ငါသည် အသန်မာဆုံးသော ငတုံးငအ ဖြစ်လာမည်လော
Vol. 15 Ch. 223
သာမန်ခွေးများ အတွက်ပင် အာရုံခံနိုင်စွမ်းက အလွန် ထက်မြက်နေသည်။
ခွေးတစ်ကောင်၏ အာရုံခံနိုင်စွမ်းမှာ လူသားများထက် အဆတစ်ထောင်လောက် ပို၍ ထက်မြက်ကြောင်း သိပ္ပံပညာက ဆိုထား၏။
ခွေးအဖြစ်ကို လက်ခံလိုက်ကတည်းက ထွင်ထျန်းဟာ၏ အနံ့ခံအာရုံမှာ ဆက်လက် တိုးတက်လာခဲ့သည်။
ယုတ္တိဗေဒအရ ပြောရလျှင် ကျင့်ကြံသူ၏ အာရုံငါးပါးမှာ သာမန်လူထက် အဆတစ်ရာ ပိုမို အားကောင်း၏။
ထို့ကြောင့် ကျင့်ကြံထားသော ခွေးတစ်ကောင်၏ ထူးခြားသော စရိုက်လက္ခဏာများ ရှိသည့် ထွင်ထျန်းဟာ၏ အနံ့ခံအာရုံမှာ ကျင့်ကြံသူထက် အဆတစ်ထောင် ပိုမို ပြင်းထန်နေသည်။
ဥပမာအားဖြင့် သူက ဝမ်မိသားစုအိမ်၏ ခြံဝင်းထဲတွင် ရှိနေလျှင်ပင် တတိယထပ်မှ မေမေဝမ်၏ ရေမွှေးကို အနံ့ခံနိုင်ပေသည်။
ဖေဖေဝမ်၏ နံဆော်နေသော ခြေအိတ်နံ့နှင့် အဆာပြေ ခေါက်ဆွဲကြွပ်ကြော် စားလေ့ရှိသော ဝမ်လင်း၏ ဇီဇာကြောင်သည့် ကိုယ်နံ့ကို သူကောင်းစွာ မှတ်မိသည်။
"သေချာသွားပြီ"
ခေါင်မိုးတစ်ခုပေါ်ရှိ ထွင်ထျန်းဟာမှာ သဲကန္တာရ ဆီသို့ ဦးတည်လိုက်တော့သည်။
ဤဇီဇာကြောင်သည့် အနံက ဝမ်လင်းဆီက လွဲ၍ မည်သူ့ဆီကမှ မရနိုင်သည်ကို သူသိသည်။
သူ၏ သခင်ငယ်လေးလင်းက ဇီဇာကြောင်သည့် လူထူးဆန်း တစ်ဦး ဖြစ်သည် မဟုတ်လော။
ထွင်ထျန်းဟာက အမြီးနှံ့ကာ မီတာရာပေါင်းများစွာ ဝေးကွာသည့် သဲကန္တာရဆီသို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် အရူးအမူး ပြေးထွက်သွားခဲ့သည်။
အနီးနားရှိ အဆောက်အဦးများမှ ကျောင်းသားများမှာ ဒူးခံခေါင်းအုံးများ ပေါ်တွင် ထိုင်၍ ဝိညာဥ်ရေးအာရုံဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကို အကဲခတ်နေကြသည်။
"ဘာဖြစ်တာလဲ"
ကျောင်းသားတစ်ယောက်က မေးလိုက်သည်။
"ခွေးစိမ်းတစ်ကောင်ကို တွေ့လိုက်တယ် ထင်တယ်.."
"ဒီကို မတော်တဆ ရောက်လာတာများလား"
"ငါတော့ အဲဒီလို မထင်ဘူး"
ကျောင်းသားက ထိတ်လန့်သော အမူအရာဖြင့် ခေါင်းခါယမ်းလိုက်သည်။
သူက ဝိညာဥ်ရေး အာရုံများကို ယခုလေးတင် အသုံးပြုပြီးလေ့လာခဲ့ရာ ဤခွေးက သာမန် ခွေးတစ်ကောင်နှင့် လုံးဝမတူကြောင်း ခံစားမိခဲ့သည်။
ခွေး၏ အရှိန်အဟုန်ကလည်း အလွန် အံ့အားသင့်စရာပင်။
၎င်းက လျှပ်စီးကြောင်းကဲ့သို့ ပြေးထွက်သွားပြီး သူ၏ဝိညာဥ်ရေးအာရုံ လိုက်မီနိုင်သည့် အတိုင်းအတာကို လွန်မြောက်သွားခဲ့သည်။
.....................
ရှေးဟောင်း ကုန်စည်ဖလှယ်ခြင်း အစီအရင်က ဝမ်မင်တွင် ရှိသော အရာအားလုံးကို မလိမ့်တပတ်ဖြင့် လုယူသွားခဲ့သည်။
ဝမ်မင်က မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"လှပချောမောတဲ့ ဝိညာဥ်အလှလေးရေ..ငါမှားခဲ့ပါတယ်.. ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေ အတွက် ငါက လိမ်ညာတဲ့ ရွေးချယ်မှုမျိုး မလုပ်ခဲ့သင့်ပါဘူး"
အစီအရင်ဝိညာဥ် "............."
ဝမ်မင် "ဒါပေမယ့် အလှလေး အစီအရင်ဝိညာဥ်.. ငါ့ရွေးချယ်မှုက လူသားတိုင်းမှာရှိတဲ့ အဖိုးတန်ဆုံး အရည်အသွေး လေးခုနဲ့ အတိအကျ ကိုက်ညီတယ်လို့ မင်းမထင်ဘူးလား"
အစီအရင်ဝိညာဥ် ".....?....."
ဝမ်မင် "ငါက စိတ်ခွန်အားပေးတဲ့ ဗီဒီယိုတွေကို ကြည့်တဲ့အခါ အပေါ်ယံမကြည့်ဘူး.. ကြည့်နေရင်းနဲ့လည်း ထမသွားဘူး.. ကြည့်ပြီးသွားတဲ့အခါမှာလည်း ထမသွားဘူး.. ငါက တည်တည်ငြိမ်ငြိမ်ပဲ တစ်ကားပြီးတစ်ကား ဆက်ကြည့်နေခဲ့တယ်.. အဲဒီအချက်ကပဲ ငါ့မှာ ဇွဲရှိတာကို ပြသနေတယ်"
"............."
ဝမ်မင် စကားဆုံးသောအခါ ဝမ်လင်း နှင့် ချန်းချောင် တို့က အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။
အစီအရင် ဝိညာဉ်က အသက်ပြင်းပြင်းရှူလိုက်သည်။
သူမ ရှေ့မှ လူကို ကယ်တင်ရန် ဆေးမရှိတော့ဟု ခံစားလိုက်ရသည်။
"ဒါဆိုလည်း ရှင်က ကျောက်စိမ်းရောင် ဒူးခံခေါင်းအုံးကို ဘာလို့ရွေးရတာလဲ"
အစီအစဥ်ဝိညာဥ်က ဝမ်မင်ကို အလွန်အမင်း မထိခိုက်စေခဲ့ပေ။
သူမက ကမ္ဘာငယ်လေးထံမှ ရရှိသမျှ အရာအားလုံးကို သိမ်းယူလိုက်သည်။
သို့ရာတွင် သူမက ဗိုလ်ချုပ်ရီနှင့် ဝန်ထမ်းရေဒါစနစ်၏ ဝိညာဉ်သင်္ကေတ ဖြစ်သောကြောင့် အဆုံးသတ်တွင် ထိုပစ္စည်းများမှာ နိုင်ငံပိုင် ပစ္စည်းများအဖြစ်သာ ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်၏။
ဤရလဒ်က ဝမ်မင် အတွက် အလွန်သက်သာရာ ရစေခဲ့သည်။
ကံကောင်းထောက်မစွာပင် သူ့၌ ရွှေရောင် အဆောင်လက်ဖွဲ့ ရှိနေပါသေးသည်။
ရွှေရောင် အဆောင်လက်ဖွဲ့ ကိုင်ဆောင်ထားသရွေ့ တန်ခိုးကြီးသော စွမ်းအားများကို ဆက်လက် အသုံးချနိုင်သေးသည် မဟုတ်ပါလော။
ဝမ်လင်းက သူ၏ အစ်ကိုက အရူး မဟုတ်သလို သူသည်လည်း အကျင့်သိက္ခာမရှိဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
.....................
ရှေးဟောင်းဘုရားကျောင်းမှ ထွက်လာသောအခါ ဝမ်မင်က နယ်နမိတ် အားသာချက်ရှိသည့် နယ်မြေသို့ လှမ်းကြည့်လိုက်သည်။
သူတို့ ဘုရားကျောင်းထဲဝင်ပြီး မိနစ်နှစ်ဆယ်ခန့် ကြာသွားသော်လည်း လေထဲမှ ကိန်းဂဏာန်းများမှာ တူညီနေသေးသည်။
လူ 9100 ကျန်ရှိနေ၏။
"ကဲ ငါတို့ မြို့လယ်ကို သွားတော့မလား"
ချန်းချောင်က မြို့လယ်ခေါင်ဆီသို့ စူးစူးစိုက်စိုက် ကြည့်ရင်း ပြောလိုက်သည်။
သူ့တွင် ပိုင်ဆိုင်မှု အများအပြား ရှိသော်လည်း မထင်မှတ်ဘဲ ဝမ်မင်ကြောင့် နဂို အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သူအရင်က စုဆောင်းခဲ့သော အရင်းအမြစ်တွေ ဖြစ်သည့် အားဖြည့်ဆေးလုံးများ၊ ဝိညာဥ်အဆောင်လက်ဖွဲ့များနှင့် အခြားအရာတွေ အားလုံးကို အစီအရင်ဝိညာဥ်က သိမ်းယူသွားပြီ ဖြစ်သည်။
တစ်ခုတည်းသော သတင်းကောင်းမှာ သူ့တွင် အဆင့်ရှစ် ဒူးခံခေါင်းအုံး နှင့် ဖီးနစ်ဖလားတို့ ရှိနေသေးခြင်းပင်။
ချန်းချောင်က ဝမ်မင် ထိုင်ဖြုန်းသမျှကို အပြစ်မတင်ခဲ့ပေ။
ဤအရေးကြီးသော အခိုက်အတန့်တွင် အစီအရင် ဝိညာဉ်က သူတို့ထံမှ ပစ္စည်းများကို မလိမ့်တပတ် လုယူသွားလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။
ဤပစ္စည်းများဖြင့် မြို့လယ်ခေါင်မှ လူများကို ဖယ်ထုတ်ရန် အစက စီစဉ်ခဲ့သော်လည်း လက်ရှိ အခြေအနေအရ မဖြစ်နိုင်တော့ချေ။
လက်ရှိအခြေအနေအရ လူအများအပြားမှာ မြို့တွင်း၌ ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြသည်။
ထိုအချိန် မတိုင်မီထိ ၎င်းတို့က သူတို့ကိုယ် သူတို့ ထုတ်ဖော် မပြလိုပုံရသည်။
အကယ်၍ သူတို့သာ ထိုနေရာကို ရောက်သွားလျှင် သူတို့ကို ပစ်မှတ်တစ်ခု အဖြစ် သေချာပေါက် ဆက်ဆံလိမ့်မည် ဖြစ်သည်။
အခြေအနေအရ ဖီးနစ်ဖလားမှာ သူတို့၏ အကောင်းဆုံးမျှော်လင့်ချက်ဟု ဆိုနိုင်သည်။
လက်ရှိတွင် ဤကမ္ဘာပေါ်၌ သူတို့ ဘာလုပ်သင့်ပါသနည်း။
ချန်းချောင်က အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
"မထိတ်လန့်ပါနဲ့.. အတန်းဖော်ဝမ်လင်း နဲ့ ငါက ဒီမှာ ရှိနေတာပဲ မဟုတ်လား.. အတန်းဖော် ဝမ်လင်းက ငါတို့အတန်းရဲ့ လာဘ်ကောင်လေးလို့ ငါကြားထားတယ်.. ငါတို့ အဆင်ပြေမယ်လို့ ထင်ပါတယ်"
ဝမ်မင်က ပြုံးလိုက်သည်။
ဝမ်လင်း ".............."
"လခွမ်း.. မင်းကမှ လာဘ်ကောင်"
လက်ရှိ အခြေအနေက သိပ်မကောင်း၍ သူတို့သုံးယောက်က ခဏလောက်စောင့်ပြီး နောက်တစ်ခါ အဆိပ် မြူခိုးတွေ ထပ်ဝင်လာသည့် အခါမှ မြို့လယ်ကို သွားရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် သိပ်မကြာခင်မှာပင် ဝမ်လင်းက သူတို့၏ ပတ်ဝန်းကျင်၌ အမှန်တကယ် မှုန်ဝါးနေပြီ ဆိုသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။
"ဒါက.. အဆိပ်မြူလား"
ချန်းချောင်းက မျက်လုံးများ စပ်လာ၍ သူ့မျက်လုံးများကို လက်ဖြင့် ပွတ်သပ်လိုက်သည်။
ထိုစကားကို ပြောပြီးသည်နှင့် သူ့ခေါင်းက ဥက္ကာခဲတွေလို လေးလံလာပြီး ရုတ်တရက် သတိလစ်သွားသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဤထွားကျိုင်းသန်မာသော တစ်ရာ့ခုနစ်ဆယ်ဂျင် အလေးချိန် ရှိသည့် အားကစားသမားမှာ သူ့ဘေးနားရှိ ဝမ်မင်၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။
"ဒီအဖြူရောင် အခိုးအငွေ့နဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခု ရှိနေတယ်"
ဝမ်မင်က ဗိုလ်ချုပ်ရီ ပေးလိုက်သည့် ရွှေရောင်အဆောင်လက်ဖွဲ့ကို ထုတ်ကြည့်လိုက်ရာ အဆောင်လက်ဖွဲ့က တောက်ပနေသည်ကို တွေ့လိုက်ရသည်။
ဗိုလ်ချုပ်ရီ၏ အဆောင်လက်ဖွဲ့က အဆိပ်မြူများရန်မှ သူ့ကို အကာအကွယ် ပေးခဲ့ပုံရသည်။
မဟုတ်လျှင် အရင်ဆုံး သတိလစ်မည့်သူမှာ သူသာ ဖြစ်သည်။
ထူးဆန်းသော အဖြူရောင် အခိုးအငွေ့များက ရုတ်တရက် ပေါ်လာသည်။
ဝမ်မင် အကြောက်ဆုံးအရာမှာ အဖြူရောင် အခိုးအငွေ့များ ပေါ်လာသည်နှင့် ချန်းချောင်က ချက်ချင်းပင် မူးလဲသွားခြင်း ဖြစ်သည်။
သူ့အတွက် သေချာနေသည်မှာ ယင်းက ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
အဆိပ်သင့် မြူများ ပထမဆုံးအကြိမ် ဝင်လာပြီး နောက်တွင် သဲကန္တာရမှ လူများမှာ မြို့လယ်သို့ ထွက်သွားကြပြီ ဖြစ်သည်။
သူတို့ သုံးယောက်က သဲကန္တာရထဲတွင် ကျန်နေသေးတဲ့ တစ်ခုတည်းသော အစုအဖွဲ့ ဆိုလည်းမမှားပေ။
ပြင်ပမှ အကြီးအကဲများ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ရုတ်တရက် ထွက်ပေါ်လာသည့် ဤအဖြူရောင် အခိုးအငွေ့များ၏ အသွင်အပြင်မှာ အလွန်ပင် ထူးခြားနေသည်။
"ဘာဖြစ်တာလဲ လင်း"
သူ၏ အီလက်ထရွန်းနစ် ပစ္စည်းများ အားလုံး အလုပ် မလုပ်တော့သည်ကို တွေ့သောအခါ ဝမ်မင်က အနည်းငယ် ထိတ်လန့်သွားသည်။
ဝမ်လင်းက ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ လှည့်ပတ်ကြည့်လိုက်သည်။
ဝမ်မင်က သူ့ခန္ဓာကိုယ်ထက်တွင် ရွှေရောင်တောက်ပသော အလင်းတန်းများ ဖုံးအုပ်လွှမ်းခြုံ ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"သေစမ်း.. အကာအကွယ် ရွှေအလင်းတန်းတောင် ပေါ်လာပြီဟ.. ဒီအခိုးအငွေ့ထဲမှာ အဆိပ်ရှိတာ အသေအချာပဲ"
ဝမ်မင် အနည်းငယ် ထိတ်လန့်သွားသည်။
"လင်း.. ငါ ဒီအခိုးအငွေ့တွေကို ရှူမိရင် အသန်မာဆုံး ဦးနှောက်ကနေ အသန်မာဆုံး လူယုတ်မာအဖြစ် ပြောင်းလဲသွားမှာလား"
ဝမ်လင်း "............"
သူက ဝမ်မင်၏ မေးခွန်းကို ပြန်မဖြေဘဲ မျက်လုံးများကို မှိတ်ကာ အဖြူရောင် အခိုးအငွေ့များကို ခြေရာခံလိုက်သည်။
ဝမ်မင် ပြောခဲ့သလိုပဲ.. ဤအဖြူရောင် မြူခိုးများ၏ မူလအစက မရိုးရှင်းပေ။
၎င်းက လူတစ်ယောက်ကို အားနည်းစေနိုင်သည့် အစွမ်းရှိသည်။
အခြေခံတည်ဆောက်ခြင်း အဆင့် မပြောနှင့် ရွှေအမြူတေ အဆင့်ပင် တန်းခနဲ မေ့လဲသွားနိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ မြူခိုးများက အဆိပ်ပြင်းပြီး ထူထပ်လွန်းသောကြောင့် ဝမ်လင်းက တိုက်ရိုက် မခွဲထုတ်နိုင်ခြင်းပင်။
ကမ္ဘာငယ်လေးရှိ လေထုက နေရာအနှံ့ လှည့်ပတ်နေသည်။
သူသာ အခိုးအငွေ့ကို လက်ဝါးလှိုင်းဖြင့် ဖြန့်ခွဲလိုက်လျှင် ကျောင်းသားအားလုံး အတွက် ဘေးဒုက္ခ ဖြစ်စေလိမ့်မည် မဟုတ်ပါလော။
သူ့အတွက် ရွေးချယ်စရာ တစ်ခုသာ ကျန်ရှိတော့သည်။
ဝမ်လင်းက အဖြေရှာမရသေးသည့် ထူးဆန်းသော အဖြူရောင် အခိုးအငွေ့များကို ကြည့်ရင်း အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
တခဏချင်းမှာပင် သူ့နှာခေါင်းနဲ့ သူ့ဗိုက်ထဲကို အဖြူရောင်အခိုးအငွေ့များ ဝင်ရောက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ပြာနှင့် တိမ်တိုက်ဖြူများ ပြန်ပေါ်လာပြီး မြင်ကွင်းက တစ်ဖန် ငြိမ်သက်သွားပြန်၏။