"မသန့်ရှင်းသော မြေကြီးဖြင့် လူဝင်စားခြင်း"နည်းကို မှန်ကန်စွာ အသုံးပြုသောနည်းလမ်း
Vol. 15 Ch. 224
အဖြူရောင်အခိုးအငွေ့ကို ရှူရှိုက်ပြီးနောက် ဝမ်လင်း၏ အစာအိမ်က မီးပုံးပျံတစ်ခုလို ဖောင်းပွလာသော်လည်း အလွန်လျင်မြန်စွာပင် အဆိပ်ပြင်းသော အခိုးအငွေ့များကို ကိုယ်တွင်း၌ သန့်စင်နိုင်ခဲ့သည်။
သူ၏ သူတော်စင်ခန္ဓာကိုယ်မှာ ပြင်ပတိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိရုံမျှသာမက ကိုယ်တွင်းအင်္ဂါများ၏ သန့်စင်မှု စွမ်းရည်ကလည်း ထိပ်တန်းအဆင့် ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာပေါ်ရှိ မည်သည့်အဆိပ် အမျိုးအစားကို မဆို စက္ကန့်ပိုင်းအတွင်း ချေဖျက်နိုင်ပေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း အဆုံးသတ်တွင် ဝမ်မင်က သက်ပြင်းချမိလိုက်သည်။
"ချန်းချောင်.. ချန်းချောင်"
သူက ချန်းချောင်ကို လှုပ်နှိုးခဲ့သော်လည်း ချန်းချောင်က နိုးထလာမည့် အရိပ်အယောင်မျိုး မပြခဲ့ပေ။
ဝမ်မင်က ချက်ခြင်းပင် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။
သူ့ရင်ခွင်ထဲတွင် ရှိနေသင့်သောသူမှာ ဤကမ္ဘာပေါ်တွင် ဝမ်လင်းက လွဲလျှင် သူ၏ အနာဂတ် ဇနီးသာ ဖြစ်သင့်သည်ဟု သူ တွေးထားခဲ့သည်။
သာမန်အခြေအနေတွင် သူ့ကို အခွင့်ကောင်းယူရန် တတိယလူကို မည်သို့မှ ခွင့်မပြုမည်မှာ သေချာသည်။
ဝမ်မင်၏ အမူအရာကို ကြည့်လိုက်သည်နှင့် ဝမ်မင်၏ စိတ်ကို မဖတ်ရသေးသည့်တိုင် ဝမ်လင်းက သိလိုက်သည်။
သူ့ ဝမ်းကွဲအစ်ကိုက ပေါက်ကရစိတ်ကူးကို တွေးနေခြင်းသာ ဖြစ်နိုင်ချေ ရှိသည် မဟုတ်လော။
ဝမ်လင်း၏ လက်ချောင်းထိပ်တွင် အဖြူရောင် အလင်းတန်းများ တောက်ပလာ၏။
သူက ထိုလက်ချောင်းဖြင့် ချန်းချောင် ရှူသွင်းမိထားသော အဆိပ်ငွေ့များကို ခန္ဓာကိုယ်ထဲမှ ဖယ်ရှားပေးရန် ချန်းချောင်၏ နဖူးကို တို့ထိလိုက်သည်။
ချန်းချောင်က သတိလစ်နေသေးသော်လည်း အခြေအနေက သိပ်မပြင်းထန်တော့ပေ။
သူတို့ ယခုလုပ်ရမည်မှာ ဤအဆိပ်ပြင်းသော အဖြူရောင် အခိုးအငွေ့တွေ၏ အရင်းအမြစ်ကို ရှာဖွေရန် ဖြစ်သည်။
ဝမ်လင်းက မျက်လုံးများကို မှိတ်ထားသည်။
သူ၏ ကောင်းကင်မျက်လုံးကို အမြင့်ဆုံး အဆင့်သို့ ဖွင့်လိုက်ကာ တစ်လက်မ မကျန် စကင်န်ဖတ်၍ ရှာဖွေလိုက်တော့သည်။
အဖြူရောင် မြူခိုး၏ မူလအစမှာ အလွန်တရာ ပုံမှန် ဖြစ်မနေပေ။
ထို့အပြင် ဝမ်လင်းက ၎င်းနှင့်ပတ်သက်ပြီး ရင်းနှီးသလို ခံစားလိုက်ရသည်။
သူက လွန်ခဲ့သော သုံးနှစ်ခန့်တွင် ကြယ်ခုနစ်ပွင့် ကျင့်ကြံရေး အထူးတပ်ဖွဲ့၏ အတိုင်ပင်ခံအဖြစ် လှည့်စားခံခဲ့ရသည်ကို သတိရမိသည်။
အကြီးအကဲလီ နှင့် အဖွဲ့ကို ကယ်တင်ရန် ကမ္ဘာခြားဂိတ်ထဲကို ဝင်သောအခါက ဤမြူခိုးနှင့် ဆင်တူသည့် အဆိပ်ပြင်းသော အဖြူရောင် အခိုးအငွေ့များကို ရင်ဆိုင်ခဲ့ရသည်။
ထိုအကြောင်းကို စဥ်းစားမိသောအခါ ဝမ်လင်း၏ စိတ်တွင် ဖျက်ခနဲ လင်းလက်သွားသည်။
ဤအဖြူရောင် အခိုးအငွေ့များ၌ ကမ္ဘာခြားဂိတ်တွင် တွေ့ရသော နတ်ဆိုးချီများ ပါရှိနေ၏။
သို့ရာတွင် နတ်ဆိုးချီက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရပါသနည်း။
ထိုကိစ္စကို စဉ်းစားနေစဥ် သူ့မျက်လုံးများက ကျောက်စာတိုင် တစ်ခု၏ နောက်ကွယ်၌ အရာတစ်ခုကို မြင်လိုက်ရသည်။
ထိုနေရာတွင် သူက အစီအရင် အလံတစ်ခုကို တွေ့လိုက်ရခြင်း ဖြစ်၏။
..................
ကွာဖီက မြေအောက်ကမ္ဘာငယ်လေးရှိ သူ့ လျှို့ဝှက်ခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ထိုနေရာကို ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းမှ တားဆီးရန် သဘာဝအတားအဆီး တစ်ခု ဖြစ်သည့် ခရမ်းရောင်ရွှေ ဘူးသီးခြောက်၏ မြူခိုးထဲတွင် လုံးလုံးလျားလျား ဖုံးလွှမ်းထားခဲ့သည်။
ကွာဖီ၏ ရှေ့တွင် ကြည်လင် တောက်ပြောင်သော အရိုးစု တစ်ခု ရှိနေသည်။
အရိုးစုတစ်ခုလုံးကို ပြီးပြည့်စုံစွာ ထိန်းသိမ်းထားပုံ ရသည်။
ယင်းက ထွင်းထုထားသည့် အနုပညာလက်ရာ တစ်ခုလိုပင်။
အရိုး၏ အစိတ်အပိုင်းတိုင်းက ကြည်လင်ပြီး တောက်ပြောင်နေ၏။
ကျောက်သရဲမျက်နှာဖုံးထဲမှ ကျန်းလျှိုယွဲ့က အံ့အားသင့်သွားသည်။
သူမ အတွက် ရှေးခေတ် အနန္တတန်ခိုးရှင်၏ အရိုးစုနှင့် တွေ့ဖူးခြင်းမှာ ဤအကြိမ်က ပထမဆုံးအကြိမ် ဖြစ်သည်။
ယင်းက ဟွာရှို့နိုင်ငံကို လှိုင်းထအောင် ဖန်တီးခဲ့ဖူးသည့် မိစ္ဆာအင်ပါယာကွာဖီ ပိုင်ဆိုင်သော အရိုးစု ဖြစ်သည်။
ဤအရိုးစု၏ နောက်ကွယ်မှ ရှေးခေတ် အနန္တတန်ခိုးရှင်က မည်သူလဲ ဆိုသည်ကို တွေးကြည့်၍ပင် မရပေ။
အနည်းဆုံးတော့ ကြီးကျယ်သည့် စီနီယာတစ်ယောက် ဖြစ်ရပေမည်။
ဤအနန္တတန်ခိုးရှင်၏ အဆင့်က အင်မော်တယ်အဆင့်လောက် ရှိမည်ဟု ကျန်းလျှိုယွဲ့က ခန့်မှန်းခဲ့သည်။
"မင်း အံ့သြသွားလား"
ကွာဖီက ကြည်လင်သော အရိုးစုကို ပွတ်သပ်ပြီး လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်လောက်က ငါအရှင်သခင်လည်း ဒီအရိုးစုကို တွေ့တဲ့အခါ မျက်နှာမလွှဲနိုင်အောင် တအံ့တသြ ဖြစ်ခဲ့ရတယ်.. ဒီအရိုးစုက အလွန်ကို ပြီးပြည့်စုံတယ်.. ငါအရှင်သခင် အတွက် လုပ်ထားသလိုပဲ"
"နှစ်.. နှစ်2000လား"
ကျန်းလျှိုယွဲ့က ကွာဖီ၏ ရေရှည် အမျှော်အမြင်ကြောင့် အံ့သြသွားခဲ့သည်။
ထိုအချိန်ကတည်းကပင် ကွာဖီက သူ၏ လွတ်လမ်းကို မထင်မှတ်ဘဲ ရှာတွေ့ခဲ့ပါသလော။
ကွာဖီက တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။
"အစီအရင်အလံကို တပ်ဆင်ပြီးတာ အချိန်တော်တော်ကြာနေပြီ ဆိုတော့ ဒီကမ္ဘာငယ်လေးထဲကို နတ်ဆိုးချီက ထိုးဖောက်ဝင်ရောက်နေလောက်ပြီ.. ကမ္ဘာခြားဂိတ်က နတ်ဆိုးတွေ မကြာခင်မှာ ထွက်လာတော့မယ်... အခုက ပြန်လည်ဝင်စားခြင်း အစီအရင်ကို အသက်သွင်းရမဲ့ အချိန်ပဲ"
ထို့နောက်တွင် ကွာဖီက ရှေးခေတ် ကျောက်ခေါင်းတလား၏ အကာအကွယ် အစီအရင်များကို ဖယ်ရှားလိုက်သည်။
အကာအကွယ် အစီအရင်များ ကင်းစင်သွားသောအခါ ရှေးခေတ် အနန္တတန်ခိုးရှင်၏ အရိုးစုမှ ထွက်လာသော အော်ရာက ၎င်းတို့ကို အသက်ရှူရ ကြပ်သွားစေ၏။
ထိုအခိုက်တွင် ပြင်းထန်သော ဖိအားများက ၎င်းတို့အပေါ် ရုတ်တရက် ကျရောက်လာခဲ့သည်။
ကွာဖီ၏ ခြေဖဝါးအောက်ရှိ မြေပြင်က တုန်ခါသွားပြီး သူ၏ ခြေနှစ်ချောင်း စလုံးမှာ ဖိအားကြောင့် မြေကြီးထဲသို့ ကျွံဝင်သွားသည်။
ကံကောင်းထောက်မစွာပင် သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။
သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် အကာအကွယ် အလင်းရောင်များကြောင့် ထိုဖိအားကို ခံနိုင်ရုံ အနေအထားလေး ရှိနေခဲ့သည်။
"အရာအားလုံးက ငါ့ရဲ့ အစီအစဥ်ထဲမှာပဲ ရှိပါတယ်"
ကွာဖီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက စကားဆုံးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ဤကျဉ်းမြောင်းသော မြေအောက်ကမ္ဘာလေး ထဲတွင် ဖယောင်းတိုင် ရှစ်တိုင် ချက်ချင်း ပေါ်လာသည်။
ပြန်လည်ဝင်စားခြင်း အစီအရင် အတွက် ဤပထမအဆင့်မှာ အလွန်ပင် အရေးကြီးသည်။
မြေအောက်ကမ္ဘာတွင် ဖယောင်းတိုင် မီးထွန်းရန် ကွာဖီက မှော်စွမ်းအားကို အသုံးပြုခဲ့သည်။
လူဝင်စားခြင်း လုပ်ငန်းစဉ် အတွင်း ဖယောင်းတိုင်မီးများ ငြိမ်းသက်သွားပါက ပျက်စီးခြင်းသို့ ဦးတည်သွားမည် ဖြစ်သည်။
ဤသည်က ကွာဖီတစ်ယောက် မြေအောက်ကမ္ဘာထဲတွင် အစီအရင်ကို ဖွင့်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
"ငါအရှင်သခင် ကိုယ်တိုင် ဒီအရိုးစုကို အသုံးပြုပြီး အသက်ဓာတ်တွေ စုပ်ယူနေသမျှ ငါတို့ အောင်မြင်မှုရလိမ့်မယ်"
ဖယောင်းတိုင် ရှစ်ချောင်းကို ထွန်းညှိပြီးနောက် ကွာဖီ၏ လှုပ်ရှားမှုတွေက ပိုသတိရှိလာသည်။
ယင်းအချိန်မှာပင် ကျောက်သရဲမျက်နှာဖုံး ထဲမှ ကျန်းလျှိုယွဲ့က ကွာဖီတစ်ယောက် သိုလှောင်အိတ်ထဲမှ အိတ်နှစ်လုံးကို ထုတ်ယူလိုက်သည်အား တွေ့လိုက်ရသည်။
"မိစ္ဆာအင်ပါယာ.. ဒါက.."
"ဒါက မသန့်ရှင်းတဲ့ မြေကြီးပဲ"
ကွာဖီက လေသံကိုနှိမ့်၍ ပြန်ဖြေလိုက်သည်။
"အခုတော့ ဒီမြေကြီးကို ငါအရှင်သခင်က အရိုးစုပေါ် တင်ပြီး ပြန်လည်ဝင်စားခြင်း အစီအရင်ကို ခင်းကျင်းဖို့ပဲ ကျန်တော့တယ်"
"ဒါဆို ဒါက မသန့်ရှင်းတဲ့ မြေကြီးလား"
ကျန်းလျှိုယွဲ့က နှလုံးသားထဲကနေ အလွန်တရာ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
"ဒါက..ဒဏ္ဍာရီလာ မသန့်ရှင်းတဲ့ မြေကြီးဖြင့် ပြန်လည်ဝင်စားခြင်းမှော်စွမ်းရည် လို့တော့ ကျမကို မပြောနဲ့နော်"
"မသန့်ရှင်းတဲ့ မြေကြီးဖြင့် ပြန်လည်ဝင်စားခြင်း စွမ်းရည်လား... မင်းဆိုလိုချင်တာက မြေကြီးကိုအသုံးပြုပြီး 'အသက်' ကို ပြန်လည်မွေးဖွားတာမျိုး.. ဟုတ်တယ်မလား"
ကွာဖီက လှောင်ပြောင်လိုက်သည်။
"ဒီလို မှော်ပညာမျိုး လုံးဝမရှိခဲ့ဘူး.. မသန့်ရှင်းတဲ့ မြေကြီးကို ခန္ဓာကိုယ်တစ်ခုအဖြစ် ပုံသွင်းရုံနဲ့ ဘယ်လိုလုပ် ပြန်လည်မွေးဖွားနိုင်မှာလဲ.. အဲဒီလိုသာဆို အနန္တတန်ခိုးရှင် ရုပ်အလောင်းကိုတောင် မလိုတော့ဘူးလေ"
ကျန်းလျှိုယွဲ့ "..........."
"ပြန်လည် ဝင်စားခြင်း အစီအရင်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ဖို့က လိုအပ်ချက်တွေ အလွန်များပြားတယ်.. ခန္ဓာကိုယ် အမျိုးအစားနှင့် ကိုက်ညီတဲ့ အရိုးစုကို ရှာဖွေရတဲ့အပြင် မသန့်ရှင်းတဲ့ မြေကြီးကိုလည်း လိုအပ်တယ်.. ဒီအခြေခံ လိုအပ်ချက်တွေ အပြင် ပြန်လည် ဝင်စားခြင်းကိစ္စကို ထည့်သွင်း စဉ်းစားဖို့လည်း လိုအပ်သေးတယ်.. ဒါတွေအားလုံး ပြီးပြည်စုံဖို့က လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး"
ကွာဖီက သက်ပြင်းချလိုက်သည်။
"ဒါ့အပြင် မသန့်ရှင်းတဲ့မြေကြီးက အဖိုးတန် သဘာဝ သယံဇာတ တစ်ခု ဖြစ်နေတာကြောင့် နိုင်ငံတိုင်းမှာ မသန့်ရှင်းတဲ့ မြေကြီး ရောင်းချခြင်းကို တားမြစ် ပိတ်ပင်ထားခဲ့တယ်.. ငါက အနန္တတန်ခိုးရှင်ရဲ့ သင်္ချိုင်းဂူအတွင်းမှာ မသန့်ရှင်းတဲ့ မြေအိတ်နှစ်ထုပ်ကို တွေ့ရှိခဲ့တယ်.. ကြည့်ရတာ အနန္တတန်ခိုးရှင်က သူ့ကိုယ်သူ အသုံးပြုဖို့ ရည်ရွယ်ထားခဲ့ပုံရတယ်.. ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူက သေဆုံးမဲ့ နေ့ရက်တွေကို ရေတွက်ခဲ့ရပြီး အလုံအလောက် ပျော်ရွှင်ခဲ့ရပုံ မရဘူး"
"..............."
ကျန်းလျှိုယွဲ့ အံ့အားသင့်သွားသည်။
"ဒါဆို သခင် မိစ္ဆာအင်ပါယာ.. ရှင် ဒီအစီအရင်ကို အရင်က ဘာလို့အသုံးမပြုတာလဲ"
ကွာဖီက ခေါင်းခါယမ်းလိုက်သည်။
"အခြေအနေတစ်ခုကို အခွင့်ကောင်းယူနိုင်ဖို့ ဆိုတာ ကံကြမ္မာရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ.. အဲဒီတုန်းက ရီကျန့်ချွန်က ငါ့ကို လုံးဝ ဖျက်ဆီးပစ်ဖို့ နည်းနည်းပဲ လိုတော့တယ်.. အစီအရင်ကိုအသုံးပြုဖို့နေနေသာသာ ငါ့ရဲ့ဝိညာဥ်က ပျက်စီးခါနီးပဲ.. ဒါပေမယ့် သူ့အတွက် ကံဆိုးသွားတာ ငါက ဘာကိုမှ ဂရုမစိုက်ဘဲ ကျောက်သရဲ မျက်နှာဖုံးထဲမှာ ငါ့ကိုယ်ငါ တံဆိပ်ခတ်ထားလိုက်တာပဲ.. ငါ့ရဲ့အော်ရာက ကမ္ဘာကနေ ပျောက်ကွယ်သွားတယ်.. ငါ့အသားတွေပါ ပျောက်ကွယ်သွားပေမယ့်လည်း တံဆိပ်ခတ်ခံရတဲ့ အချိန်ကစပြီး ငါ့ဝိညာဉ်က တဖြည်းဖြည်း ပြန်ကောင်းလာခဲ့တယ်.. ဒါတွေအားလုံးက ငါက အသက်ပြင်းတယ်ဆိုတာ ညွှန်ပြနေတာပဲ"
ကျန်းလျှိုယွဲ့ "ဒါဆို အရှင်မိစ္ဆာအင်ပါယာ.. ရှင် အခုသုံးနေတဲ့ အစီအရင်က ဘာလဲလို့ မေးပါရစေ"
ကွာဖီ "မသန့်ရှင်းသော မြေကြီးဖြင့် ပြန်လည်ဝင်စားခြင်းနည်းကို မှန်ကန်စွာ အသုံးပြုသော နည်းလမ်းကို မင်းကြားဖူးလား"
ကျန်းလျှိုယွဲ့ "မသန့်ရှင်းသော မြေကြီးဖြင့် ပြန်လည်ဝင်စားခြင်းနည်းကို မှန်ကန်စွာ အသုံးပြုသော နည်းလမ်းလား"
"ဟုတ်တယ်"
ကွာဖီက ခေါင်းညိတ်လိုက်သည်။
ထိုစကားကို ပြောပြီးနောက် ကွာဖီက သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ရှေးအနန္တတန်ခိုးရှင်၏ အရိုးစုကို သူမ ရှေ့မှာပင် တစ်ဖက် လှန်ပစ်လိုက်သည်။
"ဒီနည်းလမ်းရဲ့ သော့ချက်က အရိုးစုရဲ့ နှစ်ဖက်စလုံးကို မသန့်စင်တဲ့ မြေကြီးနဲ့ ဖုံးထားဖို့ပဲ.. အလွယ်ပြောရရင် အဲဒီနည်းလမ်းကို အသုံးပြုတဲ့အခါ အရိုးစုကို ဟိုဘက်ဒီဘက် လှန်ပေးဖို့ပါပဲ.. အဲဒါကိုလုပ်ဖို့ အမြဲ သတိထားနေရမယ်"
ကျန်းလျှိုယွဲ့ ".............."