ဝတ်ပြုရာတွင်ဒူးအောက်၌ခံသောခေါင်းအုံး
Vol. 15 Ch. 217
ဝမ်မင်၏ ဘဝတစ်လျောက်လုံးတွင် မှော်ရတနာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကိုင်ဆောင်ထားရသည့် အတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးသောကြောင့် ဤသည်မှာ သူ့အတွက် ရှားပါးသော အခွင့်အရေးတစ်ခုပင်။
ကံမကောင်းစွာပင် သူ၏ စိတ်ကူးယဉ်မှုက ပြိုကျလုနီးပါး ဖြစ်နေသည်။
ဤကန္တာရထဲရှိ လူအုပ်စုက သတ္တိနည်းလွန်းလှသည်။
တစ်နာရီခွဲ လုံးလုံး အနည်းငယ်မျှ လှုပ်ရှားမှုမရှိခဲ့ပေ။
ရေဒါပေါ်ရှိ အနီရောင်အစက်များပင် မလှုပ်ရှားခဲ့ချေ။
လူတိုင်းက ငြိမ်သက်နေပြီး အစီအရင်က ပေးပို့မည့်လက်ဆောင်သေတ္တာကို လက်ခံရန် စောင့်ဆိုင်းနေပုံရသည်။
ထို့အပြင် မျက်စိဖြင့် မြင်နိုင်သလောက် ဤနေရာ၏ မြေပြင်ပေါ်တွင် မှော်ရတနာတစ်ခုမျှ မရှိပေ။
ဆိုရလျှင် ဤနေရာက အဆိုးဝါးဆုံး နေရာ ဖြစ်သည်။
ကမ္ဘာငယ်လေးတွင် အချိန်များက မတူညီသည့်နှုန်းဖြင့် စီးဆင်းနေ၏။
စစ်ရေးလေ့ကျင့်မှုက ပြင်ပကမ္ဘာ၏ အချိန်နှင့်အညီ သုံးရက်ကြာမြင့်မည် ဖြစ်သည်။
အဆိပ်မြူများ ဆက်လက် ပိတ်ဆို့လာချိန်တွင် မြေပြင်နှင့်ကပ်၍ လှဲနေနိုင်လျှင် အနည်းဆုံး ထိပ်တန်းအယောက်100 စာရင်းဝင် အဖြစ် အဆင့် သတ်မှတ် ခံရနိုင်ပေသည်။
သူတို့က အနိုင်ရနိုင်မည့် နည်းလမ်းအားလုံးကို ရှာဖွေခဲ့ကြသည်။
ယင်းမှာ အရမ်းကို ပင်ပန်းလွန်းသည်။
သူ၏ ရူးကြောင်ကြောင် သိပ္ပံပညာရှင် ဝမ်းကွဲအကိုက အချိန်အတော်ကြာ မလှုပ်မရှားဘဲ နေနိုင်သော လူတစ်ယောက် မဟုတ်ကြောင်း ဝမ်လင်း သိသည်။
သူ့ရင်ထဲ၌ ညည်းတွားနေသော အချိန်တွင် ရုတ်တရက် လေထဲ၌ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး လေးထောင့်သေတ္တာ တစ်လုံးက တဖြည်းဖြည်း ဆင်းသက်လာသည်။
"လက်ဆောင်သေတ္တာလား"
"အဲဒီထဲမှာ ပစ္စည်းကောင်း တစ်ခုခု ပါနိုင်တယ်"
ဝမ်မင်က ပြောလိုက်သည်။
"ဒီစစ်ရေး လေ့ကျင့်ခန်းရဲ့ အပြန်အလှန် ထိန်းကျောင်းမှု ဥပဒေအရ ဒီသဲကန္တာရက မှော်ရတနာအနည်းစုပဲ ရှိတဲ့နေရာ ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါကြောင့် သေတ္တာ အတွင်းမှာ ရှိတဲ့အရာတွေက အရမ်းတန်ဖိုးကြီးရမယ်.. သရေစာတွေ ဖြစ်ဖို့များတယ်"
ဝမ်လင်း "............"
"အဆာပြေသရေစာလား"
ဝမ်မင်က ဝမ်လင်းကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
"အဆာပြေသရေစာက ငါ့ရဲ့ စိတ်ကူးပါ.. ငါတို့ လက်ဆောင်သေတ္တာတွေ ဖန်တီးတဲ့အခါ မုန့်ထုပ်ကြီးတွေကို အထဲမှာ ထည့်ထားပေးတယ်.. ဒါက လူတွေကို စိတ်တည်ငြိမ်စေပြီး ကြာရှည်စွာ စောင့်ရတဲ့ အထီးကျန်မှုကို ဖြိုခွင်းဖို့ ကူညီပေးနိုင်တယ်လေ.. လက်ဆောင်ထုပ်ထဲက အဆာပြေ ခေါက်ဆွဲအကြွပ်ကြော်ကို မင်းမစားချင်ဘူးလား"
ထိုစကားကိုကြားလျှင် အကြောင်းတစ်ခုခုကြောင့် အစကတည်းက ဤရှင်သန်ခြင်းပြိုင်ပွဲအပေါ် စိတ်တိုင်းမကျသော ဝမ်လင်းမှာ ရုတ်တရက် ပို၍ စိတ်ဝင်စားလာခဲ့သည်။
..............
ဝမ်မင်၏ လှည့်စားမှုက အသုံးကျသည် ဆိုရမည်။
ယခု သူတို့တွင် ပစ်မှတ်တစ်ခုရှိနေပြီ ဖြစ်သည်။
ဝမ်လင်း၏ သဘောထားက အရင်က သူ၏ လျစ်လျူရှုမှုနှင့်ယှဉ်လျှင် ပို၍ လေးနက်လာသည်ဟု သူ သတိထားမိလိုက်သည်။
ယခင်က သူ၏ ကောင်းကင်မျက်လုံးကို ပျင်းရိစွာ သုံးစွဲခဲ့သည်မှာ ထင်ရှားသော်လည်း ယခုတော့ အဆာပြေခေါက်ဆွဲခြောက်ကြွပ်ကြော်၏ ဆွဲဆောင်မှုဖြင့် တစ်ချိန်လုံး ဖွင့်ထားခဲ့သည်။
ဝမ်လင်းက သူ၏ ကောင်းကင်မျက်လုံးကို အချိန်အကြာကြီး ဖွင့်ထားရန်မှာ အလွန်ခက်ခဲကြောင်း ဝမ်မင်က သိသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်း၏ ကောင်းကင်မျက်လုံးမှာ အနည်းငယ် ထူးခြားသောကြောင့် ဖြစ်သည်။
၎င်းကို စတင် အသုံးပြုလိုက်သည်နှင့် ဝမ်လင်း၏ မျက်လုံးများက တဖြည်းဖြည်း ရွှေရောင်ပြောင်းလာပြီး အဆုံးသတ်တွင် ရွှေရောင်ပွင့်ချပ်သုံးပွင့် အဖြစ် ထူးခြားစွာ ပြောင်းလဲသွားတတ်သည်။
ယင်းက ရောင်စုံမျက်ကပ်မှန် တပ်ထားသည်နှင့် ဆင်တူ၏။
ဤကောင်းကင်မျက်လုံးကို ငယ်စဥ်က ဝမ်လင်းနှင့် တူတူပုန်းတိုင်း ကစားရင်း မြင်ဖူးခဲ့သည်ကို ဝမ်မင် ပြန်အမှတ်ရမိသည်။
၎င်းကို နှစ်အတော်ကြာမှ ပြန်တွေ့ရမည်ဟု သူ မထင်ခဲ့မိပေ။
သူ့နှလုံးသားထဲတွင် ဤအမှတ်တရက ရှုံးနိမ့်ခြင်း အရိပ်အယောင်များကို ကိုယ်စားပြုမှန်း ကောင်းစွာ သိနေသော်လည်း လွမ်းဆွတ်မှုများက ပိုပိုပြီး နက်ရှိုင်းလာခဲ့သည်။
ဝမ်လင်းက တကယ်ကို သန်မာလွန်းသည်။
အတိတ်ကို ပြန်တွေးကြည့်မိလျှင် သူတို့ ငယ်ငယ်တုန်းက အတော်လေး ခက်ခဲခဲ့သည်။
ဝမ်မင်သာ ထိုအချိန်က စည်းတံဆိပ်ကို စောစီးစွာ တီထွင်ခဲ့မည်ဆိုလျှင် ဝမ်လင်းက ယခုထက်ပို၍ ထူးချွန်လာလိမ့်မည် သို့မဟုတ် အနည်းဆုံးတော့ ဝမ်လင်းက သူနှင့် ဆန့်ကျင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ဟု ဝမ်မင်က မကြာခဏ တွေးမိခဲ့သည်။
"သေတ္တာ တည်နေရာ ရှေ့ကို ရောက်နေပြီ"
ဝမ်မင်က ဦးတည်ချက်ကို ညွှန်ပြလိုက်သည်။
ယခင်က ဝမ်လင်းမှာ သူ၏ ဝိညာဉ်ရေးအာရုံများဖြင့် ဤသဲကန္တာရကို စူးစမ်းလေ့လာရာတွင် သိပ်အားမထုတ်ခဲ့ပေ။
တကယ်တမ်းတွင် သေတ္တာကျလာသည့် နေရာက လုံးဝ ဗလာဖြစ်နေသည့် နေရာတစ်ခု မဟုတ်ပေ။
အသေအချာ စီစဉ်ထားသည့် အထင်ကရ နေရာတစ်ခုဖြစ်သည်။
ဝမ်လင်းက ထိုနေရာသို့ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းရန် မရွေးချယ်ခဲ့ပေ။
ထိုအစား ဝမ်လင်းက အဝေးမှ အော်ရာများကို ရလိုက်သောကြောင့် ဖြည်းဖြည်းချင်းသာ ရှေ့တိုးလာခဲ့သည်။
သေတ္တာပတ်ဝန်းကျင်တွင် ကင်းတပ် စောင့်နေမည်မှာ သေချာသည်။
အကယ်၍ သူသာ ရုတ်တရက် တည်နေရာ ရွှေ့ပြောင်းလိုက်လျှင် ယင်းက စနစ်အတွင်းရှိ ချို့ယွင်းချက်တစ်ခု ကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
တစ်စုံတစ်ဦးက အစီအရင်၏ ချို့ယွင်းချက် တစ်ခုအဖြစ် သတင်းပို့လိုက်လျှင် သူ့အတွက် မကောင်းနိုင်ချေ။
...............
သေတ္တာကျလာသည့် နေရာကို အရမ်းမြင့်မားသည့် ကျောက်နံရံများဖြင့် ကာရံထားသည်။
အတွင်းတွင် ဧရာမ ကျောက်တုံးကြီးများနှင့် ရှေးဟောင်း ဘုရားကျောင်း များစွာ ရှိနေသည်။
ဝမ်မင်က ရှေ့တည့်တည့်မှ မလာဘဲ ကွယ်ဝှက်၍ လာခဲ့သည်။
ရှေ့မျက်နှာစာက လင်းထိန်နေ၍ နေရောင်ထဲတွင် လမ်းလျှောက်ခြင်းမှာ လူအများ၏ အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်လွန်းသည် မဟုတ်လော။
ယင်းအချိန်တွင် ဝမ်မင်က ရေဒါက တဆင့် ကျောက်နံရံ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေကြောင်းကို သိရှိကာ ချက်ချင်း ရပ်တန့်လိုက်သည်။
"ညီနောင် ရှေ့ထွက်လာခဲ့.. ငါမင်းကိုတွေ့နေရပြီ"
ဝမ်လင်းက သူ့နှလုံးသားထဲကနေ ညီးညူလိုက်မိသည်။
ဤရေဒါက ကောင်းကင်ကိုပင် အမှန်တကယ် အံတုနိုင်ပုံရသည်။
ကျောက်နံရံ နောက်ကွယ်တွင် လူတစ်ယောက်က သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။
တစ်ယောက်ယောက် ဖြတ်သွားလျှင်ပင် ဤနေရာ၌ ပုန်းကွယ်နေသော လူတစ်ဉီးရှိကြောင်း ဘယ်သောအခါမှ သတိထားမိမည် မဟုတ်ဟု ဝမ်လင်း တွေးမိလိုက်သည်။
ခဏအကြာတွင် ချန်းချောင်က ကျောက်နံရံ နောက်ကွယ်ကနေ ထွက်လာခဲ့သည်။
"ဒုတိယအစ်ကို.. မင်းအရမ်းတော်တာပဲ.. ငါဒီလောက် ပုန်းနေတာတောင် မင်းငါ့ကို ရှာတွေ့နိုင်သေးတယ်"
"ဒါနဲ့ အဲဒါက ဒူးခံခေါင်းအုံး မဟုတ်လား"
ဝမ်မင်က ချန်းချောင်၏ လက်ထဲမှ ပစ္စည်းကို အံ့အားသင့်သော အမူအရာဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။
"ဟုတ်ကဲ့...ဒါက အဆင့်ရှစ် ဒူးခံခေါင်းအုံးပဲ"
ချန်းချောင်က ပြုံးလိုက်သည်။
"မင်းတို့အားလုံးကို လိုက်ရှာနေတဲ့အချိန်မှာ ငါဒါကို ရှာတွေ့ခဲ့တယ်.. ဒါနဲ့ပဲ အဝေးကနေ ဒုတိယအကိုရဲ့ အော်ရာကို ငါခံစားနိုင်ခဲ့တယ်"
"မင်းအတော် ကံကောင်းတာပဲ.. အဆင့်ရှစ် ဒူးခံခေါင်းအုံးကို မြန်မြန်ဆန်ဆန် ကောက်ယူနိုင်ခဲ့တယ်"
ယင်းပစ္စည်းက ဤရှင်သန်ခြင်း ပြိုင်ပွဲတွင် ထိပ်တန်းမှော်ရတနာ အမျိုးအစားမှန်း ဝမ်မင်က သိ၍ အံ့အားသင့်နေသည်။
ဤနေရာရှိ ကျောင်းသား အားလုံးမှာ အခြေခံတည်ဆောက်ခြင်း အဆင့်တွင်သာ ရှိနေကြသောကြောင့် ၎င်းတို့၏ ဝိညာဉ်ရေးအာရုံများမှာ အကန့်အသတ် ရှိသည်။
သို့သော် ၎င်းတို့က ဤဒူးခံခေါင်းအုံး ပေါ်တွင် ထိုင်၍ ဝိညာဉ်ရေးအာရုံများကို အသုံးပြုမည် ဆိုလျှင်မူ အဆငါးဆယ် အထိ ချဲ့ထွင် မြင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။
ဆိုရလျှင် ဤအဆင့်ရှစ် ဒူးခံခေါင်းအုံးမှာ သယ်ဆောင်ရ လွယ်ကူသော ရေဒါတစ်ခုနှင့်ပင် တူနေသည်။
"မင်း တခြား တစ်ယောက်ယောက်နဲ့ တွေ့သေးလား"
ဝမ်မင်က မေးလိုက်သည်။
"ငါ ဒီကိုလာတဲ့လမ်းမှာ လူအနည်းငယ်ကို တွေ့ခဲ့ရတယ်.. အများစုက အုပ်စုလိုက် လှုပ်ရှားနေကြတာပဲ.. မြေပဲလေးနဲ့ကော်ဟောက်ကိုတော့ ဘယ်နေရာမှာလဲဆိုတာ အခုထိ မတွေ့သေးဘူး"
ချန်းချောင်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"စကားမစပ်... မင်းတို့ မှော်ရတနာ တစ်ခုခု လိုချင်လား.. ငါလမ်းလျှောက်ရင်း ပစ္စည်းတွေ အများကြီး ကောက်ရခဲ့တယ်"
ထိုစကားကိုပြောပြီးနောက် ချန်းချောင်က ရွှေရောင်ပိုးအိတ် သေးသေးလေးကို ထုတ်လိုက်ရာ ဝမ်မင်က ထိတ်လန့်သွားသည်။
"အဆင့်ရှစ် သိုလှောင်အိတ်ပါလား.. ဒါကို မင်း ဘယ်မှာတွေ့တာလဲ"
ယင်းမှာ ရှင်သန်ခြင်း ပြိုင်ပွဲတစ်ခုလုံးတွင် သိုလှောင်မှု ပမာဏ အကြီးမားဆုံး မှော်ရတနာ ဖြစ်သည်။
ဤပြိုင်ပွဲတွင် လုံလောက်စွာ ရှင်သန်နိုင်ရန်အတွက် သိုလှောင်ရန် နေရာကျယ်ကျယ်ရှိသော မှော်ရတနာတစ်ခုကို ရှာဖွေရန် လိုအပ်သည်။
သိုလှောင်မှုနေရာ ပိုကျယ်လေ ပြိုင်ပွဲအတွင်း စုဆောင်းထားသော ပစ္စည်းများကို ပိုမို သိမ်းဆည်းနိုင်လေ ဖြစ်သည် မဟုတ်လော။
ဝမ်မင်က အဆင့် သိုလှောင်အိတ်ကို စိုက်ကြည့်ရင်း သက်ပြင်းမချနိုင် ဖြစ်နေသည်။
"ဒီကောင် ကံကောင်းလိုက်တာ.. ဒီကောင်က ကောင်းကင်သားတော်များလား"
"လူတွေ သတိမမူမိတဲ့ လမ်းကနေ လာရင်း ကောက်ရရုံပါပဲ"
စူပါချန်း (ခေါ်) ချန်းချောင်က ခေါင်းကုတ်၍ ပြောလိုက်သည်။
"အဲဒီလမ်းက လာရင်း အချင်းချင်း တိုက်ခိုက်နေတဲ့ အုပ်စုနှစ်စုကို တွေ့လိုက်ရတယ်.. နတ်မျက်စိ အထက်တန်းကျောင်းက ရှောင်မျိုးနွယ်စု တပည့်က သူ့အသင်းဖော်တွေကို ပေါက်ကွဲမှုတစ်ခုမှာ မတော်တဆ သေဆုံးစေခဲ့ပုံရတယ်.. ဓားကိုင်ထားတဲ့ မိန်းကလေး တစ်စုကလည်း နတ်မျက်စိ အထက်တန်းကျောင်းက အခြား ယောက်ျားတစ်ယောက်နောက်ကို လိုက်နေကြတယ်"
ဝမ်မင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"တိုက်ခိုက်နေကြတာလား"
"အဲဒီလို မဟုတ်ဘူး.. ဆက်ဆံရေး ပြဿနာနဲ့ တူသလိုပဲ"
စူပါချန်းက ခဏလောက်တွေးပြီးမှ အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီကောင်လေးကို အကိုချမ်းလို့ ခေါ်လိုက်တာ ငါကြားလိုက်သလားလို့"
ဝမ်လင်း "..........."