← Chapters

သန့်စင်မွန်မြတ်သောမိုးကြိုးအမွေအနှစ်

Vol. 14 Ch. 196

သန့်စင်မွန်မြတ်သောမိုးကြိုးအမွေအနှစ်

Vol. 14 Ch. 196

အသားကင်ဆိုင် အဝင်ဝတွင် မကြုံစဖူး ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ဖြစ်နေသည်။

တန်းစီနေသော လူအတော်များများက အသက်ရှုရကျပ်သလိုပင် ရိုးရှင်းစွာ ခံစားလိုက်ရသည်။

အသားကင်ဆိုင် စားပွဲထိုးများ အလုပ်များလွန်းသဖြင့် တံခါးဝရှိ တန်းစီဇယား တာဝန်ခံ ဝန်ထမ်းများမှာ ၎င်းတို့အစား ဖောက်သည်များကို ဝန်ဆောင်မှုပေးရန် အတွက် အချိုရည်ဗူးများကို သယ်ဆောင်လာကြသည်။

ဝမ်လင်းက အချိန်ဖြုန်းနေသလို ခံစားနေရသည်။

တန်းစီနေသည့် ဖောက်သည် များပြားလွန်းသဖြင့် လျှပ်စီး ဓမ္မရာဂျာ အလုပ်ပြီးစီး၍ ရောက်လာလျှင်ပင် သူတို့က ထိုင်ခုံနေရာရမည့်ပုံ မပေါ်ချေ။

သို့သော် ယင်းအချိန်မှာပင် မိန်းကလေး တစ်ယောက်က ရုတ်တရက် ရောက်လာပြီး အင်မော်တယ်ထုန်ရာကို ရှက်ရွံ့စွာ ဖိတ်ခေါ်လိုက်သည်။

ထိုမိန်းကလေးက ရှောင်မိသားစု ပန်းခြံတွင် ဖျော်ဖြေရန်အတွက် ဖိတ်ကြားခံထားရသော အနုပညာရှင် မိန်းကလေးအဖွဲ့မှ ဖြစ်သည်။

သူမတို့ အဖွဲ့၀င်အချို့က ယနေ့တွင် အကြောင်းကိစ္စ တချို့ကြောင့် မလာအားသဖြင့် ထိုင်ခုံအနည်းငယ် လွတ်နေခဲ့၏။

ထိုမိန်းကလေးက တန်းစီနေသော လူတန်းရှည်ကြီး၏ အနောက်ဘက် အကျဆုံးနေရာတွင် မတ်တပ်ရပ်နေသည့် ချောမောသော လူငယ်နှစ်ဦးကို ရုတ်တရက် သတိပြုမိပြီး လာရောက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အင်မော်တယ် ထုန်ရာက ခပ်ယဲ့ယဲ့ပြုံးကာ ထိုမိန်းကလေး နောက်သို့ လက်ပိုက်၍ လိုက်လာခဲ့သည်။

အစောပိုင်းတွင် တန်းစီ စောင့်ဆိုင်းနေသူ အရေအတွက် ရာနှင့်ချီရှိ၍ သူတို့အလှည့် ဘယ်တော့မှ ရောက်တော့မည် မဟုတ်ဟုပင် ဝမ်လင်းက ထင်မိခဲ့၏။

ယခုတော့ ယခင်က သူ၏ ကြည့်ကောင်းသော ရုပ်ရည်ကိုပြန်လည်ရယူရန် စိတ်တစ်ဝက် ပါနေပြီ ဖြစ်သည်။

သေချာသည်မှာ ရုပ်ရှည်ကို အလေးထားသော ခေတ်ကြီးတွင် ဆွဲဆောင်မှုသည်သာ အဓိက ဖြစ်၏။

တန်းစီနေစရာ မလိုတော့သော်လည်း ဝမ်လင်းက သူတစ်ဦးတည်း အနည်းငယ် ကွက်လွတ်နေသလို ခံစားလိုက်ရသည်။

အမှန်တကယ်လည်း သူက အထီးကျန် ဝံပုလွေတစ်ကောင်လိုပင်။

အထူးသဖြင့် ယခင်က အွန်လိုင်းတွင် စကားမပြောဖူးသော သူစိမ်းများနှင့် အတူစားနေရသည်မှာ သူ့အတွက် အနည်းငယ် ထူးဆန်းနေသည်ဟု ဝန်ခံရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤမိန်းကလေး အားလုံးမှာ အလွန်ချစ်စရာကောင်းနေသည်မှာတော့ အမှန်တရားပင်။

စားပွဲထိုးက ဝမ်လင်း နှင့် အင်မော်တယ် ထုန်ရာ အပါအဝင် စုစုပေါင်း ဆယ်ယောက်ကို သီးသန့် အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

အနက်ရောင် မီနီစကတ်ကို ဝတ်ဆင်ထားပြီး ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိသော မိန်းကလေး တစ်ဦးက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

"ရှင်တို့ ကျမကို ဘန်းဘူးလို့ ခေါ်နိုင်တယ်.. ကျမက အဖွဲ့ရဲ့ဒုခေါင်းဆောင်ပါ"

အစောပိုင်းတွင် အသားကင်စားရန် လာမည့် သူမတို့ အုပ်စုတွင် လူ ဆယ့်နှစ်ယောက် ရှိခဲ့သော်လည်း ယခုအခါ လေးယောက်သာ ပွဲသို့ ရောက်လာခဲ့သည်။

ဖျော်ဖြေပွဲရှိ၍ ရှောင်မိသားစုက အသားကင် ကုန်ကျစရိတ်ကို အခမဲ့ ပေးထားခဲ့၏။

ထို့ကြောင့် သီအိုရီအရ ဝမ်လင်း နှင့် အင်မော်တယ် ထုန်ရာ၏ လက်ထဲမှ ဘောက်ချာတွေက အသုံးမလိုတော့ချေ။

သီးသန့်ခန်းထဲသို့ ဝင်ပြီးနောက်တွင် ဝမ်လင်းက မျက်နှာသေ အမူအရာဖြင့် ထောင့်တစ်နေရာတွင် ထိုင်နေခဲ့သည်။

အင်မော်တယ်ထုန်ရာ "အားလုံးကို တောင်းပန်ပါတယ်.. ဒီစီနီယာက နဂိုကတည်းက အနေအေးတာပါ.."

ဘန်းဘူးက ခေါင်းခါယမ်းလိုက်သည်။

"အဆင်ပြေပါတယ်.. ကျမတို့က ရှင်တို့ကို ဖိတ်ခေါ်ခဲ့တာပဲလေ.. ရှင်တို့ ကြိုက်တာ မှာစားပြီး လွတ်လွတ်လပ်လပ် နေလို့ရပါတယ်"

လူအများအပြားက မီနူးထဲမှ အစားအစာများကို မှာနေကြသည်။

ယင်းအချိန်မှာပင် ဝမ်လင်း၏ လက်ထဲ၌ ဝိညာဉ် အလင်းရောင်တစ်ခု တောက်ပလာပြီး ပလပ်စတစ်အိတ် တစ်ခု ထွက်ပေါ်လာသည်။

အင်မော်တယ်ထုန်ရာ "စီနီယာ ဒါက.."

သူအရင်က ဤပလတ်စတစ်အိတ်ကို မြင်ဖူးခဲ့သည်။

ဤအိတ်ထဲတွင် ရှိနေသည်က မျက်ရည်ကျစေသည့် တရုတ်ဟင်းချို ဖက်ထုပ်အရသာ အဆာပြေ ခေါက်ဆွဲ အကြွပ်ကြော်များဖြစ်၏။

ယင်းမှာ ဖိုးဖိုးဝမ် ကိုယ်တိုင် လုပ်ထားသော ခေါက်ဆွဲခြောက် ကြွပ်ကြော်များ ဆိုလည်းမမှားပေ။

အဆုံးသတ်တွင် ၎င်းတို့ကို စားရန် အခွင့်အရေး ရှာတွေ့ပြီဟု တွေးနေမိသည်။

အနည်းငယ် အပူ ပေးလိုက်ရုံဖြင့် ခေါက်ဆွဲခြောက် ကြွပ်ကြော်ပူပူနွေးနွေးလေး အဖြစ် စား၍ ရပြီ ဖြစ်သည်။

ဝမ်လင်းက စကားတစ်ခွန်းမှ မပြောဘဲ ခေါက်ဆွဲအကြွပ်ကြော်များကို ပန်းကန်ပြား တစ်ချပ်ပေါ်တွင် တစ်ထုပ်ပြီးတစ်ထုပ် ချက်ချင်း ဖောက်ထည့်လိုက်သည်။

သိပ်မကြာခင်မှာပဲ ဖိုးဖိုးဝမ် အထူး ပြုလုပ်ထားသည့် ခေါက်ဆွဲခြောက် အကြွပ်ကြော်၏ မွှေးရနံ့က လေထုထဲ ပျံ့နှံ့သွားခဲ့၏။

မိန်းကလေးအဖွဲ့မှ မိန်းကလေး အချို့မှာ မျက်ရည် ယိုစေသော တရုတ်စွပ်ပြုတ် ဖက်ထုပ်အရသာ ခေါက်ဆွဲခြောက်ကြွပ်ကြော်၏ ရနံ့ကို ရပြီးနောက် မျက်ဝန်းကနေ မျက်ရည်များ တဖြည်းဖြည်းချင်း စီးကျလာသည်။

"မိန်းကလေးတို့ ဘာဖြစ်နေကြတာလဲ"

အင်မော်တယ်ထုန်ရာက သူမတို့၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသောအခါတွင် အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ဘန်းဘူး၏ မျက်ဝန်းတစ်ဝိုက်တွင် မျက်ရည်များ ရွှဲစိုနေပြီ ဖြစ်၏။

"ကျမလည်းမသိဘူး..."

ရနံ့၏ ထူးခြားမှုက ဖော်ပြ၍ပင် မရပေ။

မထင်မှတ်ဘဲ ခေါက်ဆွဲခြောက်ကြွပ်ကြော်၏ မွေးရနံ့က လူတစ်ဦးကို ၎င်း၏ မိခင်ချက်ပြုတ်ပေးသည့် အရသာမျိုးအား သတိရသွား စေနိုင်သည်။

ထို့ကြောင့် ဝမ်လင်းမှလွဲ၍ အသားကင်ကို တရားဝင် မစားသောက်မီ သီးသန့်ခန်းရှိ လူတိုင်းမှာ မျက်ရည်များကိုအပြိုင်အဆိုင် သုတ်နေကြတော့သည်။

ထိုထက် ကြောက်စရာ အကောင်းဆုံးမှာ ထိုရနံ့က အသားကင်စားသောက်ဆိုင် တစ်ခုလုံး၏ လေထုထဲသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး ပရိသတ်အားလုံးကို မျက်ရည် ပိုးပိုးပေါက်ပေါက် ကျစေခဲ့ခြင်းပင်။

.......................

ဓမ္မရာဂျာ အလုပ်ပြီးသောအခါတွင် နေ့လည် တစ်နာရီ ထိုးခါနီးပြီ ဖြစ်သည်။

ယင်းက အင်မော်တယ်ထုန်ရာ စိတ်ကူးထားသည်ထက်ပင် နောက်ကျနေသည်။

ဘန်းဘူးကို နှုတ်ဆက်ပြီးနောက် အင်မော်တယ်ထုန်ရာ နှင့် ဝမ်လင်းက အသားကင် စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

အင်မော်တယ် ထုန်ရာ၏ မျက်လုံးများက ယခုထိ နီရဲနေသေးသည်။

ယခုပဲ စားသောက်ဆိုင်ထဲတွင် မျက်ရည်ထွက်စေသည့် သွေးကြောများကို ပိတ်ဆို့ရန် အတွက် ဝိညာဉ်စွမ်းအင်ကို မည်ကဲ့သို့ အသုံးပြုရမလည်း ဆိုသည်ကို သုတေသနလုပ်ခဲ့၏။

သို့သော် ဤအရာက လက်တွေ့တွင် လုပ်ဆောင်ရန် အလွန်ခက်ခဲနေသည်။

ယင်းမှာ လက်ချောင်းတွေကို နောက်လှန် ကွေးကြည့်သလိုပင်။

တစ်ချို့လူတွေက မှန်းဆ၍ မရနိုင်သော အတိုင်းအတာ အထိ သာသာယာယာ ကွေးနိုင်သော်လည်း တစ်ချို့ကမူ လက်ချောင်းတွေကို ပြတ်လုနီးပါး အထိ ကွေးညွှတ်ဖို့ ကြိုးစားသော်လည်း မလုပ်နိုင်သလိုပင်။

ဓမ္မရာဂျာထံမှ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်တွင် သူတို့နှစ်ဦးက ရှောင်မိသားစုပန်းခြံရှိ ပြည်သူ့ဝန်ဆောင်မှု စင်တာသို့ ဦးတည်၍ သွားခဲ့သည်။

ဓမ္မရာဂျာက ဤဝန်ဆောင်မှုဌာန၏ ဒါရိုက်တာ ဖြစ်သည်။

တံခါးကို ခေါက်ပြီးနောက် ရုံးခန်းထဲသို့ ဝင်လိုက်သောအခါ ထိုင်ခုံပေါ်၌ ထိုင်နေသည့် အနက်ရောင် ဆံပင်ရှိသည့် ခပ်ပိန်ပိန် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသားက ချွေးတွေ ရွှဲနစ်နေပြီး မျက်မှန်တစ်လက်ကို လည်ပင်းတွင် ချိတ်ဆွဲထားသည်။

ထိုမျက်မှန်က သန့်စင်မွန်မြတ်သော မိုးကြိုးစွမ်းအား၏ တောက်ပသော အလင်းရောင်ကြောင့် မျက်စိကွယ်ခြင်းမှ ကာကွယ်ရန် အတွက် အသုံးပြုခဲ့ပုံရသည်။

"ညီနောင် ထုန်ရာလား"

ဓမ္မရာဂျာက သူ့ထိုင်ခုံမှထကာ အင်မော်တယ်ထုန်ရာကို အံ့ဩစွာ ကြည့်နေသည်။

၎င်းတို့နှစ်ဦးမှာ ယခင်က ဆုံတွေ့ခဲ့ဖူးသည့် အပြင် အကြိမ်အနည်းငယ်လည်း အတူတူ သောက်ခဲ့ကြသည်။

သောက်ဖော်သောက်ဖက်တွေဟု သတ်မှတ်လျှင်လည်း မမှားပေ။

လျှပ်စီးဓမ္မရာဂျာက တိတ်ဆိတ်နေသော ဝမ်လင်းကို လှည့်ကြည့်ကာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"ဒါက စီနီယာလင်း ဖြစ်မယ်ထင်တယ်.. စီနီယာလင်းက ငါထင်ထားတာထက် တကယ်ကို နုပျိုနေတာပဲ.."

လျှပ်စီးဓမ္မရာဂျာကလည်း လူအများစုကဲ့သို့ပင် ဝမ်လင်းကို ပထမဆုံးအကြိမ် တွေ့သောအခါ၌ နားမလည်နိုင်သော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။

ဤလူငယ်လေးက စွမ်းအားကြီးမားလွန်းသည့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မွန်းစတား ဆန်လွန်းသည်ဟုပင် ညွှန်းဆို၍ရသည်။

ဆိုရလျှင် စီနီယာလင်း၏ ခန္ဓာကိုယ် ထိန်းသိမ်းမှုမှာ တကယ်ကို လက်ဖျားခါလောက်၏။

ဝမ်လင်းက ရှေးဟောင်း မှော်ဓား၏ ကျိုးပဲ့နေသော အပိုင်းအစများကို ချက်ချင်း ထုတ်မပြခင် ခေါင်းညိတ်ပြရုံထက် ပိုမလုပ်ခဲ့ပေ။

ဓမ္မရာဂျာက ဓားအပိုင်းအစများကို ကြည့်ပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

"ဘယ်လိုအခြေအနေရှိလဲ"

အင်မော်တယ်ထုန်ရာက မေးလိုက်သည်။

ဓမ္မရာဂျာက မှော်ဓားကို အသေအချာ စစ်ဆေးရန် စားပွဲပေါ်မှ မှန်ဘီလူးကို ကောက်ယူလိုက်သည်။

"အင်း... ဓါးရဲ့ ပျက်စီးမှုက ဓာတ်ပုံထဲမှာ မြင်ရတာထက် ပိုပြင်းထန်တယ်လို့ ပြောလို့ရတယ်.. အပိုင်းအစတွေက မညီမညာ ဖြစ်နေတဲ့အတွက် ပြုပြင်ဖို့ နည်းနည်းတော့ ခက်လိမ့်မယ်"

အင်မော်တယ်ထုန်ရာ "ပြင်လို့ရပါ့မလား"

"ရပါတယ်.. နှစ်ရက်လောက် အချိန်ပေးပြီး လုပ်လိုက်ရင်ကောင်းသွားမှာပါ"

ထိုအချိန်တွင် လျှပ်စီးဓမ္မရာဂျာက သူ့အကြည့်ကို ဝမ်လင်းဆီသို့ ရွှေ့လိုက်သည်။

"ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာလေး တစ်ခုတော့ ရှိတယ်"

ထိုစကားကို ကြားလျှင် အင်မော်တယ်ထုန်ရာက မကောင်းသော ခံစားချက်ကို ခံစားခဲ့ရသည်။

"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ.. စီနီယာလင်းက အရမ်းအလုပ်များတဲ့လူနော်"

လျှပ်စီးဓမ္မရာဂျာ "ညီနောင်ထုန်ရာ စိတ်ချပါ.. မင်းရည်းစားကို မင်းလက်ထဲက လုဖို့ ငါမကြိုးစားပါဘူး"

အင်မော်တယ်ထုန်ရာ "............."

ထို့နောက်တွင် လျှပ်စီးဓမ္မရာဂျာက ကွေ့ဝှေ့မနေဘဲ ဒဲ့တိုးပြောလိုက်သည်။

"အရင်ကတည်းက စီနီယာဝမ် ရဲ့ စွမ်းပကားကို ကြားဖူးထားတာ ကြာပါပြီ.. ဒီနေ့ စီနီယာဝမ် နဲ့ တွေ့ခွင့်ရတာ ဂုဏ်ယူစရာပါပဲ.. ဒါကြောင့် စီနီယာဝမ်က ငါ့ရဲ့ ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုမှုကို လိုက်လျော ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"မင်းက စီနီယာဝမ် နဲ့ တိုက်ခိုက်ဖို့ စဥ်းစားနေတာလား"

အင်မော်တယ်ထုန်ရာက အံ့သြသွားသည်။

အဆုံးသတ်တွင် စီနီယာဝမ်မှာ ရှေးဟောင်း မှော်ဓားကိုပင် လက်ဗလာဖြင့် ဖျက်ဆီးနိုင်သူ ဖြစ်သည်။

"ငါ့ရဲ့အစွမ်းနဲ့ဆိုရင် စီနီယာဝမ်ကို အနိုင်ယူနိုင်မယ့် နည်းလမ်းမရှိဘူး ဆိုတာကို ငါသိပါတယ်.. အဲဒါကြောင့် စီနီယာဝမ်ကို မတ်တပ်ရပ်ခိုင်းပြီး ငါ့ရဲ သန့်စင်မွန်မြတ်တဲ့ မိုးကြိုး အမွေအနှစ်ရဲ့ စွမ်းအား အပြည့်အဝကို စမ်းသပ်ချင်ပါတယ်"

ဓမ္မရာဂျာက ခေါင်းညိတ်၍ပြောလိုက်သည်။

သူ၏ အမူအရာက အလွန်ယုံကြည်မှု ရှိနေပုံပေါ်သည်။

ယခုအချိန်အထိ သူ၏ မိုးကြိုးအမွေအနှစ် စွမ်းအား ပါဝင်သော လက်သီးတစ်ချက်ကို မည်သူမျှ မခုခံနိုင်ခဲ့ကြပေ။

လက်သီးချက် ထိမိသောသူများမှာ နေရာကနေ ရွေ့သွားခဲ့သည်ချည်းပင်။

All Chapters