ဗိုလ်ချုပ်ကြီး ရီလို ထူးချွန်သော လူကိုးဦး ရှိသည်
Vol. 14 Ch. 210
ယခုတစ်ကြိမ် စစ်ရေး လေ့ကျင့်မှု အခြေအနေက အနည်းငယ် အံ့ဩစရာ ဖြစ်သည်ဟု ဝမ်လင်း ခံစားမိသည်။
အင်မော်တယ်ထုန်ရာ စစ်သင်တန်းဆရာ ဖြစ်သည်ကို အသာထား၊ ဝမ်မင်ကပါ ပေါ်လာသည်။
ဝမ်လင်းက နံရံမှာကပ်နေသည့် ဝမ်မင်ကိုကြည့်ကာ စိတ်ထဲတွင် သက်ပြင်းကို ကျိတ်၍ချလိုက်၏။
ထို့နောက် ဝမ်မင်ကို နံရံထဲကနေ ဂရုတစိုက် ဆွဲထုတ်ပေးလိုက်၏။
ဝမ်မင်ကို မဆွဲထုတ်ဘူး ဆိုလျှင် ဝမ်မင်းက အသက်ရှုကြပ်ပြီး အာရုံကြောတွေ သေသွားနိုင်သည့် အလားအလာ ရှိနေသည်မဟုတ်လော။
အိပ်ဆောင်တွင် ကုတင်တစ်လုံး အပိုရှိနေသည်ကို ဝမ်လင်းသတိထားမိခဲ့သည်။
ထိုကုတင်က ဝမ်မင်အတွက် ဆိုသည်ကို တွေးကြည့်နေစရာပင် မလိုချေ။
လတ်ဆတ်သောလေကို အချိန်အတော်ကြာ ရှူရှိုက်ပြီး နောက်ဆုံးတွင် ဝမ်မင်က သက်ပြင်းချလိုက်သည်။
"ငါတီထွင်နေတာ ကြာပြီဖြစ်တဲ့ တူမီးပွားက တကယ်ပဲ ကျရှုံးသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"
ဝမ်လင်း"............."
မြေပဲလေး"............"
"မင်းက အတန်းဖော် ဝမ်လင်းရဲ့ မိတ်ဆွေထင်တယ်"
ဝမ်မင်က သူ့ကိုယ်သူ ဖုန်ခါလိုက်ပြီး မြေပဲလေး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ငါ့နာမည်က ဝမ်ရှောင်အာပါ"
အကြောင်းတစ်ခုခုကြောင့် မြေပဲလေး၏နှလုံးသားကကူကယ်ရာမဲ့ကာ တုန်လှုပ်နေသည်။
ဝမ်မင်ထံမှ ခွန်အားနှင့်ပတ်သက်သည့် မည်သည့်အရှိန်အဝါကိုမှ လုံးဝမတွေ့ခဲ့ပေ။
ထိုအချက်ကပင် ဤသူက အလွန် အန္တရာယ်များသော လူဖြစ်ကြောင်း သူ့ပင်ကိုယ်အသိက ပြောပြနေသည်။
ဤလူက အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည့် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်မှာ သေချာသလောက်ပင်။
ဝမ်မင် နှင့် လက်ဆွဲနှုတ်ဆက်စဉ် မြေပဲလေးက အတွေးနက်နေခဲ့သည်။
ဝမ်လင်း"..........."
"မင်းအဲဒီလောက်ထိ တွေးပစ်ရလား"
......................
ဝမ်လင်းက မြေပဲလေးအား အခန်းသော့ ပေးခဲ့ပြီး ဝမ်မင် လုပ်ထားသည့် အပေါက်ကို ပြုပြင်ရန် အတွက် မြေကြီးအဆင့် မှော်စည်းတံဆိပ် တစ်ခုကို အသုံးပြုခဲ့သည်။
သူက ဝမ်မင်နှင့် လွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် တိတ်ဆိတ်သော နေရာကို ရှာဖွေခဲ့သည်။
စစ်ရေးလေ့ကျင့်မှု အတွက် အသုံးပြုနေသည့် အိပ်ဆောင်မှာ နိုင်ငံတော်ပိုင် ပစ္စည်း ဖြစ်၏။
ယင်းကဲ့သို့ အပေါက်အပြဲကို ချန်ထားခဲ့မည်ဆိုလျှင် တာဝန်ခံရမည်သာ။
အထက်တန်းကျောင်း ခြောက်ကျောင်းမှ ထောင်ပေါင်းများစွာသော ကျောင်းသားကျောင်းသူများ ရှေ့တွင် အပြစ်ပေးခံရမည်မှာ ရှက်ဖို့ကောင်းလွန်းသည် မဟုတ်ပါလား။
ဝမ်လင်းက ဝမ်မင်ကို အိပ်ဆောင်၏ ခေါင်မိုးပေါ်သို့ တည်နေရာရွှေ့ပြောင်း၍ ဆွဲခေါ်သွားခဲ့သည်။
ဝမ်မင်က နောက်ဆုံးတွင် ခမောက်ကို ချွတ်လိုက်ပြီး ၎င်း၏ ပတ်ပတ်လည်တွင် ချိတ်ဆွဲထားသည့် လောင်ချာငယ်လေး များကို ညွှန်ပြလိုက်သည်။
"အရင်က အနက်ရောင် သလင်းကျောက်ကို ငါရခဲ့တယ်.. အဲဒါက စကြာဝဠာမှာ အပြင်းထန်ဆုံး သတ္တုလည်း ဖြစ်တယ်.. အဲဒီပစ္စည်းက မင်းရဲ့ ဝိညာဥ်ရေး အာရုံတွေကို ရှုပ်ထွေးအောင် လုပ်နိုင်မယ်လို့ ငါ ထင်ခဲ့တာ.. ဒါပေမဲ့ အဲဒါက အလုပ်မဖြစ်ခဲ့ဘူး"
"အနက်ရောင် သလင်းကျောက်လား"
ဝမ်လင်းက ခမောက်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီး လက်ဆန့်ထုတ်၍ ချေမွလိုက်သည်။
"..........."
အချိန်အတော်ကြာပြီးနောက်တွင် ဝမ်မင်က စိတ်ထဲကနေ ညည်းတွားရင်း သက်ပြင်းချလိုက်သည်။
သူက ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
"လင်း.. ငါက မင်းအစ်ကိုပါ.. ငါ့ကို မျက်နှာသာ နည်းနည်းလောက် ပေးလို့ မရဘူးလား.. ငါမင်းနဲ့တွေ့တိုင်း ရူးသွပ်တော့မလို ခံစားရတယ်"
ဝမ်လင်းက ဘာမှပြန်မပြောဘဲ ဝမ်မင်ကို မေးခွန်းများ ပြည့်နေသော အမူအရာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ဝမ်လင်း၏ အမူအရာကို ကြည့်၍ ဝမ်မင်က ဝမ်လင်း ဘာမေးချင်သည်ကို သိသည်။
သူက ချက်ချင်းပင် လက်ကာပြလိုက်သည်။
"ငါဒီတစ်ခေါက် ရောက်လာတာက အလုပ်ကိစ္စနဲ့ပါ.. ဗိုလ်ချုပ်ရီက သုံးလထဲနဲ့ မှော်ပစ္စည်း အများအပြား ထုတ်လုပ်ထားတာကြောင့် အရည်အသွေးပိုင်းမှာ ပြဿနာ ရှိလာနိုင်တယ်လေ.. ပျက်စီးသွားတဲ့ ပစ္စည်းတွေကို ပြုပြင်ဖို့ ငါ့အဖွဲ့နဲ့အတူ ဒီနေရာကို ရောက်လာတာပါ"
ဤသည်မှာ အမှန်တရား ဖြစ်သည်။
ဝမ်မင်က ဝမ်လင်းထံတွင် စိတ်ဖတ်စွမ်းရည် ရှိသည်ကို သိထားသဖြင့် လိမ်စရာ အကြောင်းတော့ မရှိချေ။
ဝမ်မင်၏ ရည်ရွယ်ချက်ကို သိသွားပြီးနောက် ဝမ်လင်းက စိတ်သက်သာရာ ရသွားသည်။
ဝမ်မင်က သာမန် လူတစ်ယောက်သာ ဖြစ်သောကြောင့် သူ့သဘောနှင့်သူ ရောက်လာခဲ့လျှင် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို သူက စိုးရိမ်နေခြင်း ဖြစ်သည်။
ယခုတော့ ဝမ်မင်က အစိုးရ အကာအကွယ်နှင့် အတူ ရောက်လာသဖြင့် သူစိတ်အေးသွားရသည်။
အရိပ်အဖွဲ့ခေါင်းဆောင်၏ ညီမကို သူတို့က ပြန်ပေးဆွဲဖူး၍ ဤစစ်ရေးလေ့ကျင့်မှု အတွင်း အရိပ်အဖွဲ့က နောက်တစ်ကြိမ် နှောင့်ယှက်လာနိုင်သည်ကို သူကောင်းကောင်း သိသည်။
ရိုးရိုးသားသား ဝန်ခံရလျှင် နောက်ဆုံးအကြိမ်က ဖြစ်ပျက်သွားသည့် အဖြစ်အပျက်မှာ ဝမ်လင်းကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
ဝမ်မင်သာ မရှိတော့လျှင် သူ့အတွက် စွမ်းအား ထိန်းချုပ်သည့် စည်းတံဆိပ်များကို ပြုလုပ်ပေးမည့်သူ ရှိတော့မည် မဟုတ်ပေ။
ထိုကဲ့သို့ဖြစ်လာလျှင် နောက်ဆက်တွဲ ဘာဖြစ်လာမည်ကို ဝမ်လင်း ကိုယ်တိုင် မခန့်မှန်းနိုင်ချေ။
ခေါင်မိုးပေါ်မှာ ရပ်နေသည့် ညီအကိုနှစ်ယောက်၏ နှလုံးသားတွေက တစ်ကယ်ကို မှန်ချပ်တွေလိုပင်။
"အင်း.. ဒါနဲ့ လင်း.. မင်းစိတ်ဝင်စားနိုင်တဲ့ နောက်ထပ် သတင်း တစ်ခု ရှိသေးတယ်"
ဝမ်မင် ရုတ်တရက် ပြောလိုက်သည်။
"ငါ့ရဲ့ သုတေသနအဖွဲ့က မှော်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့အပြင် နောက်ထပ် တာဝန်တစ်ခုလည်း ရှိတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်က ငါတို့ သိပ္ပံအကယ်ဒမီကနေ ဟွာရှို့ နိုင်ငံရဲ့ ပုံမှန်မဟုတ်တဲ့ အော်ရာကို စစ်ဆေး သိရှိနိုင်တဲ့ ကိရိယာတစ်ခုကို တီထွင်ခဲ့တယ်.. မကြာသေးမီက ဒီစက်ပစ္စည်းကနေ ထူးဆန်းတဲ့ အချက်ပြမှုကို ငါတို့ တွေ့ခဲ့ရတယ်.. ငါတို့ရဲ့ ကနဦး ခန့်မှန်းချက်အရတော့ ဒီအချက်ပြမှုက ကမ္ဘာခြားဂိတ်နဲ့ ဆက်စပ်နေဖွယ် ရှိတယ်"
ဤတံခါးက နတ်ဆိုးကမ္ဘာ နှင့် လူ့ကမ္ဘာကို ချိတ်ဆက်ပေးသော တံခါးလည်း ဖြစ်သည်။
ဝမ်မင်၏ စကားကိုကြားလျှင် ဝမ်လင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားခဲ့သည်။
သူ့ပတ်ဝန်းကျင်တွင် ကမ္ဘာခြားဂိတ်နှင့် ပတ်သက်ဖူးသူ အများအပြား ရှိနေကြောင်း သူသဘောပေါက်ခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က ကမ္ဘာခြားဂိတ်ကနေသူ ကယ်တင်ခဲ့သော လုံခြုံရေး ခေါင်းဆောင်လီမှာ ဥပမာတစ်ခု ဖြစ်သည်။
နောက်ထပ် ဥပမာတစ်ခုမှာ လွန်ခဲ့သော ခြောက်နှစ်လောက်က ကောင်းကင်ကနေ ပြုတ်ကျလာခဲ့သည့် ထွင်ထျန်းဟာဖြစ်သည်။
ယခုတော့ ၎င်းက ခွေးတစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
"လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က နတ်ဆိုးစစ်တပ် ဆုတ်ခွာသွားပြီးနောက်မှာ ဗိုလ်ချုပ်ရီက ကမ္ဘာခြားဂိတ်တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ဖို့ တခြား ဗိုလ်ချုပ်ကိုးဦးနဲ့ ပူးပေါင်းခဲ့တယ်.. လက်တွေ့ကျကျ ပြောရရင် ဒီတံခါးက ရေတိုမှာ ထပ်ပွင့်ဖို့ မဖြစ်နိုင်ဘူး...အနည်းဆုံးတော့ အနှစ်တစ်ရာ ဒါမှမဟုတ် အနှစ်တစ်ထောင်တော့ ကြာသင့်တယ်"
ဝမ်မင်က သူ့ကိုယ်ပိုင် ယူဆချက်ကို တင်ပြလိုက်သည်။
"ဒါကြောင့် ကမ္ဘာခြားဂိတ်က အော်ရာ အတက်အကျကို ထောက်လှမ်းမိတာက ပုံမှန်မဟုတ်ဘူးလို့ ငါထင်တယ်.. တစ်ယောက်ယောက်က နတ်ဆိုးတွေကို ဆင့်ခေါ်ပြီး ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေတယ်လို့ ငါ သံသယ ဖြစ်မိတယ်"
ကမ္ဘာခြားဂိတ်ပေါက်မှ အော်ရာအတက်အကျကို ထောက်လှမ်းမိခြင်းမှာ တကယ်ကို ဆန်းကြယ်လွန်းနေသည်။
သူ၏ ထင်မြင်ယူဆချက် အတွက် အခြေခံအချက် အချို့ရှိခဲ့သည်။
ဗိုလ်ချုပ်ရီက မည်သူနည်း။
သူက နိုင်ငံကို စတင် တည်ထောင်သည့် ဗိုလ်ချုပ်ဆယ်ဦးအနက်မှ တစ်ဦးဖြစ်သည့် အပြင် အခြားဂြိုလ်များ အကြား ပဋိပက္ခများကို ဖြေရှင်းရန် မကြာခဏ စေလွှတ်ခံရသော အာကာသ အတွင်း ငြိမ်းချမ်းရေး သံတမန်တစ်ဦးလည်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးရီ တစ်ယောက်ထဲဆိုလျှင်ပင် ကမ္ဘာခြားဂိတ်ကို အနှစ်တစ်ရာလောက် စည်းတံဆိပ်ခတ်ဖို့ လုံလောက်၏။
သို့သော် ထိုအချိန်က ဂိတ်တံခါးကို စည်းတံဆိပ်ခတ်ရန် လက်တွဲခဲ့သော ဆယ်ယောက် အုပ်စုတွင် ဗိုလ်ချုပ်ရီ ကဲ့သို့ ထူးချွန်သော အခြားကိုးဦး ရှိပါသေးသည်။
တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦး ကိုယ်တိုင် အတူတကွ ခတ်ထားသော စည်းတံဆိပ်က မည်မျှ ခိုင်ခံ့မည်ကို တွေးကြည့်ရုံဖြင့်ပင်သိနိုင်သည်။
၎င်းတို့၏ ရည်ရွယ်ချက်မှာ ဟွာရှို့နိုင်ငံကို ကမ္ဘာခြားဂိတ်ပေါက်မှ အနည်းဆုံး အနှစ်တစ်ထောင် အထိ ကာကွယ်ထားရန် ဖြစ်သည်။
သို့သော် ခြောက်နှစ်ကြာပြီးနောက်တွင် ကမ္ဘာခြားဂိတ်မှ အော်ရာ အတက်အကျများကို တဖန် ရှာဖွေတွေ့ရှိခဲ့သည်။
ဝမ်မင်က သူ၏ ပင်ကိုဗီဇအရ ထိုနောက်ကွယ်ရှိ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် စိတ်ဝင်တစား ရှိနေသည်။
သို့သော် ဝမ်လင်းကမူ ဤကိစ္စ နောက်ကွယ်မှလူက မည်သူဖြစ်သည်ကို ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
ရှင်ပြန်ထမြောက်သည့် ဖြစ်ရပ်ကို ဖုံးကွယ်ရန် အတွက် ပရမ်းပတာ ဖြစ်စေရန် အလိုချင်ဆုံးသူ.. မိစ္ဆာ အင်ပါယာကွာဖီ
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စက အမှန်တကယ် အာရုံစိုက်သင့်သည်ဟု ဝမ်လင်း ခံစားမိသည်။