← Chapters

မိစ္ဆာအင်ပါယာ၏ ကျူးကျော်မှုအစီအစဉ်

Vol. 14 Ch. 208

မိစ္ဆာအင်ပါယာ၏ ကျူးကျော်မှုအစီအစဉ်

Vol. 14 Ch. 208

ကွာဖီက ခေတ်မီနည်းပညာများနှင့် ထိတွေ့လာချိန်မှစ၍ ရုတ်တရက် များစွာ ပြောင်းလဲသွားသည်ကို ကျန်းလျှိုယွဲ့ သတိပြုမိခဲ့သည်။

ယနေ့ခေတ် မိတ်ဆွေ အသိုင်းအဝိုင်းတွင် စကားစမြည်ပြောဆိုကြသည့်အခါ ကောလာဟလများစွာ ပါရှိသည်။

ခေတ်မီနည်းပညာများကိုသာ ကြုံတွေ့ခဲ့ရသည့် ကွာဖီမှာ ၎င်းတို့ကို ခွဲခြားနိုင်စွမ်း မရှိခဲ့ပေ။

ရလဒ်အနေဖြင့် ကွာဖီကို ဖုန်းထဲတွင် အရာရာကို သိတတ်နားလည်သော အဖိုးအိုတစ်ဦး ရှိနေသည်ဟု ထင်မြင်စေသည်။

ကျန်းလျှိုယွဲ့က နက္ခတ် ဗေဒင်ပညာကို ချဲ့ကားသည်ဟု အမြဲထင်နေခဲ့သူ ဖြစ်သည်။

သို့သော် နတ်ဆိုး၏ ဝိသေသ လက္ခဏာဟောင်းကြောင့် သူမက သူ့ကို ဆန့်ကျင်ဝံ့ခြင်း မရှိပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက အကြောင်းအရာတစ်ခုသို့ အာရုံ ပြောင်းလိုက်သည်။

"အရှင်.. ကျောင်းသားတွေရဲ့ စစ်ရေးလေ့ကျင့်မှု အတွက်ရော အစီအစဥ်တွေ ချထားပြီးပြီလား"

"အင်း ငါအကုန်စီစဉ်ပြီးပြီ"

ကျောက်သရဲမျက်နှာဖုံး အတွင်းမှ ကွာဖီက အေးစက်စွာ ပြုံးပြလိုက်သည်။

"ငါအရှင် ကိုယ်တိုင် အွန်လိုင်းမှာ စစ်ဆေးပြီးပြီ.. ကမ္ဘာခြားဂိတ်တံခါး နောက်ဆုံးပွင့်တဲ့ အချိန်က လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က မဟုတ်လား"

"ဟုတ်ပါတယ်"

ကျန်းလျှို့ယွဲ့က လက်တွေ့ကျကျ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ကမ္ဘာခြားဂိတ်က နတ်ဆိုးတွေက ကမ္ဘာကို ဝင်ရောက်ပြီး သိပ်မကြာမီ အကြောင်းပြချက် တစ်ခုနဲ့ ဆုတ်ခွာသွားခဲ့တယ်.. ပြင်ပကမ္ဘာမှာတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ထင်မြင် ယူဆချက်တွေ ရှိနေကြတယ်.. ဒါပေမယ့် အမှန်တရားနဲ့ ပတ်သက်လာရင် လက်ရှိ သတင်းတွေရဲ့ ယုံကြည်စိတ်ချရမှုက အကန့်အသတ် ရှိတယ်.. ကောလဟလတွေ ပျံ့နေသလို နတ်ဆိုးတွေက ဗိုလ်ချုပ်ရီကို ကြောက်လို့ထွက်ပြေးတယ် ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျောက်သရဲ မျက်နှာဖုံးထဲမှ ကွာဖီ၏ ငြင်းဆိုသံက ချက်ချင်းပင် ထွက်ပေါ်လာသည်။

"ရီကျန့်ချွမ် နဲ့ ငါက တစ်ယောက်နဲ့ တစ်ယောက် သိလာတာကြာပြီ.. သူ့အစွမ်းအစတွေကို ငါကောင်းကောင်း သိတယ်.. သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကမ္ဘာခြား ဂိတ်တံခါးက နတ်ဆိုးဘုရင်တွေကို ကြောက်ချီးပန်းပြီး ထွက်ပြေးအောင် လုပ်ဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျန်းလျှိုယွဲ့ အံ့ဩသွားသည်။

"အရှင်.. ဘာလို့ကမ္ဘာခြားဂိတ် အကြောင်း ရုတ်တရက် ပါလာရတာလဲ"

"ဘာလို့လဲဆိုတော့ အဲဒါက ကျောင်းသားတွေရဲ့ အသက်ဓာတ် အဆီအနှစ်တွေကို စုပ်ယူဖို့ စီစဥ်ထားတဲ့ အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ပဲ"

ကွာဖီ "ဒီနှစ်ရက်အတွင်း လပြည့်နေ့ ရောက်လာတော့မယ်.. ငါအရှင်ကိုယ်တိုင် ကမ္ဘာခြား ဂိတ်တံခါးကို ဆင့်ခေါ်ဖို့ မကောင်းတဲ့ စွမ်းအင်တွေကို စုဆောင်းနိုင်တဲ့ မှော်အစီအရင်ကို ခင်းကျင်းမယ်.. နတ်ဆိုးတွေ ကမ္ဘာကို ဆင်းသက်လာတဲ့အခါကျရင် သူတို့ကို အကာအကွယ်ယူပြီး ငါ့အစီအစဉ်ကို အကောင်အထည် ဖော်ရမယ်"

ကွာဖီက ခွန်အားအပြည့်အဝ ပြန်မရမီ သူ့ကိုယ်သူ ထုတ်ဖော်မပြချင်ခဲ့ပေ။

အကယ်၍ သူသာ ကမ္ဘာခြားဂိတ်တံခါးကို ဆင့်ခေါ်ခဲ့မည်ဆိုလျှင် ဤနောက်ပိုင်း သူကျူးလွန်သမျှ ကိစ္စတိုင်းကို နတ်ဆိုးမျိုးနွယ်က ခေါင်းခံရမည် ဖြစ်သည်။

ဆိုရလျှင် ကွာဖီက သူလုပ်သမျှ ကိစ္စတိုင်း အတွက် နတ်ဆိုးမျိုးနွယ်ကို အပြစ်ပုံချရန် စီစဥ်ထားခြင်း ဖြစ်၏။

ထိုသို့ရှင်းပြမှုကို ကြားမှသာ ကျန်းလျှိုယွဲ့ တစ်ယောက် လုံးလုံးလျားလျား သဘောပေါက်သွားခဲ့သည်။

ဤသည်က လမ်းကြောင်းလွှဲသည့် အစီအစဉ်တစ်ခုသာ။

သို့သော် ဤတစ်ခေါက်တွင် အဆင်ပြေပြေ အကောင်အထည် ဖော်နိုင်ပါမည်လော။

ကျန်းလျှိုယွဲ့က တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့ချေ။

သို့သော် သူမ စိတ်ထဲတွင်မူ စိုးရိမ်စ ပြုလာသည်။

....................

ဇွန်လ ၁၄ ရက်၊ စာသင်နှစ်၏ အဋ္ဌမမြောက်အပတ် အင်္ဂါနေ့ဖြစ်သည်။

စာသင်ကျောင်း ခြောက်ခု၏ စုပေါင်း စစ်ရေးလေ့ကျင့်မည့်နေ့သည် နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

အမှတ်၅၉နှင့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများမှာ အဓိက အထက်တန်းကျောင်း လေးကျောင်းမှ ကျောင်းသားများနှင့် အတူ ပြိုင်ပွဲတွင် ပါဝင်ရမည်ဖြစ်သည်။

ဤစုပေါင်း စစ်ရေး လေ့ကျင့်မှုက အာရုံစိုက်မှုများစွာကို ရရှိစေခဲ့သည်။

ယနေ့ နံနက် ဝမ်လင်း ကျောင်းသို့ ရောက်သောအခါတွင် ကျောင်းတံခါးအပြင်ဘက် လမ်းတစ်လျှောက်၌ ဘတ်စ်ကားများစွာ တန်းစီနေသည်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် ဆရာဝမ်မှာ နံနက်ပိုင်း တာဝန်ကျ ဆရာ/ဆရာမများနှင့် အစည်းအဝေး ပြုလုပ်နေသည်။

အတန်းတိုင်းမှ ကျောင်းသားများမှာ အားကစား ကော်မတီဝင်များ၏ လမ်းညွှန်မှုဖြင့် ကျောင်းဂိတ်ဝတွင် တန်းစီနေကြသည်။

အမှတ် ၆၀ အထက်တန်းကျောင်းရှေ့ရှိ တံခါးဝတွင် ကျောင်းသားများမှာ ကျောက်ဆစ်ရုပ်များပမာ ငြိမ်သက်စွာမတ်တပ်ရပ်နေကြ၏။

လောလောဆယ်တွင် ဂိတ်ဝ၌ ကျောင်းသား သုံးရာကျော်ခန့် တန်းစီ၍ ရပ်နေသည်။

တန်းစီနေရင်း ကော်ဟောက်က ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်သည်။

"ငါတို့ကို ဦးဆောင်မယ့် စစ်သင်တန်းဆရာတွေ ကျောင်းကို ရောက်နေပြီလို့ ကြားတယ်..."

"ဒါဆို သူတို့ဘယ်မှာလဲ"

မြေပဲလေးက တိုးတိုးလေးမေးလိုက်သည်။

"အတန်းဖော် စွန်းရုံက အမှတ် ၅၉ အထက်တန်းကျောင်းက ပြန်လာပြီလေ.. ရက်အတော်ကြာ ဖလှယ်မှုပြီးတဲ့နောက်မှာ သူမက အရေးကြီးတဲ့ အချက်အလက်တွေကို အတော်များများ စုဆောင်းမိခဲ့ပုံပဲ...အခု အတန်းဖော်စွန်းရုံက နံနက်ခင်းဆရာများ အစည်းအဝေးမှာ သူမရဲ့ အတွေ့အကြုံတွေကို မျှဝေနေပုံရတယ်"

ကော်ဟောက် "ဒီတစ်ခေါက် သင်တန်းဆရာတွေက ဟွာကောရေတံခွန် လုပ်ငန်းစုရဲ့ ချိတ်ဆက်မှုကို အသုံးပြုပြီး ခေါ်ခဲ့တာလို့ ငါ့ဦးလေး တစ်ယောက်ဆီက ကြားထားတယ်.. သူတို့တွေက ရွှေတံဆိပ်ဆု ရထားတဲ့ ဆရာတွေပဲ.. သူတို့အားလုံးက အလွန်မြင့်မားတဲ့ နယ်ပယ်က ကျင့်ကြံသူတွေလို့ ငါသိထားတယ်.. သူတို့က ကမ္ဘာခြားဂိတ်က နတ်ဆိုးမျိုးနွယ်စုရဲ့ ကျူးကျော်ဝင်ရောက်မှု ပထမဆုံးလှိုင်းကို ဆန့်ကျင်ခဲ့ကြတဲ့ စစ်သည်ဟောင်းတွေလည်း ဖြစ်ကြတယ်"

"ဒါဆို သူတို့အားလုံးက သမိုင်းဝင် စစ်သည်တော်ဟောင်းတွေပေါ့"

"ဒါ့အပြင် သူတို့အားလုံးမှာ အရေးကြီးတဲ့ လက္ခဏာတစ်ခုစီ ရှိကြတယ်.. သူတို့အားလုံးက အတွေ့အကြုံရှိတဲ့ အဂ္ဂိရတ် ဆရာတွေပဲ"

ကော်ဟောက်၏ စကားကိုကြားလျှင် လူအုပ်ထဲမှ ဝမ်လင်းက ရင်းနှီးသည့် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် သူက ဆိုးရွားသည့် ခံစားချက်ကို ရနေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်.. အဝေးမှ အလင်းတန်းများက သူတို့ဆီသို့ လင်းလက်လာသည်။

ဝမ်လင်းက ကောင်းကင်မှ အေးစက်စက် ရုပ်ပုံလွှာကို မြင်လိုက်ရသည်။

ရိုးရာဝတ်စုံကို ဝတ်စားထားသည့် မီးခိုးရောင်ဆံပင်နှင့် သွယ်လျ ချောမောသော အမျိုးသား တစ်ယောက်က ဓားပျံကိုစီးနင်းလာသည်။

"အင်မော်တယ်ထုန်ရာပါလား"

................

အင်မော်တယ်ထုန်ရာ၏ ဓားပျံစီးနေသည့် ဟန်ပန်က အက်ရှင်ရုပ်ရှင်ကြယ်ပွင့်ကဲ့သို့ အလွန်အထာကျသည်။

သူ၏ လှုပ်ရှားမှုတိုင်းက လူတိုင်း၏အကြည့်ကို ဆွဲဆောင်နေ၏။

ဓားပျံပေါ်မှ သူ၏ ပုံစံက အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ပါးနှယ်။

ဟုတ်ပါသည်။ ကျင့်ကြံခြင်း နယ်ပယ်မြင့်မားသူများမှာ မည်ကဲ့သို့ပင် လှုပ်ရှားစေကာမူ အေးချမ်းလှသည်။

ယနေ့ခေတ်တွင် ရုပ်ရှင်ဖန်တီးသူများမှာ ကြိုးများဆွဲရန် မလိုအပ်တော့ပေ။

အင်မော်တယ်ထုန်ရာ၏ တရားလွန် ချောမောသော အသွင်အပြင်က အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသူလေး တစ်စုကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

ဝမ်လင်းက မျက်နှာသေ အမူအရာဖြင့် တန်းစီနေ၏။

ရိုးရိုးသားသား ဝန်ခံရလျှင် သူက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည်။

သူတို့ကို ဦးဆောင်မည့်သူက အင်မော်တယ်ထုန်ရာ ဖြစ်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ဤသည်မှာ ဤတစ်ခေါက် စစ်ရေးလေ့ကျင့်မှုက ကျောင်းအုပ်ကြီး ချမ်း အတွက် မည်မျှအရေးကြီးကြောင်း သက်သေပြရန် လုံလောက်သည်။

စစ်ရေးလေ့ကျင့်မှုတွင် အောင်ပွဲရရန် လေးဆယ် ရာခိုင်နှုန်းမှာ ထူးချွန်သော နည်းပြဆရာကို အားကိုးရပေမည်။

ကျန်ခြောက်ဆယ် ရာခိုင်နှုန်းတွင် ငါးဆယ် ရာခိုင်နှုန်းမှာ စွမ်းဆောင်နိုင်မှု အပေါ်တွင် မူတည်ပြီး ဆယ်ရာခိုင်နှုန်းမှာ ကံတရား အပေါ်တွင် မူတည်သည်။

တကယ်တမ်းတွင် အင်မော်တယ်ထုန်ရာကို စျေးသက်သက်သာသာဖြင့် ဌားရမ်းခဲ့ခြင်း မဟုတ်ပေ။

တစ်စုံတစ်ယောက်က သူနှင့် ချိန်းဆိုချင်လျှင် ကြိုတင်စာရင်းသွင်းခမှ လွဲ၍ ဆေးလုံး သန့်စင်ရန် အတွက် အနည်းဆုံး ယွမ် တစ်ဘီလီယံခန့် ကြိုတင် ပေးချေရမည် ဖြစ်သည်။

ဤသည်က ထိပ်တန်းအဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်ကို အချိန်ပိုင်း ဌားရမ်းသည့် ကုန်ကျစရိတ် တစ်ခုသာ ဖြစ်သည်။

ကျောင်းက ဤတစ်ကြိမ်တွင် အင်မော်တယ် ထုန်ရာကို သင်ကြားပြသပေးရန် ဖိတ်ခေါ်မှု အတွက် ဟွာကောရေတံခွန် လုပ်ငန်းစု၏ စပွန်ဆာကို အသုံးပြုခဲ့သော်လည်း နောက်ကွယ်တွင် ငွေအမြောက်အမြား ထပ်မံ သုံးစွဲရဦးမည်ဟု ဝမ်လင်းက ထင်မြင်ခဲ့သည်။

သူအတွေးနက် နေစဥ်မှာပင် အင်မော်တယ်ထုန်ရာက သူတို့အနီးသို့ ဓားပျံစီး၍ ပျံသန်းလာသည်။

သူ၏ နှင်းကဲ့သို့ ဖြူဆွတ်နေသော ရိုးရာဝတ်စုံက လေထဲတွင် တဖျပ်ဖျပ် လူးလွင့်နေသည်။

ဤပုံရိပ်က အနီးအနားရှိ မိန်းကလေးများကို ကူကယ်ရာမဲ့စွာဖြင့် ရှက်သွေး ငယ်ထိပ်သို့ ဆောင့်တက်စေခဲ့၏။

သူအလေးစားရဆုံး စီနီယာလင်းက လူအုပ်ထဲတွင် တန်းစီနေသည်ကို အင်မော်တယ်ထုန်ရာ မသိခဲ့ပေ။

အင်မော်တယ် ထုန်ရာက Grade1 အခန်းသုံး၏ ကျောင်းသားများ အနီးသို့ ရောက်သောအခါ ဝမ်လင်းနှင့် မထင်မှတ်ဘဲ အကြည့်ချင်းဆုံမိပြီး စိတ်လွတ်မလိုပင် ဖြစ်သွားရသည်။

"လင်း.. လင်းကျန်ရန်လား"

"ဘာလဲဟ"

"လင်းကျန်းရန်က ဘာလို့ ဒီမှာ ပေါ်လာတာလဲ"

All Chapters