ဒဏ္ဍာရီလာ ပုဂ္ဂိုလ်၏ အစီအစဥ်
Vol. 16 Ch. 231
ဝမ်လင်းက ကမ္ဘာပေါ်တွင် သူ့ကို ထိတ်လန့်စေမည့်သူ အမှန်တကယ် အနည်းငယ်မျှသာ ရှိသည်ဟု အမြဲတွေးထားခဲ့သော်လည်း ဗိုလ်ချုပ်ရီ၏ စကားကြောင့် လန့်ဖျပ်သွားခဲ့သည်။
သူ လုံးဝ အံ့အားသင့်သွား၏။
သူ၏ ပိုကာမျက်နှာက မွေးကတည်းက အတော်လေး တည်ငြိမ်သည်ဟု ခံစားခဲ့ရသော်လည်း ယခုအချိန်တွင် ဗိုလ်ချုပ်ရီ၏ စကားကြောင့် သူ့ပါးစပ်ထောင့်က လှုပ်ယမ်းမိကာ လုံးဝ အံ့အားသင့်သွားသော အမူအရာတစ်ခုကို ရှားရှားပါးပါး ထုတ်ဖော်လိုက်မိသည်။
"ဒီလိုမျိုး အကွက်စေ့လွန်းတဲ့ အစီအစဥ်တွေတောင် ရှိသေးတယ်လား"
သလင်းကျောက် ခေါင်းတလားထဲရှိ အရိုးစုက အတုအပ ဖြစ်လျှင်ပင် ၎င်းမှာ ဟွာရှို့နိုင်ငံ တည်ထောင်သူဖခင်၏ အရိုးစု အရည်အသွေးကို အတုယူ၍ ဖန်တီးထားခြင်း ဖြစ်သည်။
"ဒီလိုလုပ်ရပ်က တကယ်ပဲ အဆင်ပြေရဲ့လား"
ထိုအချိန်တွင် ဝမ်လင်းက ဗိုလ်ချုပ်ရီ နှင့်အတူ တွင်းထဲတွင် ရပ်နေသည်။
တွင်းပေါက်တစ်ခုလုံးကို လင်းထိန်စေသော ဤအကြီးအကဲ၏ ခန္ဓာကိုယ်မှ အင်မော်တယ် အလင်းရောင်ဖြင့် ဝမ်လင်းက ဗိုလ်ချုပ်ရီ၏ မျက်နှာပေါ်မှ တုန်လှုပ်ခြင်း ကင်းသော အမူအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ဒီအရာအားလုံးက ကွာဖီကို ဖမ်းဖို့ အတွက်ပဲ.. သူက အခု ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ဖို့တောင် ကြံရွယ်နေပြီ.. သူ့ကိုသာ လွှတ်ထားမိရင် ဟွာရှို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွေ ပျောက်ကွယ်သွားမှာကို ငါကြောက်မိတယ်.. ဒါ့အပြင် လက်ရှိကမ္ဘာထဲမှာ ဒီမိစ္ဆာကောင်ရဲ့ နောက်လိုက်တွေ အများကြီး ရှိနေသေးတယ်.. ဒီနောက်လိုက်တွေကလည်း လျော့တွက်လို့ မရဘူးလို့ အထောက်အထား အားလုံးက ညွှန်ပြနေတယ်"
ထိုစကားကို ကြားပြီးနောက် ဝမ်လင်း လုံးလုံး နားလည်သွားသည်။
ယင်းမှာ ဤအရာက အစကတည်းက ထောင်ချောက်တစ်ခု ဖြစ်နေခြင်းပင်။
မိစ္ဆာအင်ပါယာနှင့် အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှို့ယွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျောက်သရဲ မျက်နှာဖုံးမှ ကွာဖီ လွတ်မြောက်ပြီးနောက် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်းအထိ ဆက်တိုက်ဆိုသလို၊ လှည့်ကွက် အလုံးစုံကို ဗိုလ်ချုပ်ရီက ချစ်ပ်ပြားကနေ တဆင့် သိရှိခဲ့သည်။
ပို၍ ကြောက်စရာ ကောင်းသည်မှာ ထိုနှစ်က ဗိုလ်ချုပ်ရီ၏ ဓားလက်ဝါးထဲ ဝှက်ထားခဲ့သည့် ထောက်လှမ်းရေးချစ်ပ်ပြားကသာ စမှတ်ဖြစ်ခဲ့လျှင် ဤထောင်ချောက်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင် ကတည်းက စီစဥ်ထားပြီးသားဟုပင် ဆိုရပေမည်။
ဝမ်လင်းက အတင်းအဖျင်း ပြောခြင်းကို နှစ်သက်သူ မဟုတ်ပေ။
ဗိုလ်ချုပ်ရီက ထိုအကြောင်းကို မပြောပြလည်း သူ လုံးဝ ဂရုမစိုက်ပေ။
သူ ကွာဖီကို ဖမ်းချင်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ တစ်ဖက်လူက သူ့ဘဝကို အနှောင့်အယှက် ပေးလာသောကြောင့် ဖြစ်သည်။
ထိုအချက်တင် မကသေးဘဲ ကွာဖီက အပြစ်မဲ့သည့်လူများကိုပါ သတ်ဖြတ်ခဲ့သူ ဖြစ်နေသေးသည်။
ထိုလုပ်ရပ်က ဝမ်လင်း သည်းမခံနိုင်သည့် လုပ်ရပ် ဖြစ်သည်။
ဗိုလ်ချုပ်ရီက သူ့ကို အဘယ်ကြောင့် အတွင်းရေး ကိစ္စတွေ ပြောပြနေရလဲ ဆိုသည့် အကြောင်းရင်းကို သူကောင်းကောင်း သိသည်။
ဆိုရလျှင် ဗိုလ်ချုပ်ရီက သူ့ကို လူရင်း တစ်ယောက် အနေဖြင့် လုံးလုံးလျားလျား ဆက်ဆံနေသည်မှာ ဝမ်လင်းကို တပည့်တော်ချင်နေသည်က အပျော်အပျက် မဟုတ်ပဲ အမှန်တကယ် အလေးအနက် ထား၍ ဖြစ်၏။
"ဒီစောင့်ကြည့်ရေး ချစ်ပ်ပြားကို ဘယ်သူဖန်တီးခဲ့တာလဲ မင်းသိလား"
ဗိုလ်ချုပ်ရီက အလွန်တည်ငြိမ်သော အမူအရာဖြင့် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။
"ငါတို့ ဟွာရှို့နိုင်ငံရဲ့သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီမှာ အသန်မာဆုံး ဦးနှောက်လို့ လူသိများတဲ့ လူငယ်လေးတစ်ယောက် ရှိတယ်.. ဒီချစ်ပ်ကို သူရဲ့ သုတေသန ဖော်မြူလာပေါ်မှာ အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ကွာဖီက အဲဒါကို မတွေ့နိုင်ဘူးလို့ ငါ လုံးဝ အာမခံတယ်.. နောက်တစ်ကြိမ် အခွင့်အရေးရရင် ငါသူ့ကို မင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်"
ဝမ်လင်း "..........."
ဗိုလ်ချုပ်ရီက အချိန်ကို ကြည့်လိုက်ရာ သူတို့တွင် အားလပ်ချိန် ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။
"ခဏကြာရင် ပိုက်ကွန်ကို စပြီး တင်းကြပ်တော့မယ်.. ငါက အဲဒီမိစ္ဆာကောင်ကို မျှားထုတ်ဖို့ အရင်ထွက်သွားမယ်.. ကျန်တဲ့ လူတစ်ရာက သူ့ကို ဖမ်းဖို့ ဒြပ်စင်ငါးပါး အစီအရင်ကို စုပေါင်းပြင်ဆင်ထားရမယ်.. မဟုတ်လို့ရှိရင် ဒီကောင်က ခရမ်းရောင်ရွှေ ဘူးသီးခြောက်ကို အသုံးပြုပြီး လွတ်မြောက်သွားလိမ့်မယ်.. ကွာဖီသာ ဒြပ်စင်ငါးပါး အစီအရင်ထဲ ပိတ်မိခဲ့ရင် ဘယ်လို နည်းလမ်းမျိုးနဲ့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"
ဤစကားလုံးများမှ တဆင့် ဝမ်လင်းက ဗိုလ်ချုပ်ရီ၏ အကွက်စေ့သော ကြိုတင်စီစဥ်ထားမှုကို သိလိုက်ရသည်။
သင်တန်းဆရာ အယောက်တစ်ရာက ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ထိုအရာတွေ အားလုံးက သေသေချာချာ စီစဉ်ထားသော အစီအစဥ်များသာ မဟုတ်လော။
ရှင်သန်ခြင်းပြိုင်ပွဲကို ကျင်းပရခြင်း၏ မူလ ရည်ရွယ်ချက်မှာ မိစ္ဆာအင်ပါယာကို မျှားခေါ်ရန်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဝမ်လင်း တွေးမိခဲ့သည်။
ဤမိစ္ဆာကောင်က ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် ကျောင်းသားများ၏ အသက်ဓာတ်ကို စုပ်ယူလိုနေကြောင်း ဗိုလ်ချုပ်ရီက အစောပိုင်းကတည်းက သိခဲ့ပုံရ၏။
"ဒီမိစ္ဆာကောင်က အခုတကယ့်ကို သေသေချာချာ အလုပ်လုပ်နေပေမယ့် ခန္ဓာကိုယ်ကို ပြန်ပြီး တည်ဆောက်ဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး"
ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
သူက စောင့်ရတာ အနည်းငယ်ကြာလာ၍ စိတ်မရှည်တော့ဘဲ သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ အင်တာနက်ကို သုံးလိုက်၏။
ဝမ်လင်း တစ်ချက် အကဲခတ် ကြည့်လိုက်ရာ ချက်တင်ခန်း ဖွင့်ထားသည်ကို တွေ့လိုက်ရပြီး ဗိုလ်ချုပ်ရီက တစ်ယောက်ယောက်နှင့် စကားပြောရန်အတွက် "တစ်ညကိုးကြိမ်" ID ကို အသုံးပြုနေသည်အား သတိထားမိလိုက်သည်။
နေစမ်းပါဦး.. တစ်ည ကိုးကြိမ်
၎င်းမှာ ချက်ဂရုထဲမှ ကိုးဆလူသား ဖြစ်နေသည် မဟုတ်လော။
နေကြာသိုင်းကျမ်းအတုကို ဝယ်မိပြီး လှည့်စားခံခဲ့ရသူ။
ဝမ်လင်းက စိတ်ကူးပင် မယှဥ်နိုင်သလို ခံစားလိုက်ရသည်။
ကိုးဆလူသား၏ စစ်မှန်သည့် အထောက်အထားက ဗိုလ်ချုပ်ရီ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါဝင်ခဲ့တဲ့ ဂရုပါ.. ဒီဂရုက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်"
ဗိုလ်ချုပ်ရီက စကားပြောနေစဉ် လက်ချောင်းများဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ကျင့်ကြံခြင်း အသိုင်းအဝိုင်းထဲမှာ ငါတို့လို အဘိုးကြီးတွေက တခြားလူတွေအားလုံးထက် ခပ်မြင့်မြင့်မှာ ရပ်တည်နေတဲ့အတွက် သန်မာတယ်လို့ လူတိုင်းက ထင်နေကြတယ်.. ဒါပေမယ့် ဒီအဘိုးကြီးက အသက်ကြီးလာတာနဲ့အမျှ တစ်ခုခုကို သဘောပေါက်လာခဲ့တယ်.. လူတွေက အသက်ကြီးလာလေ အရည်အချင်းတွေက ပိုလေးနက်လေလေ ဖြစ်လာသလို ပိုလည်း အပျော်ရှာလာကြတယ်"
ဝမ်လင်း"..........."
ဗိုလ်ချုပ်ရီ "မင်းသိလား.. တစ်ခါတရံမှာ အကောင့်တုတစ်ခုနဲ့ ချက်ဂရုမှာ ရောနှောပြီး ဂျူနီယာလေးတွေနဲ့ ချက်တင်ထိုင်တဲ့အခါ မမျှော်လင့်ထားတဲ့ အကျိုးတရားတွေကို ရိတ်သိမ်းနိုင်ပြီး တာအို ဉာဏ်အလင်းတွေကိုတောင် ရရှိစေနိုင်တယ်"
ဝမ်လင်း "..........."
တကယ်တမ်း ဝမ်လင်းအနေဖြင့် ဂရုထဲမှ ကိုးဆလူသားကို သဘောကျသည်မှာ ၎င်းက မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူတစ်ယောက်လို အမြဲတမ်း တက်တက်ကြွကြွ ရှိနေသောကြောင့် ဖြစ်သည်။
ဗိုလ်ချုပ်ရီ ကိုယ်တိုင်က လေလွင့်လူငယ် တစ်ယောက်လို ဂရုထဲတွင် ဟန်လုပ်ခဲ့သည် မဟုတ်လော။
ဤအချက်တွင် သူက သူ၏ ID နှင့် အနီးစပ်ဆုံး ဖြစ်၏။
ဤကဲ့သို့ တစ်စုံတစ်ရာကို လုပ်ဆောင်နိုင်သည်မှာ ဗိုလ်ချုပ်ရီသာလျှင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဤနာမည်ကျော် ဗိုလ်ချုပ်ကြီးသည် လေလွင့်လူငယ်လိုဟန်ဆောင်၍ ဂရုထဲတွင် ဂျူနီယာများနှင့် စကားပြောဖောရော လုပ်နေခဲ့၏။
အင်မော်တယ်ထုန်ရာက ကျင့်ကြံခြင်းဖိုရမ်မှ အသုံးပြုသူများနှင့် ကြယ်ပွင့်အဆင့်ရှိ တက်ကြွသော အသုံးပြုသူများ အတွက် ဤ သီးသန့် ချက်တင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ထဲတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီသူ တစ်ဦးစီ၏ အထောက်အထားကို စုံစမ်းခဲ့သည်။
၎င်းတို့ကို အဖွဲ့ထဲသို့ ဝင်ရောက်ခွင့် မပြုမီ သက်ဆိုင်ရာ အချက်အလက်များကို အတည်ပြု စစ်ဆေးခဲ့သည်။
သို့သော် ဟွာရှို့နိုင်ငံ၏ တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးအနေဖြင့် အထောက်အထား တစ်ခု အတုလုပ်ရန်မှာ ဗိုလ်ချုပ်ရီအတွက် လွယ်ကူလွန်းပေသည်။
ခဏကြာ စကားပြောပြီးနောက် ဗိုလ်ချုပ်ရီက ချက်ဂရုထဲမှ လူတချို့အပေါ် သုံးသပ်ချက်ကို ဝမ်လင်းအား ပြောပြခဲ့သည်။
"ဂရုပိုင်ရှင် ဗုံးပစ်စီနီယာ အင်မော်တယ်က တကယ်တော့ ငါ့သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ တပည့်ပါ.. မျက်စိတစ်မှိတ်အတွင်းမှာ ဒီကလေးက အလျင်အမြန် ကြီးပြင်းလာမယ်လို့ ဘယ်သူက ထင်မိမှာလဲ.. ထူးထူးဆန်းဆန်း အရာတွေကို စိတ်ဝင်စားတဲ့ နေရာမှာတော့ သူက သူ့ရဲ့ ဆရာနဲ့ တစ်ထပ်တည်းပဲ"
ဗိုလ်ချုပ်ရီက ထိုစကားကို ပြောသည့်အခါ ဝမ်လင်းက ဘရိုကိုလီကို စွဲလမ်းနေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်ကို တွေးမိလိုက်သည်။
"အင်မော်တယ်ထုန်ရာ.. အဆင့်၉ အဂ္ဂိရတ်ပညာရှင်.. ရှောင် မျိုးနွယ်စုမှာ အဂ္ဂိရတ်ပြိုင်ပွဲတစ်ခု ကျင်းပတုန်းက ရှောင်မျိုးနွယ်ရဲ့ ထိပ်တန်း အဂ္ဂိရတ် ဆရာဆယ်ယောက်ကို တစ်ယောက်ချင်း ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တယ်"
ဗိုလ်ချုပ်ရီက ဂရုထဲမှ လူတစ်ဦးစီ၏ နောက်ကြောင်း တော်တော်များများကို သိထားပုံ ရသည်။
"ဒီဂျူနီယာရဲ့ အနာဂတ်က တောက်ပနေတယ်...ဒီအဘိုးကြီးက သူ့ကို တွေ့ဖို့ အခွင့်အလမ်း ရှာနေတာပါ.. ဒါကြောင့်လည်း ဒီရှင်သန်ခြင်းပြိုင်ပွဲ အတွက် နည်းပြချုပ်အဖြစ် သူ့ကို ခန့်အပ်ဖို့ တာခန်းလေးကို ငါကိုယ်တိုင် တောင်းဆိုခဲ့တာပဲ"
ဝမ်လင်း"..........."
"တာခန်းလေးတဲ့လား"
"အဖွဲ့မန်နေဂျာ ချိုက်လျန်လည်း ရှိသေးတယ်.. ရိုးရိုးသားသား ပြောရရင် ဒီတစ်ခါ မိစ္ဆာကောင်ကို ဖမ်းဖို့ စစ်ဆင်ရေးအတွက် ချိုက်လျန်က ဒီအဘိုးကြီးကို အကြံဉာဏ်တွေ အများကြီး ပေးခဲ့တယ်.. ဒါပေမယ့် ငါ စိတ်အဝင်စားဆုံး သူကတော့ ဒီတစ်ယောက်ပဲ..."
ထိုစကားကို ပြောရင်း သူ့လက်ချောင်းက စခရင်ပေါ်ကို ရောက်သွားပြီး ဂရု၏ အဖွဲ့ဝင် စာရင်းထဲမှ လူတစ်ယောက်ဆီသို့ ရောက်သွားသည်။
ဗိုလ်ချုပ်ရီက ဝမ်လင်း၏ ပရိုဖိုင်ပုံကို ညွှန်ပြလိုက်ခြင်း ဖြစ်သည်။