ပြင်းထန်လွန်းသောနှင်းမုန်တိုင်း.....
Vol. 8 Ch. 108
ကျန်းချန်ရှန်းသည် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ကို မဟာဝိညာဉ်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။ ပိုင်ချီ ကို သူကြည့်လိုက်တော့ သူမ အရမ်းထိတ်လန့်သွားပြီး တုန်လှုပ်နေသည်ကိုမြင်နေရသည်။
သူမ သူ့အနားသို့ အလျင်အမြန်ရောက်လာပြီး..... “ဆရာတော်...ဒီကျွန် အရမ်းပင်ပန်းနေပြီ...မနက်ဖြန်မှ ဆက်လှည်းလို့ရမလား.."
သူမ ဘယ်လောက်လှည်း လှည်း နှင်းတွေကရပ်တန့်မည့်ပုံမပေါ်ပေ။ ရက်စက်ကြမ်းကြုတ်သောကောင်းကင်ဘုံက သူမကို ဆန့်ကျင်နေပုံရသည်။
ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သဖြင့် ပိုင်ချီ သည် လေးလံသောဝန်ထုပ်ဝန်ပိုးကို သူမ၏ပခုံးမှ ရုတ်သိမ်းလိုက်သလို ခံစားလိုက်ရသည်။ သူမ စိတ်အားထက်သန်စွာ ဆေးကျိုအိုးရှေ့သို့ သွားပြီး လှဲချလိုက်သည်။ အိုးအောက်တွင် မီးခဲများရှိနေသဖြင့် သူမကို နွေးထွေးစေနိုင်သည်။
ကျန်းချန်ရှန်း မြို့တော်ဘက်သို့ လှည့်ကြည့်လိုက်သည်။
နှင်းများသည် ယခင်နှစ်များထက် ထူးထူးခြားခြား ထူထပ်နေသည်..... တစ်ခုခုလွဲချော်နေတာများလား...... တစ်ခုခုဖြစ်နေပြီဆိုတဲ့ ခံစားချက်မျိုး ခံစားနေရတယ်......
ချန်းဝူ ခေတ် ၃၉ နှစ်တွင် နွေဦးရောက်သည့်တိုငမ ဆီးနှင်းများ ဆက်လက်ကျဆင်းခဲ့သည်။ ပြည်နယ် 49 ခုအနက် 30 ကျော်တွင် နှင်းမုန်တိုင်းများ ကျရောက်ခဲ့ကြောင်း သိရသည်။
တော်ဝင်စာကြည့်ဆောင်၌........
ကျန်းဇီယုက..... "ဘာဖြစ်နေတာလဲ..... နှင်းတွေဘာလို့အရမ်းထူထပ်နေတာလဲ...ကံကြမ္မာမင်းဆက်မှာ ဒါမျိုးမဖြစ်သင့်ဘူးမလား......”
ဟန်ထျန်းကျီက သူ့ဘေးမှာ ထိုင်နေပြီး နွေးထွေးအောင်မီးလှုံနေရင်းကနေ......
"တကျန်းရဲ့ ကံကြမ္မာ တိုးတက်လာတာကို ကျွန်တော် သတိပြုမိပါတယ်.....ပြဿနာက တကျန်းနဲ့မဟုတ်ဘဲ ကမ္ဘာနဲ့ဆိုင်တယ်....”
"အိုး? ဘာကိုဆိုလိုတာလဲ?"
“တကျန်းမှာတင် နှင်းတွေကျနေတာမဟုတ်ဘူး......”
ဒါကိုကြားတော့ ကျန်းဇီယု က မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအချိန်တွင် ၀တ်ဖြူတော်အစောင့်တစ်ဦး အခန်းထဲသို့ ဝင်လာပြီး လျှို့ဝှက်စာတစ်ဆောင်ပေးအပ်ခဲ့သည်။
ကျန်းဇီယု စာကို ဖတ်ကြည့်ပြီးနောက် ချက်ခြင်းပင် ရွှင်မြူးသွားသည်။
ဟန်ထျန်းကျီက..... "ဘာအကြောင်းအရာမို့လို့ အရှင် ဒီလောက်တောင် ဝမ်းသာနေတာလဲ......"
ကျန်းဇီယုက စာကို ဟန်ထျန်းကျီအား ပေးကာ ဝတ်ဖြူတော်အစောင့်ကို ကြည့်လိုက်သည်။
"ဘဏ္ဍာတိုက်ထဲကနေ မြေအောက်မီးတောက်ကျောက်စိမ်းကိုထုတ်ယူပြီး တာအိုဘိုးဘေးဆီပို့ပေးလိုက်...."
ဝတ်ဖြူတော်အစောင့်တပ်သားက အမိန့်ကိုလက်ခံပြီး ချက်ချင်း ပြန်ထွက်သွားလေသည်။
သက်ပြင်းချရင်း ဟန်ထျန်းကျီ၏ညာလက် တုန်ရီနေ၏။.
“ဒါက ရွှေရောင်အလင်းတန်းပဲလား.... မိုင် 80,000 အကွာကနေ ရွှေခန္ဓာနယ်ပယ်ပညယရှင်တစ်ယောက်ကို သတ်နိုင်တယ်ဆိုတော့ တာအိုဘိုးဘေးရဲ့ နည်းလမ်းတွေက စိတ်ကူးလို့တောင်လိုက်မမှီနိုင်တော့ဘူး...ဒီအတိုင်းဆို မဟာကန္တရမင်းဆက် ရှုံးနိမ့်တော့မှာသေချာတယ်.... ”
ကျန်းဇီယုက ပြုံးလိုက်ပြီး
"နှင်းကျတာ မကြာခင်ရပ်တန့်သွားဖို့ပဒ မျှော်လင့်ရတော့မယ်...."
ထို့နောက် သူတို့၏ ရယ်မောသံများ စာကြည့်ဆောင်ထဲတွင် ပဲ့တင်ထပ်ပျံ့လွှင့်နေလေ၏။
သို့သော် ကောင်းကင်ဘုံက ကျန်းဇီယု၏ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ မြို့တော်ရှိ နိုင်ငံသားများ ဖျားနာမှု ပိုများလာကာ အိမ်ရှေ့မင်းသား ကျန်းရှုလည်း ဖျားနာခဲ့သည်။
မနက်စောစောတွင်......
ကျန်းချန်ရှန်းက ကျန်းရှုကို ကုသရန် ရောက်လာသည်။ ကျန်းဇီယုနှင့် ဧကရီတို့ ဘေးနားတွင် ရပ်ကာ ထိတ်လန့်တကြား ကြည့်နေကြသည်။
“ စိတ်မပူကြစမ်းပါနဲ့.... ပြန်သက်သာလာမှာပါ......"
ကျန်းချန်ရှန်း၏စကားများက ကျန်းဇီယုနှင့် ဧကရီကို စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်စေခဲ့သည်။
ကျန်းဇီယုက ဧကရီကိုကြည့်ကာအစေခံများနှင့်အတူ ထွက်သွားခိုင်းလိုက်သည်။ထို့နောက် တံခါးကိုပိတ်ပြီး ကျန်းဇီယု ရှေ့သို့လှမ်းလာကာ.....
“အဖေ...... နှင်းမုန်တိုင်းကို ရပ်တန့်ပေးဖို့ နတ်ဘုရားစွမ်းရည်သုံးပေးလို့မရဘူးလား...”
ကျန်းချန်ရှန်းက အံ့သြတဲ့အမူအရာနဲ့ သူ့ကို လှည့်ကြည့်လိုက်သည်။
ခွေးသားလေး.... မင်းဘယ်လိုတွေ တောင်းဆိုနေတာလဲ.....လမင်းကိုဖမ်းပေးဖို့သာ တောင်းဆိုလိုက်ပါတော့လား...
ကျန်းဇီယု သူ့အကြည့်တွေကြောင့် အပြစ်ရှိသလိုခံစားရပြီး "အရမ်းများနေသလား" လို့ မဝံ့မရဲမေးလိုက်သည်။
ကျန်းချန်ရှန်းက ....“ဒါကို သိပ်မလွန်ဘူးလို့ ထင်နေတာလား.....”
ကျန်းဇီယုက ရယ်မောလိုက်ပြီး အရှက်ပြေ ချောင်းဟန့်ကာ.... “ဒီအအေးဒဏ်က ဘယ်လောက်ကြာမလဲ မသိဘူး.....ပြည်သူတွေ ရှင်သန်နိုင်မယ်လို့ပဲ မျှော်လင့်ရတော့မယ်.....”
ကျန်းချန်ရှန်းက ....."သဘာဝတရားကိုဘယ်အရာကတားဆီးနိုင်မှာလဲ....." ဟု ပြောပြီးသည်နှင့် ပြတင်းပေါက် မဖွင့်ဘဲ ပျောက်ကွယ်သွားသဖြင့် ကျန်းဇီယု အံ့သြသွားသည်။
'အဖေက အရမ်းအစွမ်းထက်ပေမယ့် ငါက အရည်အချင်းမရှိဘူး.....'
ကျန်းဇီယု၏ နှလုံးသား နာကျင်သွားသော်လည်း ကျန်းဂျန် အကြောင်း တွေးလိုက်သောအခါ စိတ်သက်သာလာသည်။ အနည်းဆုံးတော့ အဲဒီကလေးက ကျန်းချန်ရှန်းရဲ့ သွေးသားအမွေအနှစ်ကို အမွေဆက်ခံခဲ့သည်။
...................
ကျန်းချန်ရှန်း သစ်ပင်အောက်တွင် ဖြတ်ကနဲ ပေါ်လာပြီး စိတ်ထဲမှ မေးလိုက်သည်။
"ဒီနှင်းမုန်တိုင်းဖြစ်ရတဲ့ အကြောင်းအရင်းကို သိချင်တယ်"
[အမွှေးတိုင်အရေအတွက် 90,000 လိုအပ်ပါမည်။ ဆက်လက်လုပ်ဆောင်လိုပါသလား... ]
ဘာလို??????ဒီလောက်စျေးကြီးလား?
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ၎င်းကိုကြည့်ခြင်းအားဖြင့် နှင်းများထူထပ်စွာကျဆင်းနေခြင်းသည် တကျန်းကို ရည်ရွယ်ခြင်းမဟုတ်ပေ။ အခြားမင်းဆက်များတွင်လည်း ဆီးနှင်းများကျရောက်ခဲ့ကြောင်း ကိုးကွယ်ဆည်းကပ်သူများထံမှ ကြားသိရသည်။
မေလတွင် နှင်းမုန်တိုင်းရပ်ဆဲသွားပြီး ပြည်နယ် ၄၉ ခုတွင် နှင်းများ အရည်ပျော်လာသည်။
တစ်နှစ်ခွဲကျော်ကြာ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တကျန်းအား ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သည်။ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မရေမတွက်နိုင်သော နိုင်ငံသားများ သေဆုံးခဲ့ပြီး ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။ တရားဝင်လမ်းများစွာကိုပင် ပိတ်ဆို့ထားရပြီး အရှေ့သစ်တောမြေမှာလည်း အလားတူအခြေနေဆိုးနေသည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျန်းဇီယုသည် ရှေ့တန်းကို ကာကွယ်ရန် အမိန့်ပေးရုံမှတပါး ရွေးချယ်စရာမရှိပေ။
မဟာကန္တရမင်းဆက်က ရုတ်တရက်စစ်ချီလာမည်ကိုသာစိုးရိမ်နေရသည်။ ထိုသို့ဖြစ်လာသည်နှင့် တပြိုင်နက် ထောက်ပံ့ပို့ဆောင်ရေးတပ် လိုက်မမီနိုင်တော့ဘဲ အလွယ်တကူ ဝိုင်းရံခံရတော့မည်ဖြစ်သည်။ ထို့အပြင် ပင်းအန်းကလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ပြန်လည်သက်သာရန် အချိန်လိုအပ်သည်။
သို့သော်လည်း ပင်းအန်းကိုပြန်ခေါ်ဖို့ပြင်ထားသည်။ ကျန်းဇီယုက ဧကရာဇ်ယန်ကျောက်ကို ရှေ့တန်းကိုစောင့်ကြပ်ရန် အမိန့်ပေးခဲ့သည်။
တကျန်း သာမကဘဲ မင်းဆက်အားလုံးသည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး ပြန်လည်နလန်ထူဖို့ နည်းလမ်းများကို တွေးဆနေကြသည်။
တစ်ဖက်တွင်၊ လုံချီ ဘုရားကျောင်းတွင် ကိုးကွယ်သူ ပိုများလာသည်။ ထိုသို့သော နှင်းဘေးအန္တရာယ်ကို ကြုံတွေ့ပြီးနောက်တွင် ကောင်းကင်ဘုံက ဒေါသဖြစ်နေသည်ဟု သာမန်လူများက ထင်မှတ်ကြသဖြင့် အထူးသဖြင့် အမွှေးတိုင်ထွန်းညှိပြီး ခွင့်လွှတ်ရန် တောင်းပန်ကြသည်။ ထို့အပြင်၊ လုံချီဘုရားကျောင်းတွင် အမတနတ်ဘုရား တစ်ဆူရှိသဖြင့် ၎င်းထံမှကောင်းချီးများကို ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်ရှန်းအနေဖြင့် မင်းဆက်အတွက် စိတ်ပူစရာမလိုပေ။ လုံချီ ဘုရားကျောင်းသည် ကြီးလေးသောဒုက္ခများကိုမခံစားရဘဲ ခြံဝင်းအတွင်း နေ့ရက်များက ခါတိုင်းကဲ့သို့ ဆက်လက်တည်ရှိနေခဲ့သည်။
ဒီနေ့သ၌........
ကျန်းချန်ရှန်း သူ့မျက်လုံးကိုဖွင့်လိုက်ပြီး အမူအရာက ဆန်းကြယ်လာသည်။
တစ်ချိန်တည်းမှာပင် မြို့တော်၏ အနောက်ဘက်တံခါးတွင် .......
မြို့ထဲကိုဝင်ဖို့ တန်းစီနေတဲ့ လူတွေက အလွန်များပြားနေပြီး ၎င်းတို့ထဲတွင် အထုပ်အပိုးများလွယ်ထားသော ကျောင်းတော်သားတစ်ဦးနှင့် အဘိုးအိုတစ်ဉီးလည်း ရှိနေသည်။ကျောင်းတော်သားသည် တင့်တယ်သောအသွင်အပြင်နှင့် ဂုဏ်သိက္ခာရှိသော ရုပ်ရည်ရှိသည်။
“ဆရာ.... မြို့တော်က တကယ်ကို ထူးခြားတယ်နော်.... ဒီမြို့ရိုးတွေလည်း ခိုင်ခံ့လိုက်တာ.... ဝေစီရင်စုမှာရှိတဲ့ တခြားမြို့တွေနဲ့ ယှဉ်လို့မရဘူး......”
ကျောင်းတော်သားလူငယ်က တအံတသြမှတ်ချက်ပေးလိုက်သည်။ သူ့ရှေ့က အဖိုးအိုက ဖြူဖွေးနေသောဆံပင်များကိုနောက်ဘက်တွင်စုချည်ထားပြီး အစိမ်းရောင် ၀တ်စုံကို ၀တ်ထားကာ သူ့ညာလက်မှာ ဓားတစ်ချောင်းကိုင်ထားသည်။
အစိမ်းရောင်ဝတ်အဖိုးအိုက..... “တကျန်း မြို့တော်ဟာ တကယ့်ကို ထူးခြားတယ်....”
သူသည် အေးစက်သောအမူအရာဖြင့် လုံချီ တောင်နှင့် သိုင်းတောင်ထွတ်ကို အဝေးမှ လှမ်းကြည့်လိုက်သည်။
တစ်နာရီကြာပြီးနောက် ဆရာတပည့်နှစ်ဉီးသား နောက်ဆုံးတွင် မြို့ထဲသို့ဝင်ခဲ့ကြသည်။
ကျောင်းတော်သားလူငယ်က အလွန်စိတ်လှုပ်ရှားသွားပြီး..... “ဆရာကြီး....ကျွန်တော်တို့အရင်နေဖို့ နေရာရှာကြမလား... ဒါမှမဟုတ် လုံချီ ဘုရားကျောင်းကို အရင်သွားမှာလား....” ဟုမေးလိုက်သည်။
အစိမ်းဝတ်အဖိုးအိုက ....“စောနေသေးတယ်.... လုံချီ ဘုရားကျောင်းကိုမသွားခင် တခုခုစားကြရအောင်...."
“အင်းးး.... တာအိုဘိုးဘေးရဲ့အစွမ်းကို မျက်မြင်တွေ့နိုင်ပါ့မလား..."
စကားစမြည်ပြောရင်း မုန့်ပေါင်းဆိုင်သို့ ရောက်လာကာ မုန့်ပေါင်းနှစ်ခု ဝယ်လိုက်ပြီး စားသောက်ရင်း လုံချီ ဘုရားကျောင်းဆီသို့ လျှောက်သွားကြသည်။
"ဆရာ.... ဆရာဘာလို့ လုံချီ ဘုရားကျောင်းကို သွားချင်တယ်ဆိုတာ မပြောသေးဘူးလား"
ကျောင်းတော်သားလူငယ်က မုန့်ပေါင်းကိုပလုတ်ပလောင်းဝါးရင်း မေးလိုက်သည်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိတာ သုံးလပဲ ရှိပါသေးသည်။ နှင်းတွေဖုံးနေတဲ့ တောင်ပေါ်မှာ ကျောင်းတော်သားလူငယ်က အေးခဲပြီး သေလုနီးပါးဖြစ်နေသည်ကို အစိမ်းရောင်၀တ်အဘိုးအိုက ကယ်တင်ပေးခဲ့သည်။ နောက်ပိုင်းတွင် အစိမ်းရောင်၀တ်အဘိုးအိုသည် သိုင်းပညာတွင် အလွန်ကျွမ်းကျင်ကြောင်း မထင်မှတ်ဘဲ သိလာသောကြောင့် သူ့ကို တပည့်အဖြစ် အသိအမှတ်ပြုရန် တောင်းပန်ခဲ့သည်။ အတော် ခက်ခက်ခဲခဲ ကြိုးစားပြီးမှသာ တပည့်ဖြစ်ခွင့်ရခဲ့သည်။
" တာအိုဘိုးဘေးကို စိန်ခေါ်ချင်တယ်လို့တော့ မပြောနဲ့.... အစစ်အမှန်နတ်ဘုရားနယ်ပယ်တွေကသာတာအိုဘိုးဘေးကို စိန်ခေါ်ဖို့ အရည်အချင်းရှိတယ်လို့ကြားထားတယ်....”
ကျောင်းတော်သားလူငယ်ကသာ စကားဒိုင်ခံပြောနေပြီး အဖိုးအိုကို ပြန်ဖြေဖို့ အခွင့်အရေးမပေးခဲ့ပေ။
အစိမ်းဝတ်အဘိုးအိုသည်လည်း ဒါကို ကျင့်သားရနေပုံပေါ်သည်။
သူတို့နှစ်ယောက် မြောက်ဘက်မြို့တံခါးဆီသို့ လမ်းလျှောက်ခရီးနှင်နေကြပြီး မြို့မှ ထွက်ခွာပြီးနောက် သိုင်းတောင်ထွတ်သို့ တည့်တည့်သွားကြသည်။ ယခုအချိန်တွင်၊ မြောက်ဘက်မြို့တံခါးသည် သိုင်းတောင်ထွတ်၏သီးသန့်လမ်းဖြစ်လာသည်။ ကုန်သည်များနှင့် သာမန်လူများက မြောက်ဘက်မြို့တံခါးမှ မြို့ထဲသို့ ဝင်ရောက်ခွင့်မရှိပေ။
သိုင်းတောင်ထွတ်၏တောင်တက်လမ်းပေါ်သို့ လှမ်းတက်သောအခါ လမ်းပေါ်တွင် အရည်မပျော်သေးသော နှင်းဖြူဖြူများဖြင့် ဖုံးလွှမ်းနေသေးသည်။ တောင်ပေါ်လမ်းမှာ လူတွေနဲ့ ပြည့်နှက်နေပြီး အဆုံးကို မမြင်နိုင်ပေ။
“တကျန်းရဲ့ မြင့်မြတ်တဲ့မြေက မျှော်လင့်ထားသည့်အတိုင်း ခမ်းနားလိုက်တာ....!"
ကျောင်းတော်သားလူငယ်က ချီးကျူးစကားဆိုရင် လက်ကျန်မုန့်များကို ကိုက်ဝါးနေသည်။
ဆရာတပည့်နှစ်ဉီး တောင်ပေါ်မှ ဧည့်သည်များနောက်ကနေတန်းစီရင်း တောင်တက်လမ်းအတိုင်းတက်လာခဲ့ကြသည်။
လေးနာရီကြာတော့မှသာ သူတို့နှစ်ယောက် တောင်ပေါ်ရောက်ခဲ့ကြသည်။
ကျောင်းတော်သားလူငယ်က အသက်ပြင်းပြင်းရှူပြီး...... “ဆရာ....ကျွန်တော်တို့ ဘာလို့ လုံချီ မှာမနေတာလဲ.....ကျွန်တော့်မှာ ပိုက်ဆံရှိပါသေးတယ်....."
သူ့မိသားစုက ချမ်းသာကြွယ်ဝကြသည်။ လမ်းမှာ တခါလောက် လုယက်ခံရပေမယ့် သူ့ဖိနပ်အောက်မှာ ငွေစက္ကူတချို့ ဝှက်ထားခဲ့သဖြင့် သုံးဖို့ကျန်နေသေးသည်။
အစိမ်းရောင်ဝတ်အဘိုးအိုက လူငယ်၏စကားကိုလျစ်လျူရှုလိုက်ကာ လျှို့ဝှက်စာအုပ်တစ်အုပ်ကို ထုတ်ကာ လူငယ်ထံ လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ၏ ထိတ်လန့်တုန်လှုပ်သောအမူအရာကို လျစ်လျူရှုကာ ရှေ့နှစ်လှမ်းတိုး၍ တောင်တံခါးရှေ့တွင် ရပ်လိုက်သည်။
“ကျုပ်က ဓားဂိုဏ်းရဲ့ချင်းစုန်ဇီပါ.... တာအိုဘိုးဘေးကို စိန်ခေါ်ဖို့ မိုင်ပေါင်း ထောင်သောင်းချီပြီး ခရီးနှင်ခဲ့ပါတယ်..... ငါသေပြီးရင် သူရဲကောင်းသင်္ချိုင်းကို ဝင်ဖို့ ဆန္ဒရှိတယ် "
ထိုစကားကိုကြားသောအခါ ကျောင်းတော်သားဘးလူငယ် အံ့ဩသွားသည်။
အစိမ်းရောင်ဝတ်အဘိုးအို တာအိုဘိုးဘေးကိုစိန်ခေါ်နိုင်မည်ဟု ထင်ခဲ့သော်လည်း မဖြစ်နိုင်ဘူးလို့သာ ခံစားခဲ့ရသည်။ တာအိုဘိုးဘေးကိုစိန်ခေါ်ဖို့ လူတိုင်းမှာ အရည်အချင်းမရှိကြနိုင်ပေ။
အစိမ်းရောင်ဝတ်အဘိုးအို၏ အော်သံသည် တောင်တန်းနှစ်ခုကြားတွင် ပဲ့တင်ထပ်နေသဖြင့် လူတိုင်းက သူ့ကိုကြည့်နေကြသည်။ သူ၏ အသွင်အပြင်အရ၊ သူသည် သာမန်သိုင်းပညာရှင်မဟုတ်ကြောင်း ထင်ရှားသည်။
ဓားဂိုဏ်း?
ချင်းစုန်ဇီ ?
ကျောင်းတော်သားလူငယ်က ဤအမည်နှစ်ခုကို တစ်ခါမျှ မကြားဖူးသော်လည်း ၎င်းတို့သည် အလွန်အစွမ်းထက်သည်ဟု ခံစားမိသည်။
လုံချီ ဘုရားကျောင်းမှ တပည့်အများအပြား ထွက်လာကြသည်။ တပည့်များစွာတို့သည် တံစက်မြိတ်ပေါ်သို့ ခုန်တက်ကာ မြင့်မြတ်သောသိုင်းနယ်မြေ၏ ကျက်သရေကို ပြသကြသည်။
လင်းရှောင်က တပည့်များနောက်မှ ထွက်လာပြီး .....
“အစစ်အမှန်နတ်ဘုရားနယ်ပယ်ဆို ရှေ့တိုးခဲ့ပါ......မဟုတ်ရင် နောက်လှည့်ပြန်လိုက်တော့......”
ချင်းစုန်ဇီက..... "ငါက...အစစ်အမှန်နတ်ဘုရားနယ်ပယ်ပါ သူရဲကောင်သင်္ချိုင်းရဲ့ဂုဏ်သိက္ခာကို ငါအရှက်ခွဲမှာမဟုတ်ဘူး"
သူပြောသည်နှင့် တပြိုင်နက် ဘုရားဖူးသူများ အချင်းချင်း ဆွေးနွေးကြပြီး ကျောင်းတော်သားလူငယ်လည်း စိတ်လှုပ်ရှားလာသည်။
သူသည် အမှန်ပင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်သည်။
ကျောင်းတော်သားလူငယ်၏ အပြုံးသရုတ်တရက် အေးခဲသွားသည်။ ယခုမှပင် သူ့ဆရာသခင် သေလမ်းရှာနေမှန်း သိလိုက်သည်။
တာအိုဘိုးဘေးကို စိန်ခေါ်ရဲသော ကျွမ်းကျင်သူအားလုံးနီးပါးသည် ၎င်းတို့၏သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ သူတို့မသေခင်မှာ သူတို့ရဲ့ နာမည်ဂုဏ်သတင်းကို ချန်ထားခဲ့ချင်ကြပြီး သူရဲကောင်သင်္ချိုင်း အကောင်းဆုံးနေရာဖြစ်နေခဲ့သည်။ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များကို သူရဲကောင်သင်္ချိုင်တွင် မြှုပ်နှံထားပြီး နှစ်များစွာကြာပြီးနောက် သူရဲကောင်သင်္ချိုင်းဟူသောအမည်သည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့သွားပြီး သိုင်းရှင်များစွာ တောင့်တခဲ့သော အိမ်မက်ဖြစ်လာခဲ့သည်။
ကျောင်းတော်သားလူငယ်က အလျင်စလို ရှေ့ကို လှမ်းပြီး...... "ဆရာ.... ဒီလောက်ထိလုပ်ဖို့လိုလို့လား...."
ချင်းစုန်ဇီက..... "ဒါကြောင့် ငါဒီမှာရှိနေတာ..... ငါ့မှာ အသက်ရှင်ဖို့ နှစ်တွေ အများကြီး မကျန်တော့ဘူး.....ငါ မင်းကို မထိခိုက်စေချင်ဘူး...အခု ဒီကနေထွက်သွားလိုက်တော့....."
လင်းရှောင်က ကျန်းချန်ရှန်းကို အကြောင်းကြားသင့်မကြားသင့်တွေဝေနေချိန်မှာ လုံချီ တောင်ရဲ့ ဦးတည်ရာကနေ လူတစ်ယောက် ပျံသန်းလာသည်ကိုမြင်လိုက်ရသည်။
ကျန်းချန်ရှန်းက တိမ်တိုက်တစ်ခုကိုစီးနင်း၍ရောက်လာခဲ့ချေပြီ......
ဒါ....ဒါ.....
ကျောင်းတော်သားလူငယ် အံ့အားသင့်သွားပြီး တာအိုဘိုးဘေးကို ပထမဆုံးအကြိမ် မြင်ဖူးသည့် ဧည့်သည်များစွာလည်း အံ့သြနေကြသည်။
ကျန်းချန်ရှန်းက လေထဲမှာ ရပ်လိုက်ပြီး..... "တခြားသူတွေ မထိခိုက်စေဖို့ လေထဲမှာပဲတိုက်ခိုက်ကြမယ်... "
ချင်းစုန်ဇီက အစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ယောက်၏ ကျက်သရေကိုပြသပြီး လေထဲသို့ လှမ်းတက်ခဲ့သည်။
ကျန်းချန်ရှန်းက ကျောင်းတော်သားလူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး တိုက်တိုက်ဆိုင်ဆိုင် အကြည့်ချင်းဆုံသွားသည့်အခါ ကျောင်းတော်သားလူငယ်၏ နှလုံးခုန်သံ မြန်ဆန်လာသည်။
သူ ဘာကိုမြင်လိုက်တာလဲ..???တာအိုဘိုးဘေးက သူ့ကို ပြုံးပြနေတာလား.....အမြင်မှားတာများလား....
နောက်တကြိမ်ထပ်ကြည့်လိုက်တော့ ကျန်းချန်ရှန်းနှင့်ချင်းစုန်ဇီတို့ ကောင်းကင်သို့ ပျံသန်းနေပြီဖြစ်ပြီး လူတိုင်း၏အကြည့်အောက်တွင် တိုက်ခိုက်ဖို့ပြင်ဆင်နေပြီ...
ချင်းစုန်ဇီသည် သူ၏ဓားကိုဆွဲထုတ်လိုက်ရာ ဓားအလင်းက တောင်နှစ်စင်းကြားတွင် တဖျပ်ဖျပ်တောက်ပနေသည်။ သူက ကျန်းချန်ရှန်းကို စိုက်ကြည့်ရင်း....
" တာအိုဘိုးဘေးက တကယ်ကို အံသြစရာကောင်းတယ်..... ငါ့ရဲ့ ညံ့ဖျင်းမှုကို ရှက်မိပေမယ့် ဒီနေ့ တိုက်ပွဲမှာ ဓားဂိုဏ်းရဲ့ အဆုံးစွန်သော နည်းပညာကို ပြသပြီး ဘယ်လောက်ကြာကြာခုခံနိုင်မလဲဆိုတာသက်သေပြမယ်...."
ကျန်းချန်ရှန်းက တခစ်ခစ်ရယ်လိုက်ပြီး....
“ကျုပ် မိတ်ဆွေဟောင်းက ဒီတိုက်ပွဲကိုကြည့်နေတယ်...ဒါ့ကြောင့် သက်ညှာတာမျိုးတွေမရှိဘူး....ကဲ...အစွမ်းကုန်တိုက်ခိုက်ကြစို့...."