မင်းတို့ အားလုံး စနစ်ရဲ့ ချို့ယွင်းချက် တစ်ခုကို မေ့နေကြပြီ
Vol. 15 Ch. 213
အတွင်းရေးမှူးတာခန်း၏ မေးခွန်းကို ယုံမှားသံသယဖြစ်စရာ မလိုပေ။
မှော်အတတ်ပစ္စည်းများကို အသုံးပြုရန် မလွယ်ကူလျှင် ပြိုင်ပွဲ၏ အရှိန်အဟုန်က အလွန် နှေးကွေးသွားနိုင်ပေသည်။
မြေပုံပေါ်တွင် လူတစ်သောင်းကျော် ယှဥ်ပြိုင်ပြီးနောက်တွင် ပြိုင်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
ရှင်သန်ခြင်းပြိုင်ပွဲက အစမှအဆုံးတိုင် သုံးရက်ကြာမြင့်မည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြသည်။
၎င်းတို့က ဤနောက်ဆုံးရက်တွင် ကျောင်းသားများအား စွမ်းရည်မြှင့်တင်ရန်နှင့် အချင်းချင်း လိုက်လျောညီထွေစွာ အလုပ်တွဲလုပ်နိုင်ရန် တွန်းအားပေးမည် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ယင်းက ကန့်သတ်ထားသော အချိန်လေး အတွင်း စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခု ဖြစ်လာနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ကြိုတင်မှန်းမရသော အချက်တစ်ခုအနေဖြင့် မှော်အတတ်ပစ္စည်း အသုံးပြုပုံများမှာ ကန့်သတ်ထားသော အချိန် အပေါ် သက်ရောက်မှုရှိမည် ဖြစ်၏။
ယင်းမှာ အလွန်ပင် ဆိုးရွားလှသည်။
"အသုံးပြုနည်း လမ်းညွှန် စာအုပ်တွေကို မြေပုံမှာ ဘယ်လိုထားမှာလဲ"
အင်မော်တယ်ထုန်ရာက ချက်ချင်း မေးလိုက်သည်။
အတွင်းရေးမှူး တာခန်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ငါလည်း အဲဒါကို တွေးမိတယ်.. အဲဒါကို အီလက်ထရွန်းနစ် လမ်းညွှန်စာအုပ်လို လုပ်လို့ရပါတယ်.. ကျောင်းသားတွေက မှော်ပစ္စည်းတွေကို စကင်န် ဖတ်လိုက်တာနဲ့ လမ်းညွှန်စာအုပ်က သူတို့ကို သူ့အလိုလို ရှင်းပြပေးမှာပါ.. အဲဒါက ကျောင်းသားတွေကို မှော်ပစ္စည်း တစ်ခုစီရဲ့ ဝိသေသ လက္ခဏာတွေကို နားလည်ဖို့ ကူညီပေးနိုင်တယ်.. မင်းဘယ်လိုမြင်လဲ"
အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ကျင်းက ခေါင်းယမ်းပြလိုက်သည်။
"ကန့်ကွက်စရာမရှိပါဘူး"
"ကန့်ကွက်စရာမရှိပါဘူး"
တခြားသူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။
"ကောင်းပြီလေ.. ဒါဆို အတည်ပြုလိုက်ပြီ"
အတွင်းရေးမှူးတာခန်းက မှတ်စုစာအုပ်လေးကို ကြည့်လိုက်သည်။
"ဆက်လက်ပြီး ဆွေးနွေးချင်တာက ရှင်သန်ခြင်းပြိုင်ပွဲမှာပါဝင်တဲ့ လူအရေအတွက်နဲ့ ပတ်သက်တယ်.. ကျောင်းသား စုစုပေါင်းက တစ်သောင်းကျော်ရှိတယ် ဆိုပေမဲ့ အမှတ် ၅၉ အထက်တန်းကျောင်းနဲ့ အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသား စုစုပေါင်း အရေအတွက်က ရှစ်ရာထက် နည်းနေတာပဲ"
ဤစစ်ရေးလေ့ကျင့်မှုတွင် တန်းတူညီမျှ ဖြစ်ရေးမှာ အလွန်အရေးပါသည့် ကိစ္စ ဖြစ်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
နတ်မျက်စိ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး စွန်းက မျက်မှောင်ကြုတ်သွားသည်။
ကျောင်းအုပ်ကြီးချန်းက သနားစရာကောင်းစွာ သက်ပြင်းချလိုက်သည်။
"အခုချိန်မှာ ငါတို့က အဓိကမြို့ပြ အထက်တန်းကျောင်းရဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်နေပေမဲ့လည်း အဓိကမြို့ပြ အထက်တန်းကျောင်းတွေနဲ့တော့ နှိုင်းယှဉ်လို့ မရသေးဘူး.. ငါတို့ကျောင်းတွေရဲ့ နှစ်စဉ် စာရင်းသွင်းတဲ့ ကျောင်းသား အရေအတွက်က အကန့်အသတ်ရှိတယ်လေ.. ဒီနှစ်မှာ စာရင်းသွင်းတဲ့ ကျောင်းသားသစ် အရေအတွက် လေးရာက ကျန်ခဲ့တဲ့ နှစ်တွေနဲ့ ယှဥ်လိုက်ရင် အများဆုံးလို့တောင် ပြောလို့ရတယ်"
သူက မှတ်ချက်ချရင်း ပြဿနာကို ရှင်းလင်း ပြောပြခဲ့သည်။
အခြားတစ်ဖက်တွင်မူ အဓိက မြို့ပြ အထက်တန်းကျောင်း တစ်ကျောင်းသည် ကျောင်းအပ်သူ တစ်ထောင်ကို အလွယ်တကူ ရရှိနိုင်ပေသည်။
အခြားကျောင်းအုပ်ကြီးများ အားလုံးက ကူကယ်ရာမဲ့သော အမူအရာများ ဖြစ်ကုန်ကြသည်။
သူတို့က ဤပြဿနာကို အမှန်တကယ် သတိမမူမိခဲ့ပေ။
ဤစစ်ရေးလေ့ကျင့်မှုကနေ ကြီးကြီးမားမားမားမား မီးမောင်းထိုးပြနေသည်မှာ အဓိကမြို့ပြ အထက်တန်းကျောင်း လေးခုနှင့် သာမန် အထက်တန်းကျောင်း နှစ်ကျောင်း ကြားရှိ ကျောင်းသား အရေအတွက် မညီမျှခြင်း ပြဿနာ ဖြစ်သည်။
ယင်းအချက်အလက်ကို ဤပြိုင်ပွဲအတွက် ထည့်မတွက်မိခဲ့ကြပေ။
"အဲဒါကြောင့် အခု ငါတို့က တခြားတွေနဲ့ မျှမျှတတ ဖြစ်အောင် ထိန်းကျောင်းရမယ်"
အတွင်းရေးမှူးတာခန်းက ပြောလိုက်သည်။
"ဒီတစ်ကြိမ် ငါတို့ရဲ့ ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုမှာ မှော်အစီအရင်ကို အသုံးပြုမယ်.. အဲဒါက ကျောင်းသားတွေကို မြေပုံထက်က ကောင်းကင်ကို ပို့လွှတ်နိုင်ပြီး မြေပြင်ဆီကို အတူတကွ ကျစေလိမ့်မယ်.. ငါမှာ အကြံဉာဏ်တစ်ခုရှိတယ်.. အမှတ် 59 အထက်တန်းကျောင်းနဲ့ အမှတ် 60 အထက်တန်းကျောင်းက ကျောင်းသားတွေကို မှော်ပစ္စည်းတွေ ပိုမို များပြားတဲ့ ဇုန်တွေမှာ ကျရောက်စေလိုက်ရင် ဘယ်လိုလဲ"
"ကန့်ကွက်စရာမရှိပါဘူး"
အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဟုန်က ထောက်ခံလိုက်သည်။
"ဒါက ကျောင်းနှစ်ကျောင်း အတွက် တကယ်ကို မမျှတတဲ့ အခြေအနေတစ်ခုပဲ.. အမှတ် 60 အထက်တန်းကျောင်းနဲ့ အမှတ် 59 အထက်တန်းကျောင်းက ကလေးတွေကို မှော်ပစ္စည်းသုံးစွဲတဲ့ လမ်းညွှန်စာအုပ် တစ်အုပ်စီ ပေးလိုက်တာက ပိုအဆင်ပြေမယ်လို့ ငါထင်တယ်.. မင်းတို့ဘယ်လိုမြင်ကြလဲ"
အခြားကျောင်းအုပ်ကြီးများက ခေါင်းညိတ်ပြလိုက်ကြသည်။
"ဒီအစီအစဥ်က ကောင်းပါတယ်.. ငါတို့ ကန့်ကွက်စရာ မရှိပါဘူး
ထိုကျောင်းနှစ်ကျောင်း၏ ပြိုင်ပွဲဝင် ကျောင်းသားအရေအတွက်မှာ လူရှစ်ရာမျှသာ ရှိ၏။
ကျောင်းအုပ်ကြီးများ၏ အမြင်တွင် ဤရှစ်ရာသည် အခြားကျောင်းလေးကျောင်းမှ ကျောင်းသား ကိုးထောင်ကျော်ကို ဆန့်ကျင်နိုင်သည်ဟု တွေးမိစရာ အကြောင်းမရှိပေ။
"..........."
အင်မော်တယ်ထုန်ရာက ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်း တဆက်ဆက် တုန်ယင်သွားသည်။
အမှတ် 59 အထက်တန်းကျောင်းနှင့် အမှတ် 60 အထက်တန်းကျောင်းတွင် ကျောင်းသား စုစုပေါင်း ရှစ်ရာသာ ရှိသည်။
သို့သော် ၎င်းတို့ထဲတွင် လင်းကျန်းရန်မှာ ဤစနစ်၏ ချို့ယွင်းချက်တစ်ခု ဖြစ်နေသည် မဟုတ်လော။
အင်မော်တယ်ထုန်ရာက ဤဇာတ်လမ်း၏ အဆုံးသတ်ကို မြင်နိုင်နေပြီဟု ခံစားမိသည်။
"ကူးပြောင်းမှု ဘယ်အချိန် စတင်မှာလဲ"
လိုအပ်သောအရာများကို ဆွေးနွေးပြီးနောက် ကျောင်းအုပ်ကြီးချန်းက မေးလိုက်သည်။
အတွင်းရေးမှူးတာခန်းက အချိန်ကို ကြည့်၍
"ဒီနေ့ည ခြောက်နာရီမှာ စတင်မယ်"
ဟု ပြန်ဖြေလိုက်သည်။
"မကြာခင် စတော့မှာပေါ့.. ဒါနဲ့ ကျောင်းသားတွေကို ကူးပြောင်းမှုမစတင်ခင်မှာ လေ့ကျင့်ခန်း မလုပ်ခိုင်းတော့ဘူးလား"
"မထင်မှတ်တဲ့ အခြေအနေမျိုးမှ ဒီကလေးတွေကို လိုက်လျောညီထွေ နေတတ်အောင် လေ့ကျင့်ပေးနိုင်တာလေ.. သမားရိုးကျ စစ်ရေးလေ့ကျင့်မှုတွေကတော့ ပြိုင်ပွဲအပြီးမှ လုပ်လည်း ရပါတယ်"
အတွင်းရေးမှူးတာခန်းက ပြောကြားခဲ့သည်။
ထိုသို့ပြောရင်း သူ့အကြည့်က ကျိုးရီဆီသို့ ရောက်သွားသည်။
"ကူးပြောင်းခြင်း အစီအရင်က အဆင်သင့်ဖြစ်ပြီလား"
ကျိုးရီက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့.. အားလုံးပြင်ဆင်ပြီးပါပြီ.. ကလေးတွေ အဆောင်ကို ရောက်မလာခင် အိပ်ဆောင်မှာ အစီအရင်ကို လျှို့ဝှက်တပ်ဆင်ထားပြီးပါပြီ.. အစီအရင်ကို စဖွင့်လိုက်တာနဲ့ အစီအရင်က အိပ်ဆောင်မှာရှိတဲ့ ကျောင်းသားအားလုံးကို အချိန်မဆိုင်းဘဲ မြေပုံဆီ ချက်ချင်း ပို့ပေးမှာပါ"
ကျောင်းအုပ်ကြီး အချို့က ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့ဩသွားကြသည်။
မှော်အစီအရင်ထဲ မ၀င်ခင် ကျောင်းသားများကို အရင်ဆုံး စုဝေးဖို့ လိုမည်ဟု အစက သူတို့ ထင်ထားခဲ့ကြ၏။
ယခုလို လုပ်ဆောင်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဆိုလိုသည်မှာ ကျောင်းသားများကို လုံးဝ ပြင်ဆင်ခွင့်မပေးဘဲ မြေပုံဆီ တိုက်ရိုက်ပို့မည်ဟု ဆိုလိုရင်း ဖြစ်၏။
ဤအချက်ကိုပြောပြီးနောက် ကျိုးရီက သက်ပြင်းတစ်ချက် ချလိုက်သည်။
"အခု ကျွန်တော်တို့ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက မှီခိုရာ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးယွဲ့ ရဲ့ လက်မှတ်ပဲ လိုတော့တယ်.. စီနီယာယွဲ့ လက်မှတ်ထိုးပြီးတာနဲ့ အစီအရင်ကို ကျွန်တော်တို့ အသက်သွင်းလို့ရပါပြီ"
"မင်း သူ့ကို ခုချက်ချင်း ဖုန်းဆက်လိုက်ပါ.. ဒါက တစ်ချက်လွှတ် အမိန့်တစ်ခုပဲ.. ငါ သူ့ကို ဆယ်မိနစ်အတွင်း ဒီရောက်နေတာကို လိုချင်တယ်.. မဟုတ်ရင် မှီခိုရာအထက်တန်းကျောင်းက စစ်ရေးလေ့ကျင့်ခွင့်ကို ဆုံးရှုံးသွားရလိမ့်မယ်..ဆယ်မိနစ်အတွင်း ဒီကိုရောက်မလာဘူးဆိုရင်တော့ သူ့ရဲ့ မှီခိုရာ အထက်တန်းကျောင်းက နောက်နှစ်မှာ အဆင့်ချ ခံရလိမ့်မယ်"
အတွင်းရေးမှူး တာခန်းက ပြောလိုက်သည်။
ကျိုးရီ "ဒါက အရမ်း ပြင်းထန်မနေဘူးလား"
"ကိစ္စမရှိပါဘူး"
အတွင်းရေးမှူး တာခန်းက နာကျင်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်ပြီး လေးနက်သော ခံစားချက်များဖြင့် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။
"သူ အခု ရဲစခန်းမှာ ရှိနေတယ် မဟုတ်လား.. ငါစိတ်ပူတာက လက်ဖက်ရည် သောက်ရင်း တံခါးပိတ် ကျင့်ကြံရင်ကောင်းမလားလို့ သူတွေးနေမှာကိုပဲ
လူတိုင်း ".............."
..................
စုန့်ဟိုင်မြို့ အနောက်ဘက်ခြမ်းရှိ ကောင်းကင်ယံတွင် ကြယ်များဖြင့် ပြည့်နေသည်။
ထိုညနေပိုင်းတွင် ကျောင်းသားအားလုံးကို သူတို့၏ မှတ်တမ်းစာအုပ်တွင် အသေးစိတ် အချက်အလက်များ ဖြည့်သွင်းရန် အိပ်ဆောင်သို့ ပြန်ခေါ်ခဲ့သည်။
ယင်းမှာ အိပ်ဆောင်အတွင်း ကျောင်းသားအားလုံးကို စုစည်းရန် ရည်ရွယ်ချက်ဖြင့် ကျောင်းခြောက်ကျောင်းမှ ကျောင်းအုပ်ကြီးများက တမင် စီစဉ်ထားမှန်း ဝမ်လင်း သိသည်။
အစောပိုင်းက အိပ်ဆောင် အဆောက်အအုံ တဝိုက်တွင် တပ်ဆင်ထားသည့် မှော်အစီအရင်ကို သူသတိထားမိခဲ့သည်။
ဤတစ်ခေါက် ရှင်သန်ခြင်း စစ်ရေးလေ့ကျင့်မှုတွင် ရုတ်တရက် အလစ်အငိုက်ဖမ်းမှု ဖြစ်လာမှာ သေချာသည်။
ဝမ်လင်းက ကျောင်းအုပ်ကြီး ခြောက်ဦး၏ နှလုံးသားထဲမှ ကြံစည်နေပုံများကို ရှင်းလင်းစွာ သိပေသည်။
သူ အနည်းငယ် စိုးရိမ်သည့် တစ်ခုတည်းသော အရာမှာ ဗိုလ်ချုပ်ကြီးရီ တီထွင်ခဲ့သော ထူးခြားဆန်းပြားသည့် မှော်ရတနာပစ္စည်းများ ဖြစ်သည်။
ထိုအချိန်၌ သူတို့က မြေပုံပေါ်တွင် မည်သို့သော အရာများအား ကောက်ယူနိုင်မည်ကို ဘုရားသခင်သာ သိတော်မူနိုင်ပေ၏။
ဝမ်လင်းက မှတ်တမ်းစာအုပ်တွင် အချက်အလက် ဖြည့်သွင်းပြီးနောက် ကုတင်ပေါ်တွင် ထိုင်ကာ စဉ်းစားနေမိသည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်ကနေ လှုပ်ရှားသံကို ကြားလိုက်ရသည်။
ယင်းမှာ ဝမ်မင်က သူ၏ ညီငယ်သုံးယောက်နှင့် အတူ ပြန်လာခြင်း ဖြစ်၏။
"ဒုတိယအစ်ကို ကျေးဇူးပြုပြီး ထိုင်ပါ"
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချန်းချောင်က ငယ်သားတစ်ယောက်ကဲ့သို့ ဝမ်မင် ထိုင်ရန် ကုလားထိုင်ကို ဆွဲယူလိုက်ပြီး ကော်ဟောက် နှင့် မြေပဲလေးကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် ဘာငိုင်နေတာလဲ.. ဒုတိယအကို အမောပြေသောက်ဖို့ ရေခပ်ပေးလိုက်အုံးလေ"
ထို့နောက် ဝမ်မင်၏ ပုခုံးသားများကို သူ့လက်ချောင်းများဖြင့်၏ နှိပ်နယ်ပေးရန် ပြင်ဆင်လိုက်သည်။
သူ့လက်က ဝမ်မင်၏ ပခုံးပေါ်ကို ရောက်သည်နှင့် ဝမ်မင်က ချက်ချင်းပင် တုန်လှုပ်သွားသည်။
"မင်းဘာလုပ်မလို့လဲ"
ဝမ်မင်က ခေါင်းကို နောက်လှည့်၍ ချန်းချောင်ကို ကြည့်လိုက်သည်။
ချန်းချောင် "ဒုတိယအစ်ကိုက ဟိတ်ဟန်မဲ့ အတွင်းအားလှိုင်းကို ဘယ်လိုကျင့်ကြံရမလည်း ဆိုတာ ငါတို့ကို ပြောပြခဲ့တယ်.. ဒါက မင်းအတွက် ခက်ခဲနေမယ်ဆိုတာ ငါသိတယ်.. ငါက ငါတို့မျိုးနွယ်စုရဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်နယ်ကုသနည်းနဲ့ အပ်စိုက်ကုသနည်းတွေကို ငါ့အဖေဆီကနေ သင်ယူခဲ့တယ်.. အခု မင်းရဲ့ပခုံးကို နှိပ်နယ်ပေးချင်လို့ပါ ဒုတိယအစ်ကို"
"အဆင်ပြေပါတယ် ငါ မပင်ပန်းပါဘူး"
ဝမ်မင်က ထိုစကားကိုပြောရင်း သူ့ကိုယ်သူ ကျင့်ကြံသူများနှင့် အနည်းငယ် ခြားနားသလို ခံစားလိုက်ရသည်။
သူ၏ သာမန်ခန္ဓာကိုယ်ကို ချန်းချောင်သာ နှိပ်နယ်လိုက်လျှင် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို ဝမ်မင်က ပြင်းပြင်းထန်ထန် သတိပြုမိခဲ့သည်။
သူက ကူကယ်ရာမဲ့စွာဖြင့် ချွေးပြန်သွားသည်။
သူ့ပခုံးရိုးတွေ ချန်းချောင် လက်ထဲ ကွဲအက်မသွားအောင် သီသီလေး ရှောင်ရှားနိုင်ခဲ့သည် မဟုတ်ပါလော။