← Chapters

ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်တာ အားကောင်းလွန်းသည်

Vol. 14 Ch. 207

ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်တာ အားကောင်းလွန်းသည်

Vol. 14 Ch. 207

ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ကျင့်ကြံခြင်း အသိုင်းအဝန်း၏ ဝါရင့်တစ်ဦး အနေဖြင့် ၎င်း၏ အမည်ပြောင် ဖြစ်သည့် လေဖော ဟူသော အမည်နှင့် ထိုက်တန်သည်။

သူသာ ချိုင်းထောက် ရောင်းစားလျှင် လူအများကို ခြေဆာနေသည်ဟု ထင်မြင်အောင် လေဖောနိုင်ပြီး ကားရောင်းစားလျှင် ငွေအထုတ်လိုက် ထွက်ကျလာအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ကျင့်ကြံခြင်းဖိုရမ်ကို စတင် တည်ထောင်စဉ်က ရန်ပုံငွေ နည်းပါးခဲ့သည်။

ထိုအချိန်က ဗုံးပစ်စီနီယာ အင်မော်တယ်မှာ သူ၏ လေဖောစွမ်းရည်ကို အားကိုး၍ မြို့ထဲသို့ လှည့်လည်ကာ လမ်းသွားလမ်းလာများကို လှည့်ဖြားခဲ့သည်။

"ညီနောင် မင်းရဲ့ ကောင်းမွန်တဲ့ ကိုယ်လုံးကိုယ်ပေါက် အရ ဆိုရင် မင်းက ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်လို့ ငါပြောနိုင်တယ်.. ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ မင်းလိုလူမျိုးတွေ လိုအပ်တယ်"

ထိုသို့ မြှောက်ပင့်ပြောဆိုပြီး နောက်တွင် လက်လုပ် သစ်သားဝိညာဉ်ဓားများနှင့် ကျင့်ကြံခြင်း ဆိုင်ရာ စာအုပ် အများအပြားကို ရောင်းချခဲ့သည်။

သူ၏ ဖောက်သည်များ အားလုံးမှာ နုံချာသော လယ်သမားများဖြစ်ပြီး သူ၏ အဆွယ်ကောင်းမှုကြောင့် ကျင့်ကြံခြင်း အသိုင်းအဝန်းထဲသို့ ဘုမသိဘမသိ ဝင်ရောက်လာခဲ့ကြသည်။

အသေအချာ တွေးကြည့်လျှင် ဤကဲ့သို့သော လုပ်ရပ်မှာ သိက္ခာမဲ့သော လုပ်ရပ်တစ်ခု ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်မှာ မတရားသောကိစ္စဟု ထင်လျှင် မည်သူ့မျက်နှာကိုမှ မထောက်ဘဲ ဝင်ပါလေ့ရှိ၍ ကျင့်ကြံခြင်း အသိုင်းအဝိုင်း၏ လေးစားကြည်ညိုခြင်းကို ခံရသည့်သူဖြစ်ပြီး သေမင်းတမန်စီနီယာ ဟုပင် တချို့က တင်စားကြသည်။

ထိုကဲ့သို့သောသူက ဤကဲ့သို့ သိက္ခာမဲ့သော လုပ်ရပ်ကို ကျူးလွန်ခြင်းမှာ တကယ်ကို အရှက်မဲ့သည်ဟု ဆိုရပေမည်။

အတိတ်က ဖြစ်ရပ်များကို ပြန်၍ ခြေရာခံရမည် ဆိုလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ ရေစက်မှာ ဝမ်လင်း ငယ်ငယ်လေး ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်ကို အံ့သြဖွယ် တွေ့ရမည် ဖြစ်၏။

အကြောင်းမှာ ဝမ်လင်း ငယ်ငယ်က ဖျက်ဆီးလိုက်သောနတ်ဆိုးဓားကို ဖိုးဖိုးဝမ်ထံ လက်ဆင့်ကမ်း ရောင်းချခဲ့သူမှာ ဗုံးပစ်စီနီယာ အင်မော်တယ် ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။

အင်မော်တယ်စံအိမ်မှ လူငယ် ထွက်သွားပြီး သိပ်မကြာမီမှာပင် ဇိမ်ခံဥယျာဥ် အိမ်ရာ၏ လုံခြုံရေးအဖွဲ့နှင့် ရဲကား အများအပြားမှာ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာသည်။

အင်မော်တယ်စံအိမ်မှ လူငယ်က တွင်းနက်ရှောင်တိမ်းခြင်းဓားဖြင့် ပျက်စီးမှုများစွာကို ဖန်တီးခဲ့သည်။

ကံကောင်းစွာဖြင့် ဝမ်လင်းက အခင်းဖြစ်ပွားရာ နေရာနှင့် အနီးတစ်ဝိုက်ရှိ နောက်ထပ်ပျက်စီးမှုများကို ကာကွယ်ရန် အချိန်မီ ရောက်လာခဲ့သောကြောင့်သာ ပျက်စီးမှုက ဤမျှဖြင့်ရပ်တန့်သွားခြင်း ဖြစ်၏။

အကယ်၍ လခြမ်းဓားချီကိုသာ မဟန့်တားနိုင်ခဲ့လျှင် ဓားချီက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခုတ်ဖြတ်သွားမည် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်က ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။

မြေအောက်ခန်းမှလွဲ၍ အိမ်တစ်ဝက် နီးပါးက ပျက်စီးနေပြီဖြစ်သော်လည်း ဤကိစ္စအတွက် သူလုံးဝ စိတ်မပူခဲ့ပေ။

ထိုအစား ဘရိုကိုလီပင် သေသွားသည်ကို ကြည့်ကာ ဖြေမဆည်နိုင်အောင် မျက်ရည်ကျနေသည်။

ရှုပ်ထွေးနေသည့် တိုက်ပွဲအတွင်း အင်မော်တယ်စံအိမ်မှလူငယ် ကာကွယ်ထားသည့် ဟောသွန်း သစ်ပင်ကလွဲ၍ ကျန်အပင်တွေ အားလုံးက သေဆုံးသွားခဲ့သည်။

ဤဟော်သွန်း သစ်ပင်ကြောင့် ယခုလို ကပ်ဆိုးကြီး ဖြစ်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ဤကိစ္စက အသေးအဖွဲ အဟုတ်သောကြောင့် စံလုပ်ထုံးလုပ်နည်း အရ ဝမ်လင်းတို့ သုံးယောက်ကို ရဲစခန်းသို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် ကျိုးရီက သူ၏ တန်ဖိုးကို ထပ်မံ ပြသခဲ့သည်။

သူက အဆိုပါ ဖြစ်ရပ်ကြီးကို သာမန်အိမ်တွင်းရေး အငြင်းပွားမှုအဖြစ်သာ ကိုင်တွယ်ဖြေရှင်းရန် ရဲမှူးဆီ ချက်ချင်း ဖုန်းခေါ်ဆိုခဲ့သည်။

ဤကိစ္စက ကွာဖီအပြင် အင်မော်တယ် စံအိမ်နှင့်ပါ ပတ်သက်နေသောကြောင့် ဘာမှ မသိသေးသော အခြေအနေတွင် ရဲများဝင်ရောက်လာလျှင်လည်း အကူအညီ များစွာ ရရှိမည်မဟုတ်ပေ။

ကျိုးရီ၏ ကောင်းမှုဖြင့် ကိစ္စက အဆင်ပြေပြေ ပြီးဆုံးသွားခဲ့သည်။

ရဲမှူးက ထွက်သွားခါနီးတွင် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုဂါရဝပြုလိုက်သည်။

"ဆရာ့ကို အနှောင့်မယှက် မပေးတော့ဘူး.. ဒီအဖြစ်အပျက်ကို မတော်တဆမှုလို့ပဲ သတ်မှတ်လိုက်မယ်.. ပစ္စည်းပျက်စီးမှုတွေ အတွက် နောက်ဆက်တွဲ အနေနဲ့ ဇိမ်ခံဥယျာဥ် အိမ်ရာရဲ့လုံခြုံရေးနဲ့လည်း ဆွေးနွေးပြီးပါပြီ.. အာမခံကုမ္ပဏီက ကိုယ်စားလှယ် တစ်ယောက်ယောက်က ဆရာ့ဆီကို ရောက်လာပါလိမ့်မယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ရဲမှူး၏လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။

"ရဲမှူး.. ဒီအာမခံထဲမှာ ဘာတွေပါလဲ သိလား"

"အဲဒါက အာမခံကုမ္ပဏီရဲ့ စည်းမျဥ်းပေါ်မှာပဲ မူတည်လိမ့်မယ်.. ကျနော်တော့ သေချာမသိဘူး"

ရဲမှူးက ဝမ်းနည်းသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။

"သေချာတာ တစ်ခုက အာမခံထဲမှာ ဆရာ့စိုက်ထားတဲ့ ဘရိုကိုလီတော့ မပါဘူး.."

ရဲမှူး၏ စကားကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်နှာ က လငပုပ် ဖမ်းသွားသည်ကို ဘေးတွင် ရပ်နေသော ဝမ်လင်းက မြင်လိုက်ရသည်။

ဘရိုကိုလီနှင့် ပတ်သက်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်က အချိန်ရတိုင်း တွေးတောနေခဲ့သည်။

ပြဿနာမှာ ဖိုးဖိုးဝမ်က ဘရိုကိုလီကို သာမန်လက်ဆောင်အဖြစ်သာ ပေးခဲ့ခြင်း ဖြစ်ပြီး လေးနက်သော ရည်ရွယ်ချက် မရှိပေ။

ဆိုရလျှင် ဤအရာက သာမန် ဘရိုကိုလီထက် ဘာမှ မပိုချေ။

..................

အခြားတစ်ဖက်တွင် မိစ္ဆာအင်ပါယာ ကွာဖီက သူ၏ ကမ္ဘာငယ်လေးထဲသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

ဟွာရှို့ နိုင်ငံတစ်ဝန်းတွင် ကြီးမားသော ပြဿနာ လှိုင်းလုံးများကို လှုံ့ဆော်ပြီး မာန်မာန ထောင်လွှားခဲ့သော ဤအနှိုင်းမဲ့ မိစ္ဆာ အင်ပါယာမှာ ဤမျှအထိ အောက်ကျ သွားလိမ့်မည်ဟု မည်သူမှ စိတ်ကူးပင် ယဉ်မိမည် မဟုတ်ပေ။

အပြင်လောကတွင် ရင်ဆိုင်ခဲ့ရသည့် သူ၏ တိုက်ပွဲ နှစ်ခုလုံးမှာ နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။

ကမ္ဘာငယ်လေးထဲရှိ မိစ္ဆာအင်ပါယာကွာဖီ နှင့် ကျန်းလျှိုယွဲ့တို့ နှစ်ဦးစလုံးမှာ ထိုကိစ္စကို စဉ်းစားခဲ့ကြသည်။

"မျှော်လင့်ထားသလိုပဲ.. ဒီပြဿနာရဲ့ သော့ချက်က လူသတ်ဆရာပဲ"

မိစ္ဆာ အင်ပါယာကွာဖီက သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

"ဒီဂျူနီယာရဲ့ နယ်ပယ်ကို ငါလျှော့တွက်မိခဲ့တယ်.. သူ့ရဲ့ နယ်ပယ်အဆင့်က ဟင်းလင်ပြင်း မွမ်းမံခြင်းအဆင့် အထက်မှာပဲ.. သူက ငါ့ရဲ့နတ်ဆိုးဝိညာဥ်ကို ရင်ဆိုင်နိုင်တဲ့ လူငယ်ကိုတောင် လက်တစ်ချောင်းထဲနဲ့ ချေမှုန်းနိုင်ခဲ့တယ်"

"စီနီယာ...ရှင် သူ့ကို အနိုင်ရမယ်လို့ ယုံကြည်လား"

ကျန်းလျှိုယွဲ့က စိုးရိမ်တကြီး မေးလိုက်သည်။

"ယုံကြည်တယ်

ကွာဖီက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

"ငါအရှင် အခု လုပ်ရမယ့်အရာက ငါ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ဖို့ပဲ.. အချိန်တန်ရင် အဲဒီ ဂျူနီယာကို နတ်ဆိုးဝိညာဥ်အဖြစ် အသွင်ပြောင်းပြီး ငါ့ဆီမှာ အစေခံခိုင်းမယ်"

"ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ စီနီယာ ထွက်ခွာတဲ့ အချိန်ကျရင် အမှားအယွင်းတွေ ထပ်မဖြစ်အောင် သေချာလေး ပြင်ဆင်မှရမယ်ထင်တယ်"

ကျန်းလျှိုယွဲ့က သူမအမြင်ကို ပြောလိုက်သည်။

"ဟုတ်တယ် သေချာပြင်ဆင်ရမယ်"

မိစ္ဆာအင်ပါယာက ခေါင်းညိတ်လိုက်သည်။

"ငါအရှင် လှုပ်ရှား သွားလာသမျှ အရာအားလုံးက မှားယွင်းနေတာကို မကြာသေးမီက သတိပြုမိခဲ့တယ်.. အခု ငါက နက္ခတ်ဗေဒင်ပညာကို အထူးလေ့လာမှု ပြုနေပြီလေ"

ကျန်းလျှိုယွဲ့ "စီနီယာက ဒီလိုအရာတွေကို ယုံတယ်လား"

ကွာဖီ "ယုံတယ်.. အွန်လိုင်း ဗေဒင်ဆရာ တစ်ယောက်က ငါ့ကိုဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်နေတယ်လို့ ဟောကိန်းထုတ်ထားတယ်.. ဒါကြောင့် ငါက အမှားမှား အယွင်းယွင်းတွေ ဖြစ်နေတာပဲ.. ဒါပေမဲ့ ဗေဒင်ဆရာက ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်တာနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မရှင်းပြခဲ့ဘူး"

ကျန်းလျှိုယွဲ့ "..........."

ကွာဖီ "ဒီဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်တာနဲ့ ပတ်သက်ပြီး ပြောရရင် ဒါက အတော်လေး လျှို့ဝှက်ဆန်းကြယ်တယ်.. ဒါက ငါ့ကံကြမ္မာကို အမှန်တကယ် လွှမ်းမိုးထားတယ် ဆိုတဲ့ အချက်က နည်းနည်းတော့ အံ့သြစရာပဲ"

ကျန်းလျှိုယွဲ့ "ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်လှည့်တာကို ကျော်လွှားဖို့ နည်းလမ်း ရှိပါတယ်.. အရှင်က ကံကောင်းစေတဲ့ ပစ္စည်းတွေကို သယ်သွားဖို့ပဲ လိုအပ်တာပါ"

"အဲဒီအခြေအနေကို ကျော်လွှားဖို့နဲ့ ပတ်သက်ပြီး ဗေဒင်ဆရာက ငါ့ကို အဖြေပေးခဲ့တယ်.. ငါ အဲဒါကို မင်းရဲ့ဖုန်းထဲမှာ SS ရိုက်ထားပြီးပြီ.. ဒါပေမယ့် ငါအရှင် ဘယ်လောက်ပဲ တွေးတွေး အဓိပ္ပါယ်ကို နားမလည်ဘူး ဖြစ်နေတယ်"

ထိုစကားကို ပြောပြီးနောက် ကွာဖီက ကျန်းလျှိုယွဲ့ကို SSရိုက်ထားသောပုံအား ပြလိုက်သည်။

၎င်းမှာ ဗေဒင်ဆရာမှ ပေးထားသည့် စာသား ဖြစ်သည်။

GCM..

"ငါသခင် စဥ်းစားနေတာ အတော်ကြာပြီ ဒီစာသုံးလုံးရဲ့အဓိပ္ပါယ်ကို အခုထိ နားမလည်သေးဘူး"

ကျန်းလျှိုယွဲ့က တခဏမျှ စဥ်းစားပြီးနောက် ဖုန်းကို pinyin မုဒ်သို့ပြောင်းလိုက်ပြီး GCM စာလုံးသုံးလုံးကို ရိုက်ထည့်လိုက်သည်။

ထိုခဏဝယ် ကျန်းလျှိုယွဲ့က ဉာဏ်အလင်းပွင့်သည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

[GCM= ထပ်ခါတစ်လဲလဲ ကတ်ဆွဲခြင်း]

ဗေဒင်ဆရာက ကွာဖီကို စိတ်ကြိုက်ကတ် မရမချင်း ကတ်ထပ်ဆွဲပါဟု ဆိုလိုရင်း ဖြစ်သည်။

All Chapters