင် အကာအကွယ် အတားအဆီး တစ်ခုကို စီရင်ထားကြောင်း သိထားရမည် ဖြစ်သည်။

၎င်းအကာအရံက သာမန်ဝိညာဉ်ရေး အာရုံများဖြင့် ထိုးဖောက် ဝင်ရောက်နိုင်သည့် အရာမဟုတ်ပေ။

ဟုတ်ပါသည်.. သူက ထိုအကာအရံကို အတင်းအကြပ် ထိုးဖောက် ဝင်ရောက်နိုင်သော်လည်း တစ်ဖက်မှလူအား အမှတ်မထင် သတိပေးမိသွားမည်ကို စိုးရိမ်ခဲ့သည်။

နှစ်ပေါင်း ၆၀၀ ကျင့်ကြံမှုကို ဆုံးရှုံးထားသော အရိပ်အဖွဲ့ခေါင်းဆောင်က ဤကဲ့သို့ ခိုင်ခံ့သော အတားအဆီး တစ်ခုကို ခင်းကျင်းရန် မဖြစ်နိုင်ပေ။

"အဖွဲ့ထဲက လူတွေပြောတာမှန်တယ်.. ဒါက တကယ်ပဲ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး"

အင်မော်တယ် ထုန်ရာက စွန့်ပစ်ကုန်စုံဆိုင်ကို ငေးကြည့်ရင်းရေရွတ်လိုက်သည်။

အဂ္ဂိရတ်ပညာရှင် တစ်ယောက်၏ အာရုံငါးပါးက သာမန်လူတစ်ယောက်ထက် ပိုမို ထူးကဲသည်။

သူက ဆေးဝါးများနှင့် အဆက်မပြတ် ထိတွေ့နေရသူ ဖြစ်သောကြောင့် ကုန်စုံဆိုင်ထဲကနေ ထွက်လာသည့် ညစ်ညမ်းသော အငွေ့အသက်ကို အာရုံခံစားနိုင်ခဲ့သည်။

"စီနီယာ.. ဒီအဝတ်အစားတွေ အရင်ဝတ်လိုက်ပါဦး"

အင်မော်တယ်ထုန်ရာက အမြန်လေယာဉ်ဖြင့် ချိုက်လျန် ဝယ်ခဲ့သည့် ပို့ဆောင်ရေး ဝတ်စုံကို ထုတ်ယူလိုက်သည်။

ဝတ်စုံကို ချုပ်လုပ်ထားမှုက အနည်းငယ် အကြမ်းဖျဉ်း ဖြစ်သော်လည်း တစ်ခုလုံး ခြုံကြည့်လျှင် အရည်အသွေး မဆိုးပေ။

အထူးသဖြင့် အစားအသောက် ပို့ဆောင်ရေး ယူနီဖောင်း၏ နောက်ကျောရှိ ကြီးမားသော "Mi" အမှတ်တံဆိပ်သည် ဝမ်လင်းကို အမှတ် ၆၀ အထက်တန်းကျောင်း၏ ယူနီဖောင်းအား ချက်ချင်း သတိရစေခဲ့သည်။

ဤယူနီဖောင်း နှစ်ခုမှာ လူတစ်ယောက်ထဲက ဒီဇိုင်း ထုတ်ထားခြင်း ဖြစ်နိုင်သည်ဟု သူထင်သည်။

ပို့ဆောင်ရေး ယူနီဖောင်းကို ပြောင်းဝတ်ပြီး နောက်တွင် အင်မော်တယ်ထုန်ရာက ဝမ်လင်းကို ကြည့်ကာ တစ်ခုခု လိုနေသလို ခံစားမိခဲ့သည်။

"စီနီယာ.. အစားအစာရော ပါရဲ့လား"

အစားအသောက် ပို့ဆောင်ရေး သမားက အစားအသောက် မပါလာလျှင် သံသယဝင်စရာ ကောင်းနေလိမ့်မည် မဟုတ်လော။

ယင်းအချိန်မှာပင် ဝမ်လင်၏ ညာလက်မှ ဝိညာဉ်အလင်းတန်းတစ်ခု တောက်ပလာပြီး ပလတ်စတစ်အိတ် တစ်ခုက ချက်ချင်းပင် ထွက်ပေါ်လာသည်။

ထိုပလတ်စတစ်အိတ် ထဲတွင် မျက်ရည်ယိုစေသော ဖက်ထုပ်ပြုတ်အရသာ အဆာပြေ ခေါက်ဆွဲအကြွပ်ကြော်များ ပါ၀င်၏။

"................"

ပလပ်စတစ်ဖြင့် ရိုးရိုးထုပ်ပိုးထားသည့် ခေါက်ဆွဲအကြွပ်ကြော်တွေကို ကြည့်ကာ အင်မော်တယ်ထုန်ရာက အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည်။

All Chapters