ဟိတ်ဟန်မဲ့ အတွင်းအားလှိုင်း
Vol. 15 Ch. 211
အပြောင်းအရွှေ့ ကျောင်းသားအဖြစ် ဝမ်မင်၏ ဖုံးကွယ်မှုမှာ စစ်ရေး လေ့ကျင့်မှု အခြေအနေ ပြီးသွားလျှင် ပျောက်ကွယ်သွားမည် ဖြစ်သည်။
ညီအစ်ကိုနှစ်ယောက် အိမ်ခေါင်မိုးပေါ်တွင် တွေ့ဆုံမှုပြီးနောက်တွင် ဝမ်လင်းက ဝမ်မင် ပျောက်ဆုံးသွားသည်နှင့် ပတ်ဝန်းကျင်မှ လူများ၏ မှတ်ဉာဏ်များကို ဖျက်ပေးမည်ဟု ကတိပေးထားခဲ့သည်။
အခန်းထဲတွင် ကုတင်လွတ် တစ်လုံးရှိနေသည်။
ယင်းမှာ ဝမ်မင်အတွက် ဖြစ်သည်။
ကျောင်းသားများနှင့် အတူနေခြင်းဖြင့် ဝမ်မင်က သူ၏ ဝိသေသ လက္ခဏာကို ဖုံးကွယ်ထားနိုင်မည် မဟုတ်လော။
ယင်းအတွက်ကြောင့်သာ မဟုတ်လျှင် ဝမ်မင်က အခန်းတစ်ခန်းထဲတွင် တစ်ကိုယ်တည်း အထီးကျန်စွာ နေရလိမ့်မည်သာ။
သံသယဖြစ်ဖွယ် ပြဿနာများကို ရှောင်ရှားရန် စစ်သင်တန်းပို့ချစဉ်အတွင်း စစ်ရေးနည်းပြများကို ကျောင်းသားကျောင်းသူများနှင့် အတူနေခွင့် မပြုခဲ့ပေ။
၎င်းတို့တွင် သီးခြားနေထိုင်သည့် အိပ်ဆောင်များ ရှိကြသည်။
သိပ်မကြာခင် ချန်းချောင်နှင့် ကော်ဟောက်တို့က အခန်းထဲသို့ ပြန်လာခဲ့ရာ အတန်းဖော် အသစ် တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူတို့က ချက်ချင်းပင် ဝမ်မင်နှင့် ရင်းနှီးစွာ စကားစမြည် ပြောဆိုခဲ့ကြသည်။
ဤစစ်ရေးလေ့ကျင့်မှု ကာလအတွင်း ကျောင်းပြောင်းလာသော ကျောင်းသား တစ်ယောက်က တိုက်ဆိုင်စွာဖြင့် စစ်ရေးလေ့ကျင့်မှုထဲသို့ ဆွဲသွင်းခံခဲ့ရသည်။
သို့ရာတွင် ဝမ်မင်က မရိုးရှင်းဟု သူတို့နှစ်ယောက်လုံးက ခံစားနေရ၏။
အရေးကြီးဆုံးအချက်မှာ ဝမ်မင်ထံမှ အော်ရာ အရိပ်အမြွက်ကို လုံးဝ မရရှိခြင်း ဖြစ်သည်။
ဤအော်ရာ ဖုံးကွယ်မှုစွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းပုံ ရသည်။
အသက်ရှင်သန်ရေး ရည်ရွယ်ချက် အတွက်သာ ၎င်းကိုအသုံးပြုခဲ့လျှင် ၎င်းမှာ အလွန် အကျိုးရှိသော လက်နက်တစ်ခု ဖြစ်လာနိုင်ပေသည်။
အော်ရာကို လုံးဝ ရှာမတွေ့နိုင်သည့် အခြေအနေတွင် သူတို့က ကိုယ်ပျောက်သကဲ့သို့ ဖြစ်လာပြီး မြက်ခင်းပြင်တွင် ပုန်းအောင်းကာ အလစ်အငိုက်ဖမ်း လှုပ်ရှားနိုင်မည့် အခွင့်အရေးကောင်းကို စောင့်မျှော်နိုင်သည် မဟုတ်ပါလား။
ယင်းက ရန်သူကို စိတ်ရှုပ်ထွေးစေမည့် လှည့်ကွက်တစ်ခုဖြစ်လာရန် သေချာနေ၏။
"ဒီအတန်းဖော်က ဘယ်ကျောင်းကလဲ"
ချန်းချောင်က ဝမ်မင်၏ ဝိသေသလက္ခဏာကို အလွန်သိချင်နေခဲ့သည်။
လောလောဆယ်တွင်မူ ဝမ်မင်က ဝမ်လင်းနှင့် အတူတူကြီးပြင်းလာခဲ့သည့် အိမ်နီးချင်းတွေ ဖြစ်ကြောင်း ဝမ်မင်၏ နှုတ်ကနေ ၎င်းတို့ သိထားကြသည်။
ချန်းချောင် မေးခွန်း ထုတ်ပြီးနောက်တွင် အခြားလူများကလည်း ဝမ်မင်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။
ဝမ်လင်းကမူ သူ့လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ထည့်ကာကုတင်ပေါ်တွင် လှဲနေခဲ့သည်။
သူနှင့် ဝမ်မင်က ညီအကိုဆက်ဆံရေးကို ဖုံးကွယ်ထားမည်ဟုတိတ်တဆိတ် နားလည်မှု ယူထားခဲ့၏။
သူက ဤအမိုက်အမဲနှင့်အတူ အချိန်ဖြုန်းရန် စိတ်မပါပေ။
ဆိုရလျှင် ဝမ်မင်၏ တော်ကီအရ ကော်ဟောက်တို့ အဖွဲ့ထဲသို့ မပေါင်းစည်းနိုင်မည်ကို သူ လုံးဝ မစိုးရိမ်ခဲ့ချေ။
ကော်ဟောက်တို့ လောက်ကိုတော့ ဤအကောင်က ချက်ချင်း သူငယ်ချင်း ဖွဲ့၍ အလွယ်တကူပင် လိမ်ညာ၍ ရနိုင်သည် မဟုတ်လော။
အဆုံးသတ်တွင် ဝမ်မင်က ထုံးစံအတိုင်း ဗြောင်လိမ်တော့သည်။
ဤလိမ်ညာမှုက ပေါ်တင် လိမ်ညာခြင်း ဖြစ်သော်လည်း
ကျင့်ကြံခြင်းရဲများပင် သူ၏ IDကတ်ကို စစ်ဆေးကြည့်လျှင်သဲလွန်စ တွေ့ရမည် မဟုတ်ချေ။
ချန်းချောင်၏ မေးခွန်းကို ရင်ဆိုင်ရင်း ဝမ်မင်က မဆိုင်းမတွ ဖြေလိုက်သည်။
"ငါက ယွင်တင်း ကောင်းကင်ဘုံနန်းတော်မှာ ရှိတဲ့ ရှန်းရှဲ့ရွှေကဲကျောင်းကပါ"
"ယွင်တင်း ကောင်းကင်ဘုံနန်းတော်မှာရှိတဲ့ ရှန်းရှဲ့ရွှေကဲကျောင်းလား"
ချန်းချောင်းက သူတစ်ခါမှ မကြားဖူးသော ကျောင်းတော်ကြီး ၏ အမည်ကို ကြားလျှင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ကော်ဟောက်ကလည်း ခေါင်းညိတ်လိုက်၏။
သူ့နှလုံးသားထဲတွင် အနည်းငယ် အံ့အားသင့်နေသည်။
ဤကမ္ဘာမြေပေါ်တွင် သခင်ကြီး ကော်ဟောက် မသိသော အရာ ရှိနေသေးပါသလော။
ဟွာရှို့နိုင်ငံရှိ အထင်ကရ အထက်တန်းကျောင်းများ အားလုံးအကြောင်း သူသိသည်။
သူ မသိလျှင် ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိ၏။
ယွင်တင်း ကောင်းကင်ဘုံနန်းတော်ရှိ ရှန်းရှဲ့ရွှေကဲကျောင်းမှာ ပုဂ္ဂလိက ကျောင်းတစ်ခုခု ဖြစ်နိုင်ချေ များသည်။
ပုဂ္ဂလိကကျောင်း တစ်ခုခုသာ ဆိုလျှင် ထိုကျောင်းကို သူ မသိခြင်းမှာ သာမန်သာ ဖြစ်သည်။
အစိုးရကျောင်းများက ရွှေအမြူတေ အဆင့်တွင် မသင်မနေရ ပညာရေးကို သတ်မှတ်ထားသော်လည်း အစိုးရကျောင်း မတက်ချင်သူအဖို့ ပုဂ္ဂလိက ကျောင်းများ နှင့် အလင်းဂိုဏ်းများမှာ အခြားသော ရွေးချယ်စရာများ ဆိုလည်းမမှားပေ။
ပုဂ္ဂလိက ကျောင်းများက ယေဘုယျအားဖြင့် ကျောင်းသားများကို အွန်လိုင်းမှ စာရင်းသွင်းခြင်းအား လက်မခံဘဲ အဆက်အသွယ်များဖြင့်သာ လက်ခံခဲ့ကြသည်။
အဆိုပါ ပုဂ္ဂလိက ကျောင်းများသို့ ဝင်ရောက်လာသူများမှာ ချမ်းသာကြွယ်ဝပြီး လေးစားဖွယ်ကောင်းသော မိသားစုများမှ ဖြစ်ကြသည်။
ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေးတို့က သူတို့ရှေ့မှ အတန်းဖော် "ဝမ်ရှောင်အာ"ကို မျက်လုံးများ ပြူးကျယ်စွာဖြင့် တအံ့တသြ ကြည့်မိလိုက်ကြသည်။
"ဒီကောင်က ဘော့စ်ပဲ ဖြစ်ရမယ်"
ကျင့်ကြံသူများ၏ အနှစ်သက်ဆုံးအရာမှာ အတွေ့အကြုံများ ဖလှယ်ရန် ဖြစ်သည်။
ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုမှ ဘော့စ် တစ်ဦးကို ရှာတွေ့ရန် မလွယ်ကူသဖြင့် ချန်းချောင် နှင့် အခြားသူများက ဝမ်မင်ကို လှိုက်လှဲတကင်း ဖော်ရွေခဲ့ကြသည်။
ဝမ်မင်၏ IDကတ်ပေါ်မှ နာမည်က ဝမ်ရှောင်အာ ဖြစ်၍ ချန်းချောင်က ဒုတိယအကိုဟု ရိုးရှင်းစွာ ခေါ်ဝေါ်ခဲ့သည်။
"ဒုတိယအစ်ကို.. ငါမေးချင်တာက ပုဂ္ဂလိကကျောင်းမှာ ဘာတွေသင်ပေးလဲ"
ဝမ်မင်က မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူက တခဏမျှ စဥ်းစားဟန်ပြုပြီးမှ ပြန်ဖြေလိုက်သည်။
"လိပ်လှိုင်းနှလုံးသား ကျင့်စဥ်"
"လိပ်လှိုင်းနှလုံးသား ကျင့်စဥ်လား"
ကော်ဟောက်က မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲဒီကျင့်စဥ်က ဒဏ္ဍာရီလာ လိပ်လှိုင်း နှလုံးသားကျင့်စဥ်လို့တော့ မပြောနဲ့နော်.. ငါသိသလောက်တော့ အဲဒီ ကျင့်စဥ်က ကောင်းကင်နည်းစနစ် တစ်ခုပဲ... ကမ္ဘာပေါ်မှာ ကျင့်ကြံနိုင်တဲ့သူက လူနည်းစုပဲရှိတယ်"
"အဲဒီလောက်လည်း မခက်ပါဘူး.. ငါတို့ကျောင်းမှာ တက်နေတဲ့ လူတိုင်းနီးပါးက လိပ်လှိုင်း နှလုံးသား ကျင့်စဥ်ကို အခြေခံလောက်တော့ ကျင့်ကြံနိုင်ပါတယ်.. တကယ်တော့ လိပ်လှိုင်းနှလုံးသားကျင့်စဥ်က ခေတ်နောက်ကျနေပါပြီ.. လိပ်လှိုင်း အတွင်းအားကို ထုတ်ဖော်လိုက်တာနဲ့ ရန်သူက ရိပ်မိနေပြီလေ.. အဝေးကနေ တိုက်ခိုက်နိုင်တယ် ဆိုရင်တောင် ရန်သူကရိပ်မိနေမှတော့ ဘာအသုံးကျတော့မှာလဲ"
"ဒါအမှန်ပဲ"
ကော်ဟောက်တို့ သုံးယောက်က ပြတ်ပြတ်သားသား ခေါင်းညိတ်၍ ထောက်ခံလိုက်ကြသည်။
ဝမ်မင် "အခုတော့ ငါတို့ ကျောင်းအုပ်ကြီးက လိပ်လှိုင်းနှလုံးသားကျင့်စဥ်ကို အခြေခံပြီးတော့ လီထောင်ပေါင်းများစွာ အကွာက လူကို အသံမထွက်ဘဲ သတ်နိုင်တဲ့ အတွင်းအားလှိုင်းတစ်မျိုးကို တီထွင်လိုက်ပြီ"
ထိုစကားကြောင့် သုံးယောက်လုံး ထိတ်လန့်သွားသည်။
"ဒီလို အတွင်းအားလှိုင်းမျိုး ရှိသေးတယ်လား.. ဒါကဘယ်လိုအတွင်းအားလှိုင်းမျိုးလဲ.. ဘယ်လိုခေါ်လဲ"
ဝမ်မင်၏ မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်များ ဖြတ်သန်းသွား၏။
ထို့နောက် သူက ပြန်ဖြေလိုက်သည်။
"ဟိတ်ဟန်မဲ့ အတွင်းအားလှိုင်း"
"ဟိတ်ဟန်မဲ့ အတွင်းအားလှိုင်း ဟုတ်လား"
အားလုံး အံသြသွားကြသည်။
"ဒါက ဘယ်လို နည်းစနစ်များ ဖြစ်နေမလဲ"
ဝမ်မင် "ခုနက ငါပြောသလို အသံမပါဘဲ အတွင်းအားလှိုင်းကို ထုတ်လွှတ်ဖို့ ဒါမှမဟုတ် အော်ရာ အတက်အကျ အနည်းငယ်ရှိနေရင်တောင်မှ ရန်သူ သတိမပြုမိဖို့ ဆိုရင် ဟိတ်ဟန်ထုတ်တာကို လျော့ချရမယ်လေ.. ဒါကြောင့် ဟိတ်ဟန်မဲ့အတွင်းအားလှိုင်းလို့ မှည့်ခေါ်ခဲ့တာပေါ့"
ထိုစကားကို ပြောပြီးသည်နှင့် သူက ဖြည်းဖြည်းချင်း မတ်တပ် ထရပ်လိုက်သည်။
ထို့နောက် ပြတင်းပေါက်ကို လှမ်းကြည့်ရင်း အင်္ကျီကို ဖြည်းညှင်းစွာ ချွတ်ချလိုက်ကာ ခန္ဓာကိုယ် နောက်ကျောမှ နီရဲနေသော အမှတ်အသား တစ်ခုကို ညွှန်ပြလိုက်သည်။
"ဒီနည်းစနစ်ကို ကျင့်ကြံဖို့ မင်းတို့ရဲ့ ဒုတိယအစ်ကိုက တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်.. ကျောင်းအုပ်ကြီးက ငါ ရေငတ်ရင် နှင်းရည်သောက်ဖို့ နှင်းတောထဲ ပစ်ထားတယ်.. ဗိုက်ဆာတဲ့အခါ နှံကောင်တွေကို စားခိုင်းတယ်.. နေ့တိုင်း နတ်သားရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခိုင်းတယ်.. ဒီအမှတ်အသားက ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ခြင်းရဲ့ ရလဒ်တစ်ခုပဲ"
ဝမ်လင်းက သူ့နားဖြင့် ဆက်လက် နားမထောင်နိုင်တော့ပေ။
စင်စစ် ဝမ်မင်၏ အနီရောင် အမှတ်အသားမှာ မွေးရာပါ အမှတ်အသား တစ်ခုသာ ဖြစ်သည်။
ဝမ်မင်၏ စကားကိုကြားလျှင် ချန်းချောင်နှင့် အခြားသူများက အသက်ရှုရကြပ်သွားကြ၏။
"ဒုတိယအကို မင်းက အရမ်းတော်တာပဲ"
ဝမ်မင်က သူ့အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။
သူ့မျက်လုံးထဲတွင် ထူးခြား နက်နဲသော အကြည့်များ ရှိနေ၏။
သူပုံသဏ္ဍာန်က Kung Fu Hustle ဇာတ်ကား၏ အဆုံးသတ်တွင် မင်းသား စတီဗင်ချောင်က ဗုဒ္ဓ လက်ဝါးဖြင့် ဗီလိန်ကို အနိုင်ယူလိုက် သကဲ့သို့ပင်။
သူက သူ့လက်ကို နောက်သို့ ဟန်ပါပါ ပစ်ကာ အံ့သြထိတ်လန့်စွာ ငေးကြည့်နေသော လူသုံးဦးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
"မင်းတို့ သင်ချင်တယ်ဆို ငါ သင်ပေးနိုင်ပါတယ်"
ဤသို့ဖြင့် ဝမ်မင်က ထိုသုံးဦးကို ဆယ်မိနစ်အတွင်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။
"ဒုတိယအစ်ကို.. ဒီဟိတ်ဟန်မဲ့ အတွင်းအားရဲ့ သဘောတရားကို ဘယ်အချိန်မှာ ရှင်းပြနိုင်မလဲ"
"ဒုတိယအကို.. 'လိပ်လှိုင်းနှလုံးသားကျင့်စဥ်' အတွက် အခြေခံဖော်မြူလာက ဘာလဲ.. ငါတို့ကို သင်ပေးလို့ရမလား.. အဲဒါကို ကျင့်ကြံတဲ့အခါမှာ အထူးဂရုပြုရမယ့် အချက်တစ်ခုခုများ ရှိသေးလား"
"သတိထားရမယ့်အချက်တွေကို သိချင်တာလား"
ဝမ်မင်က အလွန်နူးညံ့သော အမူအရာဖြင့် ပြုံးလိုက်သည်။
"မင်းတို့တွေ ငါ့နောက်ကို လိုက်နေသရွေ့ မင်းတို့အားလုံး ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ ကိုယ်ခံပညာကဏ္ဍမှာ အလွန်မြင့်မားတဲ့ရမှတ်တွေ ရနိုင်မယ်လို့ ငါအာမခံတယ်"
သူက ထိုစကားကိုပြောပြီးနောက် နှစ်ထပ် ကုတင်၏ အပေါ်ထပ်မှ ဝမ်လင်းကို ကြည့်ဖို့ မမေ့ခဲ့ပေ။
"ဒီအပေါ်ထပ်က ညီနောင်ရော.. ငါ့နောက်ကို လိုက်ဖို့စိတ်ဝင်စားလား"
ဝမ်လင်း ".........."
"မင်းလို ငလိမ်ကောင်ကို ငါ တိတ်တဆိတ် စောင့်ကြည့်နေမယ်"