ဒါကအသက်ကယ်မှော်ရတနာ ဖြစ်မယ်လို့ငါထင်တယ်
Vol. 13 Ch. 191
ဝမ်လင်းက သူ၏ထင်ကြေးကို အခြားလူနှစ်ဦးထံ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
သူ၏စကားကြောင့် အင်မော်တယ်ထုန်ရာ နှင့် တတိယသူတော်စင် တို့က အံ့သြသွားကြသည်။
"ဒါကြောင့် အရိပ်အဖွဲ့ခေါင်းဆောင်က နည်းနည်း ထူးဆန်းနေတာကိုး.. ကျောက်သရဲမျက်နှာဖုံးက သူမဆီမှာလား.. စီနီယာလင်းရဲ့ယူဆချက်အရဆို သူမက ကွာဖီနဲ့ စာချုပ်ချုပ်ထားခဲ့တယ်.. ဒါ.. ဒါဆိုခုနက စီနီယာလင်းနဲ့ တိုက်နေတာက ကျန်းလျှိုယွဲ့ရဲ့ ခန္ဓာကိုယ်ကို ဌားထားတဲ့ မိစ္ဆာအင်ပါယာ ကွာဖီပေါ့"
အင်မော်တယ်ထုန်ရာ၏ ယုံကြည်စိတ်ချရသော ခွဲခြမ်းစိတ်ဖြာမှု ပြီးနောက်တွင် တတိယ သူတော်စင်က ကူကယ်ရာမဲ့စွာဖြင့် ချွေးတလုံးလုံး ကျလာသည်။
သူက ကျန်းလျှိုယွဲ့ထင်ကာ ဘုမသိဘမသိ မိစ္ဆာအင်ပါယာကွာဖီ၏ ဒေါသကို သွားဆွမိခဲ့သည်။
ထို့အပြင် ကွာဖီက ထွက်ပြေးမသွားမီ သူ့ကို မှတ်ထားမည်ဟု ပြောသွားခဲ့သေးသည်။
ယင်းက သူ့အတွက် အဆင်မပြေပေ။
တစ်ဖက်လူသာ သူ့ကို ဖမ်းဖို့ဦးတည်လာခဲ့လျှင် သူ့အနေဖြင့် လွတ်မြောက်ဖို့ အတော်လေး ခက်ခဲလိမ့်မည် ဖြစ်သည်။
"အခြေအနေက ပိုရှုပ်ထွေးလာပြီ"
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။
ဤကိစ္စက သူထင်ထားသည်ထက် အများကြီး ပိုဒုက္ခပေးနိုင်၏။
ယခု ကွာဖီ လွတ်သွားသဖြင့် နောင်ကာလများတွင် ဟွာရှို့နိုင်ငံအတွက် ငြိမ်းချမ်းသော နေ့ရက်များ ရှိလာမည် မဟုတ်ပေ။
မိစ္ဆာအင်ပါယာ ကွာဖီသည် မြင့်မားသော စွမ်းရည် ရှိရုံမျှမက ကြာမြင့်စွာ ပျောက်ဆုံးနေသော မှော်လက်နက် အချို့ကိုပင် ကျဥ်းထဲကြပ်တည်း အချိန်၌ ရုတ်တရက် ထုတ်ယူနိုင်သည်။
သူထွက်ပြေးရာတွင်အသုံးပြုခဲ့သည့် ခရမ်းရောင်ရွှေမြူခိုးများမှာ ထိုမှော်ရတနာများ အနက်မှ တစ်ခု ဖြစ်သည်။
ထိုခရမ်းရောင်ရွှေမြူများ မပေါ်မီတွင် ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်ထားပြီ ဖြစ်သည်။
သူက ကောင်းကင်မျက်လုံးကို အဆုံးစွန်အဆင့်ထိ အသုံးချခဲ့သော်လည်း မြူခိုးကို လုံးလုံး မတွေ့ခဲ့ရပေ။
ထိုမြူခိုးများ ဝန်းရံထားသည့် ကွာဖီမှာ သဲလွန်စ အနည်းငယ်မျှပင် မကျန်ရစ်ဘဲ အခြားကမ္ဘာတစ်ခုတွင် ပုန်းကွယ်နေသကဲ့သို့ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားခဲ့သည်။
"ဒီမှော်ရတနာရဲ့ မူလအစကို သိလား"
ဝမ်လင်းက သူ့ဘေးနားမှ လူနှစ်ယောက်ကို စိတ်ချင်းဆက်သွယ်၍မေးလိုက်သည်ါ
"အဲဒီစွမ်းရည်က ခရမ်းရောင် ရွှေဘူးသီးခြောက် အရက်ဘူးရဲ့စွမ်းရည်နဲ့ ခပ်ဆင်ဆင်တူတယ်"
အင်မော်တယ်ထုန်ရာက ကောက်ချက်ချလိုက်သည်။
အင်မော်တယ်ကျန်းယွမ်၏ ခရမ်းရောင် ရွှေဘူးသီးခြောက်မှာ မြင့်မြတ်သော အသက်ကယ် မှော်လက်နက် ဖြစ်ပြီး ထိုအထဲကနေ ခရမ်းရောင်ရွှေ မြူခိုးများ ထွက်လာလေ့ရှိ၏။
ကောလဟလအရဆိုလျှင် ထိုမြူခိုးမှာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းမှုများတွင် ကူညီပေးနိုင်သည်။
၎င်းမှာ ခရီးဆောင် အလင်းထုတ်လွှတ်စက် နှင့် ခပ်ဆင်ဆင်တူသော်လည်း ပို၍ မြန်ဆန်သည်။
လူတစ်ဦးက ခရမ်းရောင်ရွှေ ဘူးသီးခြောက်ကို အသုံးချလိုက်သည်နှင့် အချိန်မရွေး လွတ်မြောက်နိုင်သည်။
တစ်ဖက်မှ ဖမ်းဆီးရန် အခွင့်အရေးပင် ရမည် မဟုတ်ချေ။
"ခရမ်းရောင်ရွှေဘူးသီးခြောက်က အင်မော်တယ် ကျန်းယွမ်ရဲ့ မှော်ရတနာ သုံးခုထဲက တစ်ခုပဲ...ကြယ်ခုနစ်ပွင့်ဓားနဲ ရွှေရောင် ကြိုးတို့နှင့် အတူ အင်မော်တယ် ရတနာသုံးပါးလို့လည်း လူသိများတယ်.. ဒီရတနာသုံးပါးကို စုဆောင်းနိုင်သူက အင်မော်တယ် ကျန်းယွမ်ရဲ့ အတွင်းစည်း တပည့် ဖြစ်လာလိမ့်မယ် ဆိုတဲ့ ကောလဟလ စကားကြောင့် ကျင့်ကြံသူ အများအပြားက ရယူဖို့ ကြိုးပမ်းခဲ့ကြတယ်.. အင်မော်တယ် ကျန်းယွမ်ရဲ့ ရတနာနဲ့ ပတ်သက်ပြီး အတုအပတွေ အများကြီး ပျံ့နှံ့ခဲ့သေးတယ်.. အဲဒီတုန်းက ဆိုရင် ကျင့်ကြံသူတွေက ဒီရတနာသုံးပါးကို ခေါက်ဆွဲအကြွပ်ကြော်ထဲက ကတ်ပြားတွေ စုဆောင်းသလိုမျိုး အသေအလဲ စုဆောင်းခဲ့ကြတယ်"
တတိယ သူတော်စင်က အတိတ်ကို အမှတ်ရနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ဝမ်လင်း "............"
"ဟုတ်တယ် အဲဒီလို အချိန်မျိုး ရှိခဲ့တယ်"
အင်မော်တယ် ထုန်ရာက သွားကြားထဲမှ ထွက်သော လေသံဖြင့်ပြောလိုက်သည်။
"ဒါပေမယ့် အခုအချိန်အထိ ဘယ်သူမှ အောင်အောင်မြင်မြင် မစုဆောင်းနိုင်သေးပါဘူး.. စုဆောင်းနိုင်ခဲ့ရင်တောင် အစစ်ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ဘူးလေ"
"ဒါပေမယ့် ကွာဖီရဲ့ လက်ထဲမှာရှိတဲ့ ခရမ်းရောင် ရွှေဘူးသီးခြောက်ကတော့ အစစ်အမှန် ဖြစ်ဖို့များတယ်.. ဘာလို့လည်းဆိုတော့ စစ်မှန်တဲ့ ပစ္စည်းကပဲ သူ့ကို မြန်မြန်ဆန်ဆန် သယ်ဆောင်သွားနိုင်မှာလေ"
တတိယ သူတော်စင်က ထိုစကားကို ပြောပြီးနောက် ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။
"ဒါနဲ့ စီနီယာ လူသတ်ဆရာဆီမှာ ဒီနတ်ဆိုးကို ခြေရာခံနိုင်မဲ့ နည်းလမ်းရှိလား"
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်တွင် ကြေမွနေသော ရှေးဟောင်း မှော်ဓားကို စိုက်ကြည့်လိုက်သည်။
ဤမှော်ဓားကိုသာ ပြုပြင်နိုင်လျှင် ကွာဖီ၏ မှော်ရတနာ ကမ္ဘာငယ်လေးကို ခြေရာခံရန် သူ့ထံ၌ အခွင့်အရေး ရှိပါသေးသည်။
"ဒါပေမယ့် ဒီမှော်ဓားရဲ့ အလယ်ပိုင်းက အမှုန့် ဖြစ်သွားပြီလေ.. အဲဒါကို ပြုပြင်နိုင်ပါ့မလား"
အင်မော်တယ်ထုန်ရာက မြေပြင်ပေါ်မှ ဓားကျိုးကို ကိုင်ကြည့်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ စီနီယာ လူသတ်ဆရာက သေချာပေါက် လုပ်နိုင်မှာပါ"
တတိယသူတော်စင်က ဝမ်လင်းအား ဖန်တစ်ဦး၏ အမူအရာဖြင့် စိုက်ကြည့်လိုက်ရာ ဝမ်လင်းက အသက်ရှုကြပ်သလို ခံစားလိုက်ရသည်။
"စီနီယာ လူသတ်ဆရာက မှော်ဓားကိုတောင် ချိုးဖျက်နိုင်တာပဲ.. ဓါးက ကျိုးသွားပေမယ့်လည်း အတော်လေး မိုက်နေသေးတယ်"
"..............."
အင်မော်တယ် ထုန်ရာက အကြောင်းတစ်ခုခုကြောင့် ရေဒီယိုတွင် မာရှတုံ ၏ "နက်နဲလွန်း၍ ရုန်းထွက်မရသော" သီချင်းကို ရုတ်တရက် တောင်းဆိုချင်ခဲ့သည်။
..................
ဒဏ္ဍာရီလာ မိစ္ဆာ အင်ပါယာ နှင့် ခဏတာ ထိပ်တိုက်ဆုံတွေ့ပြီးနောက်တွင် ဤလူက မည်မျှအန္တရာယ်ရှိသည်ကို ဝမ်လင်းက နက်နက်နဲနဲ သိရှိနေပြီ ဖြစ်သည်။
နောက်တစ်ကြိမ် ဆုံတွေ့ရင် သူ့အနေဖြင့် တစ်ခါတည်း ဖြေရှင်းမည် ဖြစ်၏။
တိုက်ပွဲငယ်ဟုသာ ထင်ရသော်လည်း ပါဝင်ခဲ့ကြသည့် သူများမှာ လက်တစ်ချက် ဝှေ့ရမ်းရုံဖြင့် တောင်များနှင့် ပင်လယ်များကို မှောက်လှန်နိုင်စွမ်း ရှိသည့် တန်ခိုးရှင် ကျင့်ကြံသူများ ဖြစ်သည်။
ဤတိုက်ပွဲတွင် ထိုနှစ်ဦးထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါကပင် ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။
အထူးသဖြင့် ကွာဖီ၏ အရှိန်အဝါက စျေးဆိုင်ကို လုံးဝ ပြိုပျက်စေခဲ့သည်။
အပြင်ဘက် တစ်ဝိုက်ရှိ နံရံမျက်နှာပြင်များက အက်ကွဲနေပြီး မြေအောက်ခန်း၏ ထောက်တိုင် အချို့မှာလည်း အင်းဆက်ပိုးမွှားများ ကိုက်ခံရသကဲ့သို့ ပြိုကျပျက်စီးနေသည်။
ကြေကွဲစရာ အကောင်းဆုံးမှာ မြေအောက်ခန်း ထဲတွင် ရပ်ထားသည့် ဇိမ်ခံကား ဒါဇင်ပေါင်းများစွာ ဖြစ်သည်။
အရှိန်အဝါ ပွတ်တိုက်မိမှုကြောင့် ကားရှေ့မီးများ ကွဲထွက်သွားပြီး တာယာများပင် ပေါက်ထွက်ခဲ့သည်။
ဤအဆောက်အအုံတွင် နေထိုင်သူ တစ်ရာကျော် ရှိသောကြောင့် ဝမ်လင်းက သူ၏ ခွန်အားကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သူသာ ကွာဖီကို အပြင်းအထန် တိုက်ခဲ့မည်ဆိုလျှင် မြို့တစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မည် ဖြစ်သည်။
တိုက်ပွဲနေရာက ကျဉ်းမြောင်းသော နေရာ ဖြစ်သောကြောင့် သူ့အနေဖြင့် အချက်အလက် များစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
နောက်တစ်ကြိမ် တွေ့လျှင် သူက ကျယ်ပြောသော နေရာတစ်ခုကို ရှာဖွေပြီး ကွာဖီကို တစ်ခါတည်း ဖယ်ရှားပစ်မည် ဖြစ်သည်။
ဝမ်လင်းက အတွေးနက်နေစဥ် မြေအောက်ခန်း အပြင်ဘက်၌ ဥသြဆွဲသံများက ဆူညံနေ၏။
တစ်ခုတည်းသော သတင်းကောင်းမှာ ထိပ်တိုက် ရင်ဆိုင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။
တတိယသူတော်စင်က ဤနေရာသို့ လာရာလမ်းတွင် မြေအောက်ခန်း၌ ရန်ပွဲဖြစ်နေသည်ကို သိရှိထားပြီ ဖြစ်၍ အဆောက်အဦးတွင် နေထိုင်သူများကို ရောက်မလာစေရန် အကာအကွယ်များဖြင့် တားဆီးထားခဲ့သည်။
ဖြတ်သွားဖြတ်လာများက ရဲကို ဖုန်းဆက်လိုက်ခြင်း ဖြစ်နိုင်၏။
"စီနီယာ လူသတ်ဆရာနဲ့ စီနီယာထုန်ရာ ကျေးဇူးပြုပြီး အရင်ထွက်သွားလိုက်ပါ.. ကျန်တာကို ကျနော် ဖြေရှင်းလိုက်ပါ့မယ်"
တတိယသူတော်စင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ဒီနေရာက ဆိုးဆိုးရွားရွား ပျက်စီးနေတယ်.. လျော်ကြေးငွေ အများကြီး ကုန်ကျလိမ့်မယ်"
အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။
"ငွေရေးကြေးရေး ဘာအရေးလဲ.. ကျနော့် အတွက် ဒီငွေလောက်က ဘာမှမဟုတ်ပါဘူး.. စီနီယာတွေက သမိုင်းဝင် တိုက်ပွဲတစ်ခု ဖန်တီးနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က ဓာတ်လှေကားနဲ့ အောက်ထပ်ကို ဆင်းလာမယ်ဆိုရင်တောင် စီနီယာလူသတ်ဆရာ အနှောင့်အယှက် မဖြစ်အောင် ဓာတ်လှေကား ဝိုင်ယာကြိုးတွေကို ကျနော် ဖြတ်ပစ်မှာ"
ဝမ်လင်း ".............."
ထို့နောက် ဝမ်လင်းနှင့် အင်မော်တယ် ထုန်ရာတို့က ထွက်လာခဲ့ကြသည်။
ထိုနေရာ၌ တတိယသူတော်စင်သာ ကျန်ရှိခဲ့သည်။
တတိယသူတော်စင်က ဝမ်လင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ လက်ပြ၍ နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ် စီနီယာ လူသတ်ဆရာ"
များမကြာမီတွင် ရဲကား အများအပြားက မှိတ်တုတ်မှိတ်တုတ်ပြသော ဥသြသံများနှင့် အတူ မြေအောက်ခန်းထဲသို့ မောင်းဝင်လာကြသည်။
တတိယသူတော်စင် ရှေ့တွင် ကားရှစ်စီးလောက်က ရပ်တန့်သွားပြီး ဒါဇင်နှင့် ချီသည့် ရဲအရာရှိတွေက သူ့ကို စက်ဝိုင်းပုံစံ ဝန်းရံခဲ့ကြသည်။
တတိယသူတော်စင်က မဲ့ပြုံးပြုံးလိုက်သည်။
အဖွဲ့ကို ဦးဆောင်လာသော ရဲမှူးက ပြင်းထန်စွာ ပျက်စီးနေသော မြေအောက်ခန်းကို လှည့်ပတ် ကြည့်ရှုပြီးနောက် ခွန်အားကို ကန့်သတ်နိုင်သည့် လက်ထိတ်တစ်စုံကို ချက်ချင်းထုတ်ကာ တတိယသူတော်စင်ကို ခတ်ရန် ပြင်လိုက်သည်။
"ဖျက်ဆီးရေးသမား.. ကျေးဇူးပြုပြီး မင်းရဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးပစ်နိုင်တဲ့ မှော်လက်နက်ကို လွှဲပေးပါ.. လက်ထိတ် အခတ်ခံပြီး စုံစမ်းစစ်ဆေးရေးနဲ့ ချက်ချင်း ပူးပေါင်း ဆောင်ရွက်ပါ"
တတိယသူတော်စင်က အပြစ်ကင်းသော အမူအရာဖြင့် လက်ကိုမြှောက်ထားခဲ့သည်။
"ရဲမှူး.. မင်းနားလည်မှု လွဲနေပြီ.. ငါဘာမှမလုပ်ခဲ့ဘူး"
"မင်းမှာ သက်သေရှိလား"
ရဲမှူးက မေးလိုက်သည်။
တတိယ သူတော်စင်က ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူ့အဝတ်ဖြူများကို လှန်ပြလိုက်သည်။
တတိယသူတော်စင်၏ ကျောဘက်တွင် ကြီးမားသော စာလုံးလေးလုံးကို ရေးဆွဲထားသည်အား ရဲမှူးကတွေ့လိုက်ရ၏။
ထိုစာလုံးများကို ဝမ်လင်းက လူသတ်ဆရာ ဟန်ဆောင်၍ အော်တို ထိုးပေးခဲ့ခြင်း ဖြစ်သည်။
ဤအမှတ်အသားကို ထိန်းသိမ်းရန် တတိယသူတော်စင်က တစ်လခွဲကျော်ကြာ ရေချိုးခြင်းမရှိခဲ့ပေ။
တတိယသူတော်စင်က နောက်ကျောကို လက်မဖြင့် ညွှန်ပြလိုက်ရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
"ဒီမှာ တွေ့လား.. အမိနိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့ အိုင်ဒေါ်လ်ရဲ့လက်မှတ်"
ရဲမှူး"တစ်ယောက်ယောက် ဒီကို အမြန်လာပြီး ဒီစိတ်ရောဂါသည်ကို ဖမ်းခေါ်လာခဲ့ပါ"