ငါမင်းကို ငါ့တပည့်သတ်မှတ်ဖို့ ဆန္ဒရှိတယ်
Vol. 16 Ch. 229
ထို့နောက် ဝမ်လင်းက ဝမ်မင် နှင့် အခြားလူများကို အလယ်ပိုင်းဒေသရှိ ဂိုဒေါင်တစ်ခုသို့ တည်နေရာ ရွှေ့ပြောင်းပေးခဲ့သည်။
ထို့ကြောင့် လတ်တလောတွင် သူက တစ်ကိုယ်တည်း ဖြစ်နေ၏။
အဆိပ်မြူစက်ဝိုင်း၏ အလယ်ဗဟိုမှာ အတော်လေး ကောင်းသော နေရာတစ်ခု ဖြစ်သည်။
ချန်းချောင်က ဝမ်မင်၏ နဂါးချုပ်တည်း ရိုက်ချက် ဆယ်ချက်ကို ခံစားခဲ့ရပြီးနောက် နာကျင်မှုကြောင့် သတိ ပြန်လည်လာခဲ့သည်။
သူ၏ပါးနှစ်ဖက်က ပြင်းထန်သော ပါးရိုက်ချက်ကြောင့် နီရဲသွားပြီး လက်ရာများပင် ထင်ကျန်ခဲ့သည်။
"သတိရပြီလား"
ဝမ်မင်က သူ့လက်မောင်းကို လှုပ်ယမ်း၍ အကြောပြန်ဖြေလိုက်သည်။
အားသုံးလိုက်ရသဖြင့် သူ၏ လက်က နာကျင်ခဲ့ရသည်။
သက်ရောက်မှုတိုင်း အတွက် တန်ပြန် အကျိုးသက်ရောက်မှု ရှိသည် မဟုတ်လော။
အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ရိုက်နှက်ခြင်းသည် သာမန်လူကို ပါးရိုက်ခြင်းထက် ပို၍ နာကျင်စေသည်။
"ဒုတိယ.. ဒုတိယအကိုလား"
ချန်းချောင်က သတိရလာသည်နှင့် သူ၏ သွားရည်ယိုခြင်းကို သတိပြုမိလိုက်သည်။
ဝမ်မင်၏ ပခုံးပေါ်တွင် သွားရည်များ ကျန်ရှိနေပုံပေါ်သောကြောင့် သူက ကျောပေါ်ကနေ ကမန်းကတန်း ခုန်ဆင်းလိုက်သည်။
"တောင်းပန်ပါတယ် ဒုတိယအစ်ကို... စစ်ရေးလေ့ကျင့်မှု ပြီးသွားတဲ့အခါကျရင် မင်းရဲ့ အဝတ်အစားတွေကို ပေးလိုက်ပါ.. ငါ မင်းအဝတ်အစားကို ပြန်လျှော်ပေးပါ့မယ်"
"ထားလိုက်ပါ.. အဲဒါက အဝတ်အစားလေးပါပဲ"
ဝမ်မင်က သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
ချန်းချောင်က မူးမေ့လဲမသွားမီ ဖြစ်ပျက်ခဲ့သမျှကို လုံးဝမှတ်မိခြင်း မရှိခဲ့ပေ။
သူ့တွင် နိုင်ငံဂုဏ်ဆောင်ရန် အတွက် အိုလံပစ် အားကစားပြိုင်ပွဲ၌ ပါဝင်လိုသည့် အလွန် ကြည်နူးဖွယ် ကောင်းသော အိပ်မက်တစ်ခု ရှိခဲ့သည်ကို သူသတိရမိခဲ့သည်။
ယင်းက သူ့တစ်သက်လုံး မက်ခဲ့သည့် အိမ်မက်ဖြစ်၏။
သို့သော် သူက အဘယ်ကြောင့် စစ်ရေးလေ့ကျင့်မှု လမ်းတစ်ဝက်တွင် ရုတ်တရက် အိပ်ပျော်သွားပြီး ဤကဲ့သို့ ကြည်နူးစရာကောင်းသည့် အိပ်မက်ကို မက်ခဲ့ပါသနည်း။
ချန်းချောင်က စိတ်ဆင်းရဲစွာဖြင့် ခေါင်းကုတ်လိုက်ပြီး နားမလည်နိုင် ဖြစ်နေခဲ့သည်။
တကယ်တမ်းတွင် ၎င်းမှာ ဝမ်လင်း အသုံးပြုလိုက်သော မှော်စွမ်းအား၏ သက်ရောက်မှုတွေထဲက တစ်ခုသာ ဖြစ်၏။
ထိုမှော်စွမ်းအားက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည့် အပြင် အာရုံပျံ့လွင့်သည့် အတွေးများကိုပင် ဖယ်ရှားပေးနိုင်သည်။
လူတစ်ယောက်က သူ၏ အတွေးအမြင်များကို အာရုံမစိုက်နိုင်သောအခါတွင် သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေနိုင်သည် မဟုတ်လော။
တစ်ခါတလေ ဝမ်မိသားစု အိမ်ငယ်လေးတွင် ဖေဖေဝမ်က သူ့စာမူကို ငြီးငွေ့လာသည်အထိ ပြန်ပြင်ရသည့် အခါမျိုးတွင် လုံလောက်သော အိပ်စက်ခြင်း အရည်အသွေးကို သေချာစေရန်အတွက် ဝမ်လင်းကို သူ့အပေါ်တွင် ကြီးမြတ်သော စိတ်သန့်စင်ရေး မှော်စွမ်းအားကို အသုံးပြုခိုင်းလေ့ ရှိသည်။
ဝမ်မင်က ချန်းချောင်၏ ပဟေဠိ ဖြစ်နေသော အမူအရာကို ကြည့်ကာ သူကြိုတင် ပြင်ဆင်ထားသည့် ဆင်ခြေတစ်ရပ်ကို ပေးလိုက်သည်။
"ငါတို့ ခုလေးတင် လူတစ်စုက ထောင်ချောက်ထဲ ကျသွားတာကို တွေ့ခဲ့ရတယ်.. မင်းကတော့ မူးဝေစေတဲ့ မြူခိုးတွေကြောင့် မူးပြီး မေ့လဲသွားတာပါ.. ပြဿနာကိုတော့ အမှန်တကယ် ဖြေရှင်းပြီးပါပြီ"
"အိုး ငါနားလည်ပြီ"
ချန်းချောင်က ရုတ်တရက် နားလည်သွားသည်။
"ဝုတ်.."
ဟောင်သံတစ်သံ ထွက်ပေါ်လာသည်။
ချန်းချောင်က ဝတ်ဝန်းကျင်ကို လှည့်ပတ်၍ ရှာဖွေလိုက်ပြီးမှ အောက်ကို ငုံ့ကြည့်လိုက်သည်။
ထိုခဏမှာပင် ထွင်ထျန်းဟာကို သူသတိထားမိသွားခဲ့သည်။
"အူကြောင်ကြားဖားလေ.. မင်းဘာလို့ ဒီကိုရောက်နေတာလဲ"
"မင်းသတိလစ်နေချိန်မှာ ငါတို့က တန်ပြန် တိုက်ခိုက်ခံခဲ့ရပေမဲ့ ထွင်ထျန်းဟာက ငါတို့ကို ကယ်တင်ပြီး ကြီးမြတ်တဲ့ အလုပ်တွေကို လုပ်နေခဲ့တယ်လေ"
ဝမ်မင်က ထွင်ထျန်းဟာ၏ နူးညံ့သော ခွေးခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
ချန်းချောင်က အလွန် စိတ်လှုပ်ရှားနေသဖြင့် ထွင်ထျန်းဟာကို ပွေ့ဖက်ကာ နမ်းလိုက်သည်။
"ထွင်ထျန်းဟာ...မင်းက သောက်ရမ်းမိုက်တဲ့ကောင်ပဲ"
ထွင်ထျန်းဟာ "..............."
ယခု သူ သတိပြန်ဝင်လာသောအခါတွင် ချန်းချောင်က ပြဿနာတစ်ခုရှိနေပြီ ဆိုတာကို ရုတ်တရက် သဘောပေါက်သွားတယ်။
ယင်းအချိန်တွင် အတန်းဖော် ဝမ်လင်း မရှိတော့သည်ကို သူသတိပြုမိခဲ့သည်။
ဝမ်မင် နှင့် အခြားသူများကို လုံခြုံသောနေရာတွင် ထားပြီးနောက် ဝမ်လင်းက သူ့ဘာသာသူ လှုပ်ရှားလာခဲ့သည်။
တခြားလူတွေသာ သူ့ဘေးတွင် ရှိနေလျှင် သူက လွတ်လွတ်လပ်လပ် နေရတော့မည် မဟုတ်ပေ။
ကမ္ဘာခြားဂိတ် နှင့် ပတ်သက်သော ကိစ္စက ပြီးသွားပြီဟု ထင်ရသော်လည်း နောက်ကွယ်မှ မဟာ လူဆိုးကြီးက ပေါ်မလာသေးပေ။
ဝမ်လင်းက ထိုလူ မည်သူလဲ ဆိုသည်ကို ခန့်မှန်းထားပြီးသား ဖြစ်သည်။
ဤကမ္ဘာငယ်လေး ဆီသို့ ကမ္ဘာခြားဂိတ်တံခါးကို ဆင့်ခေါ်နိုင်သော လူအရေအတွက်မှာ လက်ချိုးရေ၍ပင် ရပေသည်။
အင်မော်တယ် စံအိမ်မှ လူငယ်နှင့် တိုက်ခိုက်စဉ် မိစ္ဆာအင်ပါယာ ဆင့်ခေါ်ခဲ့သော နတ်ဆိုးကို သူမြင်ဖူးသည်။
ထိုမိစ္ဆာအင်ပါယာ ထံတွင် လှည့်ကွက် အတော်များများ ရှိပုံရ၏။
သူ့တွင် သေချာပေါက် နတ်ဆိုးတစ်ကောင်ထက် ပိုရှိမည်မှာ သေချာသည်။
ကမ္ဘာခြားဂိတ်တံခါးကို လည်ပတ်ရန် နှင့် ပတ်သက်ပြီး အရင်းအမြစ် အဖြစ် အသုံးပြုရန် အတွက် နတ်ဆိုးဝိညာဉ်အစုအဝေးကို နတ်ဆိုးစွမ်းအင် အဖြစ်သို့ ပြောင်းလဲရန် စွန့်လွှတ်နိုင်သည်မှာ အမှန်တကယ် ဖြစ်နိုင်ချေ ရှိသည်။
ထို့ကြောင့် ယခု ဝမ်လင်း အတွက် အရေးကြီးနေသည်မှာ ကွာဖီ၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။
သို့သော် ထိုနတ်ဆိုးက အော်ရာကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ပုံရသည်။
တစ်ဖက်တွင်လည်း ဝမ်လင်းက ဤအဖြစ်အပျက်များကို ကမ္ဘာငယ်လေးထဲရှိ ကျောင်းသားများ သတိမပြုမိရန် ဂရုစိုက်ရမည် ဖြစ်သည်။
တစ်ဖက်တွင်မူ ပြင်ပကမ္ဘာ၏ အစည်းအဝေးခန်းရှိ ကျောင်းအုပ်ကြီးများနှင့် အကြီးအကဲများ သတိပြုမိမည်ကို ရှောင်ကြဉ်ရဦးမည် ဖြစ်သည်။
ဤကဲ့သို့ လုပ်ရသည်က အတော်လေး ဘေးကျပ်နံကျပ် ဖြစ်ကာ ခက်ခဲလိမ့်မည် ဖြစ်သော်လည်း သူက လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။
သူက ကွာဖီကို ရှာတွေ့လျှင် ဖားကို ရေနွေး မပူတပူထဲ ထည့်ကာ ဖြည်းဖြည်းချင်း ပြုတ်သည့် နည်းလမ်းနှင့် ဆင်တူသည့်နည်းလမ်းကို အသုံးပြုကာ မျှင်းသတ်မည် ဖြစ်၏။
အကယ်၍ ရေနွေးဆူဆူထဲသာ ထည့်ပြုတ်လျှင် ဖားက ခုန်ထွက်သွားလိမ့်မည် မဟုတ်လော။
ဝမ်မင်က သူ့အချက်ပြမှုကို အစောပိုင်းကတည်းက ပိတ်ဆို့ထားပြီး ဖြစ်သော်လည်း အစည်းအဝေးခန်းရှိ လူများက သူ့ကို အမှန်တကယ်ပင် သတိမထားမိသလား သူသေချာမသိပေ။
မျှော်လင့်ထားသလိုပင်.. ဤကဲ့သို့ ကောက်ကျစ်သည့် မိစ္ဆာကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းမှာ တဖြည်းဖြည်း မျှင်း၍ သတ်ခြင်း ဖြစ်သည်။
ထိုဆုံးဖြတ်ချက်ကို ချပြီးနောက် ဝမ်လင်းက မှောင်မိုက်နေသော လမ်းကြားမှ ထွက်လာခဲ့သည်။
သို့ရာတွင် သူက ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်ခဲ့၏။
သူ့နောက်ကျောကို စိုက်ကြည့်ခံနေရသည်ဟု ခံစားရ၍ ဖြစ်သည်။
"ဘယ်သူလဲ"
သူက အနီးနားတွင် မည်သူမျှမရှိဟု အစောပိုင်းက အတည်ပြုထားသောကြောင့် အနည်းငယ် အံ့သြသွားမိသည်။
"မဆိုးဘူး.. မင်းမှာ လိုက်လျောညီထွေတဲ့ အာရုံတွေ ရှိတယ်.. ဒီက ကျောင်းသား အများစုထက် အများကြီး ပိုထူးချွန်တယ်"
ဝမ်လင်းက ခေါင်းကို အနည်းငယ် လှည့်၍ ကြည့်လိုက်သည်။
သူ့မျက်လုံးထောင့်ကနေ သူ့အနောက်ဘက်ရှိ မီတာတစ်ဒါဇင် ခန့် အကွာ၌ ဦးခေါင်းတစ်ခုလုံး ဖြူဖွေးနေသည့် လူကြီး တစ်ဦး တဖြည်းဖြည်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူက လေထဲတွင် လွင့်မျောနေသော သူ့ကိုယ်သူ ပြသလိုက်သည့် အခိုက်တွင် ၎င်း၏ ပတ်ပတ်လည်ရှိ အလင်းရောင်များက တဖြည်းဖြည်း မှိန်ဖျော့သွား၏။
ဤလူက အမှန်တကယ်ပင် ဤကမ္ဘာငယ်လေး၏ အခြေခံ စွမ်းအားများဖြင့် သူ့ကိုယ်သူ လွှမ်းခြုံထား၍ ကမ္ဘာငယ်လေးနှင့် လုံးဝ ပေါင်းစည်းနေပုံရသည်။
ထိုသို့သော အခြေအနေမျိုးတွင် ထိုသူ၏ နာမ်ဝိညာဉ် အော်ရာကို သာမန်နည်းလမ်းများဖြင့် မည်သူမျှ အာရုံခံစားနိုင်မည် မဟုတ်ပေ။
ဝမ်လင်းက ချက်ချင်းပင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သူ တွက်ချက်တာ မှားသွားပုံရသည်။
"ငါဘယ်သူလဲဆိုတာ မင်းသိလား"
ခေါင်းဖြူလူကြီးက ဝမ်လင်းကို ပြုံးပြ၍ မေးလိုက်သည်။
သူက အဖြူရောင် လေ့ကျင့်ခန်းဝတ်စုံကို ၀တ်ဆင်ထားပြီး ခါးတွင် အနီရောင် ကြိုးစကို ချည်နှောင်ထားသည်။
ထိုလူ၏ ကြီးမြတ်သော သခင် ပုံစံက တစ်ဖက်သားကို အထင်ကြီးစေလောက်၏။
ဝမ်လင်းက ထိုလူ၏ ရင်ဘတ်ညာခြမ်းရှိ "ရီ" စာလုံးကို မြင်လိုက်ရသောအခါတွင် ထိုလူ၏ အထောက်အထားကို မှန်းဆမိပြီး လှောင်ပြောင်ရန် ခွန်အားမရှိတော့ပေ။
သူက ထိုလူကို အမှန်တကယ် မေးခွန်းထုတ်ချင်ခဲ့သည်။
သင်က တစ်ကိုယ်တော်လိပ် ကျောင်းကလော သို့မဟုတ် တစ်ကိုယ်တော်ကြိုးကြာ ကျောင်းကလော။
သို့သော် ထိုလူ၏ အထောက်အထား အရ အဆုံးသတ်တွင် ဤမေးခွန်းကို မမေးဖြစ်ခဲ့ပေ။
ထို့နောက် မြင်ကွင်းက ခဏမျှ တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် ဦးခေါင်းဖြူ အကြီးအကဲဖြစ်သူက ဦးစွာစကားပြောပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အစောပိုင်းက ဒီကမ္ဘာငယ်လေးမှာ ကမ္ဘာခြားဂိတ်ရဲ့အော်ရာကို ငါခံစားခဲ့ရပေမယ့် ဒီကိုရောက်လာတဲ့အခါ အော်ရာက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်"
ဝမ်လင်း ".............."
"ဘာတွေဖြစ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိပေမယ့် ဒီအဘိုးကြီး ရှာနေတဲ့လူက ဒီကမ္ဘာငယ်လေးထဲမှာ ရှိနေတယ်လို့ ခံစားရတယ်.. ဒါကြောင့် ဒီအဘိုးကြီးက ဒီကမ္ဘာငယ်လေးမှာ အဖြစ်အပျက်တွေကို လျှို့ဝှက်စွာ စောင့်ကြည့်နေတာပဲ.. မင်းကို သတိထားမိတာတော့ မကြာသေးဘူး.. မင်းရဲ့ ကျောင်းဝတ်စုံအရ မင်းက အမှတ် ၆၀ အထက်တန်းကျောင်းက ကျောင်းသား ဖြစ်မယ်လို့ ငါထင်တယ်"
အဘိုးကြီးက စူးရှသော မျက်လုံးများဖြင့် ဝမ်လင်းကို အကဲခတ်သလ်ု စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် သူ့မျက်လုံး၌ တုန်လှုပ်သောအမူအရာများ ထင်ဟပ်လာသည်။
"မင်းရဲ့ နယ်ပယ်က အခြေခံ တည်ဆောက်ခြင်း အဆင့် မဟုတ်ဘူးလား"
အဘိုးကြီး၏ စကားကိုကြားလျှင် ဝမ်လင်းက ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။
သူက တကယ်ကို သတိလက်လွတ် ဖြစ်ခဲ့သည်။
ဒဏ္ဍာရီလာ ဗိုလ်ချုပ်ကြီး ဤနေရာတွင် ပေါ်လာမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သူ ဖော်ထုတ်ခံရတော့မည်လော။
ဝမ်လင်းက စကားပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။
"မင်းငါ့ကို ဖုံးကွယ်လို့ မရပါဘူး.."
အဘိုးကြီးက ဝမ်လင်းကို ပြုံးပြပြီး စိုက်ကြည့်နေခဲ့သည်။
"တကယ်တော့ မင်းက ရွှေအမြူတေ နယ်ပယ် အဆင့်ကို ရောက်နေတာ မဟုတ်လား"
ဝမ်လင်း "............"
ဝမ်လင်း ဘာမှ မပြောသည်ကို သတိထားမိလျှင် အဘိုးကြီးက သူမှန်းဆထားတာ မှန်သည်ဟု ပိုသေချာသွားခဲ့သည်။
"မင်းက စီနီယာ Grade 1 မှာပဲ ရှိသေးပေမယ့် ရွှေအမြူတေ အဆင့်ကိုတောင် ရောက်နေပြီ.. မင်းရဲ့ အနာဂတ် အလားအလာတွေက တကယ်ကို တွက်ချက်လို့မရဘူးပဲ"
ဝမ်လင်း "............"
အဘိုးကြီးက ပြုံးလိုက်သည်။
"မင်းရဲ့ အလားအလာက တော်တော် ကောင်းတယ်လို့ ငါထင်တယ်.. ဘယ်လိုလဲ.. မင်း ငါ့တပည့်ဖြစ်ချင်လား.. ငါမင်းကို တပည့်အဖြစ် လိုချင်တယ်"
ဝမ်လင်း "............"
"အခုခေတ် စီနီယာကြီးတွေက ဒီလိုပဲ တဲ့တိုးကြီး ပြောဆိုတတ်တာလား"