← Chapters

ပါရမီရှင်ကို မှားယွင်းစွာ နားလည်ထားမိခြင်း

Vol. 15 Ch. 225

ပါရမီရှင်ကို မှားယွင်းစွာ နားလည်ထားမိခြင်း

Vol. 15 Ch. 225

"အစီအရင် အလံတစ်ခုပါလား"

"ဘာလို့ဒါက ဒီမှာရှိနေတာလဲ"

ဝမ်မင်က မြေပြင်ပေါ်တွင် စိုက်ထားသော အလံကို စိုက်ကြည့်ကာ အနည်းငယ် မှင်တက်သွားသည်။

သူ့နေရာတွင် မည်သူမဆို တူညီသော စိတ်ရှုပ်ထွေးမှုကို သံသယဖြစ်ဖွယ် ခံစားရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အစီအရင်အလံများမှာ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်က စ၍ ဈေးကွက်မှ ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်သည်။

၎င်းတို့ကို မှောင်ခိုဈေးကွက်တွင်ပင် ဝယ်ယူ၍မရနိုင်ပေ။

ရာဇ၀တ်ကောင်များက အစီအရင်အလံကို အသုံးပြု၍ အခွင့်ကောင်းယူမည်ကို စိုးရိမ်သောကြောင့် ဤကဲ့သို့ မှော်ရတနာမျိုး ထုတ်လုပ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့သည်။

ဝမ်မင်က ကျင့်ကြံသူ မဟုတ်သော်လည်း ကျင့်ကြံခြင်း အပေါ် နားလည်မှုတွင် မညံ့ဖျင်းပေ။

အသန်မာဆုံးသော ဦးနှောက်ဟု တင်စားခံရသည့် သူက ကျင့်ကြံသူ စစ်စစ်များ ထက်ပင် ကျင့်ကြံခြင်း ဆိုင်ရာ သီအိုရီပိုင်းတွင် နားလည်နိုင်စွမ်း အနည်းငယ် ကျော်လွန်နေသည်။

ဝမ်မင်က အလံကို စိုက်ကြည့်ရင်း၊ သူ့မျက်လုံးများကို စကင်ဖတ်စက်ကဲ့သို့ လှည့်ပတ်လိုက်သည်။

သူ့မျက်လုံးအတွင်း၌ ဂဏန်းစာတန်းများ ပေါ်လာခဲ့သည်။

ခဏအကြာတွင် ၎င်းကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး အလံကို လက်ရှိခေတ်မှ ပြုလုပ်ထားခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အလံကို လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ပြုလုပ်ခဲ့ခြင်း ဖြစ်၍ အနည်းဆုံး နှစ်တစ်ထောင် သက်တမ်းရှိပြီဟု ဆိုနိုင်၏။

ဝမ်မင်က ချန်းချောင်ကို ကျောပိုးရင်း လေးလေးနက်နက် တွေးလိုက်မိသည်။

"ဒီကမ္ဘာငယ်လေးမှာ ဘာတွေ ဖြစ်နေတာလဲ"

တကယ်တမ်းတွင် အရမ်းကို သိသာနေသည်။

ဤနတ်ဆိုးချီများက ကမ္ဘာခြားဂိတ်မှ လာခဲ့မှန်း သေချာ၏။

ဝမ်လင်းက မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူ့မျက်လုံးများက ဝိညာဉ်အလင်းရောင်များဖြင့် တောက်ပနေ၏။

ဝမ်မင်က ကောင်းကင်မျက်လုံး မရှိသောကြောင့် ခင်းကျင်းထားသော မှော်အစီအရင်ကို မမြင်နိုင်ခဲ့သော်လည်း ဝမ်လင်းက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

၎င်းမှာ ဆင့်ခေါ်ခြင်းဆိုင်ရာ အစီအရင်တစ်မျိုး ဖြစ်သည်။

အဆိုးဆုံးမှာ ၎င်းအစီအရင်က ပြီးစီးမှုအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

နှစ်မိနစ်အတွင်း ကမ္ဘာခြား ဂိတ်တံခါးက ဤနေရာသို့ ဆင်းသက်လာမည်ဟု ဝမ်လင်းက တွက်ချက်ခဲ့သည်။

"လင်း...ကမ္ဘာခြားဂိတ်တံခါးက ဒီကိုရောက်လာမယ်လို့ ပြောလိုက်တာလား"

ဝမ်လင်း၏ ရှင်းပြချက်ကို ကြားသောအခါ ဝမ်မင်၏မျက်နှာတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။

သူ၏ အီလက်ထရွန်နစ် ပစ္စည်းအားလုံး အလုပ်မလုပ်နိုင်တော့၍ ယခုလို အချိန်မျိုးတွင် စစ်ကူခေါ်ရန် မဖြစ်နိုင်တော့ပေ။

ထို့အပြင် သူက ဝမ်လင်း နှင့် ချန်းချောင်၏ ရေဒါအချက်ပြမှု နှစ်ခုလုံးကို ပိတ်ဆို့ထားသောကြောင့် အစည်းအဝေးခန်းရှိ အသံလွှင့်မော်နီတာက ဤနေရာတွင် ဖြစ်ပျက်နေသည့် ပုံရိပ်များကို ဖမ်းယူနိုင်မည် မဟုတ်ပေ။

"မကောင်းတော့ဘူး"

"ငါတို့ ဘာလုပ်သင့်လဲ"

ဝမ်မင်၏ ပါးပြင်ပေါ်တွင် အေးစက်သော ချွေးစေးများ ထွက်လာသည်။

သူက သူနှင့် ချန်းချောင် တို့ကို ဖုံးအုပ်ထားသည့် အကာအကွယ် ရွှေရောင်အလင်းတန်းကို ကြည့်လိုက်ရာ အနည်းငယ် စိတ်ပျက်သလို ခံစားလိုက်ရသည်။

"..................."

ဤကဲ့သို့ လေထု တင်းမာသော အခြေအနေတွင် ဝမ်လင်းက ဝမ်မင်၏ ပခုံးကို မသိမသာ လက်ဖြင့် ပုတ်လိုက်သည်။

သူအနားမှာ ရှိနေလျက်နှင့် သူ၏အကိုက အဘယ်ကြောင့်ဒီလောက်ထိ စိတ်လှုပ်ရှားနေမှန်း သူမသိပေ။

သူတို့က မိသားစုအဖြစ် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး အတူတူ ကြီးပြင်းလာခဲ့ကြသော်လည်း အချိန်အတော်ကြာ အနေဝေးပြီး နောက်ပိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် နားလည်မှုပိုင်း ဆိုင်ရာတွင် အပြောင်းအလဲများ ရှိလာခဲ့၏။

သူကလေးဘဝက ဝမ်မင်နှင့် အမြဲအတူ ရှိခဲ့ဖူးသည်ကို ဝမ်လင်းက ပြန်အမှတ်ရမိသည်။

ထိုအချိန်က သူ့ကို နားအလည်ဆုံးလူမှာ ဝမ်မင် ဖြစ်၏။

ဝမ်မင်က ကျောက်တုံး စက္ကူ ကပ်ကြေး၊ အမြင့်ခုန်ခြင်း၊ ပြေးလွှားခြင်း၊ "ညီလေး" ၏ အရှည်ကို ပြိုင်ခြင်းများတွင် စိတ်အားထက်သန်သူ ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဆီး ဘယ်လောက် ဝေးဝေးထိ ရောက်နိုင်သည်ကိုပင် ဝမ်လင်း နှင့် ပြိုင်ဆိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူသာ အမြဲ ရှုံးခဲ့ရ၏။

နောက်ပိုင်းတွင် ဝမ်မင်ကို သိပ္ပံ ကျင့်ကြံခြင်း အကယ်ဒမီမှ လူများက ခေါ်ယူခဲ့ပြီး နိုင်ငံတော်၏ အကာအကွယ် အောက်တွင် ထားရှိခဲ့သည်။

ညီအစ်ကိုနှစ်ဦး တွေ့ဆုံသည့် အကြိမ် အရေအတွက်ကလည်း လျော့နည်းသွားခဲ့သည်။

တရုတ်နှစ်သစ်ကူးပွဲတော် ကာလတွင်သာ တစ်နှစ် တစ်ကြိမ်ခန့် တွေ့ခွင့်ရတော့သည်။

ဝမ်မင်က သူ၏ သိပ္ပံနည်းကျ သုတေသနပြုမှုတွင် အောင်မြင်မှုအသစ်များ ရရှိခဲ့ပြီး နှစ်သစ်ကူး အတွက် အိမ်သို့ပင် မပြန်ခဲ့ရသည့် အချိန်များ ရှိခဲ့သည်။

သူ ဝမ်မင်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည့် အချိန်မှာ ဝမ်မင်က တာအိုအဆောင်လက်ဖွဲ့ ပေးသည့်နေ့ ဖြစ်သည်။

ဤတစ်ကြိမ်ကမူ အလုပ်ကြောင့်ဖြစ်ပြီး ဝမ်မင်က သူ၏ သုတေသန အဖွဲ့ကိုပါ ခေါ်လာခဲ့သည်။

သို့သော် ဝမ်လင်း ဘယ်တုန်းကမှ မတွေးခဲ့မိသည်မှာ သူ့ဝမ်းကွဲ အစ်ကို၏ အစွမ်းအစကို နားလည်ထားမှုတွင် လိုအပ်ချက်များ ရှိနေခြင်းပင်။

.............

ဝမ်လင်း၏ အစွမ်းသတ္တိကို ဝမ်မင်က ကောင်းစွာ နားလည်သည်။

ဝမ်လင်းက မွေးရာပါ ထိန်းချုပ်မရသည့် စွမ်းအားကြောင့် သူ့အသက် ခုနစ်နှစ်အရွယ်တွင် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သူ့တွင် နောက်ထပ်နယ်ပယ်ကို အဆင့်မတက်ခင် ခွန်အားကို တည်ငြိမ်အောင် စုစည်းရန် အချိန်ပင် မရှိခဲ့ပေ။

ထိုအချိန်မှစ၍ တာအို စည်းတံဆိပ်ကို ၀တ်ဆင်ခြင်းမှာ ဝမ်လင်း နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ထိုအရာက ဆေးပလာစတာ ကဲ့သို့ သူ့လက်မောင်းတွင် ကပ်နေ၏။

ရေချိုးလျှင်ပင် ကွာမကျတော့ပေ။

ထို့ကြောင့် ဝမ်မင်က ဝမ်လင်း အလွန် အစွမ်းထက်ကြောင်း ကောင်းစွာ သိသည်။

သို့သော် ဤခွန်အားနှင့် ပတ်သက်ပြီး အကန့်အသတ် ရှိမည်ဟု သူအမြဲတမ်း တွေးမိခဲ့သည်။

ဆိုရလျှင် သူက ဝမ်လင်းကို အနိုင်ယူရန် အိပ်မက်မက်နေဆဲပင်။

.........................

အရာအားလုံးက ဝမ်လင်း မျှော်မှန်းထားသည့် အတိုင်း ဖြစ်လာခဲ့သည်။

နှစ်မိနစ်လောက် အကြာတွင် သူတို့ ခြေထောက်အောက်မှ မြေပြင်က လှုပ်လာသည်။

ခင်းကျင်းထားသော အစီအရင်အလံ၏ အလင်းရောင်က ပေါက်ကွဲထွက်လာပြီးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးစကားလုံးများဖြင့် ရေးထိုးထားသော အစီအရင် သတ္တုပြား၏ အစွန်ဆုံး စည်းဝိုင်းကနေ ဖိနှိပ်ချုပ်ချယ်နိုင်သော အော်ရာ တစ်ခု ထွက်ပေါ်လာသည်။

အစီအရင် အလယ်တွင် စူးရှသော အလင်းရောင်တစ်ခု ထွက်လာသည်နှင့် ဝမ်လင်းက ဝမ်မင်နှင့် ချန်းချောင်ကို ဖုံးအုပ်ထားသည့် ရွှေရောင်အလင်းတန်းကို အမြင့်ဆုံးအဆင့် အထိ မြှင့်တင်လိုက်သည်။

ထိုသို့ မဟုတ်လျှင် ၎င်းတို့၏ ခန္ဓာကိုယ်က ဤစူးရှသော အလင်းရောင်၏ ဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဤအချိန် ဤနေရာတွင်သာ အခြားကျောင်းသား တစ်ယောက်ဖြစ်နေခဲ့လျှင် ဤစူးရှရှ အလင်းရောင်ကြောင့် ပေါက်ကွဲသွားမည်မှာ သေချာသည်။

ဤအလင်းရောင်၏ အအေးဓာတ် ဖိအားဒဏ်က လွန်ခဲ့သည့် ရာစုနှစ် တစ်ခုလောက်က တစ်စုံတစ်ရာကို ခံစားရစေသည်။

အစီအရင် အလံ တည်ရှိရာ အလယ်ဗဟိုတွင် တောက်ပသော တံခါးတစ်ချပ်က တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

ထိုတံခါးက ဆယ်မီတာ မြင့်ပြီး ထူးဆန်းသော သင်္ကေတများကို တံခါးဘောင်တွင် ထွင်းထုထားသည်။

တံခါးပတ်ပတ်လည်တွင် အလင်းရောင်များက ထူးခြားစွာ တောက်ပနေ၏။

ဝမ်မင်က မျက်လုံးမဖွင့်နိုင်မီ ထိုအလင်းရောင်နှင့် အသားကျစေရန် တဖြည်းဖြည်း အချိန်အတော် ယူခဲ့ရသည်။

ဝမ်မင်က ဝမ်လင်းထံမှ ရွှေရောင်အလင်းတန်းများ၏ အကာအကွယ်ကို ရထားသော်လည်း ဤဆိုးညစ်သော အလင်းရောင်အောက်တွင် အသက်ရှုရန်ပင် ခက်ခဲသွားသည်။

"ဒါက ကမ္ဘာခြားဂိတ်တံခါးလား"

ဝမ်မင်က ပထမဦးဆုံးအကြိမ် အဖြစ် ကမ္ဘာခြား ဂိတ်တံခါး နှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်ရှိလာသည်။

ဤဂိတ်တံခါးက အလွန်အမင်း နီးကပ်သော အကွာအဝေး၌ ကြောက်မက်ဖွယ်ရာများနှင့် ပြည့်နှက်နေသည်။

ဝမ်လင်း၏ အကာအကွယ် ရွှေရောင် အလင်းရောင်သာ မရှိလျှင် သူ့အနေဖြင့် တစ်စက္ကန့်ပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

ဤဂိတ်တံခါးရှေ့တွင် ဝမ်လင်း၏ အမူအရာက အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိသည်ကို ဝမ်မင်က မြင်လိုက်ရသည်။

ဝမ်လင်းက တစ်စုံတစ်ခုကို စီစဉ်နေသကဲ့သို့ ဆယ်မီတာ မြင့်သော တံခါးကြီးကို စိုက်ကြည့်နေ၏။

"လင်း.. မိုက်ရူးရဲဆန်ဖို့ မကြိုးစားနဲ့"

ဝမ်မင်က အော်ဟစ်လိုက်သည်။

"လင်း.. မင်းက တာအို စည်းတံဆိပ် ခတ်ခံထားရတယ်.. မင်းရဲ့ စွမ်းအားကို အပြည့်အ၀ အသုံးမချနိုင်ဘူး.. မင်း ဒါကို ထိန်းနိုင်မယ် ဆိုတာ မသေချာရင် ငါတို့ အရင်ဆုံး ပြန်ဆုတ်ရအောင်.. ဒီအလင်းရောင် သက်ရောက်နိုင်တဲ့ အကွာအဝေးအပြင်ကို အရင်ထွက်မယ်.. ပြီးရင် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ ကျောင်းသားတစ်ယောက်ယောက်ကို ရှာဖွေပြီး အတွင်းရေးမှူး တာခန်းဆီကနေ အကူအညီ ရယူကြတာပေါ့"

အရေးအကြီးဆုံး အချက်မှာ အကယ်၍ ဝမ်လင်းသာ ဤကိစ္စကို ကိုင်တွယ်ခဲ့လျှင် အော်ရာကို ထိန်းထားနိုင်လိမ့်မည် မဟုတ်သောကြောင့်ပင်။

ထိုသို့ ဖြစ်လာလျှင် ကမ္ဘာငယ်လေးတစ်ခုလုံး အတွက် ဆိုးရွားပေလိမ့်မည်။

ကမ္ဘာခြားဂိတ်တံခါး ဆင်းသက်လာခြင်းထက်ပင် ပို၍ ကြောက်စရာကောင်းသော ကပ်ဆိုးကြီး တစ်ခုကို ဖြစ်စေလိမ့်မည်။

ယခုအချိန်တွင် သူတို့က အကျပ်အတည်း ထဲတွင် ပိတ်မိနေသည်။

ယင်းအချိန်တွင် နောက်ထပ် ပြင်းထန်သော တုန်ခါမှု တစ်ခု ပေါ်ပေါက်လာသည်။

ကျယ်လောင်သော အသံနှင့်အတူ ကမ္ဘာခြား ဂိတ်တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာသည်။

ထိုဂိတ်တံခါးကြားကနေ နတ်ဆိုးအော်ရာများ ပျံ့နှံလာ၍ ဝမ်မင်က မျက်နှာပျက်သွားသည်။

သူက ချန်းချောင်ကို ကျောပိုးကာ ဝမ်လင်း၏ ရွှေရောင်အလင်းတန်းကို အကာအကွယ် အဖြစ် မှီခိုအားထားနေရသည်။

သူက ဝမ်လင်းကို ကြည့်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။

"လင်း.. မဖြစ်နိုင်ဘူး.. ပြန်လာခဲ့တော့"

လွန်ခဲ့သော ခြောက်နှစ်က ကမ္ဘာခြား ဂိတ်တံခါးကို တံဆိပ်ခတ်ရန်အတွက် အတွင်းရေးမှူး တာခန်း၏ ပြောကြားချက်ကို သူကြားသိခဲ့ရသည်။

တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးက ၎င်းတို့၏ ခွန်အားကို စုစုပေါင်း တစ်ဘီလီယံအထိ ပေါင်းစည်းခဲ့သော်လည်း ဂိတ်တံခါးကို ပိတ်ရန် လုံလောက်ရုံမျှသာ တတ်နိုင်ခဲ့သည်။

ယခုအချိန်တွင် ဝမ်လင်းက စွမ်းအားထိန်းချုပ်သည့် တာအိုစည်းတံဆိပ်ကို ၀တ်ဆင်ထားဆဲ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဝမ်လင်း အတွက် မဖြစ်နိုင်ဟု ဝမ်မင်က ခံစားခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်လင်း၏ ခြေလှမ်းများက ရပ်တန့်မသွားဘဲ ကမ္ဘာခြားဂိတ်တံခါး ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့၏။

နဂါး ခြေသည်း ကဲ့သို့ ထူထဲပြီး ခိုင်ခံ့သော နတ်ဆိုးခြေသည်းက ထိုပွင့်နေသော တံခါးကြားကနေ ဖြတ်ကျော်လာသည်ကို ဝမ်မင်က မြင်လိုက်ရသည်။

"လင်း...မသွားနဲ့.. မင်းရဲ့ လက်ရှိခွန်အားနဲ့ အဲဒါကို ပိတ်နိုင်မှာ မဟုတ်ဘူး"

ဝမ်မင်က ကြေကွဲစွာ အော်ဟစ်လိုက်သည်။

ဝမ်လင်းက ဝမ်မင်၏ အော်ဟစ်သံကို လျစ်လျူရှုပြီး သူ့လက်ကို ဂိတ်တံခါးကြီးဆီသို့ ဆန့်ထုတ်လိုက်ပြီး ဆောင့်တွန်း၍ ပိတ်လိုက်သည်။

"ဒုန်း.."

ဝမ်မင်က ကျယ်လောင်သော တံခါးပိတ်သံကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ့ရှေ့မှ စူးရှသော အလင်းရောင်က ပျောက်ကွယ်သွား၏။

ထို့နောက်တွင် ထူထဲခိုင်မာသော နတ်ဆိုးလက်သည်းက တံခါးကြားတွင်ညှပ်ပြီး ဝမ်လင်း၏ ခြေရင်းသို့ တိုက်ရိုက် ကျိုးကျသွားသည်။

ဝမ်မင် ".............."

"အမ်"

All Chapters