အချက်ပြမှုအဖြစ် ခွက်တစ်လုံးကို ပစ်လိုက်ခြင်း
Vol. 16 Ch. 232
ချက်ဂရုတွင် သူ၏ နိမ့်ကျသောပုံစံကို ထိန်းသိမ်းရန် ဝမ်လင်း ရွေးချယ်ခဲ့သည့် အွန်လိုင်းပရိုဖိုင်ပုံမှာ အမှန်တကယ်ပင် ဒိတ်အောက်သောပုံ ဖြစ်သည်။
ပရိုဖိုင်ထဲတွင် ဖုတ်ကောင်ထက်ပင် ပိုဖြူသော အသားအရေကို ပိုင်ဆိုင်သည့် အမျိုးသားက ပါးစပ်ထဲ စီးကရက်တစ်လိပ်ခဲထားပြီး ဦးထုပ် အနက်ရောင်ကို ဆောင်းထားသည်။
ထို့ပြင် ပရိုဖိုင်ပုံကိုလည်း classis filter(ဂန္တဝင်စစ်ထုတ်မှု)ဖြင့် ပြုပြင် မွမ်းမံထားသေးသည်။
ဤပုံက ခေတ်ဆန်သည့် အမြင်ဖြင့် ကြည့်လျှင် ခေတ်စားနေမည့်ပုံမျိုး မဟုတ်ချေ။
ဝမ်လင်းက အသက် ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။
သူ့ကိုယ်သူ ဖုံးကွယ်ရာတွင် လုံလောက်ပြီဟု ထင်ထားသော်လည်း ဗိုလ်ချုပ်ရီက သူ့ကို သတိပြုမိသေးသည်။
သူက ပထမဆုံး အကြိမ်အနေဖြင့် လုံးလုံးလျားလျား တွက်ချက်မှု လွဲနေပြီဟု ခံစားမိသည်။
သူက လူအများ သတိမပြုမိအောင် နေထိုင်ခဲ့သော်လည်း သူသတိအထားသင့်ဆုံးသူမှာ ယခု သူ့ဘေးတွင် ရှိနေကြောင်း လုံး၀ သတိမထားမိခဲ့ပေ။
ထို့အပြင် ဗိုလ်ချုပ်ရီ၏ ထိုးထွင်းသိမြင်မှုက ဝမ်လင်း ထင်ထားသည်ထက်ပင် လုံးဝ ကျော်လွန်နေသည် ဆိုနိုင်၏။
"ဒီအဘိုးကြီး ဒီလူကို စိတ်ဝင်စားရတဲ့ အကြောင်းရင်းက ဒီပရိုဖိုင်ပုံ ကြောင့်ပဲ"
ဗိုလ်ချုပ်ရီက သူ့နှုတ်ခမ်းမွေးများကို ပွတ်သပ်ပြီး ပြောလိုက်သည်။
"ငါ့မိတ်ဆွေ အသိုင်းအဝိုင်းထဲမှာ ဂျူနီယာတွေနဲ့ ပေါင်းဖော်ဖို့ ဟန်ဆောင်ထားတဲ့ သူငယ်ချင်းတွေ အများကြီး ရှိတယ်.. သူတို့အားလုံးက သူတို့ရဲ့ အထောက်အထားကို ဖုံးကွယ်ဖို့ အွန်လိုင်းမှာ ပေါက်ကရ ပရိုဖိုင်ပုံတွေနဲ့ အမည်တွေကို ရွေးချယ်လေ့ရှိတယ်"
ဝမ်လင်း "............"
ဗိုလ်ချုပ်ရီ "ဒီအဘိုးကြီး မင်းကို ပေးနေတဲ့ ဘဝ ဗဟုသုတတွေကို မှတ်ထားပါ.. မင်းအွန်လိုင်းပေါ်မှာ ရှိနေရင် တခြားသူတွေကို သူတို့ရဲ့ ပရိုဖိုင်ပုံတွေ၊ အွန်လိုင်း နာမည်တွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မဝေဖန်ပါနဲ့.. နောက်ကွယ်မှာ ကြီးမားတဲ့ ရိုက်ချက်တွေ ရှိနေနိုင်တယ်.. ဥပမာအားဖြင့် ငါ့မှာ 'ဘယ်တော့မှ မညိုးနွမ်းတဲ့ ပန်းပွင့်လေး'၊ 'အကိုကြီးရဲ့ ဟန်အမူအရာ'လို နာမည်တွေတောင် ရှိခဲ့ဖူးတယ်"
ဝမ်လင်း "..........."
"တစ်စုံတစ်ယောက်နဲ့ ထိပ်တိုက်တွေ့ရင် တုံးကိုက်ကိုက် ကျားကိုက်ကိုက် စိတ်ဓာတ်မျိုးနဲ့ အလျင်စလို မလုပ်မိစေနဲ့.. မဟုတ်ရင် အဲဒါက မင်းကို ဒုက္ခပေးသွားလိမ့်မယ်"
"ဒီလိုအခြေအနေမျိုးမှာ လုပ်သင့်တာ လုပ်လိုက်တာ အကောင်းဆုံးပဲ... ဆယ်ယွမ်လောက် ပေးလိုက်ပြီး မင်းရဲ့ ရဲဘော်ရဲဘက် အဖြစ် ရင်းနှီးမှုကို အဆင့်မြှင့်တင်လိုက်တာ အကောင်းဆုံးပဲ"
"............."
ဆယ်မိနစ်ခန့်အကြာတွင် ဗိုလ်ချုပ်ရီ၏ မရပ်မနား ပြောဆိုသံက နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။
"ဒီအဘိုးကြီး သင်ပေးနေတာက ခေတ်မီ ကျင့်ကြံခြင်း လောကရဲ့ ပေါင်းသင်း ဆက်ဆံရေး နည်းလမ်းပဲ.. အဲဒါတွေကို ဆုပ်ကိုင်ထားနိုင်သရွေ့တော့ အင်မော်တယ် ဖြစ်ဖို့ဆိုတာ အိပ်မက်တစ်ခု မဟုတ်တော့ဘူး"
ဗိုလ်ချုပ်ရီ "အရင်တုန်းက ကျင့်ကြံခြင်း ချက်ဂရုမှာ အချိန်ဖြုန်းနေလေ့ရှိတဲ့ စုန့်မျိုးရိုးအမည်နဲ့ ဂျူနီယာ တစ်ယောက်နဲ့ သိခဲ့တယ်.. ငါးလအတွင်းမှာပဲ သူက နယ်ပယ်တွေ ခုန်ပျံကျော်လွှားလာပြီး လူသစ်တစ်ယောက်လို ဖြစ်လာတယ်.. ဒါတွေအားလုံးက သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး.. လေ့လာမှုတွေကြောင့် ဖြစ်လာတာပဲ"
ဝမ်လင်း "............"
စကားစမြည် ပြောပြီးသောအခါ မြေအောက်နေရာက ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
အဆုံးသတ်တွင် ဗိုလ်ချုပ်ရီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"မိစ္ဆာကောင်က စိတ်မရှည်တော့တဲ့ပုံပဲ.. ခန္ဓာကိုယ် ပြန်လည်တည်ဆောက်တဲ့ အစီအရင်ကို စတင် အသက်သွင်းတော့မယ်.. အဲဒီ့နောက်မှာ ငါတို့က ဒြပ်စင်ငါးပါး အစီအရင်ကို အောင်မြင်စွာ အသက်သွင်းနိုင်သရွေ့ ဒီမိစ္ဆာကောင်ကို ငါတို့ သေချာပေါက် ဖမ်းနိုင်လိမ့်မယ်.. မှော်ရတနာတွေ အသုံးပြုရင်တောင် သူ့အတွက် လွတ်မြောက်ဖို့လမ်း မရှိတော့ဘူး.. သူ့ကို ဖမ်းမိရင် ဖားပြုပ် ပြုတ်နည်းကို သုံးပြီး သေတဲ့အထိ ညှဥ်းသတ်ပစ်မယ်"
"..........."
ဝမ်လင်း အံ့သြသွားခဲ့သည်။
"ဖားပြုပ် ပြုတ်နည်းလား"
ဗိုလ်ချုပ်ရီသည်လည်း သူကဲ့သို့ပင် တူညီသော နည်းလမ်းကို တွေးခဲ့ဟန် တူသည်။
"ဒီအဘိုးကြီးနဲ့ အပြင်က သင်တန်းဆရာ အယောက်တစ်ရာက ခွက်တစ်လုံးကို အသုံးပြုပြီး အချက်ပြဖို့ သဘောတူခဲ့တယ်.. အချက်ပြတာကို ရတာနဲ့ သူတို့က ချက်ချင်း ဆောင်ရွက်မှာပါ"
ခွက်တစ်လုံးနှင့် အချက်ပြမည့် အစီအစဉ်ကို ပြောလိုက်သည့်အခါ အကြောင်းတစ်ခုခုကြောင့် ဗိုလ်ချုပ်ရီ၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်နေသည်။
"ခွက်ကို ပစ်ပြီး အချက်ပြတဲ့ နည်းလမ်းက တကယ်တော့ ချက်ဂရု ထဲက ချိုက်လျန်ရဲ့ အကြံဉာဏ်ပါ"
ဝမ်လင်းက ဆင်ခြင်သုံးသပ်သော မျက်ဝန်းများဖြင့် ဗိုလ်ချုပ်ရီကို ကြည့်လိုက်သည်။
ဗိုလ်ချုပ်ရီ၏ အကြံအစည် အားလုံးကို သိရှိပြီးနောက် ကွာဖီက လုံးဝ ချောင်ပိတ်မိနေပြီဟု ဝမ်လင်း သိလိုက်သည်။
ဗိုလ်ချုပ်ရီ၏ အစီအစဉ်သာ ချောမွေ့ခဲ့လျှင် ဟွာရှို့လူမျိုးများ၏ နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်နေရသော ဤကြောက်စရာကောင်းသည့် မိစ္ဆာအင်ပါယာ၏ ဘဝမှာ ဆုံးခန်းတိုင်သွားပေလိမ့်မည်။
သို့သော် ဗိုလ်ချုပ်ရီ၏ အစီအစဥ်က အမှန်တကယ်ပဲ ချောမွေ့နေပါမည်လော။
.................
မြေအောက်နေရာတစ်ခုတွင် အစီအရင် ခင်းကျင်းမှု လုပ်ဆောင်ရန် ပြင်ဆင်မှုအားလုံး ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း အစီအရင်ကို လုံလောက်သော ဝိညာဉ်စွမ်းအင် ဖြည့်သွင်းပြီးသည်နှင့် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။
သို့သော် ဤနောက်ဆုံးအဆင့်သို့ မရောက်မီတွင် ကွာဖီက တုံ့ဆိုင်းသွားခဲ့သည်။
သူက မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ အစီအရင်ရှေ့တွင်အလေးအနက်တွေး၍ မတ်တပ်ရပ်နေ၏။
ကျောက်သရဲမျက်နှာဖုံးမှ ကျန်းလျှိုယွဲ့က မေးလိုက်သည်။
"ဘာဖြစ်လို့လဲ အရှင်ကွာဖီ"
ကွာဖီက မျက်မှောင်ကြုတ်ကာ ကူကယ်ရာမဲ့နေပုံ ပေါ်သည်။
"တစ်ခုခု မူမမှန်ဘူးလို့ ငါအရှင် ခံစားနေရတယ်"
ပထမဦးစွာ ကမ္ဘာခြား ဂိတ်တံခါးက ချောမွေ့စွာ ဆင်းသက်မလာကြောင်း သူတွေ့ရှိခဲ့သည်။
သူက အစောပိုင်းတွင် အစီအရင်ကို အသက်သွင်းရန် အာရုံစိုက်ထား၍ ကမ္ဘာခြားဂိတ်တံခါး၌ ဖြစ်ပျက်သွားသည်ကို အာရုံစိုက်ဖို့ အချိန်မရှိခဲ့ပေ။
သေချာသော အချက်တစ်ခုမှာ ဤကမ္ဘာငယ်လေးတွင် တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ပါး မရှိလျှင် ဤ ကမ္ဘာခြား ဂိတ်တံခါးကြီးကို သူ့ဘာသာသူ ပိတ်နိုင်သည့်သူ လုံးဝ မရှိပေ။
ထို့ကြောင့် ကမ္ဘာခြားဂိတ်တံခါး နှင့် လက်ရှိ အခြေအနေ အားလုံးကို နတ်ဆိုးစွမ်းအင် မလုံလောက်၍ဟု သူယူဆခဲ့သည်။
သို့သော် ယင်းအတွက် အာကာပြင် သန့်စင်ခြင်းအဆင့် နတ်ဆိုး ၁၀ ကောင်ကို ယဇ်ပူဇော်ထားသောကြောင့် နတ်ဆိုးစွမ်းအင် မလုံလောက်သည်မှာလည်း မဖြစ်နိုင်ချေ။
ကွာဖီက စိတ်ထဲတွင် လွန်စွာ ဒွိဟဖြစ်နေသည်။
ထိုအဖြစ်အပျက်မှလွဲ၍ ကျန်အရာအားလုံးမှာ ချောမွေ့လွန်းလှသည်။
ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ခြင်းမှ မြေအောက် နေရာလွတ်ကို ဖွင့်ခြင်းအထိ၊ အစီအရင် ခင်းကျင်း တပ်ဆင်ခြင်းအထိ အနည်းငယ်မျှပင် အတားအဆီး မရှိခဲ့ပေ။
"မင်းမသိပါဘူး.. ဒါပေမယ့် ဒီအခြေအနေနဲ့ နည်းနည်း ဆင်တူတဲ့ အတိတ်အခြေအနေ တစ်ခုမှာ ငါအရှင်ကိုယ်တိုင် လှည့်စားခံရဖူးတယ်.. အဲဒီတုန်းက ငါအရှင်က ဟွာရှို့ရဲ့ အမျိုးသားနန်းတော်ကို သိမ်းယူဖို့ ကြံစည်ခဲ့တယ်.. ဒါပေမယ့် အဲဒီအဘိုးကြီး ရီကျန့်ချွမ်က မြို့ကို အလွတ်ကြီးထားပြီး အပြင်ကနေ ပြန်ဝိုင်းတဲ့ ဗျူဟာကို သုံးမယ်လို့ မမျှော်လင့်ထားမိဘူး.. ဒါကြောင့် ငါ့ရဲ့စစ်တပ်က တခဏချင်း ပျက်သုဉ်းသွားခဲ့ရတယ်"
ကွာဖီက မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။
"တကယ်တော့ မြို့ကို မတိုက်ခိုက်ခင်မှာ အချက်အလက်တွေအရ ငါအရှင်ကိုယ်တိုင် အစီအစဥ်ကို ဖျက်သိမ်းလိုက်တယ်.. ဒါပေမဲ့ ငါ့ရဲ့ မိုက်မဲတဲ့ မိန်းမက စစ်တိုက်ဖို့ အတင်းအကျပ် တွန်းအားပေးခဲ့တယ်.. နောက်ဆုံးတော့ ချောင်ပိတ်ပြီး အကျပ်အတည်းထဲ ကျရောက်သွားတာပဲ"
ကျန်းလျှိုယွဲ့ အံ့သြသွားသည်။
"ဒါဆို အရှင်က ဒါကို ထောင်ချောက်လို့ ထင်နေတာလား"
"ဖြစ်နိုင်ချေ အရမ်းများတယ်"
ကွာဖီက ဆက်ပြောလိုက်သည်။
"အရင်က ဝိုင်းရံ ခံထားရသလိုမျိုးပေါ့.. ဟွာရှို့ အမျိုးသားနန်းတော်ကို မတိုက်ခိုက်ခင်မှာ ငါ့ရဲ့ အကြံအစည် အားလုံးက အထစ်အငေါ့မရှိ ချောချောမွေ့မွေ့နဲ့ ပြီးသွားခဲ့တယ်.. ဒီတစ်ခါလည်း ဒီအတိုင်းပဲ.. ဒီကမ္ဘာငယ်လေးက အဘိုးကြီးရီ ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးပဲ.. ဒါကေမဲ့ ငါဒီကို ရောက်နေတာကြာပြီ.. သူ တစ်ချက်မှ မလှုပ်ရှားသေးဘူး"
"သေသေချာချာ စဉ်းစားကြည့်ရင် ဒီအရိုးစုကို ငါအရှင် အတွက် ပြင်ဆင်ပေးထားတာတောင် ဖြစ်နိုင်တယ်"
ကျန်းလျှိုယွဲ့ "အရှင် အတွေးလွန်နေတာရော မဖြစ်နိုင်ဘူးလား"
သူ့ရှေ့မှ တောက်ပနေသည့် ရှေးခေတ် အနန္တတန်ခိုးရှင်၏ အရိုးစုကို စိုက်ကြည့်ရင်း ကွာဖီက သက်ပြင်း အနည်းငယ် ချလိုက်သည်။
"ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်.. ဒါပေမဲ့ အပြင်က လူတစ်ရာက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်.. သူတို့သာ ကြီးကျယ်တဲ့ အစီအရင်ကို ဖန်တီးလိုက်မယ်ဆိုရင် ငါအရှင်ကိုယ်တိုင်တောင်မှ လွတ်မြောက်ဖို့ လွယ်မှာ မဟုတ်ဘူး"
ကျန်းလျှိုယွဲ့ ခေါင်းခါယမ်းလိုက်သည်။
"ဒီဂျူနီယာက အရှင်ကွာဖီ အတွေးလွန်နေပြီလို့ပဲ တွေးနေမိတယ်.. အရှင်က လုံးဝ ပြန်လည်မွေးဖွားဖို့ ခြေတစ်လှမ်းသာ လိုပါတော့တယ်.. အရှင်သာ ရှင်ပြန်ထမြောက်ခဲ့ရင် ဒီကမ္ဘာမှာ အရှင့်ကို ဘယ်သူက အနိုင်ယူနိုင်တော့မှာလဲ"
ကျန်းလျှိုယွဲ့၏ စကားကို သေချာ စဉ်းစားပြီးနောက် ကွာဖီက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ မှန်တယ်.. စည်းစိမ်ဥစ္စာ ဂုဏ်ပကာသနကို လိုချင်ရင်တော့ စွန့်စားရမှာပဲ.. ငါအရှင်က အတွေးလွန်နေပုံရတယ်"
ထိုသို့ပြောရင်း ကွာဖီ၏ လက်ချောင်းထိပ်များတွင် ဝိညာဉ်အလင်းရောင်များ တောက်ပလာပြီး အရိုးစုကို ဖုံးအုပ်ရန် ကြံ့ခိုင်သော ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့သွားခဲ့သည်။
ကွာဖီက ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း အစီအရင်ကို စတင် အသုံးပြုလိုက်ပြီ ဖြစ်သည်။
....................
တစ်ချိန်တည်းမှာပင် မြေအောက်၏ အခြားနေရာ တစ်ခု၌ ဗိုလ်ချုပ်ရီက ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း အစီအရင်ကို ကွာဖီ အသက်သွင်းလိုက်သည့် အချက်အလက်ကို လက်ခံ ရရှိခဲ့သည်။
"အနှစ်တစ်ထောင်ကျော် ကြာခဲ့ပြီ... မျှော်လင့်ထားသလိုပဲ.. အောင်ပွဲရဲ့ သော့ချက်က ဒီအဘိုးအိုရဲ့ ဓားလက်ဝါးမှာ မြှုပ်ထားတဲ့ ချစ်ပ်ပြားပဲ.. အဲဒီအကြောင်းပြောရင် စတိန်း ဂိတ်တံခါးကို မေ့လိုက်လို့မရဘူး"
ဗိုလ်ချုပ်ရီက သက်ပြင်းချပြီး ဝမ်လင်းကို ကြည့်လိုက်သည်။
ဝမ်လင်း လန့်ဖျပ်သွားသည်။
စတိန်း ဂိတ်တံခါးက အချိန်စက်ဝန်းကို ပြောင်းလဲရန် လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုသည့် တံခါးတစ်ခု ဖြစ်ကြောင်း ရှေးကျမ်းစာများတွင် သူဖတ်ဖူးသည်။
ကွာဖီကို ကိုင်တွယ်ဖြေရှင်းရန် ဟွာရှို့ နိုင်ငံက ဤဝှက်ဖဲကို အမှန်တကယ် အသုံးပြုလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။
သို့ရာတွင် ဝမ်လင်းက အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် စတိန်း ဂိတ်တံခါးကို ဟွာရှို့နိုင်ငံ၏ တည်ထောင်သူဖခင်က စည်းတံဆိပ် ခတ်ထားသည်မှာ ကြာပြီ ဖြစ်သောကြောင့်ပင်။
သူမရှိဘဲ စည်းတံဆိပ်ကို မည်ကဲ့သို့ ပြန်ဖြေ၍ ရခဲ့သနည်း။
"အဲဒီတုန်းက ငါတို့တွေ ကွာဖီကို စောင့်ကြည့်နိုင်ဖို့ အတွက် အတိတ်ကို ပြန်သွားဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ရတယ်"
ထိုအကြောင်းကို ပြောရင်း ဗိုလ်ချုပ်ရီ၏ အကြည့်က ချက်ချင်းပင် လေးနက်လာသည်။
ဝမ်လင်းက တစ်ဖက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
ဝိညာဉ်စွမ်းအင်၏ ထူးထူးခြားခြား ပြောင်းလဲမှုကို သူခံစားခဲ့ရသည်။
ကွာဖီက အစီအစဥ်ကို စတင်ခဲ့ပါသလော။
"အခုက ခွက်ကို ပစ်ပြီး ပိုက်ကွန်ကို တင်းထားရမယ့်အချိန်ပဲ"
ဗိုလ်ချုပ်ရီက မျက်လုံးများကို မှိတ်ထားလိုက်သည်။
အဆုံးသတ်တွင် သူက ညာလက်ဖြင့် သူ့အဝတ်အစားထဲကနေ ပန်းရောင်ဘော်လီကို ဆွဲထုတ်ကာ မြေပေါ်သို့ ခက်ခက်ခဲခဲ လွှင့်ပစ်လိုက်သည်။
ဝမ်လင်း ".........."
"အချက်ပြဖို့ ခွက်တစ်လုံးကို လွှင့်ပစ်တာက ဘယ်လို သောက်သုံးမကျတဲ့ အစီအစဉ်မျိုးလဲ"
"အဲဒါက ရိုးရိုးခွက် မဟုတ်ဘဲ ရင်သားထည့်တဲ့ခွက်(ဘော်လီ) ဖြစ်နေတာတဲ့လား"
"နေပါဦး.. ဗိုလ်ချုပ်ရီရဲ့ အင်္ကျီထဲမှာ ဘော်လီက ဘာကြောင့် ရှိနေရတာလဲ"