ဝိညာဉ်လက်ထိတ်
Vol. 16 Ch. 235
ဗိုလ်ချုပ်ရီက အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့သည်။
ကွာဖီ၏ ဒူးများ တုန်ယင်နေသည်ကို သူမြင်သော်လည်း ကွာဖီက ဒူးထောက်ရန် ငြင်းဆန်နေသည်။
ကွာဖီက ပြင်းထန်သော အတွင်းဒဏ်ရာများကို ခံစားနေရသော်လည်း ခေါင်းမာစွာဖြင့် ဒူးမထောက်ခဲ့ပေ။
လွန်ခဲ့သည့်နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက သူ၏ ရန်ဘက်ဖြစ်ခဲ့ပြီး ရာဇ၀တ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့သော ကွာဖီမှာ အမှန်တကယ်ပင် လေးစားထိုက်သူဖြစ်ကြောင်း ဗိုလ်ချုပ်ရီ စိတ်ထဲကနေ ကျိတ်၍ မှတ်ချက်ချလိုက်သည်။
"မင်းရဲ့ ခေါင်းမာတဲ့အကျင့်ကို မပြင်နိုင်တော့ဘူးလား
ဗိုလ်ချုပ်ရီက ကွာဖီကို ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။
"အခြေအနေက ဒီလိုတောင် ဖြစ်နေပြီပဲ.. အစစ်ဆေးခံဖို့ ငါနဲ့အတူ လိုက်လာဖို့ ဆန္ဒရှိနေသရွေ့ မင်း ဒူးမထောက်ရင်လည်း အဆင်ပြေပါတယ်.."
ကွာဖီက တောက်ပသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"တကယ်လား"
"မင်းတရားစွဲ မခံရခင် ဒီအဘိုးကြီးက မင်းအတွက် လူဝင်စားတာကို စုံစမ်းပေးမယ်.. ဒါက မင်းကို ငါပေးထားတဲ့ ကတိမို့ ငါ သေချာ ကတိတည်နိုင်အောင် ကြိုးစားပါ့မယ်.. ဒါပေမဲ့..."
ဗိုလ်ချုပ်ရီက မျက်လွှာကို အောက်ချပြီး သူ့အနက်ရောင် မျက်ဝန်းကို ဖုံးကွယ်လိုက်သည်။
တခဏအတွင်း စိတ်ဝိညာဉ်အလင်းရောင်နှင့်အတူ သလင်းကျောက် လက်ထိတ်တစ်စုံ သူ့လက်ထဲတွင် ပေါ်လာသည်။
"ဒါတွေကိုတော့ မင်းဝတ်ဆင်ထားရမယ်"
လက်ထိတ်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝမ်လင်း၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။
ထိုလက်ထိတ်တွင်လည်း သူ့လက်မောင်းပေါ်ရှိ တာအိုစည်းတံဆိပ်တွင် ပါဝင်သော အရာဝတ္ထုများ ပါဝင်နေကြောင်း သူသိရှိခဲ့သည်။
ဤလက်ထိပ်တွင်ပါဝင်သည့် သတ္တုစပ်ကို ဥက္ကာခဲကနေ ထုတ်လုပ်ထားပြီး အလွန်ရှားပါးသည်ဟု ဝမ်မင် သူ့ကို ပြောဖူးသည်။
အလွန်ခေတ်မီဆန်းပြားသော ကရိယာများကို အသုံးပြုလျှင်ပင် နှစ်အနည်းငယ် အကြာ၌ မိုက်ခရိုဂရမ် အနည်းငယ်လောက်သာ ထုတ်ပေးနိုင်၏။
ဤသတ္တုဖြင့် စီရင်ထားတဲ့ အဆောင်လက်ဖွဲ့က ဝမ်လင်း၏ အော်ရာကို ထိန်းထားရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
"တစ်ပြည်လုံးမှာ ဒါမျိုး နှစ်စုံပဲ ရှိတော့တာ ငါမှတ်မိတယ်.. မဟာဒြပ်စင်ငါးပါး အစီအရင် နဲ့ ဝိညာဥ်လက်ထိပ်တွေကိုအသုံးပြုထားတာ ဆိုတော့ ငါ့ကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် မင်းတကယ်ကို ဒုက္ခတော်တော် ခံခဲ့ပုံပဲ"
ကွာဖီက လက်ထိတ်ကို ခါးသီးသော အပြုံးဖြင့် လက်ခံခဲ့သည်။
သူက ဝတ်ဆင်ဖို့ လုံးဝ မတွန့်ဆုတ်ပေ။
ကွာဖီက အလွယ်တကူ လိုက်လျောသဖြင့် ဗိုလ်ချုပ်ရီက မယုံနိုင်လောက်အောင် ဖြစ်နေသည်။
ဗိုလ်ချုပ်ရီက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
"မင်း လက်ထိတ်ကို ငြင်းမယ်လို့ ငါထင်နေတာ"
ကွာဖီ "လက်ရှိ အခြေအနေအရ ရုန်းကန်နေလည်း ဘာမှ အသုံးမဝင်တော့ဘူးလေ.. ငါ့ရဲ့ မိုက်မဲတဲ့ ဇနီးသည် လူဝင်စားတာကို အမြန်မြင်ရဖို့ အတွက် ငါဒီလောက်တော့ လိုက်လျောသင့်တယ် မဟုတ်လား"
ဗိုလ်ချုပ်ရီ "မင်းက တကယ်ပဲ ခေါင်းမာတဲ့သူပဲ.. ငါ့ကို လုံးဝဒူးမထောက်ခဲ့ဘူး"
ကွာဖီ "မင်းရဲ့ ဓားလက်ဝါးက ငါ့ကို ဒဏ်ရာရသွားစေပြီး ဓားချီက ငါ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေခဲ့တယ်.. အဲဒါကို တွန်းလှန်ဖို့ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့ပေမယ့်လည်း ဒါက ငါ့ရဲ့ အာရုံကြောတွေကို တိုက်ရိုက် ထုံကျဉ်စေတဲ့အတွက် ငါ့ခြေထောက်တွေက လှုပ်ရှားလို့ မရတော့ဘူး"
ထိုစကားကို ကြားလျှင် ဗိုလ်ချုပ်ရီ၏ ပါးစပ်ထောင့်က ပြင်းပြင်းထန်ထန် တုန်ယင်သွားသည်။
".............."
"ဒါဆို မင်း ဒူးမထောက်ရတဲ့ အကြောင်းရင်းက အဲဒါကြောင့်ပေါ့"
....................
အတိတ်က နတ်ဆိုးများ၏ ကျူးကျော်ဝင်ရောက်မှုကို ခံနိုင်ရည်ရှိခဲ့သည့် ဒြပ်စင်ငါးပါး အစီအရင်နှင့် ဝိညာဉ်လက်ထိတ်များကြောင့် ဗိုလ်ချုပ်ရီက ဤစစ်ဆင်ရေးကို ထိန်းချုပ်နိုင်သွားပြီဟု ဆိုနိုင်သည်။
အဆုံးသတ်တွင် ကမ္ဘာခြားဂိတ် ပြဿနာကို ဖြေရှင်းပြီး ကွာဖီကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။
ဇွန်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့သည် စာသင်နှစ် အဋ္ဌမပတ်ဖြစ်သည်။
ဤနေ့တွင် စာသင်ကျောင်း ခြောက်ကျောင်းမှ စီစဉ်သော ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွင် ကွာဖီက ဝိညာဥ်လက်ထိတ်ကို ဝတ်ဆင်ကာ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ယင်းက သမိုင်းဝင် အခိုက်အတန့် ဆိုလည်းမမှားပေ။
ကွာဖီကို ဝိညာဥ်လက်ထိတ်ဖြင့် ခတ်ပြီးနောက် ဗိုလ်ချုပ်ရီက ကွာဖီ ဝှက်ထားသော မှော်ရတနာ အားလုံးကို သိမ်းယူခဲ့ပြီး ကွာဖီကို လွတ်မြောက်ရန် အကြိမ်ကြိမ် ကူညီခဲ့သည့် ခရမ်းရောင် ရွှေဘူးသီးခြောက်ကိုပါ သိမ်းဆည်းရရှိခဲ့သည်။
ကွာဖီထံကနေ မှော်ရတနာ အများအပြားကို အမှန်တကယ် သိမ်းဆည်း ရရှိခဲ့သည်။
၎င်းတို့ကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီးနောက် ပစ္စည်းနှစ်ဆယ်မှ သုံးဆယ်အထိ ရှိပြီး မှော်လက်နက် တစ်ခုစီတွင် အံ့သြဖွယ်သမိုင်းကြောင်းများ ရှိနေ၏။
ထိုက်ချိ ပန်းကန်၊ ဧကရာဇ်ကိုးပါးကျမ်း၊ ရတနာသစ်ပင်၊ အဆင့်မြင့်ဒယ်စောက်၊ ပျက်စီးခြင်း အလံ၊ ကောင်းကင်လှည့်ပတ် စည်းတံဆိပ်..
ဤအရာတွေက စစ်မှန်သည့် ထိပ်တန်း သိဒ္ဓိဝင် လက်နက်များဖြစ်၏။
မြေပြင်ပေါ်တွင် ချထားလိုက်သောအခါ ထိုအရာအားလုံးက အလင်းရောင်ဖြင့် လင်းထိန်သွားကြသည်။
ဝမ်လင်းက မှော်ရတနာများကို ဗိုလ်ချုပ်ရီ၏ နောက်ကွယ်မှ လှမ်းကြည့်ကာ အံ့သြသွားခဲ့သည်။
ကွာဖီက ၎င်း၏ ခွန်အားကို အပြည့်အဝ မရရှိသေး၍ ဤသိဒ္ဓိဝင် လက်နက်များကို ကိုင်ဆောင်ရန် စွမ်းအား မရှိသည်မှာ သူတို့အတွက် ကံကောင်းသွားခဲ့သည်။
ထိုသို့ မဟုတ်လျှင် ဤဝှက်ဖဲတွေ အားလုံးကို ကိုင်ဆောင်ထားသည့် ကွာဖီမှာ တကယ်ကို ကြောက်စရာကောင်းနေလိမ့်မည်။
ဤအဆင့်မြင့် သိဒ္ဓိဝင် လက်နက်ခြောက်ခု အပြင် ဗိုလ်ချုပ်ရီက အထူးမှော်လက်နက် များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းတို့ တစ်ခုစီတွင် ထူးခြားသော သွင်ပြင်လက္ခဏာ တစ်ခုစီ ရှိသောကြောင့် ၎င်းတို့က ရိုးရိုး သာမန် မှော်လက်နက် အဆင့်များတွင် မပါဝင်ခဲ့ပေ။
ပုံပန်း မကျသော ရုပ်တုများ ကဲ့သို့ပင်.. ၎င်းတို့က သိဒ္ဓိဝင် လက်နက်များထက် အားမနည်းသော်လည်း ဘေးထွက်ဆိုးကျိုးများစွာ ပါရှိသောကြောင့် ပြဿနာရှိသည့် မှော်လက်နက်အမျိုးအစား ထဲသို့ ကျရောက်သွားခဲ့သည်။
ဗိုလ်ချုပ်ရီက မှော်ရတနာ တစ်ခုချင်းစီကို အကဲခတ် လေ့လာနေသည်။
သူက နက်မှောင်သော ရွှေရောင်မှော်ခေါင်းလောင်း နှင့် ရွှေကြာပန်း တစ်ပွင့် တို့ကို တွေ့ရှိခဲ့သည်။
လျှို့ဝှက် အဆန်းကြယ်ဆုံး အရာမှာ ဤမှော်ရတနာ နှစ်ပါးကို ထိမိ လိုက်သောအခါတွင် ၎င်းတို့က အဆုံးမရှိသော အစိမ်းရောင်အလင်းကို အမှန်တကယ် ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ရီက ကွာဖီကို တအံ့တသြဖြင့် ကြည့်လိုက်သည်။
"ဒါက ဘာလဲ"
လက်ထိတ်ခတ် ခံထားရသည့် ကွာဖီက ဖြေလိုက်သည်။
"ဒါက ဖန်ကျင်း ကြာပန်းနဲ့ ရှီးမန် ကျောက်ခေါင်းလောင်းပါ.. အစိမ်းရောင်အလင်း ထုတ်လွှတ်ပြီး နှစ်မိနစ်လောက် ကြာရင် လူကို အရပ်ပုသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်"
ဗိုလ်ချုပ်ရီ "..........."
ဝမ်လင်း "............"
ထို့နောက် ဗိုလ်ချုပ်ရီက တောက်ပနေသော ဘူးကို လက်ညှိုးထိုး၍ မေးလိုက်ပြန်သည်။
"ဒါဆို... ဒါကရော ဘာလဲ.. ဒါက ရာသီလာရင် သန့်ရှင်းရေးလုပ်တဲ့ ကပ်ခွာ ဂွမ်းထုပ် မဟုတ်လား.. မင်းမှာ ဒီလို ဝါသနာရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး.. မင်းက မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာနေရင်း မိန်းမစိတ်ဝင်သွားပြီလို့တော့ မပြောနဲ့နော်"
ကွာဖီ "...ဒါက အာကာပြင် အက်ကြောင်းတွေကို ပြုပြင်တဲ့ ကောင်းကင်ဖာထေး အဝတ်စပါ.. ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်က အရမ်းအားနည်းတော့ ဒီ ကောင်းကင်ဖာထေးတဲ့ အရာ မပါဘဲ အာကာပြင်ထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ မဟုတ်ဘူးလေ"
ဗိုလ်ချုပ်ရီက သူတီထွင်ခဲ့သည့် မှော်ရတနာများကို ဆန်းပြားနေပြီဟု ထင်ခဲ့သော်လည်း သူ့ထက် ပိုအံ့သြစရာ ကောင်းအောင် တီထွင်နိုင်သည့် တစ်စုံတစ်ယောက် ဤကမ္ဘာ၌ ရှိနေလိမ့်မည်ဟု မထင်ခဲ့မိပေ။
သူ သက်ပြင်းမချနိုင် ဖြစ်နေသည်။
သေချာသည်.. မှော်ရတနာများကို တီထွင်ရာ၌ သူက တိုးတက်မှုများ လိုအပ်နေသေးပုံ ရ၏။
ဝမ်လင်း "............"
.....................
ဗိုလ်ချုပ်ရီက မှော်ရတနာများကို စုဆောင်းနေစဉ်တွင် အင်မော်တယ်ထုန်ရာက သူ့အနားသို့ ရောက်လာသည်။
သူက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး အစီအစဉ် အောင်မြင်မှုအတွက် ဗိုလ်ချုပ်ရီအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်သည်။
"ဗိုလ်ချုပ် ရီရဲ့ လူသိများတဲ့ ဓားလက်ဝါးကို ဒီနေ့မှာ မြင်လိုက်ရတာ ဒီဂျူနီယာ အရမ်းဂုဏ်ယူမိတယ်"
"ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး.. နောက်တစ်ကြိမ် ထပ်တွေ့ချင်ရင် WeChat ကနေ မက်ဆေ့ချ် ပို့လိုက်ပါ.. ဒီဓားလက်ဝါးနဲ့ အသီးအနှံတွေ ဖြတ်တဲ့ပုံကို မင်းဆီပို့ပေးမယ်"
ဗိုလ်ချုပ်ရီက သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
အင်မော်တယ်ထုန်ရာ"............"
"စကားမစပ် ဒြပ်စင်ငါးပါး အစီအရင်က သက်ရောက်မှု ဧရိယာ နည်းနည်း ကျယ်နေတယ်.. ကျောင်းသားတွေရော အဆင်ပြေရဲ့လား"
ဗိုလ်ချုပ်ရီက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ရှင်သန်ခြင်း ပြိုင်ပွဲကို အစောပိုင်းက ခဏ ရပ်နားထားခဲ့တယ်.. ကျောင်းသားတွေကို အဆောက်အဦ အတွင်း ပုန်းအောင်းနေဖို့ အီလက်ထရွန်းနစ် သရုပ်ဖော်လမ်းညွှန်စာအုပ်ကနေ တစ်ဆင့် အကြောင်းကြားခဲ့တယ်.. လက်ရှိမှာ ကျောင်းသားပေါင်း ရှစ်ထောင်ကျော် ကျန်ရှိနေပါသေးတယ်"
အင်မော်တယ်ထုန်ရာက ရိုးရိုးသားသား ဖြေကြားခဲ့သည်။
"ကောင်းတယ်.. မိစ္ဆာ အင်ပါယာကို ဖမ်းပြီးပြီ ဆိုတော့ ပြိုင်ပွဲကို ပုံမှန်အတိုင်း ပြန်လည် စတင်နိုင်ပါပြီ"
ဗိုလ်ချုပ်ရီက ခေါင်းညိတ်လိုက်ပြီး ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။
"ဒါနဲ့ အမှတ် 60 အထက်တန်းကျောင်းက ဒီကလေးက အရိုးအဆစ် တည်ဆောက်မှု အရမ်းကောင်းတယ်.. သူ့ကို ငါ့တပည့်အဖြစ် ခေါ်သွားဖို့ ရည်ရွယ်ထားတယ်"
"............"
အဝေးမှပင် အင်မော်တယ်ထုန်ရာက ဝမ်လင်း၏ မျက်လုံးများထဲမှ နာကြည်းမှုကို ခံစားနိုင်နေပြီ ဖြစ်သည်။
လင်းကျန်းရန် ကိုယ်စား ငြင်းရမည်ဟု သူခံစားမိလိုက်သည်။
"ဗိုလ်ချုပ်ကြီး.. အဲဒါတော့ မဖြစ်ဘူး..."
ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့မဖြစ်ရမှာလဲ"
"ဘာလို့လဲ..ဘာလို့လဲဆိုတော့.."
အကျပ်အတည်းကို ရင်ဆိုင်ရစဉ်တွင် အင်မော်တယ်ထုန်ရာက ရှေ့သို့ တိုးလာကာ ဝမ်လင်း၏ ပခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး ရုတ်တရက် သူ့ရင်ဘတ်ဆီသို့ ဆွဲဖက်လိုက်သည်။
"သူက ကျနော့် အပိုင်ပဲ"
ဗိုလ်ချုပ်ရီ"..........."
ထိုသို့ပြောပြီးနောက် ဆံပင်ဖြူ၍ ချောမောသော အင်မော်တယ်ထုန်ရာက မျက်လုံးထောင့်မှ နေ၍ ဝမ်လင်း၏ အမူအရာကို တစ်ချက်ကြည့်လိုက်သည်။
"အိုး.. လင်းကျန်းရန် ရဲ့ မျက်နှာက မည်းလာသလိုပဲ"