အိမ်း.. တစ်ယောက်တော့ ဂျင်းမိသွားပြီ
Vol. 14 Ch. 206
တကယ်ကို အန္တရာယ်များသော အချိန်တွင် ဝမ်လင်းက အချိန်မီ ရောက်လာခဲ့သည်။
အကယ်၍ သူ စက္ကန့် အနည်းငယ် နောက်ကျသွားခဲ့လျှင် သူ၏ ကောင်းကင်မျက်လုံးမှ ခန့်မှန်းထားသည့် မြင်ကွင်းကအကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။
နိမိတ်ပြ အတိုင်းသာဆိုလျှင် အဆုံးသတ်၌ ဗုံးပစ်စီနီယာ အင်မော်တယ်မှာ သွေးအိုင်ထဲတွင် လဲကျရင်း အဆုံးသတ်ရလိမ့်မည်သာ။
ယခုတော့ ဖန်ရှင်းက အင်မော်တယ် စံအိမ်မှ လူငယ်၏ဓားကို ဖမ်းဆုပ်ထားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤဓားက သာမန်ဓား မဟုတ်ကြောင်း ဝမ်လင်းက သဘောပေါက်လိုက်၏။
တိုက်ပွဲဝင်စွမ်းရည်အရ ဤဓားမှာ လွန်ခဲ့သော နှစ်ရက်က ဝမ်လင်း ဖျက်ဆီးခဲ့သော ရှေးဟောင်းမှော်ဓားထက် ပိုမိုအားကောင်းသည်။
ထို့အပြင် ဤဓားက အံ့ချီးဖွယ် အမြန်နှုန်းကို ပိုင်ဆိုင်ထား၏။
မိစ္ဆာ အင်ပါယာကွာဖီ၏ ရှေးဟောင်းမှော်ဓားကို လက်ဗလာဖြင့် ဖမ်းဆုပ်စဥ်က ဓားလမ်းကြောင်းကို တွက်ဆရန် ကောင်းကင်မျက်လုံးကို ဖွင့်စရာ မလိုသော်လည်း ဤတစ်ကြိမ်တွင်မူ သူ့အနေဖြင့် ဖွင့်ဖို့ လိုအပ်ခဲ့သည်။
ဤဓားက ရွှေရောင်တလက်လက် ဟူသောအမည်နှင့် တကယ် လိုက်ဖက်သည်။
သမိုင်းဝင် ဓားစာရင်းတွင် ပါဝင်နေသည့် မည့်သည့် ဓားရှည်မဆို သာမန်ဓားရှည်ထက် ကွဲပြားနေလိမ့်မည်သာ။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဤတစ်ကြိမ်တွင် ဝမ်လင်းနှင့် ရင်ဆိုင်ခဲ့ရခြင်းပင်။
ဤတိုက်ပွဲက အင်မော်တယ်စံအိမ်မှ လူငယ် အတွက် ကြေကွဲစရာ ဖြစ်လာသည်။
သူနှင့်အတူ ခေါ်သွားရန် စီစဥ်ထားသည့် အမျိုးသမီးက ထွက်ပြေးသွားခဲ့ပြီး သူ၏ ဝိညာဥ်ဓားမှာလည်း တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
ဤအချိန်တွင် အင်မော်တယ်စံအိမ်မှ လူငယ်မှာ အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်။
သူ့နဖူးတွင် ချွေးများရွှဲနေပြီး အနည်းငယ် ပင်ပန်းသလို ခံစားနေရသည်။
ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ဦးစလုံးက ဤလူငယ်၏ နဖူးအလယ်တွင် စပါးစေ့အရွယ် အနီစက် တစ်ခု ရှိနေသည်ကို သတိပြုမိသည်။
ဤသည်ကို ကြည့်၍ လူငယ်က ဝိညာဉ်ရေးစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သူတို့ ချက်ချင်း သိရှိခဲ့သည်။
ဤသည်မှာ ဂိုဏ်းကို သစ္စာဖောက်ခြင်းမှ တားဆီးရန် ရှေးခေတ် ဂိုဏ်းများ အသုံးပြုသည့် နည်းလမ်း ဖြစ်သည်။
ဤနည်းလမ်းက အမှန်တကယ်ပင် ယခုတိုင် တည်ရှိနေသေးသော်လည်း အလင်းဂိုဏ်းများကမူ တပည့်များကို လက်ခံသောအခါ အနှစ်ငါးဆယ်မျှသာ အကျုံးဝင်သည့် စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
၎င်းတို့က တပည့်များ၏ ဝိညာဉ်တွေကို ခြိမ်းခြောက်ဖို့အတွက် ဘယ်သောအခါမှ အသုံးမချပေ။
ဝိညာဉ်ပဋိဉာဉ်တစ်ခု ထူထောင်ခြင်းမှာ ယခုခေတ်တွင် တရားမဝင်တော့ပေ။
သို့သော် ဤအရာမှာ အမှောင် အင်အားစုများတွင်မူ လုပ်ရိုးလုပ်စဥ် တစ်ခုလို ဖြစ်နေသည်။
ဟွာရှို့နိုင်ငံက ညစ်ညမ်း ရုပ်ပုံစာပေနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို ဖယ်ရှား ရှင်းလင်းရန် နှစ်ပေါင်းများစွာ အားထုတ်ခဲ့သည်။
သို့ရာတွင် အစိုးရက ဖြိုခွင်းလိုက်သည်ဟု သတင်းထွက်နေသော အမှောင်အင်အားစုများမှာ အသေးစား အမှောင်ဂိုဏ်းငယ်လေးမျှသာ ဖြစ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ် စံအိမ်နှင့် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ပြီးနောက် ဤအဖွဲ့က ဧကန်မလွဲ ငါးသေးသေးလေး မဟုတ်ဘဲ ငါးအကြီးကြီး ဖြစ်ကြောင်း ခံစားခဲ့ရသည်။
ဤအဖွဲ့၏ နောက်ကွယ်တွင် စက်ဆုပ်ဖွယ် ကောင်းသော ကိစ္စရပ်များ ရှိနိုင်သည်။
ဝမ်လင်းက လူငယ်ကို မျက်လုံးပြူး၍ ကြည့်လိုက်သည်။
သူ၏ အရှိန်အဝါက လူငယ်ကို ထိတ်လန့်သွားစေ၏။
သူ၏ အဆငါးဆယ် ရှိသော ဓားချီကို အလွယ်တကူ ချေဖျက်နိုင်ရုံသာမက ဖျက်ဆီးပစ်နိုင်သောသူ..
အဖြူရောင်ယုန်အင်္ကျီ ဝတ်ဆင်ထားသော ဆယ်ကျော်သက်အရွယ်လူငယ်က သူနှင့် လုံးဝခြားနားသော နယ်ပယ်အဆင့်တွင် ရှိနေကြောင်း အင်မော်တယ်စံအိမ်မှ လူငယ်က ခန့်မှန်းမိလိုက်သည်။
လူငယ်က ဝမ်လင်းကို ခနဲ့တဲ့တဲ့ ကြည့်ကာ ပြောလိုက်သည်။
"မင်းက တွင်းနက်ရှောင်တိမ်းခြင်းကို လုယူသွားရင်တောင် ကိစ္စမရှိဘူး.. ဒီဓားက အလျင်မြန်ဆုံးဓား အဖြစ် နံပါတ်တစ် နေရာမှာ ရပ်တည်နေသလို သစ္စာလည်း အရမ်းစောင့်သိတယ်.. ဒီဓားက ပိုင်ရှင်ကို သစ္စာဖောက်တာထက် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ပဲ ရွေးချယ်မယ် ဆိုတာ မင်းသိလား."
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
ထိုခဏဝယ် သူ့လက်ထဲ၌ အညိုရောင် ဝိညာဥ်အလင်းတန်းက လင်းလက်သွားပြီး ကျင့်ခယ်က ပေါ်လာသည်။
အင်မော်တယ်စံအိမ်မှ လူငယ်လေးက ကျင့်ခယ်ကို ကြည့်ကာ အံ့အားသင့်သွားသည်။
အဖြူရောင်ယုန်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်၏ လက်ထဲမှဓားမှာ မက်မွန်သစ်သားဓား ဖြစ်နေသည်။
ဝမ်လင်းက စကားတစ်ခွန်းမှမပြောဘဲ ကျင့်ခယ်ကို တွင်းနက်ရှောင်တိမ်းခြင်း ဓားပေါ်သို့ တင်လိုက်သည်။
အင်မော်တယ်စံအိမ်မှ လူငယ်က ချက်ချင်းဆိုသလို သူ၏ခေါင်းကို ပြင်းထန်စွာ အရိုက်ခံရသလိုမျိုး မိုက်ခဲနဲဖြစ်သွားပြီး အမြင်အာရုံ ယိမ်းယိုင်သွားသလို ခံစားလိုက်ရသည်။
အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် သူ နှင့် တွင်းနက်ရှောင်တိမ်းခြင်းဓားတို့ ကြားရှိ ဆက်စပ်မှု ပြတ်တောက်သွားသည်ကို သိလိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး.. ဒါမဖြစ်နိုင်ဘူး"
လူငယ်က မျက်လုံးပြူးကာ ဝမ်လင်းကို စိုက်ကြည့်နေသည်။
"တွင်းနက်ရှောင်တိမ်းခြင်းကို မင်းဘာလုပ်လိုက်တာလဲ"
လူငယ်က ဖြစ်ပျက်ခဲ့သမျှကို အသေအချာ နားမလည်သေးသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်ကမူ အရာအားလုံးကို မြင်ပြီးနောက် ဖြစ်ပျက်နေသော အရာကို သိလိုက်သည်။
"မင်းမှားနေပြီ.. စီနီယာလင်းက မင်းရဲ့ဓားကို ဘာမှမလုပ်ခဲ့ပါဘူး.. တစ်ခုခုလုပ်ခဲ့တယ် ဆိုရင် အဲဒါက ကျင့်ခယ်ရဲ့လက်ချက်ပဲ ဖြစ်ရမယ်"
"ကျင့်.. ကျင့်ခယ်.. အဲဒါက မက်မွန်သစ်သားဓားရဲ့ နာမည်လား"
လူငယ်က အလွန်အမင်း အံ့အားသင့်သော အမူအရာဖြင့် မျက်လုံးများ ပြူးကျယ်နေသည်။
"သမိုင်းဝင် ဓားစာရင်းမှာ ဒီဓားနာမည်ကို ငါတစ်ခါမှ မကြားဖူးဘူး"
"ငါလည်း နောက်ပြောင်ပြီး ပြောနေတာ မဟုတ်ဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရယ်မောလိုက်သည်။
"စီနီယာလင်းရဲ့ အဖေက ဒီဓားကို ပျံကျဈေးကနေ ဝယ်ခဲ့တာလေ"
အင်မော်တယ်စံအိမ်မှ လူငယ်လေးမှာ သူ၏ လောကအပေါ် အမြင်များ ပြိုလဲသွားသလို ခံစားလိုက်ရသည်။
"..............."
"ဒါက အံ့သြစရာ ကောင်းတယ် မထင်ဘူးလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ဆက်၍ ရှင်းပြလိုက်သည်။
"ဒီဓားအကြောင်းကို စကြားရတုန်းက ငါလည်း မင်းလိုအံ့သြသွားခဲ့တယ်.. ဒါပေမယ့် ဒါက အမှန်တရားပဲ.. သေချာစဥ်းစားကြည့်ရင် အဓိပ္ပါယ်ရှိပါတယ်.. ရှေးတုန်းက ဆိုရင် အင်မော်တယ်ကံကြမ္မာ ကောင်းတဲ့သူတွေက လမ်းလျှောက်နေရင်းတောင် ရှားပါးစာအုပ်တွေနဲ့ မှော်ရတနာတွေကို ကောက်ရတတ်ကြတယ်.. တစ်ခါတရံ ကျတော့လည်း မှော်ရတနာဆိုတာ ကိုယ့်ရဲ့ ကံကြမ္မာပေါ်မှာလည်း မူတည်ပါတယ်"
"မင်းပြောတဲ့အချက်တွေက လုံးဝ သိပ္ပံနည်း မကျဘူး"
အင်မော်တယ်စံအိမ်မှ လူငယ်လေးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါဟာ ယိုယွင်းနေတဲ့ မက်မွန်သစ်သားဓား တစ်လက်ပဲလေ.. ငါ့ရဲ့ တွင်းနက်ရှောင်တိမ်းခြင်းကိုတော့ ပိုင်ရှင် အလွယ်တကူ ပြောင်းသွားအောင် ဘယ်လိုလုပ် စွမ်းဆောင်နိုင်မှာလဲ"
"မိတ်ဆွေ.. မင်းဓားဝိညာဥ်တွေနဲ့ဆိုင်တဲ့ အချစ် သီအိုရီကို မကြားဖူးရင် ငါရှင်းပြမယ်.. သီအိုရီအရဆိုရင် ဝိညာဥ်ဓားတွေက တစ်လက်နဲ့တစ်လက် အပြန်အလှန် ဆွဲဆောင်နိုင်ကြတယ်.. ဒါက ပိုင်ရှင်အပေါ် သစ္စာမရှိတာနဲ့ မဆိုင်ဘူး.. သက်ရှိအားလုံးမှာ ခံစားချက်တွေ ရှိသလို ဓားဝိညာဥ်တွေ မှာလည်း ရှိကြတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။
"ဓားဝိညာဉ်တွေကြားမှာ ဆက်ဆံရေး သဟဇာတ ဖြစ်နေသ၍ စက္ကန့်ပိုင်းလေး အတွင်းမှာတင် ဓားပိုင်ရှင်ကို သစ္စာဖောက်သွားနိုင်တယ်.. စီနီယာလင်းရဲ့ကျင့်ခယ်က ဓားဝိညာဥ်တွေထဲမှာ စော်ကြည်ဘဲပဲ.. ကျင့်ခယ်က အမျိုးသမီး ဓားဝိညာဥ်အများအပြားကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်"
"ဒါပေမယ့် ငါ့ရဲ့ တွင်းနက်ရှောင်တိမ်းခြင်းဓားက ယောကျာ်းကွ.. ငါ့ဓားက ယောကျာ်း...ယောကျာ်းလေးကွ"
လူငယ်က ဒေါသပေါက်ကွဲပြီး အော်ဟစ်လိုက်သည်။
"သြော် ဒီဓားက ယောက်ျားလေးလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းပင် သဘောပေါက်သွားသည်။
"ဝိညာဉ်ဓားတွေကြားက ဆက်ဆံရေးတွေကို မင်းနားလည်အောင် ရှင်းပြရရင် စီနီယာလင်းရဲ့ ကျင့်ခယ်က ဘာလာလာဒေါင်းတယ်လေ"
ထိုစကားကိုကြားလျှင် ဝမ်လင်း၏လက်ထဲမှ ကျင့်ခယ်က အနည်းငယ် တုန်ခါသွားသည်။
အင်မော်တယ်စံအိမ်မှလူငယ်"............."
ဝမ်လင်း ".............."
"ဒီကိစ္စက အစကတည်းက လိင်ကွဲပြားမှုနဲ့ သိပ်မဆိုင်ဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးစေ့ကို ပွတ်သပ်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ကျင့်ခယ်က ယောက်ျားရော မိန်းမရော နှစ်မျိုးလုံးကို ဆွဲဆောင်နိုင်တယ်.. သူက လုံးဝ ဘာလာလာဒေါင်းတဲ့ ဓားဝိညာဥ်ပဲ"
"............."
ထိုအချိန်တွင် အင်မော်တယ်စံအိမ်မှ လူငယ်လေးမှာ သူ၏ အမြင် သုံးပါးစလုံး ပြိုပျက်သွားသည်ဟု ခံစားလိုက်ရသည်။
လူငယ်လေး၏ အတွေးကမ္ဘာထဲရှိ ဒဿနများ ပြိုလဲသွားပြီဟု ဝမ်လင်းတို့က ရိပ်စားမိလိုက်သည်။
သူက ခေါင်းကို အထပ်ထပ် ခါယမ်းကာ နတ်ဆိုးဝင်ပူးသွားသလိုမျိုး မရပ်မနား ရေရွတ်နေသည်။
"မယုံဘူး.. ငါမယုံဘူး..."
လူငယ်လေးက ခြေလှမ်းအနည်းငယ် ဆုတ်ကာရေရွတ်လိုက်၏။
နောက်ဆုံးတွင် မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာပြီး ဦးတည်ချက်မဲ့ ထွက်ပြေးသွားခဲ့သည်။
"ဒါက ဒဏ္ဍာရီလာ မျက်ရည်နဲ့ ပြေးတာ ဖြစ်နိုင်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဘေးနားတွင် ရပ်နေသည့် စုန့်ချင်းရှုက အင်မော်တယ်စံအိမ်မှ လူငယ် အဝေးသို့ ထွက်ပြေးသွားသည်ကို မြင်လျှင် သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
"စီနီယာအင်မော်တယ်.. မင်း ခုနက ပြောခဲ့တဲ့ ဓားဝိညာဉ် အချစ် သီအိုရီက တကယ်ကြီးလား"
ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါက ငါလျှောက်ရွှီးထားတဲ့ အရာတစ်ခုပါပဲ.. သူယုံသွားတာတော့ ငါလည်းမတတ်နိုင်ဘူး"
"............"
စုန့်ချင်းရှု "ဒါဆို တွင်းနက်ရှောင်တိမ်းခြင်း ဓားနဲ့ အဲဒီလူငယ်ကြားက ဆက်နွယ်မှုက ရှိနေတုန်းပဲပေါ့"
"ဟုတ်တယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
"တွင်းနက်ရှောင်တိမ်းခြင်းဓားက ပိုင်ရှင်အပေါ် အရမ်း သစ္စာရှိတယ်.. ပိုင်ရှင်နဲ့ ဆက်နွှယ်မှုကို ဘယ်လိုလုပ် လွယ်လွယ်ချိုးဖျက်နိုင်မှာလဲ.. အခု သူနဲ့ တွင်းနက်ရှောင်တိမ်းခြင်း ဓားကြားမှာ ရှိတဲ့ ဆက်နွှယ်မှု ပြတ်တောက်သွားရတာက စီနီယာလင်းရဲ့ မှော်စွမ်းအားကြောင့်ပဲ.. ဘာပဲဖြစ်ဖြစ် ဒီဓားက ငါတို့လက်ထဲ ရောက်လာခဲ့ပြီ.. ဒီဓားကနေ တဆင့် ငါတို့တွေ အင်မော်တယ်စံအိမ်ရဲ့ တည်နေရာကို ခြေရာခံနိုင်လိမ့်မယ်"
"............"
အကြောင်းတစ်ခုခုကြောင့် စုန့်ချင်းရှုမှာ အင်မော်တယ် စံအိမ်မှ လူငယ်လေး အတွက် ရုတ်တရက် စိတ်မကောင်း ဖြစ်မိသွားသည်။
ဆိုရလျှင် လူငယ်က လှည့်ကွက်ထဲသို့ မထင်မှတ်ဘဲ ဝင်ရောက်သွားခြင်းသာ။
ဗုံးပစ်စီနီယာအင်မော်တယ် "
"ကျင့်ကြံခြင်းနယ်ပယ် မြင့်မားတာက တစ်ခါတရံမှာ အသုံးမဝင်ဘူး.. ကျင့်ကြံခြင်းမှာပဲ ဘဝကိုနစ်မြုပ်ထားတဲ့ သူတွေက ဘဝအတွေ့အကြုံ မလုံလောက်ကြတဲ့ အတွက် အရူးလုပ်ရလွယ်တယ်.. ငါ့ရဲ့ နောက်ထပ် နာမည်ပြောင်ကို လေဖောလို့ ခေါ်တယ်.. ဒါတောင် ငါသူ့ကို ပါးပါးလေးပဲ ပုတ်ရသေးတယ်.. အခုလောက်ဆို ဒီကောင် အိမ်ပြန်ဖို့ လမ်းပျောက်နေလောက်ပြီ"
အင်မော်တယ်စံအိမ်မှ လူငယ် ငိုယိုကာ ပြေးထွက်သွားသောဦးတည်ရာ လမ်းကြောင်းကို ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချ၍ ပြောလိုက်သည်။
"အိမ်း.. တစ်ယောက်တော့ ဂျင်းမိသွားပြန်ပြီ.. စိတ်တောင်မကောင်းဘူး"
ဝမ်လင်း နှင့် စုန့်ချင်းရှု ".........."