မင်းကအရူးပဲ
Vol. 14 Ch. 209
အင်မော်တယ်ထုန်ရာက ဝမ်လင်းကို မြင်လိုက်ရပြီးနောက် စိတ်လွတ်မလိုပင် ဖြစ်သွားသည်။
သူ့တွင် ဓားပျံစီးရင်း ပြုတ်ကျတတ်သည့် အလေ့အထ မရှိ၍သာ ကံကောင်းသွားခဲ့သည်။
သို့မဟုတ်လျှင် အမှတ် ၆၀ အထက်တန်းကျောင်း၏ အရှေ့ဘက် ဂိတ်တံခါးတွင် ရှိသည့် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ကျောက်ရုပ်ထုကြီးမှာ လုံးဝ ပြိုကျသွားလိမ့်မည်သာ။
ထို့အပြင် အမှတ် ၆၀ အထက်တန်းကျောင်း တဝိုက်ရှိ ဒါဇင်နဲ့ ချီသည့် အချင်းဝက်အတွင်းမှာ ရှိသော အရာအားလုံးကလည်း တုန်ခါမှုဒဏ်ကို ခံခဲ့ရလိမ့်မည်။
ဆိုရလျှင် လေထဲမှ ပြုတ်ကျလာသည့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ရိုက်ခတ်မှုက ဤမျှ ကြောက်စရာကောင်းသည်။
သို့ရာတွင် အင်မော်တယ်ထုန်ရာက အထက်တန်းကျောင်း တစ်ခုတွင် ကျောင်းသား ဘဝ အတွေ့အကြုံရရန် ပညာသင်ကြားနေသော စီနီယာလင်း၏ သတင်းကို ပြန်အမှတ်ရမိသွားသည်။
စီနီယာလင်းက အဓိက အထက်တန်းကျောင်းများကို မရွေးချယ်ဘဲ သာမန် အထက်တန်းကျောင်းကိုသာ ရွေးချယ်ခဲ့သည်။
သူတို့လို သာမန်လူတွေက စီနီယာလင်း၏ အတွေးအခေါ်ကိုလိုက်မမီတော့ပေ။
ဤသည်က စီနီယာလင်း နှင့် သူ့ကြားက ကွာဟချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
အင်မော်တယ် ထုန်ရာက သူ့နှလုံးသားထဲကနေ ရုတ်တရက် သက်ပြင်းချလိုက်သည်။
ကျောင်းအုပ်ကြီးချမ်းမှာ ကျောင်းအဆောက်အဦး၏ ပင်မဝင်ပေါက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။
အင်မော်တယ်ထုန်ရာ ရောက်လာသည်ကို မြင်လျှင် အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"အင်မော်တယ်ထုန်ရာ အဆင်ပြေရဲ့လား"
ကျောင်းအုပ်ကြီး ချမ်း၏ မေးခွန်းကို ကြားလျှင် အတွေးထဲ နစ်မြောနေသည့် အင်မော်တယ်ထုန်ရာက သတိပြန်ဝင်လာသည်။
ကျောင်းအုပ်ကြီးက သူ့ကို သံသယစိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလျှင် သူက ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။
"အင်း ငါအဆင်ပြေပါတယ်.. ငါ့ရဲ့ အတိတ်ကို ပြန်သတိရသွားလို့ပါ.."
စီနီယာလင်းနှင့် ပတ်သက်၍ ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အင်မော်တယ်ထုန်ရာက တွေ့ကရာ ဆင်ခြေတစ်ခုကို ကောက်ပေးလိုက်သည်။
သူက အခြေအနေပေါ်လိုက်၍ လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းရှိသည်။
တကယ်လည်း ကျောင်းကဲ့သို့ နေရာမျိုးမှာ အတိတ်ကို လွမ်းမောဖွယ် နေရာမျိုး ဖြစ်သည် မဟုတ်ပါလား။
ဟွာရှို့နိုင်ငံကို ထူထောင်ပြီးနောက်တွင် ပျံကျ ကျင့်ကြံသူများ တည်ထောင်ထားသည့် ဂိုဏ်းအများစုမှာ ဖျက်သိမ်းခံခဲ့ရ၏။
အနည်းစုသာ အစိုးရ၏ ခွင့်ပြုချက်ကို ရရှိခဲ့သည်။
ထို့ကြောင့် ဝမ်လင်းကြောင့် မဟုတ်ဘဲ အင်မော်တယ်ထုန်ရာ၏ နှလုံးသားမှာ အမှန်တကယ်ပင် အတိတ်ကို လွမ်းဆွတ်နေခဲ့၏။
အမှတ် ၆၀ အထက်တန်းကျောင်း၏ သက်တမ်းမှာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ ဖြစ်သည်။
..................
နံနက် ရှစ်နာရီ တိတိတွင် အမှတ် ၆၀ အထက်တန်းကျောင်းမှ ဘတ်စ်ကားများ ထွက်ခွာသွားခဲ့သည်။
လမ်းတွင် မြေပဲလေးက အလွန် လက်တွေ့ကျသော မေးခွန်းကို မေးခဲ့သည်။
"ဒီရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုအတွင်း လိုအပ်တဲ့ပစ္စည်းတွေကို ဘယ်နေရာက ရတာလဲ"
ယခင်က အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းတို့၏ ဝိညာဥ်ဓား ဖလှယ်ပွဲအတွင်း အသုံးပြုခဲ့သည့် ပစ္စည်းများကို စီစဥ်ပေးသူမှာ ဗိုလ်ချုပ်ရီဖြစ်သည်။
ဤမေးခွန်းမှာ ဦးတည်ရာသို့ ရောက်သည်နှင့် အရင်ဦးစွာ ဖြေဆိုရန် ဆရာဝမ် စီစဉ်ထားခဲ့သော မေးခွန်းကောင်းတစ်ခု ဖြစ်သည်။
ထိုမေးခွန်းကို မြေပဲလေးက လမ်းတွင် မေးလိုက်သော်လည်း ဆရာဝမ် အတွက် ရှင်းပြရန် အခက်အခဲ မရှိပေ။
"ဒီတစ်ကြိမ် ရှင်သန်ခြင်း စစ်ရေး လေ့ကျင့်မှု အတွက် မြေပုံပေါ်မှာ ပြန့်ကျဲနေတဲ့ မှော်ရတနာတွေ အားလုံးကို ဗိုလ်ချုပ်ရီက ဦးစီးပြီး ထုတ်လုပ်ခဲ့တာပါ... ဒါပေမယ့် ကျောင်းခြောက်ကျောင်းရဲ့ ကျောင်းသား အရေအတွက်ကြောင့် ကျွမ်းကျင်ပညာရှင်တွေက လွန်ခဲ့တဲ့သုံးလ ကတည်းက မှော်ရတနာတွေကို ဖန်တီးခဲ့ကြတယ်.. ဝိညာဥ်ဓားဖလှယ်ပွဲက မြေပုံထက် ပိုကြီးတာကြောင့် မှော်ရတနာ ထောင်သောင်းချီကို လိုအပ်တယ်လေ"
ဆရာဝမ်က ရှင်းပြလိုက်သည်။
"ထောင်သောင်းချီလား"
ဘတ်စ်ကားပေါ်ရှိ လူအနည်းငယ်က အံ့အားသင့်စွာ အော်ဟစ်လိုက့ကြသည်။
အဆင့်မြင့် မှော်ရတနာကို အသာထား၊ သုံးလဟူသည့် တိုတောင်းသော ကာလ အတွင်း၌ အရည်အသွေးနိမ့် မှော်လက်နက်များ အမြောက်အများ ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ စိတ်ကူးပင် ယဥ်နိုင်သော အလုပ်မဟုတ်ပေ။
ကော်ဟောက်က မေးစေ့ကို ပွတ်သပ်ရင်း သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။
သူက တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
"ငါသိသလောက်တော့ ဟွာရှိုု့နိုင်ငံမှာ မိသားစု နှစ်ခုကပဲ မှော်ရတနာတွေ အမြောက်အမြား ထုတ်လုပ်နိုင်တယ်"
"ဘယ်မိသားစုနှစ်ခုလဲ"
ချန်းချောင်က မေးလိုက်သည်။
"လန်ရှန်း နှင့် နယူးအောရီးယန့်"
ကော်ဟောက်က စိတ်အားထက်သန်စွာ ဖြေဆိုလိုက်သည်။
ချန်းချောင် အံ့အားသင့်သွား၏။
"ဟ သူတို့က မတူးဖော်တော့ဘူးလား အင်္ဂလိပ်လို မသင်တော့ဘူးလား"
"သူတို့က သူတို့ရဲ့ အလုပ်လိုင်းကို ပြောင်းလိုက်တာလေ"
"အခုခေတ်မှာ တူးဖော်တာ ဒါမှမဟုတ် အင်္ဂလိပ်စာ သင်ပေးတာကနေ ငွေရှာဖို့က မလွယ်တော့ဘူး.. ရွှေအမြူတေ အဆင့်ကျင့်ကြံသူက အဆောက်အအုံကို ဖြိုဖျက်နိုင်တယ်လေ...ဘာကြောင့် မြေတူးစက် လိုအပ်တော့မှာလဲ.. အင်္ဂလိပ်စာ သင်ပေးတာနဲ့ ပတ်သက်ရင်လည်း ငါတို့ ဟွာရှို့နိုင်ငံက ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကို ရောက်လာပြီးတဲ့ နောက်မှာ တစ်ကမ္ဘာလုံးက ဟွာရှို့ဘာသာစကားကို ပြောနေကြပြီလေ.. အင်္ဂလိပ်စာမှ မလိုအပ်တော့တာ"
လူတိုင်း "............."
...........................
လမ်းပေါ်တွင် တစ်နာရီခန့် ကြာပြီးနောက် အမှတ် ၆၀ အထက်တန်းကျောင်းမှ အဖွဲ့ဝင်များမှာ နောက်ဆုံးတွင် စုန့်ဟိုင်မြို့ အနောက်ဘက် ဆင်ခြေဖုံးရှိ စစ်ရေး လေ့ကျင့်ရေးစခန်းသို့ ရောက်လာခဲ့ကြသည်။
ဤစစ်ရေးလေ့ကျင့်မှုက ငါးရက်ကြာမည် ဖြစ်ပြီး အရေးကြီးဆုံး ဖြစ်သည့် ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုကို သဘက်ခါတွင် တရားဝင် စတင်မှာ ဖြစ်၏။
ဤနေ့တွင် ကျောင်းခြောက်ကျောင်းမှ ကျောင်းသားများမှာ တပ်မတော် အခြေစိုက်စခန်းတွင် စုဝေးနေကြသည်။
ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော အခြေစိုက်စခန်း၏ သံတံခါးကြီး နှစ်ခု ဖြည်းညင်းစွာ ပွင့်လာပြီးနောက်တွင် ဘတ်စ်ကားများက ဖြည်းညင်းစွာ မောင်းနှင်လာကြသည်။
ဤသည်မှာ ဒေသခံ ကျောင်းသားများ အတွက် စုန့်ဟိုင်မြို့ အစိုးရမှ အထူး တည်ဆောက်ထားသည့် သီးခြားစစ်ရေးလေ့ကျင့်ရေး စခန်းတစ်ခု ဖြစ်သည်။
၎င်းတွင် ယေဘုယျ အသုံးအဆောင်များ၊ သင်ကြားရေးအဆောက်အအုံများ၊ အဆောင်များ၊ အားကစားကွင်းကျယ် တစ်ခုနှင့် နည်းပညာမြင့် လေ့ကျင့်ရေး အခန်းများ ပါရှိသည်။
စစ်ရေး လေ့ကျင့်မှုအတွက် အဆောင်တစ်ခန်းတွင် လူလေးယောက်စီ နေရာချထားသည်။
ဝမ်လင်း၊ ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့က တစ်ခန်းထဲ ကျခဲ့ကြသည်။
တိုက်ဆိုင်သည်လားတော့ မပြောတတ်၊ သူတို့က အိပ်ဆောင်၏ ပထမထပ် အခန်း ၁၀၁ တွင် နေရာရခဲ့၏။
ဝမ်လင်းက အခန်း၁၀၁၏ နာမည်စာရင်းကို ကြည့်လိုက်ရာ သူတို့၏ နာမည်လေးခုကို မြင်လိုက်ရသည်။
သို့ရာတွင် ကော်ဟောက်နှင့် ချန်းချောင်က ပေါ်မလာခဲ့ပေ။
ထိုသို့ဖြစ်ရခြင်းမှာ ကော်ဟောက်က အဆောင်မှူးရာထူးရထား၍ လုပ်ပိုင်ခွင့် အနည်းငယ်ကို ရထားသည်။
သူက သူနှင့် အတူ အဖော်အဖြစ် အိပ်ရန် ချန်းချောင်ကို ခေါ်ဆောင်သွားခဲ့ခြင်းပင်။
ဝမ်လင်းနှင့် မြေပဲလေးတို့က သော့ကိုင်၍ တံခါးဖွင့်ရန် ပြင်လိုက်စဥ်မှာပင် အခန်းအတွင်း၌ တစ်စုံတစ်ယောက်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
"အခန်းထဲမှာ တစ်စုံတစ်ယောက် ရှိနေပုံရတယ်"
မြေပဲလေးက တိုးတိုးလေး ပြောလိုက်သည်။
အမှန်တကယ်တော့ ဝမ်လင်းက အိပ်ဆောင် အဆောက်အဦးထဲကို ဝင်လိုက်သည်နှင့် ထိုအငွေ့အသက်ကို ခံစားမိနေပြီဖြစ်သည်။
အခန်းထဲတွင် ပုန်းနေသည့်လူကိုလည်း သူ ခံစားနိုင်သည်။
အထူးသဖြင့် သူက ထိုလူ၏ အငွေ့အသက်ကို ရင်းနှီးနေ၏။
ဝမ်လင်းက တံခါးတစ်ဖက်ခြမ်းမှာ မတ်တပ်ရပ်နေရန် မြေပဲလေးကို လက်ပြ၍ အချက်ပေးလိုက်သည်။
ထို့နောက် သူက သော့ကို ထိုးထည့်ပြီး တံခါးလက်ကိုင်ကို လှည့်လိုက်သည်။
တံခါးကို ဖွင့်လိုက်သည်နှင့် အရိပ်တစ်ခုက အထဲမှ ပျံထွက်လာသည်။
"အတန်းဖော် ဝမ်လင်း သတိထား"
မြေပဲလေးက လျှို့ဝှက်လက်နက်ဟု ထင်ပြီး ထိတ်လ န့်စွာ အော်ဟစ်လိုက်သည်။
အနက်ရောင်အရိပ်က သူ့ဆီသို့ တည့်တည့် ပျံသန်းလာသော်လည်း ဝမ်လင်းက အလွန်တည်ငြိမ်မှု ရှိနေသည်။
သူ့ကို ထိလုနီးပါး အခြေအနေတွင် သူက ဘေးကို စောင်းငဲ့၍ လုံးဝ ရှောင်ထွက်လိုက်သည်။
ထို့ကြောင့် ဤအနက်ရောင်အရိပ်က တံခါးကို ဖြတ်၍ ဆန့်ကျင်ဘက်မှ နံရံနှင့် ဆောင့်မိကာ ပေါက်ကွဲသံပင် ထွက်ပေါ်လာသည်။
ဖုန်မှုန့်များ ပြန့်ကျဲသွားပြီးနောက်တွင် လျှို့ဝှက်လက်နက် တစ်ခုဟု သူထင်ခဲ့သည့် အနက်ရောင် အရိပ်မှာ လူတစ်ဦး ဖြစ်နေသည်ကို မြေပဲလေးက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
ထိုလူက အခန်းတွင်းမှ အရှိန်ဖြင့် ပျံထွက်လာသောကြောင့် ဦးခေါင်းတစ်ခုလုံး နံရံထဲ နစ်ဝင်နေသည်။
ဤလူက အချိန်အတော်ကြာ ရုန်းကန်နေသော်လည်း နံရံထဲမှ ရုန်းမထွက်နိုင်ခဲ့ပေ။
မြေပဲလေး ".............."
အဆုံးသတ်တွင် ဦးထုပ်ဆောင်းထားသော လူငယ်မှာ စိတ်လျော့လိုက်ပြီး အော်ဟစ် အကူအညီ တောင်းခဲ့သည်။
"လင်း.. မြန်မြန် ငါ့ကို လာကယ်ပါဦး.."
ဝမ်လင်းက နှလုံးသားထဲကနေ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
"ဝမ်မင်.. မင်းက အရူးပဲ"