မိစ္ဆာအင်ပါယာ၏ ဂုဏ်သိက္ခာ
Vol. 16 Ch. 233
ဗိုလ်ချုပ်ရီက ဤအစီအစဥ် အတွက် ဘော်လီကို အထူးပြင်ဆင်ထားသည်။
ဘော်လီကို မြေပြင်ပေါ်သို့ လွှင့်တင်လိုက်သောအခါ ထွက်ပေါ်လာသော စွမ်းအား အတက်အကျက သင်တန်းဆရာ အယောက်တစ်ရာကို ချက်ချင်းပင် သတိပြုမိစေမည် ဖြစ်သည်။
အဆုံးသတ်တွင် ဗိုလ်ချုပ်ရီက ဗိုလ်ချုပ်ရီသာလျှင် ဖြစ်၏။
နောက်ထပ် အနှစ်တစ်ရာ ကျင့်ကြံ ရမည်ဆိုလျှင်ပင် ဤကဲ့သို့ အတွေးအခေါ်ကို မည်သို့မှ လိုက်မီနိုင်မည် မဟုတ်ပေ။
တစ်မိနစ်အကြာတွင် ကမ္ဘာငယ်လေးရှိ အဆောက်အဦးတစ်ခုစီ၏ ထိပ်ရှိ သင်တန်းဆရာများသည် တစ်ချိန်တည်းမှာပင် အချက်ပြမှုကို လက်ခံရရှိခဲ့သည်။
၎င်းတို့ကို အင်မော်တယ်ထုန်ရာက ဦးဆောင်ကာ မိစ္ဆာအင်ပါယာ ကွာဖီကို ဖမ်းဆီးမည့် ဒြပ်စင်ငါးပါး မဟာအစီအရင်ကို စတင် အသက်သွင်းခဲ့သည်။
"ကိုသြဒိနိတ်တွေကို ပိတ်ထား"
"အစီအရင် အတည်ပြုပြီးပါပြီ"
"ဝိညာဥ်စွမ်းအင် သိုလှောင်မှုကို အတည်ပြုလိုက်ပါပြီ"
"အစီအရင် ခင်းကျင်းမှုကို အသက်သွင်းပါ"
အင်မော်တယ်ထုန်ရာက အထပ်မြင့် တိုက်တစ်ခု၏ ထိပ်တွင်ထိုင်ကာ သင်တန်းဆရာ အယောက်တစ်ရာကို အစီအရင် ခင်းကျင်းမှု စတင်ရန် အမိန့်ပေးလိုက်သည်နှင့် သင်တန်းဆရာများ၏ လက်ဖဝါးမှ ဝိညာဉ်စွမ်းအင်များ တစ်ဟုန်ထိုး ထွက်လာခဲ့သည်။
ဤအလင်းတန်း တစ်ရာက အတည်ပြုထားသော ကိုသြဒိနိတ်အမှတ်များ အထက်ရှိ ငါးရောင်ခြယ် မှော်စက်လုံး ထဲသို့ လျင်မြန်စွာ ပေါင်းစည်းသွား၏။
ထို့နောက်တွင် ဤမှော်စက်လုံးက ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ကြီးမားသော ခြောက်ထောင့်ကြယ် အခင်းအကျင်းတစ်ခုအဖြစ် တဖြည်းဖြည်း အပြင်သို့ တိုးထွက်လာခဲ့သည်။
ယင်းနောက် ညဘက်တွင် အလှလွှတ်တင်သည့် မီးရှူးမီးပန်းများကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်။
၎င်းက ရှောင်မျိုးနွယ်စု ပန်းခြံရှိ မီးရှူးမီးပန်းများထက်ပင် ပို၍ ခမ်းနားသည်။
ကျောင်းခြောက်ကျောင်းမှ ကျောင်းသား အားလုံးက ၎င်းတို့၏ လမ်းကြောင်းအတိုင်း သွားလာရင်းမှ ရပ်တန့်လိုက်ကြသည်။
"ဘာတွေမှားယွင်းနေတာလဲ"
"နတ်ဘုရား ဒဏ်ခတ်ခြင်း စက်ဝိုင်း ရောက်လာတာများလား"
ထိတ်လန့်တုန်လှုပ်နေသော ကျောင်းသား အားလုံးက ခဏအကြာတွင် ရန်ပွဲများကို ရပ်တန့်ကာ အဆောက်အဦးထဲသို့ ပြန်ဆုတ်သွားကြသည်။
ဝမ်လင်းကမူ ဗိုလ်ချုပ်ကြီးရီ နောက်သို့ ဆက်လက် လိုက်ပါ လာခဲ့သည်။
ကျောင်းသားများ အနေဖြင့် ဒြပ်စင်ငါးပါး အစီအရင်ကို ရှေးစာအုပ်များတွင်သာ ဖတ်ဖူးပြီး ၎င်းတို့ကိုယ်တိုင် မမြင်ဖူးကြပေ။
လွန်ခဲ့သည့်နှစ်ပေါင်း တစ်ထောင်က နတ်ဆိုးများ ကမ္ဘာခြား ဂိတ်ပေါက်မှ တဆင့် ကမ္ဘာမြေကို ကျူးကျော် ဝင်ရောက်လာသောအခါတွင် ကျင့်ကြံသူများ အသုံးပြုခဲ့ရသည့် အားကောင်းသော အစီအရင် တစ်ခု ဖြစ်သည်။
အစီအရင်၏ တင်းကျပ်သော စွမ်းအားက အလွန်ပြင်းထန်ပြီး စွမ်းအင် အမြောက်အမြားကို သုံးစွဲရသောကြောင့် အနန္တတန်ခိုးရှင်များသာလျှင် နတ်ဆိုးများနှင့် တိုက်ခိုက်ရန် ဤအစီအရင်ကို အသုံးပြုလေ့ ရှိကြ၏။
......................
ဒြပ်စင်ငါးပါး အစီအရင်ကို စတင် အသက်သွင်းလိုက်သည်နှင့် ကွာဖီက မြေကြီးအတွင်းရှိ နက်ရှိုင်းသော အကွာအဝေးမှ အော်ရာ အပြောင်းအလဲကို ခံစားမိလိုက်သည်။
သူ ထောင်ချောက်ထဲ ကျသွားသည်မှာ ကျိန်းသေ သလောက် ဖြစ်သည်။
ထို့အပြင် သူ့အတွက် ဤထောင်ချောက်ကို ဆင်ခဲ့သူမှာ သူ၏ ရန်သူဟောင်း ဗိုလ်ချုပ်ရီ ဖြစ်သည်ကို သူ ချက်ချင်း သဘောပေါက် သွားခဲ့သည်။
"ရီကျန့်ချွမ်.. မင်းက ငါအရှင်ကို လွယ်လွယ်နဲ့ လွှတ်ထားမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ"
ကွာဖီက ကောင်းကင်ကို မော့ကြည့်ကာ အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။
ထို့နောက် သူ့ရှေ့က အရိုးစုကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။
တစ်ခုခုမှားနေသည်ကို သူ့အနေဖြင့် စောစောကတည်းက သဘောပေါက်သင့်သည်။
"မိစ္ဆာအင်ပါယာ.. ဘာဖြစ်နေတာလဲ "
ကျောက်သရဲမျက်နှာဖုံးမှ ကျန်းလျှိုယွဲ့က မေးလိုက်သည်။
"ငါအရှင်တို့ ထောင်ချောက်ထဲ ကျသွားပြီ.. ရှေးအနန္တတန်ခိုးရှင်ရဲ့ အရိုးစုက အတုပဲ.. ဒါကြောင့် ခန္ဓာကိုယ်ပြန်လည်တည်ဆောက်တဲ့ အစီအရင်က အလုပ်မဖြစ်နိုင်တော့ဘူး"
ကွာဖီက ကောင်းကင်ဆီသို့ လှမ်းကြည့်လိုက်သည်။
"ပိုဆိုးတာက ငါအရှင်ကိုယ်တိုင်က ဒြပ်စင်ငါးပါးရဲ့ အငွေ့အသက်ကို အာရုံခံမိနေတယ်.. အပြင်မှာ ပိုက်ကွန်တစ်ခုကို သူတို့ ချထားပြီးပြီ.. ဒြပ်စင်ငါးပါး အစီအရင်ကို ဖွင့်လိုက်တာနဲ့ ငါတို့တွေ ခရမ်းရောင် ဘူးသီးခြောက် နဲ့တောင် မလွတ်မြောက်နိုင်တော့ဘူး"
"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ"
ဤအခြေအနေထိ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု ကျန်းလျှိုယွဲ့ တစ်ယောက် ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပေ။
"အခု ငါတို့လုပ်နိုင်တာက တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်"
ကွာဖီက သက်ပြင်းချကာ ကျောက်သရဲ မျက်နှာဖုံးကို ယူဆောင်လိုက်သည်။
အဝေးကနေ တဖြည်းဖြည်း နီးကပ်လာသည့် ရင်းနှီးသော အော်ရာ နှစ်ခုကို သူ ခံစားမိနေပြီ ဖြစ်သည်။
တစ်ယောက်နှင့် တစ်ယောက် မတွေ့ဖြစ်တာ နှစ်တစ်ထောင်လောက် ရှိပြီဆိုသော်လည်း ရင်းနှီးသော အရိပ်အယောင်တွေ ရှိနေဆဲပင်။
ကွာဖီက သူ့မျက်လုံးများကို မှိတ်ထားပြီးနောက် ပြဿနာတစ်ခု ရှိနေကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
ခဏနေပါဦး..
"ဘာကြောင့် ရင်းနှီးကျွမ်းဝင်တဲ့ အော်ရာက နှစ်ခုဖြစ်နေတာလဲ"
တစ်ယောက်က ရီကျန့်ချွမ် ဖြစ်သည်။
တခြား...
ထို့နောက်တွင် ကွာဖီက အဘိုးအို တစ်ဦး နှင့် ဆယ်ကျော်သက်တစ်ဦး သူ့ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
"............."
ကွာဖီက ဆယ်ကျော်သက်ကို မြင်သောအခါ ချက်ချင်းပင် အေးစက်သော ချွေးစေးများ ထွက်လာ၏။
[ကျေးဇူးပြုပြီး တစ်စုံတစ်ယောက် သူ့ကို ပြောပြပါ]
[ဒီလူသတ်ဆရာက ဘာလို့ ဒီလိုနေရာမျိုးမှာ ပေါ်လာရပြန်တာလဲ]
{ပြီးတော့ သူက ဘာလို့ ကျောင်းဝတ်စုံကို ဝတ်ထားရတာလဲ]
.......................
မဟာဒြပ်ငါးပါး အစီအရင်၏ ငါးရောင်ခြယ် စက်ဝန်းသည် ကမ္ဘာမြေကြီးကို အဆုံးမရှိ အခိုးအငွေ့များဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
မြေပြင်ပေါ်တွင် အမှုန်အမွှား အလွှာတစ်ခု ဖြစ်ပေါ်လာပြီး ထိုနေရာကို ဒဏ္ဍာရီလာ နယ်မြေတစ်ခုလို မထင်မှတ်ဘဲ ဖြစ်စေခဲ့သည်။
ဗိုလ်ချုပ်ရီ၏ နောက်တွင် ဝမ်လင်းက ကွာဖီ နှင့် မျက်နှာချင်းဆိုင် ရပ်နေ၏။
ဗိုလ်ချုပ်ရီက ဝမ်လင်းကို သူ့နောက်မှာ ထားလိုက်ပြီး သူ၏ အကာအကွယ် အင်မော်တယ် အလင်းရောင်ဖြင့် ဖုံးအုပ် ကာကွယ်ပေးထားသည်။
ယင်းက ဝမ်လင်းကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေ၏။
ဤအလင်းရောင်က သူ့ သူတော်စင်ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း၏ ထက်ဝက်မျှပင် မပြင်းထန်ခဲ့ပေ။
တကယ်တမ်း ဝမ်လင်းက ဗိုလ်ချုပ်ရီနှင့် ကွာဖီ ကြားက ရန်ငြိုးထားမှုတွေ အကြောင်းကို သမိုင်းစာအုပ်၌ ဖတ်ပြီးချိန်တွင် နှစ်ပေါင်း တစ်ထောင်ကျော် ရန်ဘက်ဖြစ်ခဲ့ကြသည့် ထိုနှစ်ယောက် တစ်နေ့နေ့မှာ ပြန်လည် ဆုံတွေ့ကြရင် မည်ကဲ့သို့ ဖြစ်လာနိုင်မလဲဟု အမြဲ တွေးမိခဲ့သည်။
အဆုံးသတ်တွင် ဤထိပ်တိုက်တွေ့မှုက သူထင်ထားသလောက် မပြင်းထန်ခဲ့ပေ။
.................
မဟာဒြပ်စင်ငါးပါး အစီအရင်ကို အသက်သွင်းထားပြီ ဖြစ်၍ လွတ်မြောက်ရန် မဖြစ်နိုင်တော့ကြောင်း ကွာဖီက သိထားသည်။
သူ၏ လက်ရှိ ခန္ဓာကိုယ်ကမူ ကြံ့ခိုင်မှု မပြည့်မီသေးသောကြောင့် ဗိုလ်ချုပ်ရီကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
ထိုထက် ကြောက်စရာ အကောင်းဆုံးမှာ သူ့အကြံအစည်ကို နှစ်ကြိမ်တိုင်တိုင် ဖျက်စီးခဲ့သည့် ဂျူနီယာ လူသတ်ဆရာက သူ့ရန်သူဟောင်း၏ နောက်ကွယ်တွင် အမှန်တကယ် ရှိနေခဲ့သည်။
ထိုအချိန်တွင် ကွာဖီက အနည်းငယ် စိတ်ပျက် အားငယ်သွားမိသည်။
"ဒီအဘိုးကြီးက မင်း ငါ့ကို ဘယ်လိုလက်စားချေမလဲ ဆိုတဲ့အကြောင်းကို အမြဲတမ်း သိချင်နေခဲ့တာ.. မင်းနဲ့ ထပ်တွေ့တဲ့အခါ မင်းက မိန်းမတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး"
ဗိုလ်ချုပ်ရီက ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်နှင့် ကွာဖီကို ခနဲ့တဲ့တဲ့ ကြည့်၍ ပြောလိုက်သည်။
"မင်း အခုအရှုံးပေးပြီး ငါနဲ့လိုက်ခဲ့တော့.. မင်းမှာ အနိုင်ရဖို့ အခွင့်အရေး နည်းနည်းလေးမှ မရှိတော့ဘူး"
ကွာဖီက သူ့သွားများကို အံကြိတ်ကာ ဗိုလ်ချုပ်ရီကို စိုက်ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ရီ.. ငါအရှင်ကိုယ်တိုင် မင်းကို မေးခွန်းတစ်ခု မေးချင်တယ်.. မင်း အနောက်ဘက်က ဂျူနီယာနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ"
"သူလား"
ဗိုလ်ချုပ်ရီက ရယ်မောပြီး ခြေဖျားထောက် ရပ်ကာ ဝမ်လင်း၏ ခေါင်းကို ပွတ်သပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
"ဒါက ငါ့တပည့်လောင်းပဲ.. သူ့အရိုးအဆစ်က အတော်လေး ကောင်းတယ်လို့ မထင်ဘူးလား"
ဝမ်လင်း "..........."
ကွာဖီ "မင်း သူ့ကို မင်းတပည့်အဖြစ် လိုချင်နေတာလား"
"အမှန်ပဲ.. သူက အရမ်းငယ်ပေမယ့် ရွှေအမြူတေ အဆင့်ကိုတောင် ရောက်နေပြီ.. ဒီအရည်အချင်းတွေကြောင့် သူ့ရဲ့ အနာဂတ် တိုးတက်မှုက မခန့်မှန်းနိုင်လောက်အောင်ပဲ"
ဗိုလ်ချုပ်ရီက ဝမ်လင်းကို ကြည့်ကာ ကြင်နာစွာ ပြုံးပြလိုက်သည်။
"............"
ထိုစကားကို ကြားပြီးနောက် ကွာဖီက အချိန်အတော်ကြာအောင် စကားမပြောနိုင်တော့ပေ။
မကြာသေးမီကပင် ထိုလူငယ်က အင်မော်တယ်စံအိမ်မှ ချာတိတ်လေး၏ ရွှေလခြမ်း စွမ်းအားကို အားမစိုက်ထုတ်ဘဲ ရပ်တန့်လိုက်သည်ကို သူမြင်ခဲ့ရသည်။
ဤဆယ်ကျော်သက်၏ ခွန်အားက နားမလည်နိုင်လောက်အောင်ပင်။
ကွာဖီက သူ၏ အထွတ်အထိပ်သို့ ပြန်ရောက်ခဲ့လျှင်ပင် လူငယ်လေးကို အနိုင်ရနိုင်ခြေမှာ အများဆုံး ငါးဆယ် ရာခိုင်နှုန်းသာ ရှိမည် ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်ရီ စကားကို ကြားသောအခါ ကွာဖီက အံ့သြသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ရီက သူ၏ ဤ "ဂျူနီယာ" အပေါ် နားလည်မှု လွဲနေပုံရသည်။
ကွာဖီက အသက်ပြင်းပြင်းရှူကာ ဝမ်လင်းကို ဦးစွာကြည့်လိုက်၏။
နောက်ဆုံးတွင် ဆယ်ကျော်သက်၏ ရှေ့မှ ခေါင်းဖြူ အဘိုးကြီးကို ကြည့်လိုက်သည်။
"ရီကျန့်ချွမ်.. မင်းဒီကိစ္စကို ပြန်စဉ်းစားမှာ မဟုတ်တာ သေချာလား"
ဗိုလ်ချုပ်ရီက ဤထူးဆန်းသော မေးခွန်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်မှာ ထင်ရှားသည်။
"ဒီအဘိုးကြီးက သူ့ကို တပည့်အဖြစ် လိုချင်တာက မင်းနဲ့ ဘာဆိုင်လို့လဲ... ဒါမှမဟုတ် မင်းက ငါ့တပည့်ကို ဒုက္ခပေးချင်နေတာများလား"
"............."
ကွာဖီက ဘာမှ မပြောတော့ပေ။
ဝမ်လင်းကို သူ့မျက်လုံးများဖြင့် တိတ်တဆိတ် ကြည့်လိုက်သောအခါ ဝမ်လင်းက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရသည်။
သိသာစွာပင် သူက ၎င်းတို့၏ ရန်ပွဲ၌ ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ခဲ့ပေ။
အဆုံးသတ်တွင် ကွာဖီက သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ဝမ်လင်းနှင့် ယခင်က ဖြစ်ခဲ့သမျှ အားလုံးကို ရင်ထဲတွင်သာ မျိုချထားလိုက်သည်။
သူ သက်ပြင်းချလိုက်၏။
ထပ်ပြောလည်း ဘာမှ အသုံးမဝင်သည်ကို သူသိသည်။
ဤတိုက်ပွဲတွင် အနိုင်ရဖို့ အခွင့်အရေး မရှိဘူး ဆိုတာလည်း သူသိသည်။
သို့သော် မိစ္ဆာအင်ပါယာ အနေဖြင့် နောက်ဆုံး အခိုက်အတန့်တွင်ပင် သူ၏ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းထားရန် ကြိုးစားနေဆဲ ဖြစ်သည်။
လက်နှစ်ဖက်နောက်ပစ်ကာ ဟန်ပါပါရပ်နေသော ကွာဖီက သူ့ရှေ့မှ ဗိုလ်ချုပ်ရီကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါက ငါတို့နှစ်ယောက်ရဲ့ နောက်ဆုံးတိုက်ပွဲပဲ..."