ရှေးဟောင်း ကုန်ပစ္စည်း ဖလှယ်ခြင်း အစီအရင်
Vol. 15 Ch. 220
"အဲဒီလူက ဘယ်လိုသေသွားတာလဲ"
ရှောင်ယွင်ချမ်း ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည့် ချန်းချောင်က အံ့သြသွားသည်။
ရှောင်ယွင်ချမ်း၏သေဆုံးမှုက အနည်းငယ် ရိုးရှင်းမှုမရှိဟု သူခံစားမိသည်။
မည်သူက မည်သို့ရိုက်ခဲ့လဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် အစိမ်းရောင် မီးခိုးလုံးများက ရှောင်ယွင်ချမ်းဆီ လွင့်ပျံလာခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ကိုသတ်ခဲ့ပါသလော။
"ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်"
အဆင့်ရှစ် ဒူးခံခေါင်းအုံး၏ အကူအညီဖြင့် ချန်းချောင်က အနီးတစ်ဝိုက်တွင် ၎င်းတို့လေးဦးသာ ရှိကြောင်း ရိပ်မိခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ တာဝေးပစ် မှော်လက်နက်ကို အသုံးပြု၍ အနီးကပ် တိုက်ခိုက်မည် ဆိုလျှင် အဆင့်ရှစ် ဒူးခံခေါင်းအုံး၏ ဝိညာဥ်စွမ်းအား ဖြန့်ကျက်မှုကနေ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ပြင် နတ်ဘုရားဒဏ်ခတ်ခြင်းကို ယခုပင် သူမြင်ခဲ့ရသည်။
ကောင်းကင်တွင် တိမ်ညိုများ နှင့် ငွေရောင်မြွေလို လျှပ်စီးကြောင်းများက ရုတ်တရက် ဖုံးလွှမ်းလာပြီးနောက် ရှောင်ယွင်ချန်းက အစိမ်းရောင် မီးခိုးများဖြင့် ဖုံးလွှမ်းခံလိုက်ရခြင်း ဖြစ်သည်။
ထို့နောက် စက္ကန့်သုံးဆယ်လောက် အကြာတွင် ကောင်းကင်ပေါ်ရှိ အခြေအနေက ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။
ချန်းချောင်က သူမြင်တာ မမှားဘူးဆိုတာ သေချာနေသည်။
"ဒုတိယအစ်ကို.. အဲဒါ ဘာဖြစ်သွားတာလဲ သိလား"
ချန်းချောင်က သူ့မျက်လုံးထောင့်ကနေ ဝမ်လင်းကို လှည့်ကြည့်နေသည့် ဝမ်မင်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်တယ်။
ပြဿနာ အားလုံး၏ အကြောင်းရင်းခံက သူနဲ့ ဘာမှ မဆိုင်သကဲ့သို့ ဝမ်လင်း၏ မျက်လုံးတွေက သူတို့နဲ့ မနီးမဝေးရှိ မြေပြင်ပေါ်မှ ခေါက်ဆွဲခြောက်ထုပ်တွင်သာ ရောက်ရှိနေသည်။
"............"
ဝမ်မင်က သူ မရှင်းပြရင် ချန်းချောင် သံသယဖြစ်လာနိုင်သည်ကို တွေးမိခဲ့သည်။
သူက ပတ်ဝန်းကျင်တွင် လူသူရှိမရှိ သေချာစေရန် ဟိုဟိုဒီဒီကြည့်လိုက်ပြီးနောက် လက်သီးကို ဆုပ်၍ ပြလိုက်သည်။
"ဒီလက်သီးကို ကြည့်စမ်း.. မင်းအခုမြင်ခဲ့ရတာက ငါ့ရဲ့ လိပ်လှိုင်းနှလုံးသား ကျင့်စဥ်ထဲက နောက်ဆုံးစွမ်းရည် ဖြစ်တဲ့ ဟိတ်ဟန်မဲ့ အတွင်းအားလှိုင်းပဲ"
ထိုစကားကိုကြားလျှင် ချန်းချောင်က မယုံကြည်နိုင်သလို ခံစားခဲ့ရသည်။
စက္ကန့်များစွာကြာ တိတ်ဆိတ်သွားပြီးနောက်တွင် သူက တောက်ပသော မျက်ဝန်းများဖြင့် ဝမ်မင်ကို ရုတ်တရက် ကြည့်လိုက်သည်။
ထိုအကြည့်တွင် ကြည်ညိုလေးစားမှုအပြည့် ပါဝင်နေသည်။
ဝမ်မင်က စူးစူးစိုက်စိုက်စိုက် အကြည့်ခံရ၍ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
"ဒုတိယအစ်ကို မင်းက အရမ်း သန်မာလွန်းတယ်"
စူပါချန်း၏ မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေသည်။
တကယ်တမ်း ဝမ်မင်က ဤအရာအားလုံး ပြီးသွားသောအခါ တွင် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။
ဝမ်လင်းက တစ်နေ့တွင် သူ့ကို အစွမ်းထက် ကျင့်ကြံသူ အဖြစ် မြင်လာလိမ့်မည်ဟု သူတကယ်ပဲ မျှော်လင့်နေခဲ့သည်။
သို့ရာတွင် ဝမ်းနည်းစရာ အကောင်းဆုံးမှာ ယင်းက ဘယ်တော့မှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
................
အနီးနားတွင် အခြားမည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် သူတို့သုံးဦးက ရှောင်ယွင်ချန်း ချန်ထားခဲ့သော သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို စတင် သိမ်းဆည်းတော့သည်။
ဝမ်လင်းက မြေကြီးပေါ်မှ ခေါက်ဆွဲခြောက်ထုပ်ကို တိတ်တဆိတ် ကောက်ယူလိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
စူပါချန်းက အစောပိုင်းတွင် ရှောင်ယွင်ချန်း အံ့အားသင့်သွားသည်ကို တွေ့ခဲ့ရပြီးနောက် သိုလှောင်အိတ်ထဲမှ ပစ္စည်းများကိုအသေအချာ စစ်ဆေးလိုက်ရာ မှော်ဆန်သော ရတနာတစ်ခုကို တွေ့ရှိခဲ့သည်။
ထိုအရာက အနီရောင်၊ အစိမ်းရောင်နှင့် အဝါရောင်များတောက်ပနေသည့် ဖီးနစ််ဖလား တစ်လုံး ဖြစ်သည်။
"ဒါက ဖီးနစ်ဖလားပဲ"
အီလက်ထရွန်းနစ် သရုပ်ဖော်လမ်းညွှန် စာအုပ် မရှိလျှင်ပင် ချန်းချောင်က ထိုမှော်ရတနာကို မှတ်မိနိုင်သည်။
အထက်တန်း ကျောင်းသားတိုင်း နီးပါးမှာ စုန့်ဟိုင်မြို့မှ ပြတိုက်၏ သမိုင်းကြောင်းကို ကြားဖူးကြမည် ဖြစ်သည်။
ထို့ကြောင့်ပင် ဤဖီးနစ်ဖလားက ရှေးဟောင်း မှော်ရတနာ တစ်ခု ဖြစ်ကြောင်း ပြတိုက်၏ သမိုင်းမှတ်တမ်းများမှ သိရှိနိုင်ခဲ့သည်။
ကောလဟလအရ ၎င်းမှာ ရှေးခေတ် ဧကရာဇ်သုံးပါး အနက်မှ တစ်ပါးဖြစ်သည့် မီးဧကရာဇ်၏ သီးသန့် မှော်လက်နက်ဖြစ်ကြောင်း သတင်း ထွက်ခဲ့သည်။
ပြတိုက်တွင် ဖီးနစ်ဖလား၏ အပိုင်းအစလေးများသာ ကျန်ရှိသည်။
ဝမ်လင်းက ဖီးနစ်ဖလားကို စိုက်ကြည့်ရင်း အတွေးထဲ မျောသွားသည်။
ဖီးနစ်ဖလား၏ ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းကို ရှေးဟောင်း စာအုပ်များမှ တဆင့် သိရှိခဲ့သည်။
ခြုံပြောရလျှင် နတ်ဆိုးကြီးဟန် နှင့် နတ်ဆိုးကြီးဝမ်တို့ ခေတ်ကတည်းက ရှိခဲ့ခြင်းပင်။
ထိုအချိန်က ဧကရာဇ်များ၏ မှော်လက်နက် သုံးမျိုးမှာ နတ်ဆိုးကြီးဟန်၏ ကောင်းကင်ပုလင်းနှင့် အဆင့်တူပြီး နတ်လက်နက်များ ဟုလည်း ခေါ်ဆိုကြသည်။
ဗိုလ်ချုပ်ရီက ကျောင်းသားများကြားတွင် သမိုင်းကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဤစစ်ရေးလေ့ကျင့်မှုတွင် ဖီးနစ်ဖလားကို ပုံစံတူ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
တကယ်တမ်းတွင် ဗိုလ်ချုပ်ရီက ဤတစ်ကြိမ် ရှင်သန်ခြင်းပြိုင်ပွဲ အတွက် သမိုင်းထဲမှ ထူးခြားပြီး ကျော်ကြားသော မှော်ရတနာ အမျိုးအစား များစွာကို အထူး ဒီဇိုင်းထုတ်ထားခဲ့သည်။
ချန်းချောင်က ဖီးနစ်ဖလားကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာရန် လမ်းညွှန်စာအုပ်ကို အသုံးပြုခဲ့ပြီးနောက်တွင် အံ့အားသင့်သွားခဲ့သည်။
"ဒီဖီးနစ်ဖလားမှာ သေစေနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်.. သူ့ရဲ့ ဖျက်စီးနိုင်မှုက အဆင့်ရှစ်တောင် ရှိတယ်.. ဒါက တကယ့် လူသတ်လက်နက်ကြီးပဲ"
"အမြင့်ဆုံးအဆင့်လား"
ဝမ်မင်က ဖီးနစ်ဖလားကို စိုက်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
"တကယ်တော့ ဒီ ဒီဇိုင်းက ကျိုးကြောင်းဆီလျော်ပါတယ်.. ဖီးနစ်ဖလားက ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းတယ်.. ဒါက ဖီးနစ်မီးကို ဆင့်ခေါ်နိုင်တဲ့ နတ်လက်နက် တစ်ခုပဲ.. မီးဧကရာဇ်က ဖလားကို ဒေါသတကြီးနဲ့ ပစ်ချလိုက်တဲ့အခါမှာ နတ်ဆိုးမြို့တွေက ပျက်စီးသွားတယ်လို့ သမိုင်းစာအုပ်တွေက ဆိုကြတယ်"
ထိုစကားကိုပြောရင်း ဝမ်မင်က ကူကယ်ရာမဲ့နေသည်။
"ရှောင်ယွင်ချန်း တစ်ယောက် အံ့ဩမှင်တက်နေတာကို ပြန်တွေးကြည့်ရင် အံ့သြစရာ မဟုတ်ဘူးပဲ.. ဒီပစ္စည်းရဲ့ သေစေနိုင်တဲ့ စွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတယ်.. ဒါကို မြို့လယ်ခေါင်မှာ ပစ်ချလိုက်ရင် နတ်ဘုရား ဒဏ်ခတ်ခြင်းစက်ဝန်းကို ဆင့်ခေါ်လိုက်တာနဲ့ အတူတူပဲ"
ထိုအချိန်တွင် ချန်းချောင်၏ လက်စွဲစာအုပ် ထိပ်ဖျားက တုန်ခါသွားသည်။
ယင်းမှာ အင်မော်တယ်ထုန်ရာက သတိပေးချက်တစ်ခု ပေးပို့ခဲ့သောကြောင့် ဖြစ်၏။
ချန်းချောင်က မက်ဆေ့ခ်ျ၏ အကြောင်းအရာကို ကြည့်လိုက်သည်။
"ဆယ်မိနစ်အကြာမှာ အဆိပ်သင့် မြူတွေ ပိတ်တော့မယ်လို့ စီနီယာထုန်ရာက ပြောတယ်.. ငါတို့ အရင်ပြန်ဆုတ်သင့်လား.. စောစောက သဲကန္တာရထဲမှာ ရှိတဲ့သူတိုင်းက အခုချိန်မှာ မြို့လယ်ကို သွားနေကြပြီ ထင်တယ်
"မလောပါနဲ့.. ငါတို့မှာ အချိန်ရှိပါသေးတယ်"
ဤရှင်သန်ခြင်းပြိုင်ပွဲ အတွက် မြေပုံဖန်တီးရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူဖြစ်သည့် ဝမ်မင်က ဤနေရာ၏ ပတ်ဝန်းကျင်ကို အတွင်းကျကျ သိရှိခဲ့သည်။
"တကယ်တော့ ဟိုအရှေ့က ဘုရားကျောင်းမှာ ရှေးဟောင်း ကုန်ပစ္စည်း ဖလှယ်ခြင်း အစီအရင်တစ်ခု ရှိတယ်"
"အဲဒါက ဘယ်လိုမျိုး မှော်အစီအရင်လဲ"
ချန်းချောင်က မေးလိုက်သည်။
"ရှေးခေတ်က ပစ္စည်းခြင်း ဖလှယ်တဲ့ ဖြစ်ရပ်တွေကို ကြားဖူးလား"
"ငါတို့ အစီအရင်က ဒီရှေးခေတ်က ပစ္စည်းဖလှယ်တဲ့ ယဥ်ကျေးမှုအပေါ် အခြေခံထားတယ်.. ဒီလိုအစီအရင်မျိုးကို ရှေးခေတ်က အနန္တတန်ခိုးရှင်တွေ ဖန်တီးခဲ့ကြတယ်.. မင်း အမြတ်တနိုးထားတဲ့ အရာတွေကို အစီအရင်ထဲ ပစ်ထည့်လိုက်ရင် တူညီတဲ့ တန်ဖိုး တစ်ခုခုကို ပြန်ရရှိနိုင်တယ်.. ရိုးရိုးရှင်းရှင်း ပြောရရင် ဒီအစီအရင်က 'သင်လိုအပ်သောအရာကိုယူပါ'ဆိုတဲ့ အစီအစဉ်နဲ့ တူညီတဲ့ အစီအရင် တစ်မျိုးပဲ"
သို့သော် ဤရှေးဟောင်း ကုန်ပစ္စည်း ဖလှယ်ခြင်း အစီအရင် ပုံစံသည် တစ်ခါတစ်ရံတွင် လိုအပ်သောအရာကို ပြန်လည် မရတတ်သောကြောင့် ကြီးမားသော ထောင်ချောက် တစ်ခုဟုလည်း ဆိုနိုင်သည်။
သုံးယောက်သား စကားစမြည် ပြောကြရင်း ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းဆီသို့ လျှောက်သွားကြသည်။
ဝမ်မင်း ပြောသလိုပင် ဝမ်လင်းက ဤရှေးဟောင်းဘုရားကျောင်း၏ အလယ်တွင် အမှောင်ရိပ် အနည်းငယ်ရှိသော အစီအရင်တစ်ခုကို တွေ့လိုက်ရသည်။
ယင်းက ကြီးကြီးမားမား မဟုတ်ဘဲ ကြိတ်ဆုံကျောက်အရွယ်အစားမျှသာ ဖြစ်သည်။
၎င်း၏ ဘေးနှစ်ဖက်ကို ဖော်မပြနိုင်သော ရှေးဟောင်းအက္ခရာများဖြင့် ရေးထွင်းထားသည်။
ချန်းချောင်က အံ့သြတကြီး စိုက်ကြည့်နေခဲ့သည်။
"ဒုတိယအစ်ကို ဒါက ရှေးခေတ်က ကုန်ပစ္စည်း ဖလှယ်တဲ့ အစီအရင်လား"
"ဟုတ်တယ်"
ဝမ်မင်က ခေါင်းညိတ်လိုက်သည်။
"အခုခေတ်မှာ ဒီအစီအရင်ကို ဘယ်လို ခင်းကျင်းရမလဲ ဆိုတာ သိတဲ့သူ အတော် နည်းနေပါပြီ...ဒီဟာကို ဗိုလ်ချုပ်ရီ ကိုယ်တိုင် တည်ဆောက်ခဲ့တာပါ"
"ဒါပေမယ့် ဒီရှင်သန်ခြင်း ပြိုင်ပွဲမှာ ဘာကြောင့် ထည့်ထားရတာလဲ"
ချန်းချောင်က မေးလိုက်သည်။
"ဒါက သမိုင်းကို မြှင့်တင်ဖို့ ဖြစ်နိုင်သလို ဗိုလ်ချုပ်ကြီးရီ စိတ်တိုင်းကျ ထည့်ထားတာလည်း ဖြစ်နိုင်တယ်.. အဲဒါကို အီစတာကြက်ဥလို့ပဲ မှတ်လိုက်ပါ"
ဝမ်မင်က ပြန်ဖြေလိုက်သည်။
(အီစတာကြက်ဥ = အီစတာပွဲတော်တွင် ကလေးများအားလက်ဆောင်ပေးသော ဆေးခြယ်ကြက်ဥ)
ဝမ်မင်က ကျောင်းသားများအတွက် ဗိုလ်ချုပ်ရီ၏ လက်ဆောင်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဝမ်လင်း "........."
ချန်းချောင် "ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"
ဝမ်မင် "အသုံးမဝင်တဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတွေကို ပစ်ထည့်ရုံပဲလေ"
"အိုး ဟုတ်သားပဲ"
ချန်းချောင်က သိုလှောင်အိတ်ထဲမှ အသုံးမဝင်သည့် စတုတ္ထအဆင့် ဒူးခံခေါင်းအုံးများကို ချက်ချင်းထုတ်ကာ အစီအရင်ထဲသို့ ပစ်ထည့်လိုက်သည်။
အစီအရင် အလင်းကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုပစ္စည်းများက အမှုန့်ဖြစ်သွားပြီး အစီအရင် ထဲတွင် တဖြည်းဖြည်း ပျော်ဝင်သွားသည်။
ဝမ်လင်းက အသက်ပင် မရှုနိုင်ဘဲ အစီအရင်၏ အပြောင်းအလဲကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
မကြာခင်မှာပင် ဝမ်လင်းက တောက်ပသည့် အလင်းရောင် တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ ရှေးဟောင်း ကုန်ပစ္စည်း ဖလှယ်ခြင်း အစီအရင်၏ အစီအရင်ဝိညာဥ် ဖြစ်သည်။
ဝိညာဥ်အလင်းရောင်က အစီအရင် ဝိညာဉ်၏ လက်ထဲတွင် လင်းလက်သွားပြီး ချက်ချင်း ဆိုသလို ပစ္စည်းသုံးခု ပေါ်လာသည်။
အစီအရင် ဝိညာဉ်က ချန်းချောင်ကို အေးဆေး ငြိမ်သက်သော မျက်လုံးများနှင့် ကြည့်ပြီးနောက် သံလိုက်ဓာတ်လို ဆွဲငင်မှု အပြည့်ပါသော အသံဖြင့် မေးလိုက်သည်။
"တစ်ဆိတ်လောက် ကျေးဇူးပြုပြီး မေးပါရစေ.. ရွှေရောင်ဒူးခံခေါင်းအုံးကို ပစ်ခဲ့တာလား.. ငွေရောင် ဒူးခံခေါင်းအုံးကို ပစ်ခဲ့တာလား ဒါမှမဟုတ် ကျောက်စိမ်းရောင် ဒူးခံခေါင်းအုံးကို ပစ်ခဲ့တာလား"
ဝမ်လင်း၊ ချန်းချောင်နှင့်ဝမ်မင် ".............."
"ဒါက ပုံပြင်ထဲကလို ရိုးသားမှုကို စမ်းသပ်နေတာများလား"