မင်းကမင်း.. လင်းကျန်းရန်က လင်းကျန်းရန်
Vol. 14 Ch. 199
ယခုအချိန်တွင် ကွင်းပြင်အထက်ရှိ ကောင်းကင်ယံ၌ တိမ်တိုက်များ တစ်စွန်းတစ်စ မရှိတော့ပေ။
ဓမ္မရာဂျာက သူ၏ မျက်မှန်ကို ချွတ်ကာ ဘေးသို့ ပစ်ချလိုက်သည်။
သူ့ဦးခေါင်းတွင် ချွေးများ ဖုံးလွှမ်းနေပြီး ဒူးပေါ်လက်တင်ကာ ရှေ့ကို ကိုင်း၍ အသက်မနည်း ရှူနေရသည်။
ဤသုံးချက် ထိုးပြီးနောက်တွင် ဓမ္မရာဂျာက အမှန်တရား တစ်ခုကို လုံးဝ ရှင်းရှင်းလင်းလင်း သိသွားခဲ့သည်။
သူနှင့် လင်းကျန်းရန်၏ ခွန်အား ကွာဟချက်မှာ အလွန်ပင် ကြီးမားသည်။
ထိုကွာဟချက်ကို ကျုံးအဖြစ် မဖော်ပြနိုင်ပေ။
ထိုအစား သူတို့က ပင်လယ်တစ်ခုလောက် ကွာဟနေခဲ့သည်။
အကောင်းဆုံး ဆိုရိုးစကား တစ်ခုမှာ လင်းကျန်းရန်က လင်းကျန်းရန်၊ သခင်က သခင်ပဲ ဖြစ်၏။
ဓမ္မရာဂျာက ဤမတိုင်မီ သူ၏ မိုးကြိုးအမွေအနှစ်ကို အလွန်အမင်း ယုံကြည်ခဲ့ဖူးသည်။
"စီနီယာလင်းက အရမ်းသန်မာလွန်းတယ်... ငါရှုံးသွားပြီ"
သူ့အနေဖြင့် သက်ပြင်းကိုပင် မချနိုင်တော့ပေ။
သူတို့ကြားက ကွာဟချက်မှာ သာမန်ကွာဟချက် တစ်ခုမျှ မဟုတ်ချေ။
သူက ဒသမမြောက် မိုးကြိုးစွမ်းအားကို ထုတ်ဖော်ရာတွင် သူ၏ ပေါက်ကွဲစွမ်းအားကို အပြည့်အ၀ မြှင့်တင်ထားခဲ့သည်။
မိုးကြိုးစွမ်းအား၏ ပြင်းထန်သော ဖိအားမှာ အင်မော်တယ်ထုန်ရာကိုပင် ချွေးပြန်စေခဲ့သည်။
သူက ဓမ္မရာဂျာ၏ လှုပ်ရှားမှုများကို လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
မည်သို့ပင် ဆိုစေကာမူ ယခုအခါ၌ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
လင်းကျန်းရန်က ဓမ္မရာဂျာ၏ လက်သီးကို အသာအယာ ဖမ်းဆုပ်လိုက်ရုံဖြင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ဤပြင်းထန်သော တိုက်ခိုက်မှုက ရပ်တန့်သွားခဲ့သည်။
ဓမ္မရာဂျာက သူ၏ ရှုံးနိမ့်မှုကို အလေးအနက် ဝန်ခံခဲ့သည်။
သူ သတိပြန်ဝင်လာသောအခါတွင် သူ၏ တစ်ကိုယ်လုံးကို ရွှေရောင် အလင်းတန်းက ဖုံးလွှမ်းထားကြောင်းကိုပါ သိလိုက်ရသည်။
"ဒါက ဘာလဲ"
"စီနီယာလင်းက သူ့ သူတော်စင်ခန္ဓာရဲ့ တန်ပြန် တုံ့ပြန်မှုကနေ ငါတို့တွေ မထိခိုက်အောင် ရွှေရောင်အလင်းတန်းနဲ့ ကာကွယ်ပေးထားတာလေ"
အင်မော်တယ်ထုန်ရာက ရှင်းပြလိုက်သည်။
တိုက်ပွဲကို တစ်ဖက်မှကြည့်ရင်း သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ဒီလိုမှ မဟုတ်ရင် မင်းလက်သီးရဲ့ တန်ပြန် သက်ရောက်မှုကြောင့် မင်းအကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်"
ဓမ္မရာဂျာက ထိုစကားကို ကြားလျှင် တုန်လှုပ်သွား၏။
စီနီယာလင်းက ကောလဟာလ သတင်းတွေအရ အစွမ်းထက်ရုံသာ မကဘဲ အလွန်ပင် ငဲ့ညှာလွန်းသည်။
ယင်းကို လက်တွေ့ကျကျ နွေးထွေးသောလူဟုပင် ဆိုနိုင်သည် မဟုတ်ပါလား။
ဓမ္မရာဂျာ၏ စိတ်ထဲတွင် ကူကယ်ရာမဲ့စွာဖြင့် ခံစားချက်များ တစ်ဟုန်ထိုး ဖြစ်ပေါ်လာသည်။
သူသာ မိန်းကလေးဖြစ်ခဲ့လျှင် ဤစီနီယာလင်းကို ချစ်မိသွားနိုင်ပေသည်။
"ဘာဖြစ်နေတာလဲ မင်းကို ကြည့်ရတာ အရမ်းပျော်နေပုံ ပေါက်နေတယ်"
အင်မော်တယ်ထုန်ရာက ဓမ္မရာဂျာကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ဓမ္မရာဂျာက ခေါင်းညိတ်လိုက်သည်။
"စီနီယာလင်း နဲ့ ညီနောင်ထုန်ရာ စိတ်ချပါ.. ငါကတိပေးထားတဲ့အတိုင်း မှော်ဓားကို အသေအချာ ပြုပြင်ပေးပါ့မယ်.."
အင်မော်တယ် ထုန်ရာက ကွင်းပြင်မှ အပျက်အစီးများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"စကားမစပ် ဓမ္မရာဂျာ.. ဒီနေရာက အတိုင်းအတာ တစ်ခုအထိ ပျက်စီးသွားပြီ...မင်းအတွက် အဆင်ပြေပါ့မလား"
"ဘာမှမဖြစ်ဘူး.. ပြန်ပြင်လို့ရပါတယ်"
ဤသို့ပြောပြီးနောက် ဓမ္မရာဂျာက အင်မော်တယ်ထုန်ရာကို အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါ မင်းကို အရမ်းမုန်းတယ် ညီနောင်ထုန်ရာ"
အင်မော်တယ်ထုန်ရာ "........."
ဓမ္မရာဂျာ "အစတုန်းကတော့ ငါတို့အဖွဲ့မှာ မင်းက အချောဆုံးလို့ ငါအမြဲထင်ခဲ့ပေမယ့် စီနီယာလင်းကို ဒီနေ့တွေ့ပြီးတဲ့ နောက်မှာတော့ စီနီယာလင်းက ပိုကြည့်ကောင်းသလို ခံစားရတယ်.. စီနီယာလင်းက မီတာများစွာ အကွာက သူ့ချစ်သူကိုကာကွယ်ဖို့ ရွှေရောင် အလင်းတန်းတွေနဲ့ ခြုံလွှမ်းပေးထားတာ ကို ငါအခုထိ အမှတ်ရနေတုန်းပဲ"
အင်မော်တယ်ထုန်ရာ "............"
ဓမ္မရာဂျာက သက်ပြင်းကို လေးလေးနက်နက် ချလိုက်သည်။
"နှစ်ယောက်လုံးကို ပျော်ရွှင်စေချင်ပါတယ်"
ဝမ်လင်း ".............."
.....................
ယင်းမှာ "ရုပ်ရည်ချောမောသူ နှစ်ယောက် အတူတကွ ယှဥ်တွဲ၍ ရှိနေသောအခါမျိုး၌ မလိုလားအပ်သော နားလည်မှုလွဲခြင်းများ အမှန်တကယ် ဖြစ်ပေါ်တတ်သည်" ဟူသော စကား၏ သက်သေပြချက် တစ်ခုလည်း ဖြစ်သည်။
ဝမ်လင်းက သူ၏ လက်ရှိရုပ်ရည်ကို သာမန်ဟုသာ သတ်မှတ်ထားသော်လည်း လူအများက ချောမောသည်ဟု ယူဆထားကြ၏။
ဆိုရလျှင် သူက ယနေ့ခေတ် အလှအပ စံနှုန်းများကို သေချာ နားမလည်သေးပေ။
နောက်ပိုင်းတွင် သူက ကြီးလေးသော ပြဿနာတစ်ခုကို သတိပြုမိလာသည်။
တကယ်တမ်း ဓမ္မရာဂျာ၏ နားလည်မှုလွဲရခြင်း အဓိကအကြောင်းရင်းမှာ သူမဟုတ်ဘဲ အင်မော်တယ်ထုန်ရာကြောင့်ဖြစ်၏။
ယင်းက ဒဏ္ဍာရီလာ ဓာတ်ကူးခြင်း နိယာမပင်။
သင်က ပျမ်းမျှ အသွင်အပြင်သာ ရှိသော်လည်း ရုပ်ရည်ချောမောသူ တစ်ယောက်နှင့် အတူ ရှိနေခဲ့လျှင် သင်၏ ဆွဲဆောင်မှုက အလိုလို တက်လာလိမ့်မည်။
၎င်းက ကြေးမုံမှန်၏ နိယာမနှင့် ဆင်တူသည်။
ပညာရှင်အချို့က မှန်ထဲက ပုံရိပ်မှာ တကယ့် လက်တွေ့ထက် သုံးဆယ်ရာခိုင်နှုန်း ပို၍ ကြည့်ကောင်းသည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။
ဤအရာအားလုံးမှာ ဦးနှောက်မှ ဖန်တီးထားသော လှည့်စားမှုတစ်ခုသာ ဖြစ်သည်။
ဟုတ်ပါသည်။ ယင်းမှာ ထင်ယောင်ထင်မှားသာ ဖြစ်၏။
အခြားသူတွေ ဘယ်လိုပဲ ထင်နေပါစေ.. ဤအရာက ဝမ်လင်း ဆွဲကိုင်ထားသည့် သီအိုရီ ဖြစ်သည်။
လောလောဆယ်တွင် မှော်ဓါးကို ပြန်လည်ပြုပြင်ရန် စိတ်ပူစရာ မလိုအပ်တော့ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ် စိုက်ပျိုးနေသည့် ဟော်သွန်းသစ်ပင်ကလည်း မကြာမီ အပင်ပေါက်တော့မည်ဖြစ်သည်။
သူဌေးထန်၏ စကားအတိုင်း ကျောက်သရဲ မျက်နှာဖုံးပိုင်ရှင် တကယ်ပဲ ပေါ်လာမလား ဆိုသည်မှာ မည်သူမျှ မသိနိုင်ချေ။
နောက်ထပ် ပြဿနာတစ်ခုမှာ မည်သည့်နေရာ၌ ပုန်းအောင်းနေမှန်း မသိရသေးသည့် ကွာဖီ ဖြစ်သည်။
ဝမ်လင်းက နောက်အပတ်တွင် ကျောင်းပေါင်းစုံ ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရတော့မည် ဖြစ်၏။
ဤ ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုတွင် အထက်တန်းကျောင်းခြောက်ကျောင်း ပါဝင်ပြီး နှစ်ကျောင်းစီကို မဟာမိတ် ဖွဲ့၍ ယှဥ်ပြိုင်စေမည် ဖြစ်သည်။
ဤသည်မှာ သေချာပေါက် မကြုံစဖူး ဖြစ်ရပ်တစ်ခု ဖြစ်၏။
အကယ်၍ ၎င်းသာ နွေဦး သို့မဟုတ် ဆောင်းဦးပေါက် အပျော် ခရီးထွက်ခြင်းမျိုး ဖြစ်ခဲ့လျှင် ဝမ်လင်းက မသွားရရန် အတွက် အကြောင်းပြချက် အမျိုးမျိုးကို ရှာဖွေမည်သာ။
သို့သော် စစ်ရေးလေ့ကျင့်မှု ကဲ့သို့သော လှုပ်ရှားမှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ကျောင်းပေါင်းတစ်သောင်း မဟာမိတ်၏ အတွင်းရေးမှူး တာခန်း ကိုယ်တိုင် ချမှတ်ခဲ့သော မူဝါဒ တစ်စိတ်တစ်ပိုင်း ဖြစ်၏။
ကျောင်းသားတိုင်း လက်တွေ့ကျသော အတွေ့အကြုံများ ရရှိရန် လိုအပ်သည်။
ဤရှင်သန်ခြင်း ပြိုင်ပွဲမှ ရမှတ်များကို ကောလိပ်ဝင်ခွင့်စာမေးပွဲများတွင် ထည့်သွင်းမည် ဖြစ်၍ ကောလိပ် တက်ခွင့် ရမရ ဆုံးဖြတ်ရာတွင် အဓိက စံသတ်မှတ်ချက် တစ်ခု ဖြစ်လာမည် ဖြစ်သည်။
တိုတိုပြောရလျှင် ထိုကိစ္စက ဝမ်လင်း ရှောင်လွှဲလို့မရသည့်အရာ ဖြစ်၏။
ထိုပြိုင်ပွဲကို ကျောင်းခြောက်ကျောင်းမှ ဆရာ၊ ဆရာမများ အားလုံး တက်ရောက်ကြမည် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုမှာ ဝမ်လင်းအတွက် အလွန် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်လာသည်။
ဤဆရာ၊ ဆရာမများ မရိပ်မိအောင် သူ၏ စွမ်းအားများကိုမည်ကဲ့သို့ လျှိုထားရပါမည်နည်း။
.................
အခြားနေရာတွင်လည်း ကမ္ဘာငယ်လေးတွင် ပုန်းအောင်းနေသော မိစ္ဆာအင်ပါယာ ကွာဖီမှာ ကျန်းလျှိုယွဲ့ နှင့် ကြံစည်နေသည်။
"လူသတ်ဆရာကို အနိုင်ယူဖို့အတွက် မင်းရဲ့ နယ်ပယ်ကို အရင် ပြန်ကောင်းအောင် လုပ်ရမယ်.. ဒါက အရေးမကြီးပါဘူး.. ဒီကမ္ဘာငယ်လေးမှာ အချိန် စီးဆင်းမှု ခြားနားတဲ့ အတွက် မင်းက အမြန်ဆုံး ပြန်ကောင်းလာမှာပါ.. မင်းကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပြီးရင်တော့ ငါ့ရဲ့ မဟာအစီအစဉ်ကို အကောင်အထည် ဖော်တော့မယ်"
"သခင်ကွာဖီရဲ့ ကျေးဇူးကြောင့် ပြင်ပကမ္ဘာထက် ဒီနေရာမှာ ကျင့်ကြံရတာ ပိုပြီး သက်တောင့်သက်သာ ရှိတယ်လို့ ကျမ ခံစားရတယ်"
ကျန်းလျှိုယွဲ့ ခေါင်းညိတ်လိုက်သည်။
ဤနှစ်ရက်အကြာတွင် ကွာဖီနှင့် သူမကြား နားလည်မှုများ တိုးပွားလာခဲ့သည်။
"မင်းရဲ့ ပြန်လည် ကောင်းမွန်လာမှုက တစ်စိတ်တစ်ပိုင်းပါ.. ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နေနေတာက ရေရှည် ဖြေရှင်းချက်တော့ မဟုတ်ဘူး.. ဒါကြောင့် ငါခန္ဓာကိုယ် တစ်ခုကို ဖန်တီးမယ်.. ခန္ဓာကိုယ် အတွက် ကုန်ကြမ်းအဖြစ် ရှေး ဆရာကြီး တစ်ယောက်ရဲ့ အရိုးစုကို အသုံးပြုမယ်"
ကွာဖီက မျက်လုံးကိုမှိတ်၍ ပြောလိုက်သည်။
"သခင်က ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ဖို့ အတွက် အဲဒီဆရာကြီးရဲ့ အရိုးစုကို အခြေခံကုန်ကြမ်း တစ်ခု အနေနဲ့ အသုံးပြုချင်တာလား.. ဒါက ဖြစ်နိုင်ပါ့မလား"
ကျန်းလျှိုယွဲ့က မေးလိုက်သည်။
"ဒါက ခန္ဓာကိုယ် ဖန်တီးဖို့ ကြာပန်းအမြစ်ကို အသုံးပြုခြင်းနဲ့ ဆင်တူပေမဲ့ ပိုမိုရှုပ်ထွေးပြီး ဆန်းပြားတယ်.. ခန္ဓာငါးပါးကို ပြန်လည် တည်ဆောက်ဖို့ အတွက် အစီအရင်တစ်ခု ပြုလုပ်ဖို့လိုအပ်တဲ့ အပြင် လူငယ်ထောင်ပေါင်း များစွာရဲ့ အသက်ဓာတ်လည်း လိုအပ်တယ်"
"သခင် ဒီကိစ္စအတွက် စိတ်ပူနေစရာ မလိုပါဘူး.. နောက်ဆုံးအကြိမ်က ကျမ လက်စားချေချင်တယ်လို့ ပြောခဲ့တဲ့ ကျောင်းကို မှတ်မိသေးလား"
ကျန်းလျှိုယွဲ့က ခေါင်းညိတ်၍ ပြောလိုက်သည်။
"အဲဒီကျောင်းက စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ အတွက် တခြားကျောင်းငါးကျောင်းနဲ့ တွဲလုပ်ရမယ်.. အဲဒီအချိန်ကျရင် ထောင်နဲ့ချီတဲ့ လူတွေ ရှိနေလိမ့်မယ်.. အခြေခံ တည်ဆောက်ခြင်းအဆင့် ကျောင်းသားတွေက သခင် အသုံးပြုဖို့ အတွက် အဆင်သင့် ရောက်လာတယ်လို့တောင် ပြောလို့ရတယ်"
ထိုစကားကို ပြောပြီးနောက် ကျန်းလျှိုယွဲ့က အေးစက်စွာပြုံးလိုက်သည်။
သူမကိုယ် သူမ အလွန်လိမ္မာပါးနပ်သည်ဟု တွေးလိုက်၏။
တစ်ခါက အမှတ် ၆၀ အထက်တန်းကျောင်းကို တစ်ယောက်မကျန် သွေးနှင့်ဆေးပစ်မည်ဟု သူမ ကြုံးဝါးခဲ့ဖူးသည်။
ဤသည်မှာ ဘုရားပေးသော အခွင့်အရေး ဖြစ်သည်။
ဤအရာက မိစ္ဆာအင်ပါယာ ကွာဖီ၏ ခန္ဓာကိုယ်ကို ပြန်လည်မွေးဖွားရန် ကူညီပေးရုံသာမက ဤကျောင်းကိုလည်း တစ်ချိန်တည်းတွင် ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။
ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်နိုင်မည့် ပြီးပြည့်စုံသော အစီအစဥ်လည်း ဖြစ်၏။