← Chapters

လင်းကျန်းရန်အတွက် ဂုဏ်ပြုပေးပါ

Vol. 13 Ch. 192

လင်းကျန်းရန်အတွက် ဂုဏ်ပြုပေးပါ

Vol. 13 Ch. 192

ဝမ်လင်း နှင့် မိစ္ဆာအင်ပါယာ ကွာဖီတို့၏ ပထမဆုံး အကြိမ် ထိပ်တိုက်ရင်ဆိုင်မှု အပြီးတွင် ရဲစခန်းက တတိယ သူတော်စင်ကို စစ်ဆေးမေးမြန်းရန် ဖမ်းခေါ်လာခဲ့သည်။

အထိန်းသိမ်းခံရသည့်တိုင် လူသတ်ဆရာ၏ အမာခံ ဖန်တစ်ယောက် ဖြစ်သော တတိယ သူတော်စင်မှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေသည်။

ကျင့်ကြံခြင်း ရဲစခန်းတွင် ရဲအရာရှိနှစ်ဦးက သူ့ရှေ့တွင် ထိုင်ကာ သူ၏လက်များကို အင်မော်တယ် လက်ထိတ်ခတ်ထားခဲ့သည်။

ရဲအရာရှိတစ်ဦးက တတိယ သူတော်စင်ကို ကြည့်ကာ မေးလိုက်သည်။

"နာမည်"

တတိယသူတော်စင်"ငါ့ကို အားစန်းလို့ ခေါ်နိုင်ပါတယ်"

ရဲအရာရှိ "ငါက မင်းရဲ့အမည်ရင်းကို မေးနေတာ မဟုတ်ဘူး.. မင်းရဲ့ တာအိုအမည်ကို မေးနေတာ"

တတိယ သူတော်စင်က ခေါင်းညိတ်လိုက်သည်။

"အိုး... ဒါဆို ငါ့ကိုယွဲ့ဖေးလို့ ခေါ်ပါ"

(ယွဲ့ဖေး= တရုတ်နာမည်ကျော်စစ်သူကြီး)

ရဲအရာရှိ".........."

မှတ်တမ်းရေးနေသည့် အခြား ရဲအရာရှိက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် တတိယသူတော်စင်ကို စိုက်ကြည့်လိုက်သည်။

"ဟေ့လူ.. ကျေးဇူးပြုပြီး နောက်ပြောင်မနေနဲ့.. မင်းဘယ်ရောက်နေလဲ သိရဲ့လား.. ကျေးဇူးပြုပြီး နည်းနည်းလောက်တော့ အလေးအနက် ထားပြီး ပြောစမ်းပါ"

တတိယသူတော်စင်က သူ၏ ID ကဒ်ကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။

ရဲအရာရှိ နှစ်ယောက်စလုံးက ID ကတ်ပေါ်မှ နာမည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် IDကတ်ပေါ်တွင်"ယွဲ့ဖေး"ဟူသည့် စာလုံးနှစ်လုံး ပါရှိနေသောကြောင့်ပင် ဖြစ်၏။

ဟုတ်ပါသည်.. ဤ ID ကတ်က အတုမဟုတ်ချေ။

တတိယသူတော်စင်က ဗုံးပစ်စီနီယာ အင်မော်တယ်ထံသို့ မော့အင်မော်တယ် ရဲတိုက်မှ ကျောင်းသားများကို အဆိပ်သင့်စေသော ဆေးဝါးအတုများ ထုတ်လုပ်နေကြောင်း ညွှန်ပြသည့် သဲလွန်စများ ပေးဆောင်ပြီး နောက်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က သန်းခေါင် စာရင်းဌာနရှိ ညီအစ်ကိုတစ်ဦးအား ID ကတ် အသစ်ပြုလုပ်ရန် တောင်းဆိုကာ တတိယသူတော်စင် အတွက် မှတ်ပုံတင် အတု ပြုလုပ်ပေးခဲ့သည်။

ရဲအရာရှိနှစ်ဦးက တတိယသူတော်စင်၏ အမည်ကို အစစ် မဟုတ်ဟု သံသယရှိနေသော်လည်း အဆုံးသတ်တွင် ဆွံ့အသွားခဲ့သည်။

ID ကတ် စကင်စက်ပေါ်တွင် ဖော်ပြချက်အရ ဤအမည်မှာ အမှန်တကယ်ပင် အစစ်အမှန် ဖြစ်နေသည်။

...............

တတိယသူတော်စင်က ရဲအရာရှိများနှင့် ထိပ်တိုက် တွေ့နေချိန်တွင် ဝမ်လင်း နှင့် အင်မော်တယ် ထုန်ရာတို့မှာ အခင်းဖြစ်ပွားရာနေရာမှ စိတ်ချလက်ချ ထွက်ခွာလာခဲ့သည်။

အင်မော်တယ်ထုန်ရာ၏ ဘူးသီးခြောက်ထဲတွင် ကုန်စုံဆိုင်အတွင်းမှ ကယ်တင်ခဲ့သော ယန်၏ အိုးနှပ်ကြက်ထမင်းဆိုင်မှ အစားအသောက်ပို့သူ အပါအဝင် လူနှစ်ဆယ်မျှသာ ရှိသေးသည်။

အလင်းရောင်နှင့်ထိတွေ့ပြီး ဝိညာဥ် ပျောက်ကွယ်သွားခဲ့သည့် ၁၁ ဦးနှင့် ပတ်သက်သည့် နောက်ဆုံး အစီရင်ခံစာကို ကျင့်ကြံခြင်း ရဲတပ်ဖွဲ့ထံ ၎င်းတို့က တင်ပြရဦးမည် ဖြစ်သည်။

ကျန်လူနှစ်ဆယ် အတွက် ယာယီအစီအစဉ်များ ပြုလုပ်ထားသော်လည်း အဆုံးသတ်တွင် ထိုအစီအစဥ်များမှာ ရေရှည်ဖြေရှင်းချက် မဖြစ်နိုင်ပေ။

ဤအပြစ်မဲ့ ပို့ဆောင်ပေးသူများကို ခန္ဓာကိုယ် ပြန်လည်ရရှိရန် မည်သို့ကူညီရမည်ကို ချက်ဂရုထဲတွင် ဆွေးနွေးခဲ့ကြသည်။

ဤအကြောင်းအရာက ရင်နင့်စရာ ဖြစ်လာခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချသည့် အီမိုဂျီတစ်ခု ပေးပို့ခဲ့သည်။

"အရိပ်အဖွဲ့ခေါင်းဆောင်ကြောင့် ပို့ဆောင်ရေး ၀န်ထမ်းတွေ ပျောက်ဆုံးသွားတာကိုတော့ အခြေခံအားဖြင့် ငါတို့ အတည်ပြုနိုင်ပါပြီ...အလင်းရောင်နဲ့ ထိတွေ့ပြီး လူဆယ့်တစ်ယောက်ရဲ့ ဝိညာဉ်တွေ ပြိုကွဲသွားပေမဲ့လည်း ငါတို့က လူနှစ်ဆယ်လောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်"

"တစ်ခါတလေ ငါတို့ ဘယ်လောက်ပဲ အစွမ်းကုန် ကြိုးစားထားပါစေ.. ကံကြမ္မာကို လွန်ဆန်လို့မရဘူးလေ"

ချိုက်လျန်က ဖြေသိမ့်ပေးလိုက်သည်။

ဂရုအတွင်း ငြိမ်သက်သွားပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။

"သတင်းဆိုး တစ်ခုလည်း ရှိတယ်.. ညီနောင်လင်း နဲ့ ညီနောင်ထုန်ရာ တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပေါ် အခြေခံပြီး တခြားကျောက်သရဲ မျက်နှာဖုံးက ကျန်းလျှိုယွဲ့ဆီမှာ ရှိနေတယ်ဆိုတာကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပြီ.. ဒါ့အပြင်မျက်နှာဖုံးထဲ ချိတ်ပိတ်ခံထားရတဲ့ မိစ္ဆာ အင်ပါယာကွာဖီကလည်း ကျန်းလျှိုယွဲ့နဲ့ သဘောတူချက်အချို့ ပြုလုပ်ထားခဲ့ပြီ"

ဤအချက်အလက်ကို သူထုတ်ဖော်လိုက်သည်နှင့် ချက်ဂရုထဲတွင် ငြိမ်သက်နေသည့်လူများက ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

ထိုအထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ကိုးဆလူသားလည်း ပါဝင်သည်။

သူက ချက်ချင်း အံသြသွားခဲ့သည်။

"ဘယ်လို.. မိစ္ဆာ အင်ပါယာ လွတ်လာတာလား.. ဒီသတင်းက အမှန်ပဲလား"

"ဒါက သတင်းကြီးပဲ"

တစ်ချိန်က ကွာဖီ စစ်တပ်ကို ဦးဆောင်ပြီး ဟွာရှို့နိုင်ငံနှင့် စစ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည့် ဤဒဏ္ဍာရီလာ မိစ္ဆာ အင်ပါယာကွာဖီမှာ အနှစ်တစ်ထောင်လောက် ပျောက်ကွယ်သွားပြီး နောက်တွင် တဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ဤသတင်းသာ ပြန့်သွားခဲ့လျှင် ဟွာရှို့ တစ်နိုင်ငံလုံး အထိတ်တလန့် ဖြစ်သွားကြလိမ့်မည် ဖြစ်၏။

ဂရုချက်တွင် ပါဝင်သူ အားလုံးမှာ အဖွဲ့တွင် ပါဝင်ခွင့် မပြုမီ ဗုံးပစ်စီနီယာအင်မော်တယ် ကိုယ်တိုင် တင်းကြပ်စွာ စစ်ဆေးထားသော ညီနောင်များ ဖြစ်ကြသည်။

ယင်းအတွက်ကြောင့် သတင်းပေါက်ကြားမည်ကို စိုးရိမ်စရာ မလိုသဖြင့် ထိုသတင်းကို ချက်ဂရုထဲတွင် မျှဝေရန် ဆုံးဖြတ်လိုက်သည်။

"စီနီယာ အင်မော်တယ်ရဲ့ စကားက မှန်ကန်တယ်လို့ ထင်ပါတယ်"

ဖီလန်ဓား အင်မော်တယ်က ဗုံးပစ်စီနီယာ အင်မော်တယ်၏

စကားကို အနည်းငယ်မျှပင် သံသယ မရှိခဲ့ပေ။

"ဗုံးပစ်စီနီယာ အင်မော်တယ်က စကားပြောတိုင်း ရယ်စရာရုပ်ပုံလေးတွေ အမြဲသုံးတာကို သတိထားမိတယ်.. အကယ်၍ မသုံးခဲ့ဘူး ဆိုရင် အဲဒါက အတော် အလေးအနက် ထားတဲ့အဓိပ္ပါယ်ပဲ"

ဗုံးပစ်စီနီယာအင်မော်တယ် ".............."

လျှပ်စီး ဓမ္မရာဂျာက သက်ပြင်းတစ်ချက် ချကာ ဖီလန်ဓားအင်မော်တယ်၏ စကားကို ထောက်ပေးလိုက်သည်။

"ဒါပေမယ့် မိစ္ဆာ အင်ပါယာကွာဖီ လွတ်လာတယ်လို့ပြောရင်တောင် ယုံမယ့်သူ ရှိမှာ မဟုတ်ဘူး ဟုတ်တယ်...ဘာလို့လည်းဆိုတော့ ကွာဖီ လွတ်လာပြီး တိတ်တဆိတ် ကြံစည်နေတယ်ဆိုတဲ့ ကောလဟလတွေက အရင်ထဲက ရှိနေခဲ့တာလေ"

"အဲဒါ ဆိုးတာပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"ဘယ်သူမှ မယုံလည်း စိတ်ပူစရာ မရှိပါဘူး.. ဒီမိစ္ဆာအင်ပါယာက ကျန်းလျှိုယွဲ့ကိုပဲ အားကိုးနိုင်တာပါ.. လောလောဆယ်တော့ ဝိညာဉ်လဲလှယ်တဲ့ နည်းနဲ့ပဲ ကျန်းလျှိုယွဲ့ကနေ တဆင့် ထွက်လာနိုင်တယ်.. သူ့ရဲ့ ခွန်အားတွေ အပြည့်အဝ ပြန်မရနိုင်သေးတဲ့ အတွက် သူ့ရဲ့လုပ်ဆောင်မှုတွေမှာ ကန့်သတ်ချက်တွေတော့ ရှိနေမှာပဲ"

"ဒါဆို.."

လျှပ်စီးဓမ္မရာဂျာက ဆက်ပြောလိုက်သည်။

"ဒါက ငါတို့အတွက် အခွင့်အရေးပဲ.. အဖွဲ့ထဲက လူတွေ လက်တွဲပြီး အလုပ်လုပ်မယ် ဆိုရင် ဒီမိစ္ဆာအင်ပါယာက သူ့ရဲ့ အထွတ်အထိပ် ခွန်အားကို ပြန်မရသေးသ၍ သေချာပေါက် သူ့ကို တိုက်ဖို့ လုံလောက်တဲ့ ခွန်အားတွေ ရှိနေမှာ အမှန်ပဲ"

"ဒါက အခွင့်အလမ်းတစ်ခု ဖြစ်နိုင်ပေမယ့် ပြဿနာ တစ်ခုလည်း ရှိနေတယ်.. ဒီမိစ္ဆာအင်ပါယာဆီမှာ မှော်ရတနာတွေ အများကြီးရှိတယ်.. သူက အစွမ်းထက် မှော်လက်နက်တွေ အများကြီးကို စုဆောင်းထားခဲ့တယ်.. တိုက်ပွဲ အတွင်းမှာ သူက ရုတ်တရက် ငါတို့ကို လုံးဝ ဖမ်းစားသွားနိုင်တဲ့ အရာတစ်ခုကို ထုတ်ပြခဲ့တယ်.. စီနီယာလင်း နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဒီမိစ္ဆာအင်ပါယာက ခရမ်းရောင်ရွှေ ဘူးသီးခြောက် မှော်ရတနာကို အသုံးပြုပြီး ထွက်ပြေးခဲ့ရတယ်လေ"

အင်မော်တယ်ထုန်ရာက ကူကယ်ရာမဲ့စွာ ရှင်းပြလိုက်သည်။

ချိုက်လျန် "ခရမ်းရောင်ရွှေဘူးသီးခြောက်လား.. အဲဒါက အင်မော်တယ် ကျန်းယွမ်ရဲ့ မှော်ရတနာ မဟုတ်လား.. အဲဒါက ဒဏ္ဍာရီလာ မှော်ရတနာ သုံးပါးထဲကာ တစ်ပါးလေ.. ငါ့မှာတောင် အတု တစ်စုံ ရှိသေးတယ်..."

"မင်းက တကယ့် ဝါရင့်ကျင့်ကြံသူပါ.. ဘာလို့အတုကို ဝယ်ရတာလဲ"

လျှပ်စီး ဓမ္မရာဂျာက သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် စီနီယာအင်မော်တယ်.. ဒီကိစ္စတွေကို ဘယ်လိုသိတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်"ဟုတ်ပါတယ် ညီနောင်လင်းက ငါ့ကို ပြောပြခဲ့တာပဲ.. ညီနောင်လင်းနဲ့ မတိုက်ခိုက်ခင်မှာ ကွာဖီက သူ့ရဲ့ ရှေးဟောင်း မှော်ဓားကို စိတ်ချလက်ချ ထုတ်ယူပြီး တစ်စစီ လှီးဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်...အဆုံးမှာတော့ မှော်ဓားကို ချန်ရစ်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့တယ်"

ဂရုထဲတွင် အာမေဋိတ်များ ဖြစ်ပေါ်လာသည်။

"လင်းကျန်းရန်က ဒီလောက်တောင် အစွမ်းထက်တယ်လား"

အင်မော်တယ်ထုန်ရာက ဂုဏ်ယူစွာ ရှင်းပြလိုက်၏။

"အစွမ်းထက်တာပေါ့.. လင်းကျန်းရန်က မိစ္ဆာအင်ပါယာရဲ့ ရှေးဟောင်း မှော်ဓားကို အမှုန့်လုပ်ပစ်လိုက်တာကို ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရတယ်"

ထိုစကားကို ပြောပြီးနောက် အင်မော်တယ်ထုန်ရာက ရှေးဟောင်း မှော်ဓား၏ ကြေမွနေသည့်ပုံကို ဂရုတွင် တင်ခဲ့သည်။

ယင်းမှာ အခင်းဖြစ်ပွားရာ နေရာကို ရိုက်ယူထားသည့် ဓာတ်ပုံ ဖြစ်သည်။

ဖီလန်ဓား အင်မော်တယ်က ချွေးထွက်သော အီမိုဂျီကို ပေးပို့ခဲ့သည်။

"ဒါက ရှေးဟောင့း မှော်ဓားတစ်လက်ဆိုတာ သေချာရဲ့လား.. အဲဒါက အစစ်ဆိုရင် လင်းကျန်းရန်က ဘယ်လိုလုပ်ပြီး အမှုန့်လုပ်ပစ်နိုင်မှာလဲ"

ကိုးဆလူသား "ရှင်းရှင်းလေးပဲလေ.. စီနီယာ လင်းကျန်းရန်က တကယ်ပဲ အစွမ်းထက်နေလို့ပေါ့.. လင်းကျန်းရန် အတွက် ဂုဏ်ပြုလိုက်ရအောင်"

လျှပ်စီးဓမ္မရာဂျာက လက်မ ထောင်ပြသည့် အီမိုဂျီကို ပေးပို့ခဲ့သည်။

"ငါတို့ ချက်ဂရုရဲ့ ခွန်အား သူဌေး.. ငါတို့ရဲ့ မျိုးဆက်ခေါင်းဆောင် လင်းကျန်းရန်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"လူတိုင်းက ငါတို့ရဲ့ လင်းကျန်းရန်ကို ဂုဏ်ပြု စကားလေး ပြောပေးကြပါဦး.. သူ အခု ဒီမှာ ပုန်းနေတာ သေချာပါတယ်.. သူသာ ရှိနေရင် စာချန်ပြ အမှတ်အသားကို ပျော်ပျော်ရွှင်ရွှင်ပို့မယ်လို့ ငါထင်တယ်"

ဖန်သားပြင်ရှေ့မှ ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားကြောင့် ဝမ်လင်းက လေးနက်သော အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။

သူက လိုက်လျောညီထွေမှုရှိစွာပင် စာချန်ပြ အမှတ်အသားကိုပေးပို့ခဲ့သည်။

(...)

All Chapters