နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးသည်
Vol. 16 Ch. 227
ဝမ်မင်အနေဖြင့် သူ၏ ညံ့ဖျင်းသော ခန္ဓာကိုယ်ကြောင့် ဘဝတစ်လျောက်လုံး ကျင့်ကြံနိုင်မည် မဟုတ်ပေ။
သူ့တွင် အသန်မာဆုံး ဦးနှောက်ရှိသော်လည်း ဝမ်လင်း၏ မွေးရာပါ ကျင့်ကြံခြင်း စွမ်းရည်ကို အလွန်ပင် မနာလိုဖြစ်ခဲ့ရသည်။
ကျင့်ကြံရသည့် ခံစားချက်က မည်သို့နည်း။
သူက အမှန်တကယ် သိချင်နေခဲ့သည်။
သို့သော် ယင်းက အတွေးတစ်ခုမျှသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ခေတ်သစ်ခေတ်၏ ထူးချွန်သော ကျင့်ကြံသူ ဖြစ်ချင်လျှင် ဖိအားဒဏ်ကို အတော်လေး ခံနိုင်ရည်ရှိမှသာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။
သိပ္ပံကျင့်ကြံခြင်းခေတ်တွင် အရည်အသွေးရှိသော ပညာရေးကို အထူး အလေးထားသည်။
ဗုဒ္ဓ သို့မဟုတ် နတ်ဘုရားကို သတ်ဖြတ်နိုင်သည်နှင့် လူအများထံမှ လေးစားမှုကို ရရှိလာမည် မဟုတ်ပေ။
ယင်းအခြေအနေမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ဤခေတ်တွင် ကျော်ကြားသော ကျင့်ကြံသူ ဖြစ်လာရန်မှာ ထူးချွန်ထက်မြက်ရုံသာမက လူမှုရေး တာဝန်ကိုပါ အတိုင်းအတာ တစ်ခုအထိ ထမ်းဆောင်ရမည် ဖြစ်သည်။
ဖိအားချင်း နှိုင်းယှဥ်ကြည့်လျှင် ဝမ်လင်းအပေါ် သက်ရောက်နေသည့် ဖိအားက သူ့ထက်ပင် ပိုကြီးသည်ဟု ဝမ်မင် ခံစားမိသည်။
ဝမ်လင်းက ရေမြွေလိုမျိုး နေ့စဉ်နှင့်အမျှ နှိမ့်ချ နေထိုင်နေရပြီး အော်ရာ ယိုစိမ့်ခြင်းမှ ကာကွယ်ရန် ကြိုးစားနေရ၏။
ထို့အပြင် သူက ဤခရီးလမ်း တစ်လျောက်လုံး ကမ္ဘာကြီးကိုကယ်တင်ရန်သာ စဉ်းစားနေခဲ့သည်။
သူက ပြဿနာများ ထဲတွင် ဘယ်တုန်းကမှ ဝင်မပါချင်ခဲ့သော်လည်း ပြဿနာက သူ၏အိမ်ရှေ့ထိ တံခါး လာခေါက်ခဲ့သည်ချည်းပင်။
ကမ္ဘာခြားဂိတ်၏ အသွင်အပြင်က ကမ္ဘာကို တုန်လှုပ်စေသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာတော့မည်မှာ သေချာသည်။
ဤတစ်ကြိမ်တွင် ဝမ်လင်းက တံခါးကို ဆောင့်ပိတ်လိုက်ပြီး နတ်ဆိုးဘုရင်၏ လက်ကို ဖြတ်ပစ်ကာ မည်သူမှ သတိမပြုမိခင် ကမ္ဘာကြီးကို ကယ်တင်ခဲ့သည်။
အနာဂတ်တွင် မည်သို့သော ဒုက္ခမျိုး ကြုံလာနိုင်သည်ကို ဘုရားသခင်သာ သိနိုင်တော့မည်။
ဝမ်မင်က သူ့ဘေးနားရှိ ဝမ်လင်း၏ အေးချမ်းသော မျက်နှာကို ကြည့်လိုက်ရာ သူ့ညီလေးအတွက် အနည်းငယ် နာကျင်သွားသည်။
အဆုံးသတ်တွင် သူ့ညီလေးက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသည် မဟုတ်လော။
.......................
ဝမ်လင်း တံခါးကိုပိတ်ပြီး သုံးမိနစ်ခန့် အကြာတွင် ဆယ်မီတာမြင့်သော ကမ္ဘာခြား ဂိတ်တံခါးမှာ လေထဲသို့ တိုးဝင်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"ဒီလောက်နဲ့ပဲ ပြီးသွားတာ တော်သေးတယ်"
ဝမ်မင်က သက်ပြင်းရှည်ချလိုက်သည်။
သူက အနည်းငယ် ပင်ပန်းနေပုံရသည်။
စောစောက ကမ္ဘာခြားဂိတ်နှင့် မျက်နှာချင်းဆိုင် တွေ့ရစဥ် ထိတ်လန့်မှုနှင့် သက်ရောက်မှု အတွေ့အကြုံမှာ ရိုလာကိုစတာ စီးတာထက်ပင် ပိုစိတ်လှုပ်ရှားစရာ ကောင်းနေ၏။
ထိုအချိန်တွင် ဘေးဘီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ကမ္ဘာခြားဂိတ်တံခါးရဲ့ လက်နက်ဝိညာဥ်က လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်လောက်က ပျောက်ကွယ်သွားခဲ့တယ်.. မဟုတ်ရင် ဂိတ်တံခါးက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး.. အခုက တံခါးကို ဖွင့်ထားမှ စွမ်းအင် အရင်းအမြစ် အဖြစ် နတ်ဆိုးစွမ်းအင်ကို စားသုံးပြီး လည်ပတ်နိုင်တယ်.. တံခါးပိတ်ထားရင်တော့ စွမ်းအင် အရင်းအမြစ်သစ် မရရှိတဲ့အတွက် ကမ္ဘာခြားဂိတ်တံခါးက အလိုအလျောက် ပျောက်ကွယ်သွားတာပဲ"
ဝမ်မင်က သူ့ခေါင်းကို နောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်အချိန်တည်းက ရောက်နေမှန်း မသိရသည့် အစိမ်းရင့်ရောင် ခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။
ဝမ်လင်းတို့ အတန်းထဲတွင် ယခု ဝမ်မိသားစုမှ မွေးစားထားသော ခွေးတစ်ကောင် ရှိနေသည်ဟု ဦးလေးဝမ် ပြောပြထားသည်ကို ဝမ်မင် ရုတ်တရက် သတိရမိလိုက်သည်။
ဤခွေးလေး၏ ဝိသေသလက္ခဏာက ရိုးရှင်းမည် မဟုတ်ဟု သူတွေးမိလိုက်သည်။
၎င်းက ကမ္ဘာခြားဂိတ်တံခါး အကြောင်းကို ရင်းနှီးကျွမ်းဝင်ရုံသာမက လူသား ဘာသာစကားကိုလည်း ပြောနိုင်နေသည် မဟုတ်လော။
"ကမ္ဘာခြားဂိတ်တံခါး အကြောင်း မင်းဘာလို့ ဒီလောက်သိနေတာလဲ"
ဝမ်မင်က ထွင်ထျန်းဟာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်၍ မေးလိုက်သည်။
အတိတ်မှ ကိစ္စနှင့်ပတ်သက်ပြီး အမေးခံလိုက် ရသောအခါ အခြားအချိန်များ ကဲ့သို့ပင် ထွင်ထျန်းဟာ၏ မျက်လုံးများ၌ ကြည်လင်သော မျက်ရည်များ ပြည့်နှက်နေခဲ့သည်။
ထွင်ထျန်းဟာ "အဲဒီအချိန်တုန်းကတော့ ငါက မာနတံခွန်ထူနေတဲ့ ဖားပြုပ်နတ်ဆိုးဘုရင် တစ်ပါးပေါ့"
ဝမ်မင် ".............."
ထွင်ထျန်းဟာ "ဒါပေမဲ့ လူသားကမ္ဘာထဲ မသောင်းကျန်ရခင်မှာပဲ ဆရာလေးလင်းက ငါ့ဗိုက်မှာ အပေါက်တစ်ခုကို ဖောက်လိုက်တယ်လေ"
ဝမ်လင်းနှင့်ဝမ်မင် "............."
ဝမ်မင်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရပြီး မေးစေ့ကို ပွတ်သပ်လိုက်သည်။
"မင်းကိုယ်မင်း ဖားပြုပ်နတ်ဆိုးဘုရင်လို့ ပြောပြီး ဘယ်လိုလုပ် ခွေးဖြစ်သွားတာလဲ"
"ရှင်းပြရရင် ဇာတ်လမ်းက အရှည်ကြီးပဲ..."
ထွင်ထျန်းဟာ သက်ပြင်းချလိုက်သော်လည်း တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးသလို ခံစားလိုက်ရသည်။
"ငါဘယ်လို အဆုံးသတ်ခဲ့သလဲ သိချင်တာလား.. မင်းတို့ ညီအကိုနှစ်ယောက်မှာ တခြားလုပ်စရာတွေ မရှိတော့ဘူးလား"
"..............."
ဝမ်မင်က ထွင်ထျန်းဟာကို ကြည့်ပြီး ရုတ်တရက် စကားတစ်ခွန်းကို တွေးလိုက်မိသည်။
"ဘုရင်တစ်ပါး ဖြစ်ခဲ့ဖူးလည်း ရွှေထီးဆောင်းခဲ့တဲ့ အချိန်တွေကို မေ့လိုက်ပါ"
..................
အစည်းအဝေးခန်းထဲရှိ ဖန်သားပြင်ပေါ်တွင် ရေဒါ အမှတ်အသားများက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ဖန်သားပြင်ကို စိုက်ကြည့်နေသည့် အတွင်းရေးမှူး တာခန်း၏ မျက်လုံးများမှာ ထူးထူးခြားခြား နက်ရှိုင်းနေပုံရသည်။
ကျောင်းအုပ်ကြီးချန်းက အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိလိုက်သည်။
"အတွင်းရေးမှူး တာခန်း.. မင်း အဆင်ပြေရဲ့လား"
အတွင်းရေးမှူး တာခန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဟာ ထင်ယောင်ထင်မှား တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကမ္ဘာငယ်လေးမှာ မတူညီတဲ့ အော်ရာ အတက်အကျတွေ ရှိနေတယ်လို့ ငါခံစားရတယ်.. အဲဒီ အဘိုးကြီး ရီကျန့်ချွမ်က ဒီကမ္ဘာငယ်လေးရဲ့ အရင်းအမြစ် ဖြစ်ပေမဲ့ ကမ္ဘာငယ်လေးရဲ့အခြေခံ ဥပဒေအချို့နဲ့ ပတ်သက်ပြီး ငါ့မှာလည်း တာဝန်ရှိတယ်"
အတွင်းရေးမှူး တာခန်း၏ ခံစားချက်က မမှားယွင်းပေ။
ကမ္ဘာခြား ဂိတ်တံခါးက ကမ္ဘာငယ်လေးတွင် အက်ကွဲသောအသွင်အပြင်ကို ဖန်တီးခဲ့သော်လည်း ထိုဧရိယာ၏ ထုတ်လွှင့်မှုကို ဝမ်မင်က လုံးဝ ပိတ်ဆို့ထားခဲ့သည်။
တကယ်တမ်းတွင် ကျိုးရီ၏ လက်ထဲမှ ထောက်လှမ်းရေး ကိရိယာက ဤအော်ရာ အတက်အကျကို အစောပိုင်းကတည်းက တွေ့ရှိခဲ့သည်။
တိုင်းတာ၍ မရသော တန်ဖိုးသို့ မတက်မီ အော်ရာ လှိုင်းလုံးများက ရိုလာကိုစတာကဲ့သို့ နိမ့်လိုက်မြင့်လိုက်ဖြင့် လှိုင်းထနေသည်။
၎င်းက ပုံမှန် အနေအထားသို့ ရုတ်တရက် ပြန်လည် ကျဆင်းမသွားမီ သုံးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
သူ့ဆရာက ကမ္ဘာငယ်လေးတွင် ထူးဆန်းသောအရာ တစ်ခုခုကို ကြုံတွေ့ခဲ့ရကြောင်း ကျိုးရီက သိလိုက်သည်။
သို့သော် အဆုံးသတ်တွင် သူက အတွင်းရေးမှူးစွန်း၏ အာရုံခံစားမှုကို လိုက်မမီခဲ့ပေ။
ကျိုးရီက ထောက်လှမ်းရေး စက်ကိရိယာမှ ဒေတာကို ကြည့်ဟန်ဆောင်လိုက်ပြီး တမင်တကာ အစီရင်ခံလိုက်သည်။
သူက သူ့ဆရာ၏ သိုသိုသိပ်သိပ် နေချင်သောဆန္ဒကို ကာကွယ်ပေးရမည် မဟုတ်လော။
"အတွင်းရေးမှူး.. အခုလေးတင် စောင့်ကြည့်ဒေတာမှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်ကို တွေ့ရတာ သုံးမိနစ်လောက်တော့ ရှိပါပြီ.. ဒါပေမယ့် ပုံမှန်ပြန်ဖြစ်သွားတာက အရမ်းမြန်လွန်းနေတယ်.. ကြည့်ရတာ စနစ်ရဲ့ အမှားပဲ ဖြစ်မှာပါ"
"စနစ်အမှားလား"
အတွင်းရေးမှူးစွန်း မျက်မှောင်ကြုတ်လိုက်သည်။
သူ့အမြင်အရ ထိုခွန်အားက အမှန်တကယ်ပင် အစစ်အမှန် ဖြစ်ပြီး အလွန်အန္တရာယ်များပုံ ရသည်။
ယင်းက သာမန် နတ်ဆိုးတစ်ကောင် ထုတ်လွှတ်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။
အတွင်းရေးမှုးစွန်းက ရုတ်တရက် ထိုအော်ရာကြားတွင် ဖြောင့်မတ်သော အော်ရာကို ခံစားခဲ့ရသည်။
အမှန်တကယ်ပင် ထိုစွမ်းအားက အလွန်သန့်စင်ပြီး နတ်ဘုရား ဒဏ်ခတ်ခြင်း ကဲ့သို့ အစွမ်းထက်သည်။
"တကယ်ပဲ ငါက ထင်ယောင်ထင်မှား ဖြစ်ခဲ့တာလား"
"အမှတ် 59 အထက်တန်းကျောင်းနဲ့ အမှတ် 60 အထက်တန်းကျောင်း တို့ရဲ့ ဝိညာဉ်ဓား ဖလှယ်ခြင်း တွေ့ဆုံပွဲမှာ ဒီလို အော်ရာမျိုးကို ငါ ခံစားမိသလိုပဲ"
သူက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မုတ်ဆိတ်များကို ပွတ်သပ်ကာ ပြောလိုက်သည်။
သို့သော် ထိုအချိန်က သူကြုံခဲ့ရသည့် အော်ရာက ခဏတာမျှသာ ပေါ်လာခဲ့ပြီး ယခု သူခံစားရသလောက် မပြင်းထန်ခဲ့ပေ။
"..........."
ကျိုးရီက အနည်းငယ် ချွေးစေးများ ထွက်လာသည်။
အတွင်းရေးမှူး တာခန်း၏ ဆိုလိုရင်းကို သူသိသည်။
ဝိညာဉ်ဓားတစ်လက်က ၎င်း၏သခင်နှင့် အချိန်အကြာကြီး အတူတကွ ရှိနေခဲ့လျှင် ၎င်းမှ ထွက်ရှိလာသည့် အော်ရာမှာ ၎င်း၏ သခင်နှင့် ဆင်တူမည် ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်က အတွင်းရေးမှူး တာခန်း ခံစားရသော အော်ရာမှာ အမှန်တကယ်တွင် ကျင့်ခယ်၏ အော်ရာ ဖြစ်သည်။
ကျိုးရီက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ ကျောင်းအုပ်ကြီး ချန်း၏ ဘေးတွင် ထိုင်နေသော မှီခိုရာကျောင်းအုပ်ကြီးက တစ်ခုခု ပြောချင်နေသည်ကို သတိပြုမိလိုက်သည်။
ဤကျောင်းအုပ်ကြီးက ကျောင်းအုပ်ကြီး ခြောက်ပါး ထဲတွင် အသန်မာဆုံး ဖြစ်နိုင်သည်။
၎င်းက တံခါးပိတ် ကျင့်ကြံခြင်းကို စွဲလမ်းသော စီနီယာကြီးတစ်ဦး ဖြစ်ပြီး အတွေ့အကြုံ ဗဟုသုတအရာတွင်လည်း ကြွယ်ဝသည်။
"သူဘာလုပ်ချင်တာလဲ"
"အရာအားလုံးကို ဖော်ထုတ်လိုက်မှာလား"
ကျိုးရီ၏ မျက်လုံးများတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
"အတွင်းရေးမှူး နဲ့ ကျောင်းအုပ်ကြီးတို့ကို သတင်းကောင်း တစ်ခု ပြောစရာ ရှိတယ်..."
ကျိုးရီက လျင်မြန်စွာဖြင့် အကြောင်းအရာကို ခေါင်းစဥ် ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။
သူ့စကားကြောင့် အတွင်းရေးမှုး တာခန်းက မျက်ခုံးပင့်လိုက်သည်။
"ဘာသတင်းလဲ"
ကျိုးရီ "စောင့်ကြည့်မှုတွေအရ အရင်က ကျနော်တို့ တွေ့ရှိခဲ့တဲ့ ကမ္ဘာခြား ဂိတ်တံခါးရဲ့အော်ရာ အတက်အကျက အခုဆိုရင် လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ"
"ပျောက်သွားပြီလား"
အတွင်းရေးမှူးတာခန်းက မျက်လုံးများ ပြူးကျယ်သွားသည်။
ထို့နောက် ဝမ်းသာသော အမူအရာဖြင့် ထိုင်ရာမှ ထကာ ကျိုးရီ၏ ပုခုံးကို ပုတ်လိုက်သည်။
"ကျိုးရီလေး.. နောက်ဆုံးအကြိမ်ကလည်း အရိပ်အဖွဲ့ခေါင်းဆောင်ရဲ့ ညီမကို ရုတ်တရက် ပြန်ဖမ်းမိခဲ့တယ်.. ဒီတစ်ကြိမ်လည်း ကမ္ဘာကြားဂိတ်တံခါးရဲ့ အော်ရာက ထူးထူးခြားခြား အပြောင်းအလဲတွေနဲ့ ပျောက်ကွယ်သွားခဲ့ပြန်ပြီ.. ငါ့အထင်မမှားဘူး ဆိုရင် မင်းက တကယ်ကို လာဘ်ကောင်ပဲ"
ကျိုးရီ "............."