အချောင်ကြားဝင်ခံသူ
Vol. 13 Ch. 190
မြင်ကွင်းက အချိန်အတော်ကြာ တုန်လှုပ်ချောက်ခြား သွားစေခဲ့သည်။
ကွာဖီက ရှေးဟောင်းမှော်ဓား လွတ်ကျသွားပြီး ကိုးကွယ်ယုံကြည်သူကဲ့သို့ ဝမ်လင်း၏ ခြေရင်း၌ လဲကျသွားသည်။
မှော်ဓား၏ ဓားသွား တစ်ဝိုက်တွင်မူ ရစ်သိုင်းနေသည့် ဝိညာဉ်စွမ်းအင် လက်ကျန်များက ရှိနေဆဲပင်။
ဤအနက်ရောင်ဓားက မြေပြင်ကို ထိမိသည်နှင့် ဝိညာဥ်စွမ်းအင်များက ဓားကိုဗဟိုပြုကာ လမ်းကြောင်း အရပ်ရပ်ကို ပျံ့နှံ့သွားသည်။
မြေကြီးထဲကနေ အက်ကွဲရာများ ချက်ချင်း ပေါ်ထွက်လာသည်။
ဝမ်လင်းက မှော်ဓားကို သူ၏ စူးရှထက်မြက်သော မျက်လုံးများဖြင့်စိုက်ကြည့်လိုက်ပြီး ရှေ့သို့ တက်လှမ်းကာ ဓါးကို ကောက်ယူလိုက်သည်။
ဝမ်လင်းက မှော်ဓားကို လက်ထဲတွင် ကိုင်ထားသောအခါ ၎င်းထံမှ ချီများကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
မြေပြင်ပေါ်တွင် မှောက်လျက် လဲကျနေသော ကွာဖီက ခေါင်းကိုမော့ပြီး အေးစက်စက် ရယ်မောလိုက်သည်။
"မင်းမှာ သူတော်စင် ခန္ဓာကိုယ် ရှိလည်း ဘာအရေးလဲ.. ငါ့ရဲ့ ရှေးခေတ် မှော်ဓားက သူတော်စင် ခန္ဓာကိုယ်တွေကို ဖျက်ဆီးဖို့ အထူး ဒီဇိုင်းထုတ်ထားတာပဲ.. အခု မှော်ဓါးကို မင်းကိုင်ထားတော့ မှော်ဓားထဲက ချီက မင်းရဲ့ သူတော်စင် ခန္ဓာကိုယ်ကို ဖောက်ထွင်း ဝင်ရောက်သွားခဲ့ပြီ.. မင်းတော့ သေတာထက် နာကျင်တဲဲ့ဒဏ်ကို ခံစားရတော့မယ်"
ထိုစကားကြောင့် ဝမ်လင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အမှန်တကယ်လည်း သူက ခန္ဓာကိုယ်ထဲတွင် ဓားချီ၏ အရိပ်အယောင်များကို ခံစားမိခဲ့သည်။
သို့ရာတွင် ဓားချီက သူ့အပေါ် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ပေ။
ထို့ကြောင့် ဤထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်ကို ဆုံးဖြတ်နိုင်မည့် သော့ချက်တော့ မဖြစ်နိုင်ပေ။
သို့သော် ဤနတ်ဆိုးကြီးက တစ်စုံတစ်ခုကို နားလည်မှု လွဲနေပုံရသည်။
ဝမ်လင်းက မှော်ဓါးကို ကိုင်ဆွဲထားသည်ကို မြင်သောအခါ ကွာဖီထံမှ နှစ်ထောင်းအားရ ရယ်မောသံများ ထွက်ပေါ်လာသည်။
အရာအားလုံးက သူ၏ တွက်ချက်မှု အတွင်းတွင် ရှိနေသည်ဟု ကွာဖီက ယုံကြည်သွားခဲ့သည်။
တခဏအတွင်း သူက မြေကြီးပေါ်ကနေ မတ်တပ်ထရပ်လိုက်သည်။
"ဓားချီက မင်းရဲ့ခန္ဓာကိုယ်ကို ကျူးကျော် ဝင်ရောက်သွားတာနဲ့ မှော်ဓား မပျက်စီးမချင်း မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထာဝရ ရှိနေမှာပဲ.. မှော်ဓားကို သမိုင်းမစတင်မီက ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ချိုးဖျက်ဖို့ ခက်ခဲလာလိမ့်မယ်.. မှော်ဓားကို ချိုးဖျက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကွာဖီ၏ စကားကိုကြားလျှင် ဝမ်လင်းက အနည်းငယ် ထိတ်လန့်သွားသည်။
"............."
ထို့နောက် သူက ဤရှေးဟောင်းမှော်ဓား၏ အလယ်ကို တိုက်ရိုက် ဖမ်းညှစ်ကာ ချေမွလိုက်သည်။
ဓါး၏အလယ်ပိုင်းက အမှုန့်ဖြစ်သွားပြီးနောက် ဓားမှာနှစ်ပိုင်း ကျိုးသွားခဲ့၏။
ယင်းမှာ သူ၏ ထူးခြားသော စွမ်းရည် ဖြစ်သည်။
ဝမ်လင်းက သူ တစ်နှစ်သားအရွယ်တွင် အဖိုးတန်ဓားကို လက်ဖြင့် ချိုးဖျက်မိသည်အား ပြန်လည် အမှတ်ရမိသည်။
ဓါး၏ စွမ်းအားများ ပြယ်လွင့်လာသည်နှင့် အမျှ ဤရှေးဟောင်းမှော်ဓားကြီးမှာ သာမန်ဓားတစ်လက်လို ဖြစ်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် အခင်းဖြစ်ပွားရာ နေရာ၌ တိတ်ဆိတ်မှုက ကြီးစိုးသွားခသည်။
အဝေးကနေ လှမ်းကြည့်နေသည့် အင်မော်တယ်ထုန်ရာမှာ ရူးသွပ်မလိုပင် ဖြစ်သွားသည်။
အစောပိုင်းကမှ ရောက်လာသည့် တတိယသူတော်စင်ပင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေခဲ့သည်။
"ဘယ်လို မြင်ကွင်းကို မြင်လိုက်ရတာလဲ"
ယင်းအချိန်တွင် ကွာဖီမှာ အဝတ်အစား တစ်ထည်လုံး ချွဲများဖြင့် ရွှဲနစ်နေခဲ့သည်။
သူ့ရှေ့မှ ချာတိတ်လေးကို ကြည့်ပြီး မွန်းစတား တစ်ကောင်ကို မြင်နေရသကဲ့သို့ အသက်ရှုကြပ်သလို ဖြစ်သွားရသည်။
ကွာဖီက အရှုံးကို ဝန်မခံလိုသော်လည်း သူ၏ လက်ရှိအနေအထားဖြင့် အနိုင်ရရန် အခွင့်အရေးမရှိဟု သိခဲ့သည်။
ဤလူငယ်က ရှေးခေတ် မှော်ဓားကိုပင် လက်ဗလာဖြင့် ချိုးဖျက်နိုင်သောသူ ဖြစ်၏။
သူ အထွတ်အထိပ် ရောက်ချိန်မှာပင် ဤကဲ့သို့ ရုန့်ရင်းသောလူကို တစ်ခါမှ မတွေ့ဖူးပေ။
သူ ကျောက်သရဲမျက်နှာဖုံးမှာ တံဆိပ်ခတ် ခံရသည့် အချိန်တွင် ဤကမ္ဘာကြီး၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ပါသနည်း။
ဝမ်လင်းက သူဆောင်းထားသည့် အစားအသောက်သမားဆောင်းလေ့ ရှိသည့် အဝါရောင် ခေါင်းဆောင်းကို ချွတ်လိုက်သည်။
ယခင်က သူ့မျက်နှာတစ်ဝက်မှာ ခေါင်းဆောင်း၏ အကာအကွယ် ဖြင့် ဖုံးကွယ်နေခဲ့၏။
ယခုမှပင် မိစ္ဆာအင်ပါယာ ကွာဖီက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူ့ဦးနှောက်က ရုတ်တရက် တင်းကျပ်သွားသလို ခံစားလိုက်ရသည်။
သူ အရင်က ဤလူငယ်ကို အမှန်တကယ် မြင်ဖူးခဲ့၏။
ဝမ်မိသားစု အိမ်ငယ်လေးတွင် ရှိစဥ် မိစ္ဆာအင်ပါယာကွာဖီက သူ့လက်သည်းတွေကို ထိုအိမ်မှ ချာတိတ်လေး၏ မျက်နှာဆီ ထိုးဖောက်ဖို့ ကြိုးစားခဲ့သည်ကို သတိရမိသွားသည်။
သို့သော် နောက်ဆုံးတွင် သူ၏ ချိတ်တွေက လူငယ်၏ မျက်နှာကို ထိုးဖောက်၍ မရခဲ့ပေ။
ယခုအခါတွင် သူ သဘောပေါက်သွားခဲ့သည်။
ထိုလူငယ်နှစ်ယောက်က တစ်ယောက်ထဲ ဖြစ်နေခြင်းပင်။
ဤအချိန်ခဏဝယ် ကွာဖီက ဝမ်လင်းကို စိုက်ကြည့်ရင်း ချွေးများ ရွှဲနစ်နေသည်။
ဤကဲ့သို့အကြောက်တရားမျိုး သူတစ်ခါမှ မခံစားဖူးချေ။
နှစ်ထောင်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယနေ့ သူခံစားနေရသည့် ကြောက်ရွံ့ ထိတ်လန့်မှုမျိုးလို တစ်ခါမျှ မခံစားခဲ့ရပေ။
"သခင်လေး.. မင်းဘယ်သူလဲ"
ကွာဖီက ဝမ်လင်းကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
ဝမ်လင်းက ထိုမေးခွန်းကို ပြန်ဖြေရန် စိတ်မ၀င်စားခဲ့ပေ။
ဤအခိုက်အတန့်မှာပင် အဖြူရောင် ဝတ်စုံဝတ် ကျင့်ကြံသူ တစ်ဦးက ရုတ်တရက် ဝမ်လင်း၏ နောက်တွင် ထွက်ပေါ်လာသည်။
"အရိပ်အဖွဲ့ခေါင်းဆောင်.. ဒါက စီနီယာ လူသတ်ဆရာပဲ.. ငါ့အိုင်ဒေါလ်နဲ့ ရင်ဆိုင်ဖို့ မင်းဘယ်ကနေ သတ္တိရလာတာလဲ"
ဝမ်လင်း "............"
"ဒီကောင်လေးက လူသတ်ဆရာလား.. ဟားဟား.. လက်စသတ်တော့ လူသတ်သမားစာရင်းမှာ ပထမအဆင့် ရထားတဲ့ ဂျူနီယာလေးကိုး.. ဟားဟား... မင်းကို ငါမှတ်ထားမှာပါ"
ထို့နောက် သူက ဝမ်လင်း၏ အနောက်ဘက်မှ တတိယသူတော်စင်ကိုပါ စူးစိုက်ကြည့်လိုက်၏။
"ပြီးတော့ မင်းကိုလည်း ငါ မှတ်ထားမယ်"
ထိုစကားကို ပြောပြီးသည်နှင့် တပြိုင်နက် ခရမ်းရောင် ရွှေအခိုးအငွေ့က သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
သူက လေထဲမှတဆင့် စကားကို ချန်ထားရစ်ခဲ့သည်။
"ငါအရှင်သခင် လာရှာတဲ့အချိန်ကို စောင့်နေပါ"
ထို့နောက် ကွာဖီက သဲလွန်စ မရှိ ပျောက်ကွယ်သွားခဲ့သည်။
.................
"လင်းကျန်းရန်က အရမ်းမိုက်တာပဲ"
အင်မော်တယ်ထုန်ရာက ထိုနေရာသို့ ရောက်လာပြီး စိတ်ထဲကနေ အားကျစွာ ရေရွတ်လိုက်သည်။
သူ၏ ကောင်းကင်မျက်လုံးဖြင့်ပင် ထိပ်တန်းသခင်နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
ယခုအခါတွင် သူ၏ ကောင်းကင်မျက်လုံးက အစစ်အမှန် ဟုတ်မဟုတ်ကိုပင် သံသယဖြစ်နေပြီ ဖြစ်သည်။
ဝမ်လင်းက ခရမ်းရောင် မြူခိုးများကို ကြည့်ရင်း အနည်းငယ် ကံဆိုးသလို ခံစားခဲ့ရသည်။
သူ့အတွက် ကွာဖီကို အရှင်လတ်လတ် ဖမ်းဖို့ကြိုးစားသည်က အသေ သတ်တာထက် ပို၍ ခက်ခဲ၏။
အစကတည်းက အသေသတ်ရန် ကြံရွယ်ခဲ့လျှင် တစ်ဖက်လူက ထွက်ပြေးရန် အခွင့်အရေးပင် ရရှိမည် မဟုတ်ချေ။
ဆိုရလျှင် တစ်ချိန်က ဟွာရှို့ နိုင်ငံတစ်ခုလုံးကို ပြင်းထန်စွာ ခေါင်းခဲစေခဲ့သူ တစ်ယောက် အနေဖြင့် ကွာဖီက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ သူ့ကိုယ်တိုင် သေချာပေါက် ကြုံတွေ့ခဲ့ရသည်။
ဝမ်လင်းက ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင် ဤမိစ္ဆာအင်ပါယာက သူ့ကို သေချာပေါက် မယှဉ်နိုင်ဟု ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
သို့သော် ကံမကောင်းစွာပဲ ကွာဖီက မှော်ရတနာများစွာကို နေရာလွတ်ထဲတွင် ဝှက်ထားခဲ့၏။
စက်ရုပ်ကြောင်၏ နေရာလွတ် အိတ်ကပ်ကဲ့သို့ သူလိုအပ်သမျှကို ထုတ်ယူနိုင်သည်။
ဤခရမ်းရောင်ရွှေမြူက လွတ်မြောက်ရန် နည်းလမ်းအဖြစ် အသုံးဝင်သည့် မိစ္ဆာအင်ပါယာ ကွာဖီ၏ မှော်ရတနာများ ထဲမှ တစ်ခု ဖြစ်သည်။
တကယ်တမ်းတွင် ကွာဖီက မြေပြင်ပေါ်၌ တစ်စုံတစ်ရာကို ချန်ထားရစ်ခဲ့သည်။
၎င်းမှာ ဝမ်လင်း ဖျက်ဆီးခဲ့သည့် ရှေးခေတ် မှော်ဓား ဖြစ်သည်။
ဝမ်လင်းက ဓား၏ အလယ်အပိုင်းကို အမှုန့်ချေပစ်လိုက်ပြီဖြစ်ရာ အကြမ်းဖျင်းအားဖြင့် သုံးစား၍ မရတော့ဟု ဆိုနိုင်၏။
ဒါကြောင့် ကွာဖီက ဂေါ်ဖီထုပ်လို တန်ဖိုးမရှိတော့သော ရှေးခေတ်မှော်ဓားကို ချန်ရစ်ခဲ့ခြင်းပင်။
ဝမ်လင်း၏ နောက်တွင် ရပ်နေသော တတိယသူတော်စင် နှင့် အင်မော်တယ်ထုန်ရာ တို့က သူတို့၏ ပတ်ဝန်းကျင်ကို စကန်ဖတ်ရန် သူတို့၏ ကောင်းကင်မျက်လုံးများကို ဖွင့်လိုက်ကြသည်။
ကျန်းလျှိုယွဲ့ အမှန်တကယ် ပျောက်ကွယ်သွားကြောင်း သေချာမှ သူတို့ သက်ပြင်းချလိုက်သည်။
"ကျန်းလျှိုယွဲ့ ထွက်ပြေးခွင့် ရသွားတာ အရမ်းနှမြောဖို့ ကောင်းတယ်"
တတိယ သူတော်စင်က ဝမ်းနည်းစွာ ရေရွတ်ကာ ခေါင်းခါယမ်းလိုက်ပြီး အင်မော်တယ် ထုန်ရာ ဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။
"ဒါက စီနီယာ အင်မော်တယ် ထုန်ရာ မဟုတ်လား.. ကျနော်က တတိယသူတော်စင်ပါ"
"မင်းငါ့ကို သိနေတယ်လား"
"အင်မော်တယ်ထုန်ရာ ဆိုတဲ့ နာမည်က အရမ်းနာမည်ကြီးတာလေ.. ဒီဂျူနီယာက မသိဘဲ ဘယ်နေပါ့မလဲ"
အမှန်မှာ ဤစကားများက မုသားပြောနေခြင်းသာ ဖြစ်သည်။
ယခင်က ဗုံးပစ်စီနီယာ အင်မော်တယ်ဆီမှ မျက်နှာဖုံးကို လုယက်ရန် ကြံစည်သောအခါ ၎င်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူတိုင်းကို ရှာဖွေလေ့လာခဲ့သည်။
သူသာ အမှန်အတိုင်း ပြောလိုက်လျှင် အင်မော်တယ်ထုန်ရာက သူ့ကို ထသတ်မည်မှာ သေချာသည်။
"ငါက အဲ့လောက်လည်း နာမည်မကြီးဘူး ထင်တယ်"
အင်မော်တယ်ထုန်ရာက ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။
သူက ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ သူတော်စင် ဆယ်ပါး အဖွဲ့ကနေ ဘက်ပြောင်းလာသော သူတော်စင် တစ်ပါးအကြောင်းကို ကြားဖူးခဲ့သည်။
ဤနေရာတွင် အမှန်တကယ် တွေ့ဆုံကြလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ထို့အပြင် ဤတတိယသူတော်စင်က လင်းကျန်းရန်ကို လူသတ်သမား စာရင်း၏ နံပါတ်တစ်နေရာရှိ လူသတ်ဆရာ ဖြစ်သည် ဟူသော ယူဆချက်အောက်တွင် ရှိနေကြောင်း သူ သိရှိခဲ့သည်။
သို့သော် လက်ရှိ အခြေအနေကို အကဲခတ်လိုက်ရာ လင်းကျန်းရန်က ဤကိစ္စကို ရှင်းလင်းရန် ရည်ရွယ်ချက် မရှိမှန်း ရိပ်စားမိခဲ့၏။
အင်မော်တယ် ထုန်ရာက ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
"လူသတ်ဆရာက အလကားနေရင်း ကြားဝင်ခံသူ ဖြစ်နေပြီ ဆိုမှတော့ သူ့ကိုပဲ ကြားဝင်ခံသူ အဖြစ် ဆက်ပြီး ထားရမှာပဲ"