အစားအစာမှာယူနေတဲ့ တကယ့်ဘော့စ်က ဘယ်သူလဲ
Vol. 13 Ch. 188
ဝမ်လင်းက မိစ္ဆာအင်ပါယာ ကွာဖီနှင့် မတိုက်ခိုက်မီတွင် အဖြူရောင် ၀တ်ဆင်ဝတ် ကျင့်ကြံသူတစ် တစ်ဦးက ဇိမ်ခံတိုက်ခန်း ရှေ့တွင် ပေါ်လာသည်။
ထိုသူမှာ တတိယသူတော်စင် ဖြစ်၏။
တတိယ သူတော်စင်က ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဝမ်ရှန်းဥယျာဥ် အိမ်ရာတွင် လူသတ်ဆရာနှင့် အနီးကပ် တွေ့ဆုံခွင့် ရပြီးနောက် လူသတ်ဆရာနှင့် ပတ်သက်သည့် အချက်အလက် များစွာကို ရှာဖွေနေခဲ့သည်။
လုပ်ကြံရေး နယ်ပယ်တွင် အရက်စက်ဆုံး လူသတ်သမားဟု နာမည်ရထားသော လူသတ်ဆရာမှာ တကယ်တမ်းတွင် ဖြောင့်မတ်ခြင်းတရားကို လက်ကိုင်ထားသောသူ ဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။
သူ့လက်ချက်ဖြင့် ရက်စက်စွာ သေဆုံးသွားသူတိုင်းမှာ ရက်စက်ကြမ်းကြုတ်သော သူများသာဖြစ်ကြသည်။
ပိုပြီး ဆိုးသွမ်းရက်စက်လေလေ လူသတ်ဆရာ၏ အဖမ်းကိုခံရပြီးနောက် ၎င်းတို့၏ သေဆုံးမှုမှာ ပို၍ ရက်စက်စွာ သေရလေ ဖြစ်၏။
တတိယသူတော်စင်က လုပ်ကြံရေး နယ်ပယ်တွင် နှစ်ပေါင်းများစွာ ဤစီနီယာကြီးကို အတုယူခဲ့ရသည်။
သူ့အိုင်ဒေါလ်က တကယ်ပဲ အစွမ်းထက်လွန်း၏။
ထို့ကြောင့် မော့အင်မော်တယ် ရဲတိုက်မှ တရားဝင် ထွက်လာပြီးနောက် သူကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်ပေးဆပ်ရန် နည်းလမ်း အဖြစ် သူ့အိုင်ဒေါလ်လို တရားမျှတမှုကို ထိန်းသိမ်းနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေခဲ့သည်။
တတိယသူတော်စင်က သူ၏ ဖုန်းပေါ်ရှိ တည်နေရာကို ကြည့်ပြီးနောက် ကျင့်ဟွာ မြို့ရှိ ဇိမ်ခံတိုက်ခန်း တစ်ခု၏ ဝင်ပေါက်တွင် ရပ်နေခဲ့သည်။
သူက တီဗွီမှ သတင်းကို အခြေခံ၍ ပို့ဆောင်သူ ပျောက်ဆုံးသွားသည့် နေရာကို စုံစမ်းခဲ့ပြီး ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်၏။
သူ့ဖုန်းတွင် ပေးထားသည့် တည်နေရာ ကိုသြဒိနိတ်နှင့် အနီးစပ်ဆုံး တည်နေရာမှာ ဤတိုက်ခန်း အဆောက်အဦး၏ မြေအောက်ထပ် စျေးဆိုင်ခန်း နေရာ ဖြစ်သည်။
အဆောက်အဦးထဲ ဝင်ခါနီးတွင် တတိယသူတော်စင်ကို လုံခြုံရေး အစောင့်တစ်ယောက်က ဟန့်တားလိုက်သည်။
"ဆရာ.. တစ်ယောက်ယောက်ကို ရှာဖို့ ဆိုရင် ပိုင်ရှင်ဆီက ခွင့်ပြုချက်ပေးတဲ့ဖုန်း လုံခြုံရေး ရုံးခန်းဆီ ဝင်လာမှရမယ်"
တတိယ သူတော်စင်က ခေါင်းကုတ်လိုက်သည်။
"ဒါဆို ပိုင်ရှင်ခွင့်ပြုရင် တိုက်ရိုက် ဝင်လို့ရတယ်ပေါ့"
"ဟုတ်ပါတယ်"
လုံခြုံရေးအစောင့်က ခေါင်းညိတ်လိုက်သည်။
အစောင့်က ထိုလူ၏ မှတ်ချက်ကို တစ်နည်းနည်းဖြင့် ရင်းနှီးသလို ခံစားလိုက်ရပြီး ထိုလူကို စိုက်ကြည့်နေလိုက်သည်။
တတိယသူတော်စင်က ခေါင်းညိတ်ပြပြီးနောက် ဖုန်း စခရင်ပေါ်တွင် အကြိမ်အနည်းငယ် နှိပ်လိုက်သည်။
ထို့နောက် သူ့ဖုန်းမှ အချက်အလက်ကို လုံခြုံရေးအား ပြလိုက်သည်။
"အခုဝင်လို့ရပြီလား"
"............."
လုံခြုံရေး အစောင့်က လုံးဝ တုန်လှုပ်သွားသည်။
အဘယ်ကြောင့်ဆိုသော် အဖြူရောင်ဝတ်ထားသော ကျင့်ကြံသူက အဆောက်အဦး တစ်ခုလုံးကို မထင်မှတ်ပဲ ဝယ်ယူသွားသောကြောင့် ဖြစ်သည်။
လုံခြုံရေး အစောင့်က လုံးဝကို အံ့အားသင့်သွား၏။
ခေတ်သစ် သူဌေးလက်သစ်များက ယခုလို ကြွယ်ပြနိုင်သည်အထိ ကျိကျိတက် ချမ်းသာနေပါသလော။
သူကမူ လူ့အဖွဲ့အစည်း၏ အောက်ဆုံး အစွန်အဖျားတွင် ရုန်းကန်နေရပြီး လူအများကို နေ့စဥ် ခစားနေရသည်။
ရည်းစားရှာရန် အချိန်ပင် မရှိခဲ့ချေ။
အဖြူရောင်ဝတ် ကျင့်ကြံသူ၏ အသွင်အပြင်ကို စိုက်ကြည့်ရင်း လုံခြုံရေး အစောင့်က အလွန်ဝမ်းနည်း ပူဆွေးသွားခဲ့သည်။
သူက သူ့ကိုယ်သူ စိတ်ပျက်လက်ပျက် ဖြစ်ကာ လက်သီးများကို ဆုပ်ထားခဲ့သည်။
.......................
အင်မော်တယ်ထုန်ရာက ကုန်စုံဆိုင်နှင့် မဝေးလှသည့် မထင်မရှား ထောင့်လေးတွင် ဝပ်နေသည်။
သူက သူယူလာသည့် ပစ္စည်းတွေကို အမှုန့်ဖြစ်အောင် ကြိတ်ချေလိုက်ပြီး ဖောက်ထွင်းမြင်ရသည့် ဖန်အိုး ထဲတွင် အချိုးညီညီ ရောစပ်လိုက်သည်။
"ခဲလိုက်စမ်း"
သူက တိုးတိုးလေးအော်ရင်း သူ့လက်ထဲမှ ဝိညာဉ်စွမ်းအင်အလုံးကို ထုတ်ကာ ဖန်အိုးထဲထည့်လိုက်ရာ ဖန်အိုးထဲရှိ အမှုန့်များသည် စေးကပ်သော အရာတစ်ခုအဖြစ်သို့ သိသိသာသာ ပြောင်းလဲသွားသည်။
ဤနည်းအားဖြင့် အမွှေးတိုင်လုပ်ခြင်း လုပ်ငန်းစဥ် ပြီးဆုံးသွားခဲ့သည်။
အင်မော်တယ်ထုန်ရာက ဖန်အိုးကို သူ၏ ညာလက်တွင် ကိုင်ထား၏။
ထို့နောက် သူက ဘယ်ဘက် လက်မှ မီးတောက်များကို ထုတ်ဖော်ကာ အမွှေးတိုင်ကို မီးညှိလိုက်သည်။
ထိုကိစ္စကို လုပ်ဆောင်ပြီးသည်နှင့် သူက သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။
"အမွှေးတိုင်လည်း ထွန်းပြီးပြီ.. အခုငါ့ရဲ့အလုပ်က ဝိညာဥ်တွေကို စောင့်ဆိုင်းဖို့ပဲ.. အင်း.. စီနီယာလင်း ဘယ်လို အခြေအနေ ရှိလည်း သိချင်လိုက်တာ"
မိးခိုးရောင် ဆံပင်နှင့် လူငယ်လေးက သူ၏ လှပသော မျက်လုံးများဖြင့် ဝမ်လင်း လျှောက်သွားသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။
ထိုနေရာတွင် လှုပ်ရှားမှု မရှိသေးသဖြင့် တိုက်ပွဲ မစသေးသည်မှာ ထင်ရှား၏။
ဝိညာဉ်စုစည်းသည့် အမွှေးတိုင် ထွန်းညှိပြီးနောက် စက္ကန့်အနည်းငယ်မျှ အကြာတွင် တုံ့ပြန်မှုများ ရှိလာသည်။
အင်မော်တယ်ထုန်ရာက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ရာ အစိမ်းရောင် တောက်ပနေသည့် ဝိညာဥ်များက အမွှေးတိုင်ရနံ့ နောက်သို့ စုဝေး၍ လိုက်ပါလာသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
အင်မော်တယ်ထုန်ရာက သူ့နောက်ကျောမှ ဘူးသီးခြောက်ကို ဖွင့်လိုက်သည်။
"ညီလေးတို့.. ဘာမှ စိတ်မပူနဲ့.. မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေက ခန္ဓာကိုယ်ကို စွန့်ပြီးသား ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မင်းတို့ ငါ့ဘူးသီးခြောက် ထဲကို ဝင်နေသရွေ့တော့ မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေ မပျက်စီးစေရဘူးလို့ ငါအာမခံတယ်.. နောက်ကျရင် မင်းတို့ကို ခန္ဓာကိုယ် ရှာပြီး ပြန်သွင်းပေးမယ်"
သူက ထိုသို့ပြောခဲ့သော်လည်း တကယ်တမ်းတွင် အရမ်းယုံကြည်မှု မရှိခဲ့ပေ။
ဝိညာဉ်ကို ခန္ဓာကိုယ်သို့ ပြန်ပို့ရန်မှာ လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်း ထိုကိစ္စကို အကောင်အထည် ဖော်ရန်မှာ မလွယ်ကူချေ။
ဝိညာဉ်တစ်ခုစီတွင် ခန္ဓာကိုယ်တစ်ခုနှင့် တစ်ခု လိုက်ဖက်ညီသော အဆင့်တစ်ခုစီ ရှိသည်။
သိပ္ပံနည်းကျ ရှုထောင့်မှ ကြည့်လျှင် ယင်းမှာ ရိုးတွင်းခြင်ဆီ ကိုက်ညီမှုတစ်ခုကို ရှာဖွေရသလိုပင်။
လိုက်ဖက်ညီမှု လုံလောက်စွာ မမြင့်မားလျှင် ပေါင်းစည်းပြီးသိပ်မကြာခင် ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်ပေသည်။
ဤကိစ္စက မည်သည့် ခန္ဓာကိုယ်မဆို ဝိညာဥ်ကူးပြောင်းခြင်း လုပ်ဆောင်နိုင်မည်ဟု ဒဏ္ဍာရီထဲတွင် ဆိုထားသလောက် မရိုးရှင်းပေ။
"အင်မော်တယ် မြင့်မြတ်သူ ငါတို့ကို မြင်ရလား"
အနီးနားရှိ ဝိညာဥိ ဆယ်ကောင်က ချက်ချင်းပင် လွင့်ပျံလာသည်။
၎င်းတို့က ကောင်းကင်မျက်လုံးကို ဖွင့်ထားသည့် အင်မော်တယ်ထုန်ရာကို မြင်သောအခါတွင် လွတ်လပ်ခွင့် ရသကဲ့သို့ အားကိုးတကြီး ပြုမူခဲ့ကြသည်။
ဝိညာဥ်များကိုကြည့်ရင်း အင်မော်တယ်ထုန်ရာက မေးလိုက်သည်။
"မင်းတို့က မကြာသေးခင်က အသတ်ခံခဲ့ရတဲ့ ပို့ဆောင်ရေးသမားတွေလား"
"ဟုတ်ပါတယ်.. အင်မော်တယ် မြင့်မြတ်သူ.. ဒီဆိုင်ထဲက နတ်ဆိုးက အရမ်းမြန်လွန်တယ်.. တံခါးဖွင့်လိုက်တာနဲ့ ငါတို့ရဲ့ခန္ဓာကိုယ် အသိမ်းခံလိုက်ရတာပဲ.. သူ့ရဲ့လှုပ်ရှားမှုက အရမ်းမြန်လွန်းလို့ သူဘယ်သူလဲ ဆိုတာတောင် မသိခဲ့ရဘူး
ဝိညာဥ်တစ်ကောင်က အရှေ့မြောက် လေယူလေသိမ်းဖြင့် ပြောလိုက်သည်။
အင်မော်တယ်ထုန်ရာ "မင်းတို့ထဲမှာ ဘာလို့ ဝိညာဥ် နည်းနည်းလေးပဲ ရှိနေတာလဲ.. ပြင်ပက သတင်းတွေအရ ဆိုရင် စုစုပေါင်း ပျောက်ဆုံးနေတဲ့ အရေအတွက်က ၃၂ ယောက်လေ"
"အင်မော်တယ် မြင့်မြတ်သူ.. မင်းမသိဘူး.. ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ညီအစ်ကို အတော်များများက လေထဲလွင့်မျောနေရင်း အလင်းရောင်နဲ့ တိုက်ရိုက် ထိတွေ့သွားတာကြောင့် လောင်ကျွမ်းသွားခဲ့တယ်.. ဒီရက်ပိုင်း မြေအောက်ခန်းထဲမှာ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် သိလာရတယ်.. ငါတို့ အချင်းချင်း မှတ်မိဖို့ ပိုလွယ်အောင် ငါတို့ ပို့ဆောင်တဲ့ စားစရာ နာမည်နဲ့ အချင်းချင်း ခေါ်ပြောခဲ့ကြတယ်"
အင်မော်တယ်ထုန်ရာ "............."
"အင်မော်တယ် မြင့်မြတ်သူရဲ့ ဘူးသီးခြာက်က ကျွန်ုပ်တို့ ဝိညာဉ်တွေကို မပျက်စီးအောင် အမှန်တကယ် ထိန်းသိမ်းနိုင်မှာလား"
တစ္ဆေတစ်ကောင်က မေးလိုက်သည်။
"ကျွန်တော်က ပါဝါကြက်သားကပါ.. ကြက်သား လာပို့ရင်းအသတ်ခံရတာပါ.. အခုခေတ်မှာ ကြက်သား စားဖို့တောင် မတတ်နိုင်တဲ့သူတွေ ရှိနေတုန်းပဲလေ.. အထဲက နတ်ဆိုးက ဘယ်လိုလူစားမျိုးလဲ ငါအရမ်း သိချင်မိတယ်"
".............."
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။
"ဒီဘူးသီးခြောက်က ငါသန့်စင်ထားတဲ့ မှော်လက်နက် တစ်ခုပါ.. အထဲမှာ ကမ္ဘာငယ်လေးတစ်ခု ပါ၀င်ပြီး လူတိုင်း အဲဒီထဲမှာ အချိန်အတော်ကြာ နေနိုင်ပါတယ်.. မင်းတို့ကို ခန္ဓာကိုယ် ပြန်လည် ရရှိအောင် စွမ်းသမျှ ကြိုးစားပေးမှာပါ"
"အင်မော်တယ် မြင့်မြတ်သူက ဒီလို ပြောတဲ့အတွက် ပြဿနာ မရှိဘူးဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်"
အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်သည်။
"ဒါဆို လူတိုင်းက ငါ့ဘူးသီးခြောက်ထဲ မဝင်ခင် ငါ့ကို အရင်ဆုံး စာရင်းပေးခဲ့ပါဦး"
ဝိညာဥ် "ငါမေးစရာရှိတယ်.. အင်မော်တယ်မြင့်မြတ်သူ"
အင်မော်တယ်ထုန်ရာ "ပြောပါ"
ဝိညာဥ် "တကယ်တော့ ယန် ရဲ့ အိုးနှပ်ကြက်ထမင်းဆိုင်က ညီအစ်ကိုတစ်ယောက် အခုထိ ကုန်စုံဆိုင်မှာ ကျန်နေသေးတယ်.. နတ်ဆိုးက သူ့ကို ကုန်စုံဆိုင်မှာ အကျဉ်းချထားတာ ဖြစ်ကောင်း ဖြစ်မယ်ထင်တယ်.. အင်မော်တယ် မြင့်မြတ်သူ မင်း သူ့ကို ကယ်တင်နိုင်ရင် ငါတို့ ထာဝရ ကျေးဇူးတင်နေမှာပါ"
"မင်းတို့အားလုံး ဒီလိုမျိုး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေမယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။
"စိတ်ချပါ.. ကုန်စုံဆိုင် တံခါးဝမှာ ရပ်နေတဲ့သူက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အထူး တောင်းဆိုထားတဲ့ ကျင့်ကြံခြင်း လောကထဲက ငါတို့ရဲ့ စီနီယာကြီးပဲ"
"ကျေးဇူးတင်ပါတယ်.. အင်မော်တယ်မြင့်မြတ်သူ.."
ဝိညာဥ်က သူ့ကို ကျေးဇူးတင်စကား ပြောပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ် ဝိညာဥ်သုံးကောင်က ချက်ချင်းပဲ ထိုဝိညာဥ်အနားသို့ ရောက်ရှိလာသည်။
ထို့နောက်တွင်ဝိညာဥ်လေးကောင်က ပုခုံးချင်း ရင်ဘောင်တန်းကာ တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်လိုက်ကြသည်။
"ဟယ်လို အင်မော်တယ်မြင်မြတ်သူ.. ကျနော်က လန်ကျိုး လက်လုပ် ခေါက်ဆွဲဆိုင်ကပါ"
"ကျနော်က ရှရှန်းအရသာများ ဆိုင်ကပါ"
"ကျွန်တော်က ကွေးလင် ဆန်ခေါက်ဆွဲဆိုင်ကပါ"
"အင်မော်တယ်မြင့်မြတ်သူ.. မင်းရဲ့ကမ္ဘာငယ်လေးမှာ သမ္မတ အသုံးအဆောင် အစုံ ရှိလား.. ငါတို့စားဖို့ ချုံးချင်း ကြက်အိုးနှပ် နည်းနည်းလောက် မှာပေးပါလား.."
အင်မော်တယ်ထုန်ရာ "........."
"ပျော်ပွဲစားထွက်နေတယ်မှတ်နေလား"