အတိတ်ကာလအဖြစ်အပျက်ကို ပြန်ပြောင်းသတိရခြင်း
Vol. 16 Ch. 226
ဝမ်လင်းက ကမ္ဘာခြား ဂိတ်တံခါးကို ပိတ်လိုက်ပြီးနောက် မြင်ကွင်းက တစ်ဖန် ငြိမ်သက်သွားခဲ့သည်။
ကမ္ဘာခြားဂိတ်တံခါး ဆင်းသက်လာခဲ့သည့် နောက်ဆုံးအကြိမ် မှတ်တမ်းများအရ ဂိတ်တံခါး လုံးဝ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော နတ်ဆိုးအော်ရာက တစ်မြို့လုံးကို တိုက်စားသွားကာ ပုံမှန်မဟုတ်သော ဘေးအန္တရာယ် အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သည်။
ယခုဖြစ်ပျက်နေသည့် မြင်ကွင်းကမူ လုံးဝ ခြားနားနေခဲ့သည်။
တံခါးပိတ်သွားသည်နှင့် ဂိတ်တံခါးပေါက်မှ ဆင်းသက်လာသော စူးရှရှ အလင်း၏ ပုံမှန်မဟုတ်သော အော်ရာ အတက်အကျများ အပြင် အခြားသော ပုံမှန်မဟုတ်သော ဖြစ်စဉ်များ၏ အရိပ်အယောင်များလည်း မရှိတော့ချေ။
ဝမ်လင်းက တံခါးကို "ဝုန်း"ခနဲ အမြန်ပိတ်နိုင်ခဲ့သည်။
ဝမ်မင်က တံခါးဘောင်၌ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများကိုပင် မြင်ခဲ့ရ၏။
ယင်းမြင်ကွင်းက ဝမ်လင်း၏ ခွန်အား မည်မျှသန်မာကြောင်း သက်သေပြနေသည်နှင့် မခြားပေ။
ဝမ်မင်က ပါးစပ်အဟောင်းသား ဖြစ်နေ၍ ပါးရိုးပင် မအီမသာ ညောင်းကိုက်လာသည်။
"လင်းက ကမ္ဘာခြား ဂိတ်တံခါးကို လက်တစ်ဖက်တည်းနဲ့ ပိတ်လိုက်တယ်လား"
ယင်းမှာ ဝမ်လင်း၏ လက်တစ်ဖက်ထဲမှ ပေါက်ကွဲထွက်လာသော စွမ်းအားက အနည်းဆုံး ဘီလျံတစ်ထောင်ဂျင် ရှိကြောင်း သက်သေပြရန် လုံလောက်ပေသည်။
ဤခွန်အားက ဝမ်လင်းအပေါ် ဝမ်မင်၏ နားလည်မှုကို တစ်ဖန်ပြန်လည် ဆန်းသစ်စေသည်။
တာအိုမှော်စည်းတံဆိပ်ဖြင့် စွမ်းအားများကို ကန့်သတ်ခံထားရသည့် ဝမ်လင်းက ဤကဲ့သို့ စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤတာအိုစည်းတံဆိပ်က ဝမ်လင်း၏ စွမ်းအားကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး အော်ရာ အားနည်းစေရန် ကူညီပေးသည့် တစ်ခုတည်းသော အရာဖြစ်မှန်း သူသာ သိ၏။
ဝမ်မင်က ထိုအကြောင်းကို တွေးမိလိုက်လျှင် ကူကယ်ရာမဲ့စွာဖြင့် ချွေးစေးများ ထွက်လာခဲ့သည်။
ဝမ်လင်းသာ ထိုစည်းတံဆိပ်ကို ဖြုတ်လိုက်လျှင် မည်မျှအထိ ကြောက်စရာ ကောင်းလာမည်လဲ ဆိုသည်ကို သူတကယ် စိတ်ကူးဖြင့်ပင် မတွေးနိုင်ခဲ့ပေ။
"ဒီလိုနဲ့ပဲ ကမ္ဘာခြား ဂိတ်တံခါးက ပိတ်သွားတာလား"
ချန်းချောင်ကို ကျောပိုးထားသော ဝမ်မင်က သူ့ရှေ့ရှိ ဂိတ်တံခါးကြီးကို စိုက်ကြည့်နေသည်။
အဖြစ်အပျက်က တကယ်ကို မြန်ဆန်လွန်းနေသည် မဟုတ်လော။
သူ့တို့ဘက်မှ ရေဒါအချက်ပြမှုကို မပိတ်ဆို့ထားလျှင်ပင် ပြင်ပ အစည်းအဝေးခန်းရှိ ထုတ်လွှင့်မှုက ဤမြင်ကွင်းကို အချိန်မီ ဖော်ပြနိုင်မည် မဟုတ်ကြောင်း သူခံစားခဲ့ရသည်။
ထို့အပြင် သူက ကမ္ဘာခြားဂိတ်တံခါး အတွင်းရှိ နတ်ဆိုးဘုရင်၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျသော အမူအရာများ ဖြစ်ပေါ်နေလောက်ပြီဟု သူခံစားမိသည်။
ထိုနတ်ဆိုး၏ လက်မောင်းက မယုံနိုင်လောက်အောင် ထူထဲပြီး ခိုင်ခံ့သည်။
ခေါင်းမှ ခြေဖျားအထိ အရွယ်ရောက်ပြီးသူ နှစ်ယောက် သို့မဟုတ် သုံးယောက် တန်းစီနေသလောက်ကို ရှည်လျားသည်။
လက်မောင်း အရွယ်အစားကို ကြည့်၍ တံခါးနောက်ကွယ်ရှိ နတ်ဆိုးဘုရင်မှာ အနည်းဆုံး မီတာနှစ်ဆယ်ခန့် မြင့်သည်ဟု ဝမ်မင် တွေးမိခဲ့သည်။
လွန်ခဲ့သော ခြောက်နှစ်က နတ်ဆိုးတပ်ပေါင်းစုများ ဆုတ်ခွာခဲ့ရသည်။
ဤနတ်ဆိုးဘုရင်က ၎င်း၏ လက်ကို မဆန့်ထုတ်မီ သတ္တိမွေးထားရမည်မှာ ထင်ရှားသည်။
နတ်ဆိုးမျိုးနွယ်၏ အနာဂတ် ပြန်လည်နိုးထမှု အတွက် သူ၏ နှလုံးသားတွင် ကြည်နူးမှုအပြည့် ရှိခဲ့သည်။
သူက နတ်ဆိုးမျိုးနွယ်၏ အိပ်မက်ကို အကောင်အထည်ဖော်ရန် အတွက် စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။
နတ်ဆိုးများ ဆင်းသက်လာမည်ကို လူသား ကျင့်ကြံသူများက ကြောက်ရွံ့မှု အပြည့်ရှိ၏။
အဆုံးသတ်တွင် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် သူ၏ လက်က တံခါးကြားတွင် ညှပ်သွားခဲ့သည်။
ထွင်ထျန်းဟာက ကမ္ဘာခြားဂိတ်တံခါး မဆင်းသက်မီ စက္ကန့်အနည်းငယ် အလိုခန့်တွင် ထိုအနီးနားသို့ ရောက်ရှိနေပြီဖြစ်သည်။
ယင်းအချိန်တွင် ကမ္ဘာခြားဂိတ်တံခါးပေါက်၌ သူအကျွမ်းဝင်သော စူးရှရှ အလင်းရောင်ကို မြင်လိုက်ရသည်။
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကလည်း ထိုတံခါးကနေ သူ ထွက်လာစဥ်က ကြောက်ရွံ့မှု နည်းနည်းမှ မခံစားရပေ။
သို့သော် အနည်းငယ် ကြေကွဲဖို့ကောင်းသော အဆုံးသတ်ဖြင့်သာ ကြုံခဲ့ရသည်။
ထိုအချိန်က ဂိတ်တံခါးက ထွက်လာပြီး သိပ်မကြာခင်မှာပင် ဆယ်နှစ်အရွယ် ဝမ်လင်းက သူ၏ ဝမ်းဗိုက်ကို ညာလက်သီးဖြင့် ထိုးခဲ့ပြီး နတ်ဆိုးတပ်ပေါင်းစုကို ချက်ချင်း ဆုတ်ခွာသွားစေသည် အထိ ကြောက်ရွံ့စေခဲ့သည်။
ဤတစ်ကြိမ် ကမ္ဘာခြား ဂိတ်တံခါး တစ်ဖန် ပြန်လည်ဆင်းသက်လာသော အခါတွင် သူ ပထမဆုံး ခံစားရသည်မှာ အကျွမ်းဝင်ပြီး ရင်းနှီးသော ခံစားချက် ဖြစ်သည်။
ဤကမ္ဘာငယ်လေးက ရှင်သန်ခြင်း ပြိုင်ပွဲတွင် ပါဝင်မည့် ကျောင်းသားများ အတွက် အထူး ဖန်တီးထားသော ဗိုလ်ချုပ်ရီ၏ ကမ္ဘာငယ်လေး ဖြစ်သည်။
လက်တွေ့ကျကျ ပြောရလျှင် ဤအန္တရာယ်များသော ကမ္ဘာခြားဂိတ်တံခါးသည် ဤနေရာတွင် လုံးဝ ရှိမနေသင့်ပေ။
ထို့ကြောင့် ကမ္ဘာခြားဂိတ်တံခါးကို ဤနေရာတွင် မြင်လိုက်သောအခါ တစ်စုံတစ်ယောက်က ထိုတံခါးကို ဆင့်ခေါ်လိုက်ခြင်းသာ ဖြစ်ရမည်ဟု ထွင်ထျန်းဟာက ချက်ချင်း တွေးမိခဲ့သည်။
သို့သော် ကမ္ဘာခြား ဂိတ်တံခါးကို ဆင့်ခေါ်ပြီး အတွင်းမှ နတ်ဆိုးမျိုးနွယ်နှင့် ဆက်သွယ်ရန် မည်သူက သတ္တိရှိပါမည်နည်း။
ထွင်ထျန်းဟာက လက်တွေ့ကျသော အဖြေကို လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် အဝေးကနေ ကမ္ဘာခြား ဂိတ်တံခါးကနေ ထွက်လာသည့် ထူထဲသော ခရမ်းရောင်နတ်ဆိုးလက်ကို မြင်လိုက်ရသည် ။
ထွင်ထျန်းဟာက မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါ.. ဒါက မှင်စာမျိုးနွယ်ကလား"
သူက တစ်ချက် ကြည့်လိုက်သည်နှင့် ဤနတ်ဆိုးလက်ကို ချက်ချင်း နီးပါး မှတ်မိသွားခဲ့သည်။
နတ်ဆိုးတိုင်း၏ ခန္ဓာကိုယ်တွင် ၎င်းတို့ မျိုးနွယ်စု အထောက်အထားနှင့် ကိုက်ညီသော အမှတ်အသား တစ်ခု ရှိတတ်ကြသည်။
ထွင်ထျန်းဟာက ထိုနတ်ဆိုးလက်ကို မြင်သည်နှင့် မှင်စာမျိုးနွယ်စုမှဟု သိလိုက်သည်။
လက်အရွယ်အစားကို ကြည့်၍ နတ်ဆိုးဘုရင်အဆင့် မှင်စာ အကြီးအကဲ ဖြစ်မည်မှာ လုံးဝ သေချာနေသည်။
နတ်ဆိုးမျိုးနွယ်စုများ၏ ထိပ်တန်းအဆင့် တစ်ရာတွင် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်မှာ အဆင့် 28 တွင်သာ ရှိသည်။
မှင်စာမျိုးနွယ်စုကမူ အင်အားကြီး မျိုးနွယ်စု ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စု၏ ထိပ်တန်းမျိုးနွယ်စု ဆယ်စုထဲတွင် ပါဝင်၏။
မှင်စာမျိုးနွယ်စုမှ အကြီးအကဲ တစ်ဦး၏ စွမ်းအားမှာ ထွင်ထျန်းဟာ အထွပ်အထိပ် ရောက်စဥ်ကာလက စွမ်းအားနှင့် တန်းတူရည်တူ ရှိသည်။
ထိုထက်မက ဤသူမှာ နတ်ဆိုးဘုရင်အဆင့်တွင် အကြီးအကဲတစ်ဦးလည်း ဖြစ်နေ၏။
"ဒါက ဘာလဲ.. စစ်ချီလာတာလား"
တစ်လက်မ..
နောက်ထပ် တစ်လက်မ..
ထွင်ထျန်းဟာက တံခါး၏ အက်ရာ တစ်လျှောက် ခရမ်းရောင် လက်သည်းများ ဆန့်ထွက်လာပြီး လက်တစ်ဖက်လုံး ကျူးကျော်လာသည်ကို မြင်လိုက်ရသည်။
"ထွက်လာပြီလား
ထိုလက်ကို မြင်လိုက်ရသည့် ခဏတွင် ထွင်ထျန်းဟာက ချက်ချင်းပင် မျက်နှာပျက်သွားသည်။
ထိုအချိန်က သူ့ကို သတ်ရန် ဆရာလေးလင်းက လက်သီးတစ်ချက်သာ အသုံးပြုခဲ့ရသည်။
သို့သော် အရာအားလုံးကို ခြုံကြည့်လိုက်လျှင် ဤနတ်ဆိုးဘုရင်က ထိပ်တန်း မျိုးနွယ်စုဆယ်ခုတွင် အဆင့်အတန်းရှိသော မှင်စာ မျိုးနွယ်စုမှဖြစ်ပြီး အကြီးအကဲလည်း ဖြစ်သည်။
ဆရာလေး လင်းက လက်ရှိတွင် စည်းတံဆိပ် ကပ်ခံထားရသောကြောင့် ရလဒ်ကို ခန့်မှန်းရန်မှာ အလွန်ခက်ခဲမည်ဟု ထွင်ထျန်းဟာက ခံစားမိသည်။
အခြေအနေကို ပြေလည်အောင် ညှိနှိုင်းပေးမည်ဟု တွေးထားခဲ့သော်လည်း ဤ မှင်စာအကြီးအကဲက သူ့စကားကို လုံးဝနားမထောင်လောက်ဟု တွေးမိခဲ့သည်။
ယင်းအချိန်တွင် ထွင်ထျန်းဟာ၏ နှလုံးသားမှာ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။
သို့သော်လည်း ယင်းမှာ ခဏမျှသာ ဖြစ်ခဲ့သည်။
ဆရာလေးလင်းက ကမ္ဘာခြားဂိတ်တံခါး ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာနေသည်ကို သူမြင်တွေ့လိုက်ရ၏။
"ဂျိန်း.."
ဆရာလေးလင်းက လက်တစ်ဖက်ကို ဆန့်ထုတ်၍ ဂိတ်တံခါးကို ဆောင့်ပိတ်ချလိုက်သည်။
ထွင်ထျန်းဟာ "............"
မှင်စာအကြီးအကဲ၏ လက်က တံခါးနှင့်ညှပ်ပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသည်။
ဤမြင်ကွင်းက သူ၏ အတိတ်ကာလက အဖြစ်အပျက်ကို ပြန်ပြောင်း သတိရစေသည်။
ခြောက်နှစ်ကြာပြီး နောက်တွင်လည်း နတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုက တဖန် ကျရှုံးရလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။
ဤတစ်ကြိမ် အခြေအနေက ပိုမိုဆိုးရွားသည်ဟု ဆိုရမည်။
အနည်းဆုံးတော့ နောက်ဆုံးအကြိမ်တွင် နတ်ဆိုးများက ကမ္ဘာမြေထဲကို အောင်မြင်စွာ ကျူးကျော် ဝင်ရောက်လာနိုင်ခဲ့သည် မဟုတ်ပါလား။
ယခုတစ်ခေါက်တွင်မူ ဝမ်လင်းက နတ်ဆိုးများ ထွက်မလာခင်မှာပင် တံခါးကို ဆောင့်ပိတ်ချလိုက်သည်။
.........................
အနှစ်တစ်ရာ ကြာပြီးနောက် ကမ္ဘာခြား ဂိတ်တံခါး အတွင်းရှိ မြင့်မားသော ချောက်ထိပ် တစ်ခုတွင် ဖြစ်၏။
ဤနေရာက မှင်စာမျိုးနွယ်၏ ဘိုးဘေးနယ်မြေ ဖြစ်သည်။
လက်တစ်ဖက်သာ ရှိသည့် အသက်ခပ်ကြီးကြီး မှင်စာတစ်ကောင်က သူ့မြေးကို ပွေ့ပိုက်ကာ ချောက်ကမ်းပါး ထိပ်တွင် ထိုင်နေ၏။
သူတို့မြေးအဖိုးကို လေနုအေးများက တိုက်ခတ်နေသည်။
သူ၏ ရှည်လျားသော ဆံပင်ဖြူများက သူ့ဘေးနားရှိ ဗွက်အိုင်ထဲသို့ အထွေးလိုက် တွဲကျနေသည်။
မှင်စာအကြီးအကဲက ရာထူးမှနှုတ်ထွက်ကာ အငြိမ်းစားယူခဲ့သည်။
သူ့လက်ထဲမှ မြေးလေးက အသက်နှစ်ရာကျော်ပြီ ဖြစ်သော်လည်းအရပ်က လေးမီတာသာ ရှိသည်။
သက်တမ်းရှည်သည့် မှင်စာမျိုးနွယ်စု အတွက်မူ ဤအရွယ်မှာ ကလေးအရွယ်သာ ဖြစ်၏။
ချောက်ကမ်းပါးကို တိုက်ခတ်လာသော လေနုအေးကြောင့် မှင်စာအကြီးအကဲ၏ ရင်ခွင်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော မြေးဖြစ်သူက နိုးလာသည်။
သူက မျက်လုံးများကို ပွတ်သပ်ပြီး သူ့အဖိုးကို စိုက်ကြည့်လိုက်သည်။
"အဖိုး.. အဖိုးရဲ့ လက်တစ်ဖက်က ဘယ်လိုအကြောင်းကြောင့် ဆုံးရှုံးသွားရတာလဲ"
မှင်စာအကြီးအကဲ "မင်း ဘာလို့ ဒီမေးခွန်းကိုပဲ နေ့တိုင်းမေးနေတာလဲ"
နေ့စဥ်နေ့တိုင်း သူ့မြေးက အိပ်ရာမှ နိုးလာသည်နှင့် ပုံစံတူမေးခွန်းကို မေးလေ့ရှိသည်။
ထိုမေးခွန်းနှင့် ရင်ဆိုင်ရတိုင်း သူက ရူးချင်စိတ် ပေါက်လာ၏။
မှင်စာလေး"မြေးက တကယ်သိချင်လို့ပါ.. ဒါပေမယ့် အဖိုးက မြေးကို ဘယ်တော့မှ ပြန်မဖြေဘူး"
မှင်စာအကြီးအကဲက သူ့မြေးကိုကြည့်ကာ မေးလိုက်သည်။
"မင်းတကယ် သိချင်တာလား"
မှင်စာလေးက ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်သည်။
"အဖိုးက ရှေ့တန်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တိုက်နေရင်း ရန်သူတွေကြောင့် လက်ပြတ်သွားတာတော့ သေချာတယ် မဟုတ်လား.. အဖိုးရဲ့ ဇာတ်လမ်းကို ကျနော် ကြားချင်ပါတယ်"
မှင်စာအကြီးအကဲက ခေါင်းခါယမ်းလိုက်သည်။
"မြေးထင်ထားသလို မဟုတ်ပါဘူး"
မှင်စာလေး "ဒါဆို အဖွားကို ရီးစားလုဖက်ဆီကနေ ကာကွယ်ပေးရင်း ပြတ်ခဲ့တာလား"
မှင်စာအကြီးအကဲက ခဏမျှ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးတွင် အမှန်တရားကို ပြောရန် ဆုံးဖြတ်လိုက်သည်။
"အဖိုးရဲ့အဖြေကို မင်းမယုံနိုင်မှန်း သိပါတယ်.. တကယ်တော့ အဖိုးရဲ့လက်ကို တံခါးက ဖြတ်သွားတာပါ"
မှင်စာလေး "............"