ခွေးနတ်ဘုရား
Vol. 15 Ch. 221
ရှင်သန်ခြင်းပြိုင်ပွဲ စတင်ချိန်မှ ရေတွက်လျှင် နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး လူတစ်ထောင်နီးပါးကို ဖယ်ရှားခဲ့ပြီးပြီ ဖြစ်သည်။
နယ်မြေအားသာချက်ရှိသည့် တောင်အထက်ရှိ နံပါတ်အရေအတွက်မှာလည်း 9118 တွင် ရပ်တန့်နေခဲ့သည်။
နံပါတ်က မပြောင်းတာပင် ကြာပြီ ဖြစ်သည်။
ပြိုင်ပွဲ၏ ကြာချိန်က အလွန်ပင် ရှည်လျားသောကြောင့် ပြိုင်ပွဲစတင်ပြီး တခဏအတွင်း မည်သူမှ ဖယ်ရှားမခံချင်ခဲ့ကြပေ။
ကမ္ဘာငယ်လေးသို့ ရောက်လာသည်နှင့် ကျောင်း၆ ကျောင်းမှ ကျောင်းသားများမှာ အရင်းအမြစ်များကို လုယက်ခဲ့ကြသည်။
ထို့နောက်တွင် ၎င်းတို့အားလုံးမှာ "နှစ်တစ်သောင်း ချောင်းမြောင်း စောင့်ဆိုင်းခြင်း" နည်းလမ်းကို ကျင့်သုံးခဲ့ကြ၏။
မြေပြင်အားသာချက် ရှိသော နေရာတွင် အထိုင်ချကာ ရန်သူများကို တန်ပြန်တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့သည်။
ဤသည်မှာ ရှင်သန်ခြင်းပြိုင်ပွဲ၏ အစောပိုင်းအဆင့်တွင် ကျောင်းခြောက်ကျောင်းမှ ကျောင်းသားအားလုံး နီးပါး ရှိခဲ့သည့် တူညီသောစိတ်ကူး ဖြစ်သည်။
အီလက်ထရွန်းနစ် သရုပ်ဖော် လမ်းညွှန်စာအုပ်များမှာ မြေပုံပေါ်ရှိ နေရာတိုင်းတွင် ပြန့်ကျဲနေပြီး ရှာရမခက်ပေ။
သို့သော် ကျောင်းအုပ်ကြီး ခြောက်ဦး၏ ဆုံးဖြတ်ချက်ကြောင့် အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်းရှိ ကျောင်းသားတစ်ဦးစီတွင် လမ်းညွှန်စာအုပ်တစ်အုပ်စီ ရှိထားနှင့်ပြီ ဖြစ်သည်။
ယင်းက မြေပုံပေါ်တွင် မှော်ရတနာများ၏ တည်နေရာကို စစ်ဆေး သိရှိနိုင်စေရန် အတွက် ကြီးမားသော အားသာချက်တစ်ခု ဖြစ်နေသည်။
စူပါမားကတ်ကြီး တစ်ခု၏ တံခါးများ အားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ထားခဲ့သည်။
ဤနေရာတွင် ဟဲပီဖုန်း၏ ဦးဆောင်မှုဖြင့် အမှတ် 59 အထက်တန်းကျောင်းနှင့် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသားများ စုရုံး၍ ရှိနေသည်။
မြေပဲလေး နှင့် ကော်ဟောက် တို့သည်လည်း ဤအဖွဲ့တွင် ပါဝင်ခဲ့ကြသည်။
လူတိုင်းက ၎င်းတို့၏ အီလက်ထရွန်နစ် သရုပ်ဖော်လမ်းညွှန် စာအုပ်များမှ တဆင့် အင်မော်တယ်ထုန်ရာ၏ မက်ဆေ့ချ်ကို တစ်ချိန်တည်းတွင် လက်ခံရရှိခဲ့ကြသည်။
မိုးကုတ်စက်ဝိုင်းပေါ်ရှိ အဆိပ်ငွေ့များသည် နောက်ဆုံးတွင် စတင် ဝင်ရောက်လာပြီ ဖြစ်သည်။
မြေပဲလေးက မြေပုံပေါ်ရှိ တည်နေရာ ကိုသြဒိနိတ်များကို ဂရုတစိုက် နှိုင်းယှဉ်ပြလိုက်သည်။
"အဆိပ်မြူရဲ့ ပထမအလွှာက ဝေးနေသေးတော့ လတ်တလော ရောက်လာဦးမှာ မဟုတ်ဘူး.. ငါတို့က စက်ဝိုင်းရဲ့ ဗဟိုနဲ့ နီးနေပြီ ဆိုတော့ အတော်လေး လုံခြုံနေပါသေးတယ်"
ဟဲပီဖုန်းက သူ့ပတ်ဝန်းကျင်ရှိ လူသုံးဆယ်ကနေ လေးဆယ်ကျော်ကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီအနေအထားက ငါတို့အတွက် အရမ်းအကျိုးရှိတယ်.. ဒီစူပါမားကတ်မှာ ပစ္စည်းတွေ အများကြီး ရှိပုံရတယ်.. မိုးပေါ်ကကျလာတဲ့လက်ဆောင်သေတ္တာကို မရရင်တောင် ငါတို့တစ်ယောက်ချင်းစီက ဒီနေရာမှာ ဝိညာဥ်ဓားတွေနဲ့ ဝိညာဥ်ဆေးပင်တွေကို အကြိုက် ရွေးချယ်လို့ရတယ်"
"ဒါက ဘုရားသခင် ကောင်းချီးပေးတဲ့ ကံကြမ္မာပဲ"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
စူပါမားကတ်၏ စင်များပေါ်ရှိ ပစ္စည်းအားလုံးမှာ အစစ်အမှန်များ ဖြစ်သည်။
ထိုပစ္စည်းများထဲတွင် အားဖြည့်ဆေးလုံးများ၊ အစားအစာနှင့် ရေ ကဲ့သို့သော ဖြည့်စွက် စားသုံးကုန်များပင် ပါဝင်သည်။
ဤစူပါမားကတ်ကြီးကို သိမ်းပိုက်ရရှိခြင်းမှာ ကြီးမားသောအားသာချက်တစ်ခု ဖြစ်လာသည်။
လက်ရှိတွင် သူတို့လူစုထဲ၌ တစ်ဦးတည်းသော မူမမှန်သူမှာ ကော်ဟောက် ဖြစ်သည်။
တင်ပါးဗလာနှင့် ကမ္ဘာငယ်လေးဆီ ရောက်သွားသည့်သူက အဆုံးသတ်တွင် အမြင့်ငါးကီလိုမီတာ အကွာကနေ ဆင်းသက်လာခဲ့သည်။
ကော်ဟောက်က သေလုမျောပါး ဖြစ်နေသလို ခံစားနေရ၏။
"ညီနောင်ကော်.. ဗိုက်ဝေဒနာ သက်သာရဲ့လား မင်းဘာစားလိုက်မိလို့လဲ"
ဟဲပီဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
သူ နှင့် ထျန်ကျင်းဇီတို့ နှစ်ဦးစလုံးက အမေကျွမ့် ကိုယ်တိုင်ချက်ကျွေးသည်ကို တွေ့ကြုံခံစားခဲ့ကြရသည်။
ဟင်းလျာ နာမည်များက အတော်လေး ထူးဆန်းနေသော်လည်း ရိုးရိုးသားသား ပြောရလျှင် အရသာက မဆိုးပေ။
ထို့အပြင် အစားအသောက်တွင် အမေကျွမ့်၏ ကလေးများအပေါ် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ထင်ရှားစွာ ပါရှိနေ၏။
"အမေကျွမ့်ရဲ့ စမ်းသပ်ဟင်းလျာတွေက ဘယ်လောက်ထိတောင် ကြောက်စရာကောင်းလဲဆိုတာ မင်း နားမလည်ပါဘူး"
ဤအချိန်တွင် မြေပဲလေးက ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ခြားနေသည်။
"တစ်ချိန်တုန်းက ဆိုရင် အမေကျွမ့်ရဲ့ စမ်းသပ် အစားအစာကြောင့် ရွှေအမြူတေ အဆင့်မှာ ရှိတဲ့ ငါတို့ရဲ့ ဆရာ တစ်ယောက်က အစာစားပြီးနောက်မှာ အရေးပေါ်ကို ပို့ခဲ့ရပြီး ရက်ပေါင်း နှစ်ဆယ်ကြာ ဆေးရုံမှာ တင်ထားခဲ့ရတယ်.. သူ့ရဲ့ ရွှေအမြူတေက ခြောက်သွေ့သွားလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရတာလေ"
ဟဲပီဖုန်း "အဲလောက်ထိတောင် ကြောက်စရာကောင်းတယ်လား"
မြေပဲလေး "ကံကောင်းတာက အတန်းဖော် ကော်ဟောက်က တစ်လုတ်ပဲ စားလို့လေ.. မဟုတ်ရင် သူ့ဥနှစ်လုံးကိုတောင် ရှာလို့ရမှာ မဟုတ်တော့ဘူး"
လူတိုင်း "..........."
..............
ကမ္ဘာငယ်လေး၏ မြို့လယ်ခေါင်ရှိ အထပ်မြင့် အဆောက်အအုံ တစ်ခု၏ ထိပ်တွင် လူနှစ်ယောက် မတ်တပ်ရပ်နေသည်။
တစ်ယောက်က ချောမောသော အင်မော်တယ်ထုန်ရာ ဖြစ်ပြီး သူ့ဘေးမှတစ်ယောက်မှာ ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသည့် ခါးအနည်းငယ် ကိုင်းသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။
တစ်ချိန်က အကြီးအကဲလီစုမှာ ကြယ်ခုနစ်ပွင့် ကျင့်ကြံခြင်း အထူးတပ်ဖွဲ့တွင် ရှိခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းစောင့် လုံခြုံရေးမှူး လီစု ဖြစ်နေလေပြီ။
အထပ်မြင့် အဆောက်အအုံကြီး၏ ထိပ်မှာ ရပ်နေသည့် အင်မော်တယ်ထုန်ရာက မျက်စိရှေ့မှ ငြိမ်သက်နေသော မြို့ကို ငေးကြည့်လိုက်သည်။
"ငါတို့တွေ ဒီမှာပြန်ဆုံတွေ့ရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"
လက်နှစ်ဖက် နောက်ပစ်၍ ထားသော အကြီးအကဲလီ၏ မျက်လုံးများက တည်ငြိမ်နေ၏။
"ဒီတခေါက် ကြယ်ခုနစ်ပွင့် အဖွဲ့ဝင်ဟောင်းတွေ စုစည်းနိုင်ခဲ့တာ စီနီယာထုန်ရာရဲ့ ကျေးဇူးကြောင့်ပါ.. အဲဒီတုန်းက ကျွန်တော်တို့ ခုနစ်ယောက် ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်.. အဲဒီနောက်မှာ ကျောင်းအုပ်ကြီးကလည်း ကြယ်ခုနစ်ပွင့် အထူးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ရတယ်.. ဒီနှစ်တွေ တစ်လျောက်လုံးမှာ ကျနော်က ကျောင်းစောင့်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ကျောင်းအုပ်ဆရာမကြီး ရှင်းယဲ့က ကြယ်ခုနစ်ပွင့် ဂျူနီယာတွေနဲ့ စကားပြောဖို့ အကြိမ်ပေါင်းများစွာ ဖိတ်ကြားခဲ့တယ်"
"ရှင်းယဲ့.."
ထိုစကားကိုပြောရင်း အင်မော်တယ်ထုန်ရာက ရုတ်တရက် တိတ်ဆိတ်သွားသည်။
"သူမ နေကောင်းလား"
အကြီးအကဲလီက မျက်လုံးများ ပိတ်သည်အထိ အနည်းငယ် ရယ်မောလိုက်သည်။
"စီနီယာထုန်ရာရဲ့ အေးစက်စက် ငြင်းဆန်မှုက ကျောင်းအုပ်ဆရာမကြီး ရှင်းယဲ့ အတွက် ဆိုးရွားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်သွားခဲ့တယ်.. အဲဒီစိတ်ပျက်မှုတွေ ပြီးတဲ့နောက်မှာ သူမက အလုပ်ထဲမှာ နှစ်မြုပ်နေခဲ့ပြီး စိတ်ဒဏ်ရာကို အချိန်အတော်ကြာ ကုစားခဲ့ရတယ်.. စီနီယာထုန်ရာ အနေနဲ့ သူမကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ခွန်းဆက်စကား ပေးပို့လိုက်ရင် ပိုကောင်းတယ်လို့ မထင်ဘူးလား "
"မေ့လိုက်ပါ.. ငါ့မှာ အဲဒီလောက် သတ္တိမရှိပါဘူး"
အင်မော်တယ်ထုန်ရာက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"ငါသွားမယ်ဆိုရင်.. သူငါ့ကိုသတ်မှာ သေချာတယ်"
အကြီးအကဲလီ "စီနီယာထုန်ရာ ဒါကတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချရလိမ့်မယ်.. ဒါပေမယ့် ကျောင်းရဲ့ နောက်ဆုံးနှစ်ပတ်လည် အစည်းအဝေးမှာ ကျောင်းအုပ် ဆရာမကြီး ရှင်းယဲ့က ဘယ်တော့မှ လက်မလျော့ဘူးလို့ ပြောတာကို ငါကြားခဲ့ရတယ်..."
အင်မော်တယ်ထုန်ရာက ခေါင်းကိုက်လာပြီး သူ့ခေါင်းကိုသူ လက်ဖြင့် ဖိထားလိုက်ရသည်။
"............."
ယခု သူလုပ်ရမည့် နောက်ထပ်အရာမှာ စိတ်ဒဏ်ရာ ကုသရန်အတွက် ဆေးဝါးများ အစုလိုက်အပြုံလိုက် ထုတ်လုပ်ခြင်းပင် ဖြစ်သည်ဟု သူခံစားမိသည်။
တကယ်တမ်း ဤအရာအားလုံးမှာ ကြယ်ခုနစ်ပွင့် အထူး အဖွဲ့အစည်းမှ ကျောင်းအုပ်ဆရာမကြီး ရှင်းယဲ့ ကိုယ်တိုင် အကြီးအကဲလီကို မကြာသေးမီက အကူအညီ တောင်းဆိုခဲ့သော စကားများ ဖြစ်သည်။
ထိုစဉ်က ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် အင်မော်တယ်ထုန်ရာ နှင့် ကျောင်းအုပ်ဆရာမကြီး ရှင်းယဲ့ အကြောင်း ကောလဟလမှာ အတော်လေး လူသိများခဲ့သည်။
သူမ၏ ဖွင့်ဟဝန်ခံချက်ကို ပယ်ချခံရပြီးနောက် ကြယ်ခုနစ်ပွင့် အဖွဲ့အစည်းမှ ကျောင်းအုပ်ဆရာမကြီး ရှင်းယဲ့မှာ ချစ်သူများနေ့ ပွဲတော်တွင် သုံးနှစ်ဆက်တိုက် ဟွာရှို့နိုင်ငံ၏ ပရိသတ်ထိုင်ခုံ အားလုံးကို လက်ဝါးကြီး အုပ်ထားခဲ့ပြီး စုံတွဲတိုင်းကို ပြောမပြနိုင်လောက်အောင် နာကြည်းသွားစေခဲ့သည်။
ယခု ဤကိစ္စကို အကာအကွယ်ယူ၍ အကြီးအကဲလီက အကျိုးအမြတ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
သူက ကမ္ဘာငယ်လေး၏ ကန္တာရဆီသို့ လှမ်းကြည့်လိုက်သည်။
"စီနီယာထုန်ရာလည်း ခံစားမိတယ် မဟုတ်လား.. စောစောက နတ်ဘုရား ဒဏ်ခတ်ခြင်းရဲ့ အော်ရာကို ကျွန်တော် ခံစားခဲ့ရတယ်.. ဒါပေမယ့် အခုအချိန်က အဲဒါကို စဖွင့်ဖို့ အစီအစဉ်မရှိသေးဘူးလေ.. ဒါကြောင့် နည်းနည်းတော့ ထူးဆန်းနေတယ်"
အင်မော်တယ်ထုန်ရာက တည်ငြိမ်စွာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"ငါ စစ်ဆေးပြီးပါပြီ.. စီနီယာလင်းက ဟိုမှာ ရှိနေတာ ဆိုတော့ ဘာမှ မထူးဆန်းပါဘူး"
"အတိုင်ပင်ခံလင်း ရှိနေတာလား"
အကြီးအကဲလီ ထိတ်လန့်သွားသည်။
"ဒါပေမယ့် သူ့အချက်ပြမှုက ရေဒါပေါ်မှာ ရှိပုံမရဘူးနော်"
"စီနီယာလင်းက သူ့ရဲ့အော်ရာကို ကောင်းကောင်း ဖုံးကွယ်ထားတယ်.. စောစောက နတ်ဘုရား ဒဏ်ခတ်ခြင်း အော်ရာသာ မတွေ့ခဲ့ရင် သူရှိနေမှန်း ငါလည်း အတိအကျ ဖော်ပြနိုင်မှာ မဟုတ်ဘူး...ရေဒါကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ဒါက စီနီယာလင်းရဲ့ အစ်ကို လက်ချက်လို့ ငါယုံကြည်တယ်.. သူက ရေဒါအချက်ပြမှုကို ပိတ်ဆို့ထားတာ ဖြစ်နိုင်တယ်.. ငါတို့ပဲ ဖြစ်ဖြစ် အစည်းအဝေးခန်းကပဲ ဖြစ်ဖြစ် စီနီယာလင်းကို ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ဘူး"
"စီနီယာလင်းမှာ အစ်ကိုတစ်ယောက် ရှိသေးတယ်လား "
အကြီးအကဲလီက သူ၏ အမြင်သုံးပါးလုံး အနည်းငယ် ပြိုလဲသွားသလို ခံစားလိုက်ရသည်။
အင်မော်တယ်ထုန်ရာက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီက အသန်မာဆုံး ဦးနှောက်ကို သိတယ်မဟုတ်လား"
"............."
အကြီးအကဲလီက သူ၏ အမြင်သုံးပါးလုံး မှောက်ခုံ ဖြစ်သွားသလို ခံစားလိုက်ရသည်။
"မျှော်လင့်ထားသလိုပဲ.. အတိုင်ပင်ခံလင်း ရဲ့ ခွန်အားနဲ့ နောက်ခံကို ငါတို့တွေ နားမလည်နိုင်ဘူး"
အကြီးအကဲလီ သက်ပြင်းချလိုက်သည်။
"ဒီကိစ္စကို ဘေးဖယ်ထားလိုက်ရင် ကမ္ဘာငယ်လေးမှာ လူတွေအများကြီး ရှိနေတုန်းပဲ.. သူတို့တွေ ငြိမ်သက်နေတာ တော်တော်ကြာနေပြီ.. ဒီနှုန်းနဲ့ဆို ပြိုင်ဆိုင်မှုက အဆင်ပြေသေးတယ်လို့ ပြောလို့ရလား"
"ဒီအချိန်လောက်ဆို ဗိုလ်ချုပ်ရီ မှန်းထားတဲ့အတိုင်း နိမ့်ကျတဲ့ ကျောင်းသားတွေကို ဖယ်ထုတ်ပြီးလောက်ပြီ.. ဘယ်သူမှတော့ မြန်မြန် ဖယ်ပစ်ခံချင်မှာ မဟုတ်ဘူးလေ"
"အဆိပ်အတောက်မြူတွေက အချိန်နဲ့အမျှ ပိုများလာမယ်.. ဆိုလိုတာက ကျောင်းသားတွေ အသုံးပြုနိုင်တဲ့ နေရာက ပိုကျဉ်းလာလိမ့်မယ်.. အဲဒါက ရလဒ်ကို အဆုံးအဖြတ်ပေးမယ့် အချိန်ဖြစ်လိမ့်မယ်.. လီစု ငါမေးစရာရှိတယ်"
အကြီးအကဲလီ "စီနီယာထုန်ရာ ကျေးဇူးပြုပြီး စိတ်ထဲရှိတဲ့အတိုင်း မေးပါ.."
အင်မော်တယ်ထုန်ရာက သူ့အောက်က လမ်းတစ်နေရာကို ညွှန်ပြလိုက်သည်။
"ငါသိချင်တယ်... ဒီအစိမ်းရောင် အမွေးတွေနဲ့ ခွေးက ဘာကိစ္စနဲ့ အဲဒီမှာ ရှိနေတာလဲ"
အကြီးအကဲလီ "အဲဒီခွေးက အတိုင်ပင်ခံလင်းရဲ့ အတန်းက မွေးထားတဲ့ ခွေးတစ်ကောင်ပါ...ပြိုင်ပွဲမှာ အမှတ် ၅၉ အထက်တန်းကျောင်းနဲ့ အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသား စုစုပေါင်း အရေအတွက်က အရမ်းနည်းတဲ့အတွက် အတိုင်ပင်ခံလင်းရဲ့ တာဝန်ခံ ဆရာမဖန်က ဒီခွေးကို ပါဝင်ခွင့်ပြုဖို့ ထိပ်တန်းအရာရှိတွေကို လျောက်ထားခဲ့ပါတယ်.. ဒီခွေးက ထွင်ထျန်းဟာလို့ ခေါ်ပြီး လက်ရှိမှာတော့ အတိုင်ပင်ခံလင်းနဲ့ အတူ နေထိုင်နေပါတယ်"
"ဒီခွေးက စီနီယာလင်းရဲ့ အိမ်မှာနေတာလား"
သန့်ရှင်းသောမြေ၌ နေထိုင်ခွင့်ရသောခွေး..
အင်မော်တယ်ထုန်ရာက ရုတ်တရက် လန့်ဖျပ်သွားသည်။
ထိုနေရာ၌ နေသောခွေးမှာ ခွေးနတ်ဘုရားသာလျှင် ဖြစ်ရမည် မဟုတ်ပါလော။