အကြီးအကဲလီ၏ အမြင်များ ပြိုလဲခြင်း
Vol. 16 Ch. 228
ဟွာရှို့နိုင်ငံက လွန်ခဲ့သောနှစ်ရက်ခန့်တွင်ကမ္ဘာခြားဂိတ်၏အော်ရာ အတက်အကျကို ရှာဖွေတွေ့ရှိပြီးနောက် တစ်နိုင်ငံလုံးမှာ A အဆင့် အရေးပေါ် ကာကွယ်ရေး အခြေအနေသို့ ရောက်ရှိခဲ့သည်။
ကမ္ဘာခြားဂိတ်ကို ဆင့်ခေါ်သည်မှာ ရာဇဝတ်ကောင်များ ဖြစ်နိုင်ခြေ ရှိသည်။
ထိုအချက်ကို ထည့်သွင်း စဉ်းစား၍ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း မြေအောက်ရထားစီးသည့် ခရီးသည်များ၏ ရေမီတာကိုစစ်ဆေးရန် ရဲများက ကျပန်း တားဆီးခဲ့ပြီး သက်ဆိုင်ရာ အချက်အလက်များကို စစ်ဆေး အတည်ပြုပြီးမှသာ သွားခွင့်ပြုခဲ့သည်။
သို့သော် မည်သူမျှ မတွေးမိခဲ့ကြသည်မှာ ကမ္ဘာကြားဂိတ်တံခါး၏ ကိစ္စက မစခင်ကတည်းက ပြီးသွားခဲ့ခြင်းပင်။
.....................
ဝမ်လင်းက မြေပြင်ပေါ်ရှိ နတ်ဆိုးဘုရင်၏ လက်ကို စိုက်ကြည့်နေသည်။
အဆုံးသတ်တွင် သူက သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ပြီး မျက်လုံး၏ အမြင်ကမ္ဘာထဲတွင် လက်ကို ထည့်ထားလိုက်သည်။
နတ်ဆိုးဘုရင်၏ လက်ကိုသာ ပြင်ပမှလူများ တွေ့ရှိလျှင် သူ့အပေါ် သံသယဖြစ်လာဖွယ် ရှိသည် မဟုတ်လော။
ဤအရာအားလုံးကို ပြုလုပ်ပြီးနောက် သူက သက်ပြင်းအနည်းငယ် ချကာ ထွင်ထျန်းဟာကို ကြည့်လိုက်သည်။
ဝမ်လင်း "မင်း ဘာလုပ်နေတာလဲ"
ထွင်ထျန်းဟာ "ငါ့ရဲ့ ဝမ်းနည်းစရာ ပထမဘဝ အကြောင်းကို တွေးနေမိတာပါ.."
ဝမ်လင်း နှင့် ဝမ်မင် "............."
ထွင်ထျန်းဟာက ဝမ်လင်း၏ ခြေရင်းနားသို့ ဖြည်းညှင်းစွာသွားကာ မှင်စာအကြီးအကဲ၏ လက်တံပြုတ်ကျ၍ မြေပြင်ပေါ်၌ တွင်းပေါက် ဖြစ်သွားသော တွင်း၏ အစွန်းကို သူ၏ ခြေဖဝါးကို အသုံးပြု၍ ထိလိုက်သည်။
ထိုတွင်းပေါက်၌ နွေးထွေးမှုအချို့ ရှိနေပုံရသည်။
"ငါ မှားတယ်.. ငါတကယ်ပဲ မှားခဲ့တယ်.. အစထဲက လူသားကမ္ဘာထဲကို ရူးရူးမိုက်မိုက် မပြေးလာသင့်ဘူး.. အဲဒီလို မပြေးရင် ငါလည်း အသတ်ခံရမှာ မဟုတ်ဘူး.. ဒီလောက် ဆိုးရွားနိမ့်ကျတဲ့ အနေအထားထိ ငါတစ်ခါမှ မရောက်ဖူးဘူး"
ဝမ်လင်း "..............."
"ဒီကောင်က အရမ်း တုန်လှုပ်သွားပုံရတယ်.. သောကဖိစီးနေတဲ့ လေသံတောင် ထွက်လာတယ်.."
ဝမ်မင်က ခွေးခေါင်းကို ညင်သာစွာ ပွတ်သပ်၍ ငုံ့ကြည့်လိုက်သည်။
"ငါတို့ ဒီမြင်ကွင်းကို မြင်ခွင့်မပေးသင့်ဘူး"
သူက ဤခွေး မည်မျှ ခံစားနေရသည်ကို အမှန်တကယ် နားလည်သည်။
အရင်က သူဖတ်ဖူးသည့် ဝတ္ထုများတွင် မတူညီသော ကမ္ဘာ၌ ပြန်လည်မွေးဖွားလာသော ဇာတ်ကောင်များမှာ သူတို့၏ ဘဝအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရင်း ထိုကမ္ဘာသစ်တွင် ပျော်ရွှင်စွာ နေထိုင်ရန် စိတ်နှလုံးအကြွင်းမဲ့ ဆုံးဖြတ်ခဲ့သည်ကို သတိရမိလိုက်သည်။
ထင်ရှားသည်မှာ ထွင်ထျန်းဟာက ပို၍ ဉာဏ်ရည်ထက်မြက်သော ခွေးတစ်ကောင် ဖြစ်သည်။
နတ်ဆိုးဘုရင်၏ လက်က ကမ္ဘာခြားဂိတ်တံခါး၏ တစ်ဖက်ရှိ သူ၏ ဆွေမျိုး မိတ်ဆွေများကို အမှတ်ရစေခဲ့သည်။
သို့သော် သူသာ လက်ရှိ ခွေးခန္ဓာကိုယ်ဖြင့် နတ်ဆိုးလောကသို့ ပြန်သွားခဲ့လျှင် မြစ်ဝါမြစ်ထဲသို့ ခုန်ဆင်းပြီး ဖားပြုပ် နတ်ဆိုးဘုရင် ဖြစ်ကြောင်း သက်သေပြလျှင်ပင် ရှင်းပြနိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ကောင်းကင်ဝါးမျို ဖားပြုပ်ဘုရင်၏ အထောက်အထားကို ပြသရန်နှင့် ပတ်သက်ပြီး ဖားပြုပ်ဘုရင် တစ်ပါး နန်းတက်တိုင်းတွင် ဖားပြုပ်ဘုရင်ပုံ ပါသည့် သီးသန့်ငွေကြေးကို ရိုက်ထုတ်လေ့ရှိသည်။
ထွင်ထျန်းဟာက နားလည်အောင် ရှင်းပြနိုင်ပြီး ဖားပြုပ်မျိုးနွယ်သို့ပြန်ကာ နတ်ဆိုးဘုရင် ပြန်ဖြစ်လာလျှင်ပင် သူတို့၏ ငွေကြေး၌ ခွေးတစ်ကောင်၏ ဦးခေါင်းပုံကို ထားရန်အထိမူ လိုက်လျောလောက်မည် မဟုတ်ချေ။
......................
ဤအခိုက်အတန့်တွင် သဲကန္တာရရှိ အဆိပ် စက်ဝန်းမှာ ဒုတိယအကြိမ် ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဝမ်မင်က ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။
ပထမအကြိမ် ကျရောက်ပြီးနောက် အဆိပ်မြူခိုးများမှာ အလွန် ဝေးကွာနေခဲ့သည်။
ယခုအခါတွင်မူ အကွာအဝေးကို ဖော်ပြရန်ထက် "နီးနီးနားနား" ဟူသော အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲရပေမည်။
အဆိပ်မြူခိုးစက်ဝန်းက မျက်စိဖြင့် ကောင်းစွာ မြင်နိုင်လောက်သော အကွာအဝေးသို့ ရောက်လာခဲ့၏။
နောက်ထပ် တစ်ကြိမ် ကျရောက်လာလျှင် အစွန်အဖျား နေရာများကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားလိမ့်မည် ဖြစ်သည်။
"ငါတို့ အမြန် သွားမှဖြစ်တော့မယ်.. မဟုတ်ရင် တတိယလှိုင်းမှာ အဆိပ်မိပြီး သေလိမ့်မယ်"
ဝမ်မင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
သူကျောပိုးထားသည့် ချန်းချောင်က ယခုအချိန်ထိ သတိပြန်မရသေးပေ။
"သူ့ကို သတိရအောင်လုပ်ချင်တာလား"
ဝမ်လင်းက ဝမ်မင်ကို စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
ဝမ်မင်က ခေါင်းညိတ်လိုက်သည်။
"သူ့ကို သတိရအောင် လုပ်လိုက်ပါ.. မဟုတ်ရင် ငါတို့ သွားလာဖို့ ခက်ခဲလိမ့်မယ်"
"ကောင်းပြီလေ"
ထို့နောက်တွင် ဝမ်လင်းက ချန်းချောင်ကို နှိုးရန် ပြင်လိုက်သည်။
ဤအခိုက်အတန့်တွင် ဝမ်လင်းက သူ့လက်ကို မြှောက်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ဝမ်မင်က ထိတ်လန့်သွားပြီး အေးစက်သော ချွေးစေးများ ထွက်လာခဲ့သည်။
"သေချာကိုင်ထားနော်.. ငါသူ့ခေါင်းကို လက်နဲ့ ရိုက်ပြီး နှိုးပေးမယ်"
ဝမ်မင်က ကမ္ဘာခြားဂိတ်နှင့် ပတ်သက်သည့် ဖြစ်ရပ်အပြီးတွင် သူ့ညီလေးရဲ့ စွမ်းအားအပေါ်၌ နားလည်မှု အသစ် ရလာသည်။
ဝမ်လင်းက တာအိုစည်းတံဆိပ် ခတ်ခံထားရသော်လည်း လက်တစ်ဖက်တည်းဖြင့် တစ်ဘီလီယံဂျင် ရှိသည့် ကြီးမားသော စွမ်းအားကို အသုံးချနိုင်ဆဲ ဖြစ်သည်။
အကယ်၍ ဤလက်ဖြင့်သာ ပုတ်ချခံရလျှင် ချန်းချောင်၏ ဦးခေါင်းက တိုက်ရိုက် ပျံသန်းသွားနိုင်ပေသည်။
ထို့ကြောင့် ဝမ်မင်က ဝမ်လင်းကို ဟန့်တားလိုက်သည်။
"ငါ့ဘာသာ လုပ်ပါရစေ... မင်းလုပ်လိုက်ရင် ချန်းချောင်က နောက်နေ့ နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူး"
ဝမ်လင်း "............."
......................
ကမ္ဘာငယ်လေး၏ မြို့လယ်ခေါင်ရှိ မြင့်မားသော အဆောက်အဦး တစ်ခု၏ ထိပ်ကနေ အင်မော်တယ်ထုန်ရာက လက်ကျန် လူအရေအတွက်ကို ကြည့်လိုက်သည်။
ကမ္ဘာငယ်လေးတွင် လူရှစ်ထောင် ကျန်ရှိနေသေး၏။
အင်မော်တယ်ထုန်ရာက သဲကန္တာရဆီသို့ လှမ်းကြည့်လိုက်သည်။
"ကမ္ဘာခြားဂိတ်ရဲ့ ပြဿနာက စီနီယာလင်းကြောင့် ပြေလည်သွားပုံရတယ်"
အကြီးအကဲလီ၏ နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။
"စီနီယာလင်းက တကယ်ပဲ တံခါးကို လက်တစ်ဖက်တည်းနဲ့ ပိတ်လိုက်တာလား"
ဤနေရာတွင် ရပ်နေသည့် သူတို့နှစ်ယောက်က အပေါ်စီးကနေ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့၏။
အင်မော်တယ်ထုန်ရာက သူ့နဖူးကို လက်ဖြင့် နှိပ်နယ်ရင်း ပြောလိုက်သည်။
"စီနီယာလင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ငါလျှော့တွက်မိခဲ့တယ်.. ငါအခုတော့ နားလည်သွားခဲ့ပြီ"
"ကျနော်လည်း နားလည်သွားပြီ"
အကြီးအကဲလီက မျက်လုံးကနေပါ ချွေးများ မရပ်နိုင်အောင် ထွက်နေသည်။
"လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကမ္ဘာခြားဂိတ်တံခါးကို မပိတ်ခင်မှာ နိုင်ငံတည်ထောင်တဲ့ ဗိုလ်ချုပ်ဆယ်ဦးက သူတို့ရဲ့ အင်အားကို ပေါင်းစည်း အသုံးပြုခဲ့ရတယ်လို့ အတွင်းရေးမှူး တာခန်း ဆီကနေ ကြားသိရတယ်.. အဲဒီအချိန်က သူတို့တွေ ခွန်အား အပြည့်နဲ့ ပိတ်ခဲ့ရပေမဲ့ စီနီယာလင်းက အသာအယာလေး ပိတ်သွားပုံရတယ်.. ဒီတံခါးက အတုတော့ မဟုတ်လောက်ဘူး မလား"
"............."
အင်မော်တယ်ထုန်ရာ "မဖြစ်နိုင်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ ပြင်ပကမ္ဘာရဲ့ အစည်းအဝေးခန်းကနေ သူတို့အရင်က ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာခြားဂိတ်ရဲ့ အော်ရာ အတက်အကျက တကယ်ပဲ ပျောက်ကွယ်သွားပြီလို့ သတင်းပို့ခဲ့တယ်"
"ဒါသာ အမှန်ဆိုရင် စီနီယာလင်းက အတော် ကြောက်ဖို့ကောင်းတာပဲ"
လီစုက သက်ပြင်းချလိုက်သည်။
ယခင်က ဝမ်လင်း၏ စစ်မှန်သော နယ်ပယ်ကို သူ ခန့်မှန်းခဲ့သော်လည်း ယခု သူ မြင်တွေ့ရသလောက် ဆိုလျှင် သူထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းမည်မှာ သေချာ၏။
သူ တစ်သက်လုံး ရုန်းကန်ကြိုးစားလျှင်ပင် ထိုကဲ့သို့ နယ်ပယ်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်မရှိဟု သူခံစားခဲ့ရသည်။
အင်မော်တယ်ထုန်ရာနှင့် လီစုက အဝေးတစ်နေရာကို စူးစိုက်ကြည့်ရင်း နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။
ယခုတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုတွင် ကာကွယ်ရေး နည်းပြ ချုပ်နှင့် ဒုနည်းပြချုပ် အဖြစ် တာဝန်ယူထားသည့် နှစ်ဦးစလုံးက ဤဖြစ်ရပ်ကို ဖုံးဖိရန်အတွက် တိတ်တဆိတ် နားလည်မှု ယူခဲ့ကြသည်။
ယင်းက ပညာရှိသော ရွေးချယ်မှု ဖြစ်ပြီး တစ်နည်းအားဖြင့် စီနီယာလင်းကို လေးစားကြောင်း ပြသခဲ့ခြင်းပင်။
အကယ်၍သာ စီနီယာလင်း၏ အကြောင်းသာ ပျံ့နှံ့သွားလျှင် သူတို့နှစ်ဦးက သနားစရာ ကောင်းသော သေခြင်းမျိုးနှင့် ကြုံရမည်မှာ သေချာ၏။
"စီနီယာထုန်ရာ သတိထားမိလိုက်တယ် မလား"
အကြီးအကဲလီက အဝေးကို လှမ်းကြည့်ရင်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အင်း တစ်စုံတစ်ရာ ဝင်လာတာကို သတိထားမိတယ်"
အင်မော်တယ်ထုန်ရာက မေးစေ့ကို ပွတ်သပ်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒီကမ္ဘာငယ်လေးထဲကို မဝင်ခင်ထဲက ငါ အနံ့ရခဲ့တယ်.. ဒီ အနံ့အသက်က အရမ်းပြင်းလွန်းတယ်.. ဒါက နှစ်အတော်ကြာ မဆေးရသေးတဲ့ တက္ကသိုလ်က အိမ်သာတွေလို ညစ်ပတ်တယ်"
"............."
လီစု "စီနီယာထုန်ရာက ကမ္ဘာငယ်လေးထဲကို မဝင်ခင်ကတည်းက အနံ့ခံနိုင်ခဲ့တာလား"
"အဲဒီလိုလည်း မဟုတ်ပါဘူး"
အင်မော်တယ်ထုန်ရာက မျက်လုံးများ ပိတ်သည်အထိ ပြုံးလိုက်သည်။
"ငါက အဂ္ဂိရတ်အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာတဲ့အတွက် ငါ့ရဲ့ အာရုံငါးပါးက ထူးထူးခြားခြား အားကောင်းလာခဲ့တယ်.. အထူးသဖြင့် ငါ့ရဲ့ အနံ့ခံအာရုံက အချို့သော ဝိညာဉ်ခွေးတွေရဲ့ နှာခေါင်းတွေထက်တောင် ပိုပြီး အနံ့ခံနိုင်သေးတယ်.. အတွင်းရေးမှူး တာခန်းဆိုရင် လွန်ခဲ့သည့်လအနည်းငယ်က သူတော်စင်နို့မှုန့်လို့ အမည်ရတဲ့ နို့မှုန့်အတုရောင်းတဲ့ အဖွဲ့အစည်းကို ခြေရာခံဖို့ ငါ့ရဲ့ အကူအညီကိုတောင် ယူခဲ့ရသေးတယ်"
"............."
အင်မော်တယ်ထုန်ရာ၏ စကားကို နားထောင်ပြီးနောက် လီစုက တိတ်တဆိတ် ခေါင်းငုံ့ကာ အတွေးများ ပျောက်ဆုံးသွားခဲ့သည်။
ဤမိုးကုတ်စက်ဝိုင်းထဲတွင် သာမန်လူက သူတစ်ယောက်ထဲသာ ရှိနေပါသလော။