← Chapters

မင်းတော့ သေပြီ

Vol. 15 Ch. 219

မင်းတော့ သေပြီ

Vol. 15 Ch. 219

"ရှောင်ယွင်ချမ်းလား"

အမှောင်ထဲမှ ချန်းချောင်မှာ ခရမ်းရောင်ဝတ် လူငယ်၏ သူ့ကိုယ်သူ မိတ်ဆက်စကားကို ကြားလျှင် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

ဝမ်လင်းက သူ့ခေါင်းကို လှည့်၍ ကြည့်လိုက်သည်။

"ဒီလူကိုသိလို့လား"

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ အလယ်တန်းမှာ ကျောင်းကိုယ်စားပြုအနေနဲ့ ငါးကီလိုမီတာ မာရသွန်ပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်.. အဲဒီအချိန်က သူက ငါ့ကို အနိုင်ယူခဲ့တဲ့လူပဲ.. ငါက ဒုတိယနေရာမှာ ရပ်တည်ခဲ့ပေမဲ့လည်း ကွာခြားချက်က တကယ်ကို ကြီးမားလွန်းတယ်"

ချန်းချောင် သက်ပြင်းချလိုက်သည်။

"ဒီနောက်ပိုင်းမှာ ဒီရှောင်ယွင်ချမ်းက ရှောင်မျိုးနွယ်စု အပြင်စည်းဂိုဏ်းမှာ ပထမ အဆင့်ရှိတဲ့ တပည့်တစ်ဦး ဆိုတာ ငါသိခဲ့ရတယ်.. သူသာ တက္ကသိုလ် ကောင်းကောင်း တစ်ခုကို နှစ်နှစ်အတွင်း ချောချောမွေ့မွေ့ ဝင်နိုင်ခဲ့ရင် အတွင်းစည်းဂိုဏ်းဆီ တိုးမြှင့်ခံရဖို့အတွက် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"

ဝမ်လင်းက ခရမ်းရောင် ၀တ်စုံ ဝတ်ထားသော ဤလူငယ်ကို တိတ်တဆိတ် စိုက်ကြည့်၍ အကဲခတ်လိုက်သည်။

ဤလူငယ်က အလွန်ထက်မြက်ပြီး အမှတ် ၆၀ အထက်တန်းကျောင်း၏ လက်ရွေးစင် ကျောင်းသား အများစုထက်ပင် ပိုမို အားကောင်းသည်။

သူ့ကိုယ်သူ လုံးလုံး ဖယ်ထားလိုက်မည်ဆိုလျှင် ရှောင်ယွင်ချမ်းကို တူတူတန်တန် တိုက်နိုင်သည့် အမှတ်၆၀ အထက်ကျောင်း၏ လက်ရွေးစင်တွေထဲမှ တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ စွန်းရုံသာ ရှိသည်။

မှီခိုရာ အထက်တန်းကျောင်းမှ ကျောင်းသားငါးဦးလုံးကို "သတ်" ပြီးနောက် ခရမ်းရောင်ဝတ် လူငယ်က ၎င်းတို့၏ သိုလှောင်အိတ်များကို စတင် ရှာဖွေခဲ့သည်။

သူက အသတ်ခံရသော တပည့်များထဲမှ တစ်ယောက်အား မျက်လုံးပြူး၍ ကြည့်လိုက်သည်။

"သေတ္တာထဲမှာ ပါတဲ့အရာကို ကောက်ယူပြီးပြီလား"

အသတ်ခံရပြီး ပြိုင်ပွဲမှ ဖယ်ရှားခံရသော တပည့်က အလွန်ခက်ထန်သည်။

"ဟားဟား.. သေတဲ့လူက စကားမပြောရဘူးလို့ မင်းပဲပြောခဲ့တယ် မဟုတ်လား... ကိုယ်တိုင်သွားရှာလေ"

ရှောင်ယွင်ချမ်းက ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ရုံသာ တတ်နိုင်ခဲ့သည်။

သူက ကိုယ်တိုင် အတည်ပြုရုံသာ ရှိတော့သည်။

တစ်ချိန်တည်းမှာပင် မှီခိုရာ အထက်တန်းကျောင်း၏ တပည့်ငါးယောက်က ပျောက်ကွယ်သွားခဲ့သည်။

ဖယ်ထုတ်ခြင်းကို ကိုယ်စားပြုသည့် မြူခိုးများ ထွက်ပေါ်လာသောအခါ ကမ္ဘာငယ်လေး၏ ဖယ်ရှားရေး စည်းမျဉ်းက အသက်ဝင်လာလိမ့်မည် မဟုတ်ပါလား။

မြူခိုးများဖြင့် ဖယ်ရှားခံရသည့် ကျောင်းသားများမှာ တစ်မိနစ်အကြာတွင် ကမ္ဘာငယ်လေးထဲမှ အလိုအလျောက် ထွက်ခွာသွားမည် ဖြစ်သည်။

"ဟားဟား.. ဘာတွေရှိနေမလဲ မသိဘူး"

ရှောင်ယွင်ချမ်းက သေတ္တာကို ရှာဖွေရင်း နှလုံးသားထဲကနေ လှောင်ရယ်နေခဲ့သည်။

ခဏအကြာတွင် သူက အနည်းငယ် လန့်ဖျပ်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

"ဒါ.. ဒါက.."

ထို့နောက်တွင် သေတ္တာထဲမှ ရှိသမျှ အရာအားလုံးကို သူ့အိတ်ထဲသို့ အမြန်ထည့်လိုက်သည်။

"ကြည့်ရတာ သေတ္တာထဲမှာ ပစ္စည်းကောင်း တစ်ခုခု ရှိနေပုံရတယ်"

အဝေးကနေ အကဲခတ်နေသည့် ချန်းချောင်က သိုလှောင်အိတ်ထဲသို့ တစ်စုံတစ်ရာကို လျင်မြန်စွာ ထည့်သွင်းနေသော ခရမ်းရောင်၀တ် လူငယ်ကို တွေ့လိုက်ရသည်။

ရှောင်ယွင်ချမ်း၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်သောကြောင့် ထိုအရာက မည်သည့်အရာ ဆိုသည်ကို ချန်းချောင်က အတိအကျ မမြင်နိုင်ခဲ့ပေ။

ထို့နောက်တွင် ရှောင်ယွင်ချမ်း၏ ငြီးတွားသံကို ထပ်မံကြားလိုက်ရပြန်သည်။

"ဟမ့်.. ဒီထဲမှာ မုန့်လက်ဆောင်ထုပ်ကြီးကို ဘာလို့ ထည့်ထားရတာလဲ"

သူက နူးညံ့သိမ်မွေ့စွာ ထုပ်ပိုးထားသော လက်ဆောင်သေတ္တာကို ဖွင့်ကာ အထဲသို့ မွှေနှောက် ရှာဖွေရင်း ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို တွေ့သောအခါ စိတ်မဝင်စားဘဲ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ချီးပဲ.. ဒီသေတ္တာက ဘာလို့ အမှိုက်တွေနဲ့ ပြည့်နေတာလဲ..."

ထိုစကားကြောင့် ဝမ်လင်း၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။

ထိုခဏဝယ် ရှောင်ယွင်ချမ်းက ယခင်က မခံစားခဲ့ဖူးသော ခံစားချက်မျိုးကို ရုတ်တရက် ရလိုက်ပြီး သူ့နောက်ကျောကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရ၏။

ယင်းအခိုက်အတန့်တွင် ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

အနက်ရောင် တိမ်တိုက်များက လိပ်ပြာကဲ့သို့ လှိမ့်ဝင်ကာ လျှပ်စီးကြောင်းများက ငွေရောင်မြွေများ လေထဲတွင် ကပြနေလို ထွက်ပေါ်လာသည်။

ရှောင်ယွင်ချမ်းက ခေါင်းမော့၍ ထိတ်လန့်တကြား ကြည့်လိုက်သည်။

ဤသည်မှာ ကမ္ဘာငယ်လေး၏ နတ်ဘုရား ဒဏ်ခတ်ခြင်းဆိုင်ရာ လေ့ကျင့်ခန်း ဖြစ်သည်။

ကမ္ဘာငယ်လေးထဲရှိ အချိန် ရှင်သန်မှုစနစ် အတွက် နတ်ဘုရားဒဏ်ခတ်ခြင်းဇုန်သည် မြေပုံပေါ်တွင် ကျပန်းပေါ်လာလိမ့်မည်

ဖြစ်သည်။

သို့သော် နတ်ဘုရားဒဏ်ခတ်ခြင်းဇုန်မှာ မကျရောက်မီ ငါးမိနစ်အလိုတွင် လူသိရှင်ကြား သတိပေးချက်မျိုး ရှိသည်။

ရှောင်ယွင်ချမ်း နားမလည်နိုင် ဖြစ်နေသည်။

ဤနတ်ဘုရားဒဏ်ခတ်ခြင်းဇုန်က ရုတ်တရက် အဘယ်ကြောင့် ပေါ်လာရပါသနည်း။

ခရမ်းရောင်ဝတ် လူငယ်လေး ရှောင်ယွင်ချမ်းက နတ်ဘုရားဒဏ်ခတ်ခြင်းဇုန်ကို ရှောင်ရှားရန် အနီးနားရှိ ဘုရားကျောင်းတွင် ပုန်းအောင်းရန် ပြင်လိုက်သည်။

သို့သော် သူ အရမ်းနောက်ကျသွားပေပြီ။

တရားမျှတမှုသည် ကောင်းကင်ထက်မှ မိုးရွာချသည်နှင့် တူသည် ဟူသော စကားအတိုင်းပင်။

ဤစကားစုမှာ "Overwatch" ဂိမ်းမှဖြစ်သည်။

နတ်ဘုရား ဒဏ်ခတ်ခြင်းဇုန်က ရှောင်ယွင်ချမ်းကို လုံးဝ အသိစိတ် ကင်းလွတ်စေခဲ့သည်။

သူ သတိပြန်ဝင်လာချိန်တွင် အစိမ်းရောင်မီးခိုးငွေ့များက သူ့ခန္ဓာကိုယ်ဆီ လွင့်ပျံလာသည်ကို တွေ့လိုက်ရသည်။

နတ်ဘုရားဒဏ်ခတ်ခြင်းဇုန်၏ ကြီးမားသော ဖိအားအောက်တွင် ဤကမ္ဘာငယ်လေးက သူ့ကို သေသွားပြီဟု မှတ်ယူခဲ့ပုံရသည်။

".............."

ကျောက်နံရံ နောက်ကွယ်ရှိ အမှောင်ထဲတွင် ဝမ်မင်က မှုန်ကုပ်ကုပ် ဖြစ်နေသည့် ရှောင်ယွင်ချမ်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူ့နှလုံးသားထဲတွင်မူ အရာအားလုံးကို ရှင်းလင်းစွာ သိနေ၏။

ယင်းမှာ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်ကြောင့် ကျူးလွန်ခဲ့သည့် လူသတ်မှု တစ်ခုသာ။

.................

ရှောင်ယွမ်ချမ်း ပျောက်ကွယ်မသွားခင် အပြင်ကမ္ဘာရှိ အစည်းအဝေး ခန်းထဲမှ ဖန်သားပြင်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

အတွင်းရေးမှူးတာခန်း၊ ကျိုးရီ နှင့် ကျောင်းခြောက်ကျောင်းမှ ကျောင်းအုပ်ကြီး အားလုံးမှာ ရှင်သန်ခြင်းပြိုင်ပွဲကို ကြည့်ရှုနေကြသည်။

"ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က နတ်မျက်စိ အထက်တန်းကျောင်းကလား.. အဲဒီလူငယ်လေးက မဆိုးဘူး"

အတွင်းရေးမှူး တာခန်းက ချီးကျူးခဲ့သည်။

"အစောပိုင်းက တိုက်ပွဲကို မှတ်တမ်းတင်ထားတယ် မဟုတ်လား"

"ဟုတ်ကဲ့.. ဒီအံ့သြစရာကောင်းတဲ့ တိုက်ပွဲကို ပြန်ရစ်ပြီး ကြည့်လို့ရအောင် လုပ်နိုင်တဲ့ ကျွမ်းကျင်သူတွေ ကျွန်တော်တို့မှာ ရှိပါတယ်"

ကျိုးရီက ပြန်ဖြေလိုက်သည်။

နတ်မျက်စိ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး စွန်းက ပြုံးလိုက်သည်။

"အတွင်းရေးမှူး တာခန်းက ချီးမွမ်းလွန်းနေပါပြီ.. အဲဒီ ကလေးက ကျနော်တို့ ကျောင်းက ရှောင်ယွင်ချမ်းပါ"

အတွင်းရေးမှူး တာခန်းက မေးစေ့ကို ပွတ်သပ်လိုက်သည်။

"သူက ရှောင်မျိုးနွယ်စုရဲ့ တပည့်လား"

ကျောင်းအုပ်ကြီးစွန်းက ခေါင်းညိတ်လိုက်သည်။

"လောလောဆယ် ရှောင်မျိုးနွယ်စုရဲ့ အပြင်စည်းဂိုဏ်းမှာတော့ သူက နံပါတ်တစ် တပည့်ပါ.. ဒီလို အနေအထားထိ ရောက်လာဖို့က သူ့အတွက် တကယ်ကို မလွယ်ခဲ့ဘူး"

အတွင်းရေးမှူး တာခန်းက မေးလိုက်သည်။

"ဘာလို့ဒီလိုပြောနိုင်တာလဲ"

ကျောင်းအုပ်ကြီးစွန်း " ရှောင်မျိုးနွယ်စုရဲ့ အပြင်စည်းဂိုဏ်းက တပည့်တစ်ယောက်က အတွင်းစည်း တပည့်တွေလောက် အရင်းအမြစ် များများစားစား မရရှိဘူးလေ.. ဒီကျောင်းသား ရှောင်ယွင်ချမ်း အကြောင်းကိုတော့ ကျွန်တော် နည်းနည်းသိပါတယ်.. သူ့မှာ ဘာနောက်ခံမှ မရှိပါဘူး.. ရှောင်မျိုးနွယ်စုရဲ့ ဂုဏ်ယူရတဲ့ အဂ္ဂိရတ်ပညာကိုလည်း နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် မလေ့လာနိုင်ခဲ့ပါဘူး.. သူ့မှာ လေလံပွဲ ဒါမှမဟုတ် မြေအောက်ဈေးကွက်မှာ မကြာခဏ လေလံဆွဲလေ့ ရှိတဲ့ အလေ့အထလည်း မရှိပါဘူး.. သူက ကျင့်ကြံခြင်း တစ်ခုထဲမှာပဲ စိတ်ကို နစ်မြုပ်ထားခဲ့တာပါ.. ဒါက ကျောင်းသားတစ်ယောက် အတွက် အရမ်းကို ခက်ခဲမယ်လို့ မထင်ဘူးလား"

ကျောင်းအုပ်ကြီးများ "............."

"ဒီကောင်လေးက တကယ်ကို မလွယ်ဘူးပဲ"

အတွင်းရေးမှူး တာခန်းက ဖန်သားပြင်ကို ကြည့်လိုက်သည်။

ထို့နောက် သေတ္တာထဲတွင် ရှာဖွေနေသည့် ရှောင်ယွင်ချမ်းကို သူ့မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှောင်ယွင်ချမ်းက သရေစာ လက်ဆောင်သေတ္တာကို ထုတ်ယူသွားသည်ကို တွေ့လိုက်ရပြီးနောက် ခေါက်ဆွဲခြောက် အကြွပ်ထုပ်ကို ဆွဲထုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်ကို သူတွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် အစည်းအဝေးခန်းရှိ လူတိုင်းက ရှောင်ယွမ်ချမ်း၏ နောက်ကျောကို မမျှော်လင့်ဘဲ မီးခိုးစိမ်းများ ပျံ့လွင့်လာသည်ကို တွေ့လိုက်ရသည်။

"သူဘယ်လိုသေသွားတာလဲ"

မည်ကဲ့သို့ဖြစ်သွားသည်ကို မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြပေ။

ကျောင်းအုပ်ကြီးစွန်းက ထိတ်လန့် တုန်လှုပ်စွာ ထရပ်လိုက်သည်။

"လူသတ်သမားရဲ့ ပရိုဖိုင်ကို ဖော်ပြပေးလို့ရမလား"

"ထုတ်လွှင့်တဲ့ ပုံရိပ်က တိုက်ပွဲရဲ့ မြင်ကွင်းကြောင့် အလိုအလျောက် ပြောင်းနေတယ်.. ဒီလို အခြေအနေမျိုးမှာ တစ်စုံတစ်ယောက်က သူ့ကို အဝေးကနေ တိတ်တဆိတ် လုပ်ကြံဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဒီပုံရိပ်ကို ခြေရာခံလို့ ရမှာ မဟုတ်ဘူး"

ကျိုးရီက ခေါင်းယမ်းကာ ပြန်ဖြေခဲ့သည်။

"ဘယ်လိုဖြစ်ရတာလဲ"

ကျောင်းအုပ်ကြီးစွန်းကလည်း အနည်းငယ် မှင်တက်သွားသည်။

သူ့ဆံပင်ကို ဆောင့်ဆွဲခံရသလို ခံစားလိုက်ရသည်။

ရှောင်ယွင်ချမ်းမှာ သူ့နတ်မျက်စိ အထက်တန်းကျောင်း၏ အဓိက အင်အားစု ဖြစ်သည် မဟုတ်လော။

ယခုမူ ဖယ်ရှားခြင်း မခံရမီ နောက်ဆုံးကျန်ရှိသည့် ကိုးထောင်ထဲသို့ပင် မပါဝင်ခဲ့ပေ။

ဖန်သားပြင်ပေါ်ရှိ ရှောင်ယွမ်ချမ်း၏ နောက်ကျောသို့ လွင့်လာသော မီးခိုးငွေ့များကို ထူးဆန်းစွာ စိုက်ကြည့်ရင်း တစ်ခုခုကို ကျိုးရီက သဘောပေါက်သွားသည်။

တကယ်တမ်းတွင် ကျိုးရီက အချက်တစ်ခုကို ရှင်းပြဖို့ ကျန်ရစ်ခဲ့၏။

ရှောင်ယွင်ချမ်း ထံသို့ လွင့်လာသော မီးခိုးစိမ်းများ၏ အခြေအနေကို သူကောင်းစွာ ရှင်းပြနိုင်သည်။

ယင်းမှာ ကျောင်းသားများက ဤရှင်သန်ခြင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စဉ် မတော်တဆ အရာများကို ရှောင်ရှားရန်အတွက် ဗိုလ်ချုပ်ရီက အလိုအလျောက် အကဲဖြတ်သည့် ယန္တရားတစ်ခုကို အထူးပြုလုပ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာငယ်လေးထဲရှိ လူတစ်ဦးက သေခြင်းတရားကို ရှောင်လွှဲ၍မရသော အခြေအနေတွင် ရှိနေကြောင်း ကမ္ဘာငယ်လေးက ဆုံးဖြတ်လိုက်သောအခါမျိုးတွင် မီးခိုးစိမ်းများက အလိုအလျောက် လွင့်စင်လာခြင်းမျိုး ဖြစ်၏။

ရှောင်ယွင်ချမ်း၏ အဆာပြေ ခေါက်ဆွဲခြောက်ကြွပ်များကို စွန့်ပစ်သည့် လုပ်ဆောင်ချက်ကို တွေ့မြင်လိုက်သော အခါတွင် ကျိုးရီက အဖြစ်မှန်ကို လုံး၀ နားလည်နေပြီ ဖြစ်သည်။

ဝမ်လင်းက ဤအနီးတစ်ဝိုက်တွင် ရှိနေသည်ကို သူသိသွားခဲ့သည်။

သူ၏ ဆရာသာလျှင် ထိုလူငယ် သေဆုံးမှုကို တိုက်ရိုက် အဆုံးအဖြတ်ပေးသည့် ကမ္ဘာငယ်လေး၏ ယန္တရားကို လွှမ်းမိုးရန် စွမ်းအားရှိပေသည်။

ကျိုးရီက အပြုံးများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်ရင်း သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။

သူ့ဆရာက မျှော်လင့်ထားသည့်အတိုင်းပင် အလွန် အစွမ်းထက်လွန်းနေသည်။

All Chapters