ပုချောင်ဥယျာဥ်မှသည် စန်းဝေ့သင်ကြားရေး
Vol. 14 Ch. 200
မိစ္ဆာ အင်ပါယာကွာဖီ အတွက် ကျန်းလျှိုယွဲ့ ပေးခဲ့သော အချက်အလက်များမှာ အလွန်တန်ဖိုးရှိသည်။
အရိုးစုပေါ်တွင် အသားများ ပြန်လည် ရှင်သန်စေရန် အတွက်အသုံးပြုမည့် တားမြစ် အစီအရင်တွင် ကန့်သတ်ချက် များစွာရှိသည်။
ထိုအစီအရင်ကို အားဖြည့်ရန် သောင်းနှင့် ချီသော အသက်ဓာတ် အနှစ်သာရများ လိုအပ်သည့် အပြင် ထိုအနှစ်သာရအားလုံးကို တစ်ပြိုင်နက်တည်း စုပ်ယူရမည်မှာ အရေးကြီးသော အခြေအနေတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် ဤအရာသည် သူ့အတွက် အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်၏။
ဤအသက်ဓာတ် ပြဿနာက ကွာဖီကို ခေါင်းကိုက်စေခဲ့သော်လည်း နောက်ဆုံးတွင် ဖြေရှင်းနိုင်မည့် အဖြေကို ရရှိသွားခဲ့သည်။
ကျန်းလျှိုယွဲ့က သူမ၏ နှုတ်ခမ်းများကို ဖိကိုက်ထားသည်။
"ဘာပဲဖြစ်ဖြစ် သခင့်အနေနဲ့ သတိထားတာက ပိုကောင်းတယ်.. ဘာလို့လည်းဆိုတော့ လူသတ်ဆရာမှာ သူတော်စင်ခန္ဓာကိုယ် ရှိနေလို့ပဲ"
"သူတော်စင်ခန္ဓာကိုယ်လား.. အဟက် သူ့မှာ သူတော်စင် ခန္ဓာကိုယ် ရှိနေလည်း ဘာလုပ်ရမှာလဲ.. ငါသာ ခန္ဓာကိုယ် တည်ဆောက်ပြီးရင် သူတော်စင်ခန္ဓာလည်း ဂရုစိုက်စရာ မလိုတော့ဘူး.. ဒီကမ္ဘာကြီးမှာ ဘယ်သူက ငါ့ကို ဆန့်ကျင်နိုင်မှာလဲ"
ကမ္ဘာငယ်လေးထဲရှိ မိစ္ဆာအင်ပါယာကွာဖီက လှောင်ပြောင်ပြောဆိုလိုက်သည်။
"အဲဒီဂျူနီယာဆီမှာ အားသာချက် ပါးပါးလေးပဲ ရှိတာပါ.. အဲဒါက ဘာမှ အရေးစိုက်စရာ မဟုတ်ပါဘူး.. အရာအားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပါပဲ.. ဒါနဲ့ မင်းကို ရှာခိုင်းထားတဲ့ မှော်ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘာတစ်ခုမှ မတွေ့သေးဘူးလား"
"ရွှေရောင်ကြိုးနဲ့ ပတ်သက်တဲ့ အချက်အလက်တော့ မရှိသေးပါဘူး"
ကျန်းလျှိုယွဲ့က ခေါင်းခါလိုက်သည်။
"ဒါပေမယ့် ကြယ်ခုနစ်ပွင့်ဓားကတော့ သမီးရည်းစားသတ်ဖြတ်ခြင်း စီနီယာရဲ့ လက်ထဲကို ရောက်သွားပြီလို့ ကောလာဟလတွေ ထွက်နေတယ်.. ကုန်စုံဆိုင်ကို ပြန်သွားကြည့်တော့ အစားအသောက် ပို့ဆောင်သူတွေရဲ့ ဝိညာဉ်တွေကို စုဆောင်းဖို့ ရောက်လာတဲ့ အဂ္ဂိရိတ်ဆရာ တစ်ယောက်ကို တွေ့ခဲ့ရတယ်.. အဲဒီလူက သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာရဲ့အပေါင်းအသင်းတွေထဲက တစ်ယောက်ပဲ"
"အင်း ငါတို့ ဒီကိစ္စကို ပိုအာရုံစိုက်ရမယ်"
ကွာဖီက ကျန်းလျှိုယွဲ့၏ စကားကို ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
သူ့စိတ်ထဲတွင်မူ အင်မော်တယ် ကျန်းယွမ်၏ ရတနာသုံးပါးကို စုဆောင်းဖို့ ကြံစည်နေခဲ့သည်။
အင်မော်တယ် ကျန်းယွမ်က ဤရတနာသုံးပါးကို ရှာဖွေရန် ယခင်က ကမ္ဘာကို ညွှန်ကြားခဲ့သော်လည်း မည်သူမှ ၎င်းတို့အားလုံးကို အောင်မြင်စွာ စုဆောင်းနိုင်ခြင်း မရှိခဲ့ပေ။
ခရမ်းရွှေ ဘူးသီးခြောက်ကမူ မိစ္ဆာ အင်ပါယာကွာဖီနှင့် အမြဲရှိနေခဲ့သည်။
ကျန်နှစ်မျိုးကို စုဆောင်းနိုင်သရွေ့ အင်မော်တယ်ကျန်းယွမ်၏ ခမ်းနားကြီးကျယ်သော အသွင်အပြင်ကို သူ့မျက်လုံးနှင့် တပ်အပ် မြင်နိုင်မည် ဖြစ်၏။
ဒဏ္ဍာရီလာ အင်မော်တယ်ကျန်းယွမ်က မည်သို့သောပုံသဏ္ဍာန်မျိုးနည်း။
ဤအရာက မိစ္ဆာအင်ပါယာကွာဖီ သိချင်သော အရာများထဲမှ တစ်ခု ဖြစ်သည်။
........................
ဓားပြမိစ္ဆာက သူ၏ စီနီယာ အစ်ကိုကို ရှာဖွေရန် ဆရာဝမ်ထံမှ အမိန့်ကို လက်ခံရရှိခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် စီနီယာအကို၏ စရိုက်က ပြောင်းလဲသွားလို့လား မသိ၊ အရင်ကထက် ပိုလျှို့ဝှက်ဆန်းကြယ်လာသည်ဟု သူ ခံစားခဲ့ရ၏။
ယခင်က ပန်းရောင်အောက်ခံ ဘောင်းဘီကို အပြင်မှာ ချိတ်ဆွဲထားသရွေ့ စီနီယာအစ်ကိုက နောက်ရက်အနည်းငယ် အကြာတွင် ကျိန်းသေပေါက် ရောက်လာလေ့ရှိသည်။
သို့သော် ယခုအခါတွင် ပန်းရောင်အောက်ခံ ဘောင်းဘီများက သူ့စီနီယာအကို၏ အားနည်းချက် မဟုတ်တော့ကြောင်း ဓားပြမိစ္ဆာ ခံစားခဲ့ရသည်။
စီနီယာ အကို လူသတ်ဆရာ၏ တည်နေရာကို အတိအကျ မသိရသေးသောကြောင့် ဓားပြမိစ္ဆာက စီနီယာအစ်ကို မကြာသေးမီက ရောက်ခဲ့သည့် နေရာများကို ရှာဖွေရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
ဟွာရှို့ နိုင်ငံကို စတင် တည်ထောင်ချိန်ကတည်းက တည်ထောင်ခဲ့သည့် ကျင့်ဟွာ မြို့ဟောင်းတွင် ခရိုင်တစ်ခု ရှိပြီး ထိုခရိုင်တွင် ပြွန်ပုံသဏ္ဍာန် တိုက်ခန်း များစွာကို တည်ဆောက်ထားသည်။
ထိုနေ့တွင် အနက်ရောင် ရှပ်အင်္ကျီလက်ရှည်၊ ဂျင်းဘောင်းဘီရှည်နှင့် ဆံပင်ဖြူပေါ်တွင် အနက်ရောင် ဦးထုပ်ဆောင်းထားသော အရပ်မြင့်မားသည့် လူငယ်တစ်ဦးက ပြွန်ပုံသဏ္ဍာန် တိုက်ခန်းများ၏ ရှေ့တွင် ပေါ်လာသည်။
အရည်အချင်းက သူ့နေရာနှင့်သူ အသုံးကျသည်ဟု ဆိုရိုးစကား ရှိသည်။
ထိုစကားက လုံးဝမမှားချေ။
လူငယ်က သူ့ရှေ့ရှိ အဆောက်အဦးကို လွမ်းဆွတ်သော ခံစားချက်ဖြင့် ကြည့်နေ၏။
သူနှင့် စီနီယာအစ်ကိုက ကျင့်ကြံခြင်း လမ်းစဥ်တွင် ဆရာနှင့် မတွေ့မီ အချိန်ထိ ဤနေရာတွင် ကြီးပြင်းလာခဲ့သည်။
သူတို့မှာ မိသားစု မရှိကြသလို နှစ်ယောက်စလုံးက မိဘမဲ့တွေလည်း ဖြစ်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။
ပြွန်ပုံသဏ္ဍာန် တိုက်ခန်းရှေ့တွင် ရပ်နေသော လူငယ်လေး၏ နှလုံးသားမှာ ခံစားချက်များ ပြည့်နှက်နေ၏။
ဤအဆောက်အဦးတွင် နေထိုင်သူ အများစုမှာ ဆင်းရဲနွမ်းပါးပြီး ကျင့်ကြံသူ မဟုတ်သော သာမန်လူများ ဖြစ်သည်။
သို့သော် ဟွာရှို့နိုင်ငံ၏ နှစ်စဉ်စစ်တမ်း အရ ဤပြွန်ပုံသဏ္ဌာန် တိုက်ခန်းများတွင် နေထိုင်သော သာမန်လူများမှာ ပျော်ရွှင်မှုညွှန်းကိန်းတွင် အမြင့်ဆုံးဖြစ်သည်။
ဇိမ်ခံအိမ်များတွင် နေထိုင်သော ကျင့်ကြံသူများထက်ပင် ၎င်းတို့၏ ပျော်ရွှင်မှု ညွှန်းကိန်းမှာ မြင့်မား၏။
ဆိုရလျှင် ကျင့်ကြံသူများမှာ ငွေကို ရေလိုသုံးစွဲလေ့ ရှိကြသည်။
ဥပမာပေးရလျှင် တန်ဖိုးကြီး အိမ်တစ်လုံးကို ခပ်ပေါ့ပေါ့ ဝယ်ထားသည့် အင်မော်တယ်ထုန်ရာနှင့် တတိယ သူတော်စင် တို့ကို ဥပမာပေးရမည် ဖြစ်၏။
၎င်းတို့က မျက်စိတစ်မှိတ် အတွင်း ယွမ်ငွေ သောင်းချီသုံးစွဲနိုင်သော်လည်း ထိုပိုင်ဆိုင်မှုများကြောင့် အချည်းနှီးသောခံစားချက်များနှင့် စိတ်ပူပန်မှုများကို ခံစားခဲ့ရသည်။
အထူးသဖြင့် ၎င်းတို့၏ ကျင့်ကြံခြင်း နယ်ပယ်များ ပိတ်ဆို့သော အခိုက်ဝယ် ၎င်းတို့၏ စိုးရိမ်မှုများမှာ ပို၍ ထင်ရှားလာတတ်သည်။
လူငယ်က တိုက်ခန်း အဆောက်အအုံကို ရှာဖွေရန် သူ၏ ဝိညာဉ်ရေး အာရုံများကို အသုံးပြုလိုက်သည်။
နောက်ဆုံးတွင် အဆောက်အအုံ နောက်ဘက်ရှိ ပုချောင် ဥယျာဉ်တွင် ရင်းနှီးသော အငွေ့အသက်ကို ရရှိခဲ့သည်။
သူက ထိုနေရာသို့ နီးကပ်လာသည်နှင့်အမျှ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
အဝေးကနေ ပုချောင် ဥယျာဉ်ရှိ လမ်း၏ အဆုံးတွင် သစ်သားအိမ်ငယ်လေး တစ်လုံးကို သူမြင်လိုက်ရသည်။
ထိုအိမ်ငယ်လေး၏ ဝင်ပေါက် အထက်ရှိ အလျားလိုက် ဘုတ်ပြားမှာ အက်ကွဲနေ၏။
ထိုဘုတ်ပြားထံတွင် အရောင်ဖျော့တော့နေသော"စန်းဝေ့သင်ကြားရေး"ဟူသည့် စာလုံးကို တွေ့နိုင်သည်။
ဤနေရာက အနီးနားရှိ ပြွန်ပုံသဏ္ဍာန် တိုက်ခန်းများတွင် နေထိုင်သူများ စာအုပ် ငှားရမ်းနိုင်သည့် ပြည်သူ့စာကြည့်တိုက် နေရာ ဖြစ်သည်။
ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားသေည်လည်း ဦးရေပြားပေါ်တွင် အမာရွတ် အများအပြား ရှိနေသော သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးမှာ စန်းဝေ့ သင်ကြားရေး၏ တံခါးဝတွင် ထိုင်နေသည်။
ထိုလူက သတင်းစာဖတ်ရင်း ဝါးကုလားထိုင်ပေါ်တွင် လှဲနေ၏။
လူငယ်က သူ့အနားသို့ ချဉ်းကပ်လာသောအခါ သတင်းစာဖတ်နေသည့်သူက လူငယ်၏ ခြေထောက်ကို အရင်ဆုံး တွေ့လိုက်ရသည်။
သို့ရာတွင် သူက သတိမထားမိဟန် ဆောင်ကာ အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည့် လူငယ် မသိအောင် သူ၏ အရှိန်အဝါကို ချက်ချင်း ဖုံးကွယ်လိုက်သည်။
လူငယ်က သူ့အနားသို့ ဖြတ်သွားစဉ် ငွေအပ် တစ်ချောင်းက လူငယ်ထံကနေ လှစ်ခနဲ သူ့ဆီသို့ ရောက်ရှိလာသည်။
စက္ကန့်အနည်းငယ် ငြိမ်သက်ပြီးနောက် ဝါးကုလားထိုင်ပေါ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားက သတင်းစာကို ဖယ်လိုက်ရာ ငွေအပ်တစ်ချောင်းကို ပါးစပ်ထဲတွင် ကိုက်လျက်သား ဖြစ်နေသည်ကို လူငယ်က အံ့သြဖွယ် တွေ့လိုက်ရသည်။
သတင်းစာဖတ်နေသည့်လူက လူငယ်၏ ငွေအပ်ဖြင့် တိုက်ခိုက်မှုကို ပါးစပ်ဖြင့် ဖမ်းလိုက်ခြင်း ဖြစ်၏။
"ညီလေး.. ငါတို့ မတွေ့တာ အတော်ကြာပြီ... မင်းရဲ့ခွန်အားတွေ လျော့သွားတဲ့ပုံပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပါးစပ်ကို မဖွင့်ဘဲ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
လူငယ်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခြေထောက်ကို ညွှန်ပြလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက အောက်ကို ငုံ့ကြည့်လိုက်ရာ ခြေရင်းတွင် ချထားသည့် သူ၏ ကျောပိုးအိတ် ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။
သူက အပေါ်သို့ မော့ကြည့်လိုက်ရာ သူ၏ ကျောပိုးအိတ်က လူငယ်၏ လက်ထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့ နှစ်ယောက်စလုံး ချက်ချင်း ရယ်မောလိုက်ကြသည်။
"ညီလေး.. မင်းလက်ချောင်းတွေရဲ့ ခွန်အားက နည်းနည်းတော့ အားနည်းသွားပြီ...ဒါပေမယ့် မင်းရဲ့ ဖောက်ထွင်းမှု စွမ်းရည်ကတော့ သိသိသာသာ တိုးတက်လာတယ်"
လူသတ်ဆရာက ပြုံးပြီး မတ်တပ် ထရပ်လိုက်ကာ သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။
"ဘာလို့ ငါ့ကိုရှာနေတာလဲ"
"ဆရာက ငါတို့ကို အလုပ်တစ်ခု အပ်ထားတယ်.. ကျနော် စီနီယာအကိုကို ရှာနေတာ ရက်အတော်တောင် ကြာနေပြီ.. စီနီယာအကိုက ဒီမှာ အေးအေးလူလူ စာဖတ်နေမယ်လို့ တကယ် မထင်ထားမိဘူး"
"ငါ့ရဲ့ သတင်းပေးသူက စန်းဝေ့သင်ကြားရေးရဲ့ မန်နေဂျာလေ.. သူက ငါ့အတွက် သတင်း ထောက်လှမ်းဖို့ ထွက်သွားခဲ့ပြီ.. ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ရက်လောက် ကတည်းက သူ့နေရာမှာ ခဏအစားဝင်ပြီး ကူညီပေးနေတာပဲ"
လူသတ်ဆရာက ပြောကြားခဲ့သည်။
ဓားပြမိစ္ဆာ " စီနီယာအကိုက ဘာသတင်းကို ထောက်လှမ်းနေတာလဲ"
လူသတ်ဆရာ "ငါ့လို ဟန်ဆောင်နေတဲ့သူ တစ်ယောက်ရှိနေတယ်ဆိုတာ ငါသတင်းရခဲ့တယ်"
ဓားပွမိစ်ဆာ"............"
လူသတ်ဆရာ "ငါ ဒါကို သိနေတာကြာပြီ.. ဒီအတွက် သဲလွန်စတွေ ရှာနေတာ.. ဒါပေမယ့် ငါ့လို ဟန်ဆောင်တဲ့ ကောင်လေးက တော်တော် လိမ္မာပါးနပ်တယ်. ငါ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး.. လွန်ခဲ့တဲ့ ၂ ရက်လောက်က ပျောက်ဆုံးနေတဲ့ အစားအသောက် ပို့ဆောင်ရေး သမားတွေနဲ့ ပတ်သက်ပြီး ဒီအယောင်ဆောင်ကောင်က ထပ်ထွက်လာတယ်လို့ သတင်းရခဲ့တယ်.. ဟမ့်.. ဒီအယောင်ဆောင်ကောင် အနေနဲ့က ငါဖမ်းမမိအောင်ပဲ ဆုတောင်း ထားရတော့မယ်"
"..........."
ဓားပြမိစ္ဆာ "စကားမစပ် စီနီယာအစ်ကို... မင်းက ပန်းရောင်အောက်ခံတွေရဲ့ဆွဲဆောင်မှုကို ခံနိုင်ရည် ရှိနေပြီလား.. အရင်တုန်းကဆို ဘောင်းဘီအောက်ခံတွေကို အင်္ကျီစင်မှာ ချိတ်ဆွဲထားလိုက်တာနဲ့ မင်း အမြဲပေါ်လာတာချည်းပဲလေ"
"ဟားဟား ဆရာက ငါ့ကို ထာဝရ ခြိမ်းခြောက်ဖို့ ပန်းရောင် အတွင်းခံ ဘောင်းဘီတွေကို သုံးနိုင်မယ်လို့ တကယ် ထင်နေတာလား.. ထိပ်တန်း လူသတ်သမား တစ်ယောက် အနေနဲ့ ဒီအားနည်းချက်ကို ငါကျော်လွှားပြီးပြီ"
လူသတ်ဆရာက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ့ဘောင်းဘီကို ဆွဲချလိုက်သည်။
"ဟဲဟဲ...တွေ့လား.. ငါအခုဆို ဘာအတွင်းခံမှ မဝတ်တော့ဘူး"
ဓားပြမိစ္ဆာက သူ့မျက်လုံးများကို တိတ်တဆိတ် မှိတ်ထားလိုက်သည်။
"............."
သူ၏ အမြင်အာရုံက ကျိုးပျက်သွားသလို ခံစားလိုက်ရသည်။