ဗေဒင်အမွေဆက်ခံသူ စုန့်ချိုက်
Vol. 16 Ch. 236
ဝမ်လင်းက အင်မော်တယ်ထုန်ရာ သူ့ကိုယ်စား ငြင်းဆိုလိုက်သည်ကို သိသော်လည်း ယောက်ျားလေး တစ်ယောက်က သူ့ကို ရင်ခွင်ထဲသို့ ဆွဲဖက်လိုက်သည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
အလွန်ဆွဲဆောင်မှုရှိသော ကောင်လေးနှစ်ယောက် တွဲလာသောအခါတွင် အမေကျွမ့်၏ ကျော်ကြားသော ဟင်းတစ်ခွက်ဖြစ်သည့် "လိင်တူ မဆလာဟင်း"ကိုပင် ချက်ခြင်း တွေးမိသွားသည်။
ဗိုလ်ချုပ်ရီက ဝမ်းနည်းသော အကြည့်ဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်။
"ဒါဆို သူက မင်းရဲ့တပည့် ဖြစ်နေပြီပေါ့"
အင်မော်တယ်ထုန်ရာ "ဟုတ်ပါတယ် စီနီယာကြီး.. ကျနော် သူ့ကို ကျနော့်ရဲ့ တိုက်ရိုက်တပည့် အဖြစ် ခေါ်ထားတာ အချိန်အတော် ကြာပါပြီ"
ဤသည်မှာ အလွန်ပေါ့ပါးသော မှတ်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အင်မော်တယ်ထုန်ရာက ထိုစကားကို သေချာ တွေးတော၍ ပြောလိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူသာ တိကျသော အချိန်ကာလ တစ်ခုကို ကျပန်းပေးမိမည် ဆိုပါက ဗိုလ်ချုပ်ရီက သူ၏ စကားကနေ ယိုပေါက်တစ်ခုကို တွေ့ရှိသွားနိုင်၏။
ထို့ကြောင့် မတိကျသော အချိန်ကာလ တစ်ခုကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
စကားရွေးချယ်သုံးစွဲမှုက ဤကဲ့သို့သော အချိန်များတွင် အလွန် အသုံးဝင်၏။
"ကောင်းပြီလေ.. သူက မင်းရဲ့တပည့် ဆိုတော့လည်း သူ့ကို မင်းဆီကနေ တပည့်အဖြစ် အတင်းလုယူတာ ငါ့အတွက် သင့်တော်မှာ မဟုတ်ဘူး"
ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
"ငါ အခု တွေးနေတာက ကွာဖီကို ငါနဲ့အတူ ခေါ်သွားပြီး နောက်မှာ တရားခွင်ဆိုင်ရာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာမို့ ဒီမှာ ငါ မနေနိုင်တော့ဘူး.. လောလောဆယ်တော့ ဒီကျောင်းသားလေးကို မင်းပဲ ပြုစု စောင့်ရှောက်ပေးပါ"
"မင်းရဲ့ အစွမ်းက တော်တော်ကောင်းတယ်.. အဂ္ဂိရတ်ပညာမှာ မင်းရဲ့ အောင်မြင်မှုတွေက ဒီ နယ်ပယ်မှာ ကျွမ်းကျင်သူတွေဖြစ်တဲ့ ရှောင်မျိုးနွယ်စုကိုတောင် ကျော်လွန်သွားခဲ့ပြီ.. ဒီကျောင်းသားလေးကသာ မင်းနောက်ကို လိုက်ခဲ့မယ် ဆိုရင် အနာဂတ်မှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်မှာ သေချာတယ်"
ဗိုလ်ချုပ်ရီက အင်မော်တယ်ထုန်ရာကို ကြည့်ရင်း ပြောလိုက်သည်။
အင်မော်တယ်ထုန်ရာ၏ ဖြူဝင်းသော မျက်နှာက အနည်းငယ်နီမြန်းသွားသည်။
"ကျတော့်ကို မြှောက်နေတာလား စီနီယာကြီး"
"မဟုတ်ဘူး.. ဒါက အမှန်တရားပဲ.. မင်းအတွက် အဆန်းဖြစ်နေတာက အခုခေတ်မှာ စီနီယာတွေက ဂျူနီယာတွေကို အသိအမှတ် ပြုကြလေ့ မရှိလို့ပဲ
ဗိုလ်ချုပ်ရီက လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါ ပြောလိုက်သည်။
"ဒါပေမယ့် ငါသိချင်တာ တစ်ခုရှိတယ်.. သူက မင်းရဲ့တပည့်ဆိုတာကို ဘာလို့ လူသိရှင်ကြား ချမပြတာလဲ"
ဤမေးခွန်းက အင်မော်တယ်ထုန်ရာကို ချွေးစေးများ ထွက်စေသည်။
ဗိုလ်ချုပ် ရီက ကြောက်မက်ဖွယ် ကောင်းသော အရည်အချင်းရှိသူ ဖြစ်ပြီး စုံစမ်းရန် အဆက်အသွယ်များသူ ဖြစ်၏။
သာမန်လူတစ်ယောက်သာ ဤမေးခွန်းကို မေးခံရလျှင် ဂိမ်းက အဆုံးသတ်သွားပေလိမ့်မည်။
သို့ရာတွင် အင်မော်တယ်ထုန်ရာ၏ တုံ့ပြန်မှုက လျင်မြန်သည်။
"အင်း... လူသိရှင်ကြားဖြစ်အောင် လုပ်တာက သူ့ရဲ့ပညာရေးတိုးတက်မှုမှာ အကျိုးရှိနိုင်သလို သူ့ရဲ့ အနာဂတ် တက္ကသိုလ်ဝင်ခွင့် အတွက်လည်း ပြဿနာ မရှိပါဘူး.. ဒါပေမယ့် ဒီနာမည်ကျော်ကြားတဲ့ အကျိုးသက်ရောက်မှုတွေက သူ့ရဲ့ ဖွံ့ဖြိုးမှုကို အမှန်တကယ် ဆိုးရွားစေလိမ့်မယ်.."
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ရီ၏ မျက်လုံးများက တောက်ပလာသည်။
ဤရှင်းပြချက်ကို သူအလွန် ကျေနပ်သွားခဲ့၏။
"မင်းပြောတာတွေက သိပ်ကို ကျိုးကြောင်းဆီလျော်တယ်.. ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်အောင်လုပ်ဖို့ စိတ်မရှည်တဲ့ လူငယ်တွေ အခုခေတ် လူငယ်တွေမှာ အများကြီးပဲ"
အင်မော်တယ်ထုန်ရာက ပြုံးပြီး ဗိုလ်ချုပ်ရီကို ကြည့်လိုက်သည်။
"ဒါကြောင့် ဒီဂျူနီယာအတွက် ဒီကိစ္စကို ဆက်ပြီး ဖုံးကွယ်ထားပေးဖို့ စီနီယာကို မေတ္တာရပ်ခံပါတယ်"
"စိတ်မပူပါနဲ့ ငါဒီလောက်တော့ နားလည်ပါတယ်"
ဗိုလ်ချုပ်ရီက ခေါင်းကို အသာ ငြိမ့်ပြလိုက်ပြီး တုံ့ဆိုင်းနေသော မျက်လုံးများဖြင့် ဝမ်လင်းကို ကြည့်လိုက်သည်။
"ကျောင်းသားလေး.. နောက်နောင် ပြန်ဆုံကြရင် မင်းဒီထက်မက တိုးတက်အောင်မြင်လာမယ်လို့ ငါမျှော်လင့်ပါတယ်.. ဒီအသက်အရွယ်နဲ့ ရွှေအမြူတေ အဆင့်ကို ရောက်ဖို့ ဆိုတာက တကယ် မလွယ်ဘူး.. မင်းရဲ့ စီနီယာ ကျိုးရီ ထက်တောင် မင်းက အများကြီး သန်မာနေပါပြီ"
ဝမ်လင်း "..........."
ချွေးဒီးဒီးကျနေသော အင်မော်တယ်ထုန်ရာ "..........."
"သောက်ကျိုးနည်း.. ဘာကို ရွှေအမြူတေ အဆင့်လဲ"
"ဘယ်လို ရွှေအမြူတေအဆင့် ကျင့်ကြံသူက ကမ္ဘာခြားဂိတ်တံခါးကို လက်တစ်ဖက်ထဲနဲ့ ပိတ်နိုင်လို့လဲ"
"ဒါဆို ငါသွားတော့မယ်.. ကွာဖီနဲ့အတူ ကျောက်သရဲမျက်နှာဖုံးမှာ သူထည့်ထားတဲ့ အရိပ်အဖွဲ့ခေါင်းဆောင်ကျန်းလျှိုယွဲ့လည်း အခု အတူတူ အဖမ်းခံလိုက်ရပြီ.. သူတို့ကို စစ်ဆေးဖို့ အချိန်အတော်ကြာဦးမယ်.. ရှင်သန်ခြင်းပြိုင်ပွဲကို ငါ မင်းဆီ လွှဲထားခဲ့မယ်"
ဗိုလ်ချုပ်ရီက ဝိညာဉ်လက်ထိတ်ဖြင့် ချုပ်နှောင်ခံထားရသည့် ကွာဖီကို ဦးဆောင်ခဲ့သည်။
သူ့နောက်မှ ကွာဖီက တိတ်ဆိတ်နေသည်။
ဝိညာဥ်လက်ထိပ်က ကွာဖီ၏ ဝိညာဉ်စွမ်းအင် အားလုံးကို ကန့်သတ်ထားပြီး သူ၏ဝိညာဉ်ရေး အာရုံငါးပါးကိုပါ ပိတ်ဆို့ထားသောကြောင့် ယခုအခါ သူက သာမန်လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။
အင်မော်တယ် ထုန်ရာက လက်သီးဆုပ်ပြီး ဗိုလ်ချုပ်ရီကို လေးစားစွာ အလေးပြုလိုက်သည်။
"နှုတ်ဆက်ပါတယ် စီနီယာကြီး"
ဗိုလ်ချုပ်ရီက သူတို့နှစ်ယောက်ကို သူရပ်နေသည့် နေရာကနေ လက်ဝှေ့ယမ်းပြပြီး ကွာဖီနှင့် အတူ ထွက်သွားခဲ့သည်။
အာကာပြင် အက်ကွဲမှု ပိတ်ခါနီးတွင် ဝိညာဉ်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်း၏ လက်ထဲသို့ လုံခြုံစွာ ဆင်းသက်လာသည်။
"ကျောင်းသားလေး.. ငါတို့တွေ့ဆုံမှုက ရေစက်ကြောင့်ပဲ.. ဒါကြောင့် ဒီအဘိုးကြီးက မင်းကို ကံကောင်းစေမယ့် အရာတစ်ခုကို ပေးခဲ့မယ်"
ဗိုလ်ချုပ်ရီက ကွာဖီ နှင့်အတူ ထွက်သွားခဲ့ပြီ ဖြစ်သော်လည်း သူ့အသံက အဝေးကနေ ထွက်လာပြီး ဝမ်လင်း၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
၎င်းက အနုစိတ်ပြီး ရှုပ်ထွေးသော မျဥ်းများဖြင့် ရေးဆွဲထားသော တောက်ပနွေးထွေးသည့် မှော်ကျောက်တုံး တစ်ခုဖြစ်သည်။
ထိုအရာက သူ၏လက်ဖဝါး အရွယ်အစားသာ ရှိပြီး ပင်လယ်ခရုခွံနှင့် တူသည်။
"စီနီယာလင်း.. ဒါကဘာလဲ"
အင်မော်တယ်ထုန်ရာက မှော်ကျောက်တုံးကို လုံး၀ စိုက်ကြည့်နေခဲ့သည်။
ဝမ်လင်း၏ ပါးစပ်ထောင့်က တုန်ယင်သွားသည်။
အကြောင်းမှာ ဤမှော်ကျောက်တုံးက ဤကမ္ဘာငယ်လေး၏ စွမ်းအား အရင်းအမြစ် ဖြစ်ခြင်းကြောင့်ပင်။
"ကမ္ဘာငယ်လေးရဲ့ စွမ်းအား အရင်းအမြစ်ကို ထိန်းချုပ်တဲ့ မှော်ကျောက်တုံးပါ"
အင်မော်တယ်ထုန်ရာ အံ့သြသွားသည်။
"အဆိပ်သင့်မြူတွေကို အခြေအနေပေါ် အခြေခံပြီး ကမ္ဘာငယ်လေးရဲ့ စနစ်က ထုတ်ပေးတယ်.. ဒါပေမဲ့ အဆိပ်သင့်မြူရဲ့ နောက်ဆုံးလှိုင်း ကျုံ့သွားတဲ့အခါ အဆိပ်သင့်မြူတွေက ဒီမှော်ကျောက်တုံးဆီကို ဦးတည်သွားမှာပဲ.. ပြောရရင် ဒီမှော်ကျောက်တုံးက အဆိပ်မြူကို စုပ်ယူသိမ်းဆည်းနိုင်တယ်.. ဒါသာရှိရင် ပြိုင်ပွဲမှာ အနိုင်ရသူ သေချာပေါက် ဖြစ်လာမှာပဲ"
ဝမ်လင်း "..........."
အင်မော်တယ်ထုန်ရာ "ဒါကြောင့် ဒီစွမ်းအား အရင်းအမြစ်ကို ထိန်းချုပ်နိုင်တာက နတ်ဘုရား ကောင်းချီးပေးတဲ့ စက်ဝိုင်းကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပါပဲ"
ဝမ်လင်း "ဟေ့... မင်းငါ့ကို အရင်လွှတ်ပေးလို့မရဘူးလား.."
"အာ.. တောင်းပန်ပါတယ် စီနီယာလင်း"
အင်မော်တယ်ထုန်ရာက သူ့လက်ကို အမြန်လွှတ်လိုက်သည်။
[လင်းကျန်းရန် ရဲ့ ဆံပင်တွေကို မတော်တဆ ထိမိလိုက်တာ တကယ်ကို နူးညံ့လွန်းတာပဲ]
[သူသုံးတဲ့ ခေါင်းလျှော်ရည်က ဘာတံဆိပ်များလဲ]
[အိုးခဏ အဲဒါက အဓိကအချက်တော့ မဟုတ်ဘူး]
[သေစမ်း.. လင်းကျန်းရန်က ဒီတစ်ခေါက်နှုတ်ကနေ ပြောလိုက်တာပဲ]
အင်မော်တယ်ထုန်ရာက အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သေသေချာချာ ပြန်သတိရပြီး အံ့ဩမှုအပြင် သူ၏ မျက်နှာ၌ ဝမ်လင်း၏ အမာခံပရိသတ် အမူအရာ ပေါ်လာသည်။
"လင်းကျန်းရန် ရဲ့ အသံက တကယ်ကို ချစ်စရာကောင်းတာပဲ"
.....................
သုံးနာရီကြာအောင် အနားယူပြီးနောက် ရှင်သန်ခြင်းပြိုင်ပွဲကို နောက်ဆုံးတွင် ပြန်လည် စတင်ခဲ့သည်။
စူပါမားကတ်ကြီး တစ်ခုတွင် ဟဲပီဖုန်း၊မြေပဲလေး နှင့် ကော်ဟောက်တို့လူစု ရှိနေကြသည်။
အစောပိုင်းတွင် စူပါမားကတ်၏ ဘေးဘက်ဝင်ပေါက်ကို နတ်မျက်စိ အထက်တန်းကျောင်းမှ တပည့်အချို့က မီးပြင်းပြင်းဖြင့် ဖြိုခွင်းခဲ့သည်။
ဤစူပါမားကတ်တွင် သူတို့ဘက်မှ ဆယ်ယောက်ခန့် ပုန်းအောင်းနေခဲ့၏။
ယခုအခါ ပြိုင်ပွဲစကတည်းက အရေအတွက်ထက် တစ်ဝက်ကျော် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
"ငါတို့ အခု ဘာလုပ်သင့်လဲ"
အမှတ် 59 အထက်တန်းကျောင်းမှ ကျောင်းသား တစ်ယောက်က မေးလိုက်သည်။
"ရှင်သန်ခြင်းပြိုင်ပွဲကို အစောပိုင်းက ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် အဲဒီ လူယုတ်မာတွေက ပုန်းအောင်းဖို့ အဆောက်အအုံ တစ်ခုကို ရှာတွေ့သွားခဲ့တယ်.. အဆိပ်မြူရဲ့ နောက်ဆုံးလှိုင်း ရောက်လာဖို့က အချိန်သိပ်မကျန်တော့ဘူး.. သင့်တော်တဲ့ နေရာကို အမြန်ဆုံး ရှာဖွေရမယ်"
ဟဲပီဖုန်း မျက်မှောင်ကြုတ်သွားသည်။
"အခုတော့ ဒီထဲမှာ ငါတို့တွေက လုံလုံခြုံခြုံ ရှိနေတုန်းပဲ.. ဒါပေမယ့် နောက်ထပ် ဘေးကင်းဇုန်က ငါတို့နဲ့ အဆင်ပြေမယ်လို့ အာမခံချက် မရှိဘူး.. ငါတို့ အခု စူပါမားကတ်ကနေ ထွက်သွားရင် ငါတို့က တိုက်ရိုက် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်.. မင်းမှာ အကြံဉာဏ်တွေ ရှိသေးလား စီနီယာဟဲ"
မြေပဲလေးက ပြောလိုက်သည်။
"ငါတို့က ညံ့ဖျင်းတဲ့ အနေအထားမှာ ရှိနေတုန်းပဲ.. အနိုင်ရချင်ရင် ငါတို့တွေ စွန့်စားဖို့ လိုအပ်တယ်"
ဟဲပီဖုန်းက သူ့မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု မပေါ်လာမီ အချိန်အတော်ကြာအောင် တွေးနေခဲ့သည်။
"တကယ်တော့ ငါတို့မှာ နောက်ဆုံး ရွေးချယ်စရာ တစ်ခုရှိပါသေးတယ်..."
သူက ရွှေရောင် မျက်မှန်တပ်ထားသည့် ဆယ်ကျော်သက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့အားလုံးကို အတန်းဖော် စုန့်ချိုက်နဲ့ မိတ်ဆက်ပေးပါရစေ.. သူက ထို့ချူချီကန်ကျီ ဗေဒင် မျိုးနွယ်စုရဲ့ ဆယ့်သုံးဆက်မြောက် မျိုးဆက်အမွေ ဆက်ခံသူပဲ"